၁။ နိဒါန်း
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်း[1] ပြီးနောက်ပိုင်း မြန်မာပြည်အရှေ့တောင်ပိုင်းရှိ အရပ်သားများသည် ဆက်လက်ဖြစ် ပွားနေသည့် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကြားမှ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိရန်အတွက် ရုန်းကန်နေကြပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)[2] ၏အ မိန့်ပေးမှုအောက် ဗမာစစ်တပ်မှကျုးလွန်သော တိုက်ရိုက်တိုက်ခိုက်မှုနှင့် ခွဲခြမ်းစိတ်ဖြာမှုမရှိတိုက်ခိုက်မှုတို့ ကြောင့် အ သက်ဆုံးရှုံးရခြင်းနှင့် ဒဏ်ရာရရှိခြင်းတို့အား ကြီးမားစွာဖြစ်ပေါ်လာစေခဲ့ပါသည်။ ဤအခြေအနေသည် ဒေသခံရွာသားများနှင့် လူမှုအသိုက်အဝန်းရှိ အဖွဲ့အစည်းများမှ အသက်ကယ်စောင့်ရှောက်မှုအား ဆက်လက်လုပ် ဆောင်နေစဥ်အ တွင်း ဆက်လက်ဖြစ်ပွားနေသောပဋိပက္ခ၊ ဆေးခန်းများနှင့် ကျန်းမာရေးဝန်ထမ်းများအား SAC မှတိုက်ခိုက်ခြင်း၊ ဆေးဝါးများနှင့် ဆေးပစ္စည်းကိရိယာများပြတ်လတ်ခြင်း၊ သယ်ယူပို့ဆောင်ရေးစိန်ခေါ်မှုများနှင့် အသက်ကယ်လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာအထောက်အပံ့အား SAC မှ ငြင်းပယ်ခြင်းတို့မှ ဖြစ်ပေါ်လာသော ဆေးဖက်ဆိုင်ရာစောင့် ရှောက်မှုအကန့်အသတ်များကြောင့် ပို၍ဆိုးရွားလာခဲ့ပါသည်။ ရွာသားများ၏ ကျန်းမာရေး စောင့်ရှောက်မှုရရှိရန် အခွင့် အရေးသည် ငြင်းပယ်ခြင်းခံရသဖြင့် ဆေးဖက်ဆိုင်ရာကာကွယ်စောင့်ရှောက်မှုကို တိုးတက်ကောင်းမွန်လာစေရန် အရေးတကြီးလိုအပ်ခြင်းနှင့် SAC ၏ တိုက်ခိုက်မှုများကိုရပ်ပစ်ရန် နိုင်ငံတကာမှ အရေးယူဆောင်ရွက်မှုများပြုလုပ်ရန်လိုအပ်ကြောင်း ပေါ်လွင်စေပါသည်။
ဤအနှစ်ချုပ်စာတမ်းတွင် ရွာသားများမှကြုံတွေ့ရသည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစိန်ခေါ်မှုများ၏ သက်သေ အထောက်အထားများနှင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ဒေသတွင်းသတ်မှတ်ထားသော ကရင် ပြည်နယ်အတွင်းရှိ KHRG ၏သတင်းမှတ်တမ်းပြုစုမှုများကို ဖော်ပြထားပါသည်။ ဤတွင် မြန်မာပြည်အရှေ့တောင်ပိုင်းတစ်လျှောက်ရှိ ရွာသားများကြုံတွေ့ရသည့် ဆေးဖက်ဆိုင်ရာနှင့် ကုသမှုဆိုင်ရာလက်လှမ်းမှီနိုင်မှု အခက်အခဲများကိုအသေးစိတ်ဖော်ပြထားပါသည်။ ဤအနှစ်ချုပ်စာတမ်းတွင် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လူ့အခွင့်အရေးအခြေ အနေ၏နောက်ခံသမိုင်းနှင့် ၂၀၂၁ ခုနှစ် အာဏာ သိမ်းပြီးနောက် အကျပ်အတည်းများကို အစပြုဖော်ပြထားပါသည်။ နောက်ဆက်တွဲအပိုင်းတွင် စစ်တပ်၏အဆက်မပြတ်တိုက်ခိုက်ခြင်းများနှင့် နေရပ်ရွှေ့ပြောင်းနေထိုင်ရခြင်း၊ ဆေးဖက်ဆိုင်ရာပစ္စည်းကိရိယာများ၊ ပြည်စုံလုံလောက်သည့် ဆေးဖက်ဆိုင်ရာအဆောက်အဦးများနှင့် ကောင်းမွန်စွာလေ့ကျင့်ပေးထားသည့် ဝန်ထမ်းများမရှိသည့်ကြားမှ ကျန်းမာရေးစောင့်ရှောက်မှုရရှိခြင်းနှင့်ပတ်သက်သည့် လွန်ခဲ့သောဆယ်လ ကျော်ကြာ ရွာသားများ၏အတွေ့အကြုံနှင့် စိုးရိမ်ပူပန်မှုများကိုဖော်ပြထားပါသည်။ ဤအနှစ်ချုပ်စာတမ်း၏ နောက်ဆုံးအပိုင်း၌ လွန်ခဲ့သည့်နှစ်တွင် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အရေးအခြေအနေနှင့် ပတ်သက်သည့် ဥပဒေဆိုင်ရာ ခြုံငုံသုံးသပ်လေ့လာခြင်းအပြင် ဒေသဆိုင်ရာနှင့် နိုင်ငံတကာတာဝန်ရှိသူများအတွက် အကြံပြုချက်များကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။
၂။ ခြုံငုံသုံးသပ်ခြင်း - လူအခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း
မြန်မာပြည်အရှေ့တောင်ပိုင်း၏ လူ့အခွင့်အရေးအခြေအနေ
၁၉၄၈ ခုနှစ် မြန်မာပြည်လွတ်လပ်ရေးရရှိခဲ့သည့်အချိန်မှစ၍ လက်နက်ကိုင်ပဋိပက္ခနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ သည် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဆက်လက်ဖြစ်ပွားလျှက်ရှိနေပါသည်။ ဗမာစစ်တပ်သည် ၁၉၆၀ ခုလွန်နှစ် များမှ စတင်၍ “ဖြတ်လေးဖြတ်” နည်းဗျူဟာကို အသုံးပြုကာ စားနပ်ရိက္ခာ၊ ငွေကြေး၊ သတင်းအချက်အလက်နှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့မှ တပ်သားစုဆောင်းမှုတို့အားဖြတ်တောက်ခြင်းတို့ဖြင့် လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ပါသည်။ ၎င်းအနေဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ဆက်နွှယ်မှုရှိသည်ဟု ယူဆရ သော လူတစ်ဦးချင်းစီနှင့် ကျေးရွာတိုင်းမှတဆင့် ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပါသည်။ ဗမာစစ်တပ်၏ လူ့အခွင့်အရေးချိုး ဖောက်ကျူးလွန်မှုများထဲတွင် ရွာသားများအပေါ်ကျူးလွန်သည့် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုကဲ့သို့သော တရားလက်လွတ်သတ်ဖြတ်ခြင်း၊ ညှဥ်းပန်းနှိပ်စက်ခြင်း၊ အဓမ္မဖမ်းဆီးခြင်း၊ အဓမ္မနေရပ်ရွှေ့ပြောင်းစေခြင်း၊ အဓမ္မခိုင်း စေခြင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတို့ပါဝင်ပြီး ၎င်းလုပ်ရပ်များသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ပါသည်။[3]
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် SAC မှ “ဖြတ်လေးဖြတ်” နည်းဗျူဟာကို ပြန်လည်ကျင့်သုံးလာခြင်းအား ဖြင့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ အရပ်သားများအပေါ်အကြမ်းဖက်တိုက်ခိုက်မှုများကို ပိုမိုဆိုးရွားစွာပြုလုပ်လာခဲ့ပါ သည်။[4] မြေပြင်ကိုသာအဓိကထားတိုက်ခိုက်သော ယခင်စစ်ဆင်ရေးနှင့်မတူပဲ SAC အနေဖြင့် ယခုအချိန်တွင် ရွာသားများ၏နေအိမ်များနှင့် လယ်ယာများကိုပျက်စီးမှုဖြစ်စေသည့် ပြင်းထန်ပြီး ခွဲခြမ်းစိတ်ဖြာမှုမရှိသည့် လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်လာလျှက်ရှိပါသည်။[5] ဝေဟင်နှင့် မြေပြင်တိုက်ခိုက်မှုများသည် အရပ်သားများနှင့် လက်နက်ကိုင်တော်လှန်ရေးသမားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ပါသည်။
နောက်ခံသမိုင်း - မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုရရှိခြင်း
KNU မှ ဒေသတွင်းသတ်မှတ်ထားသော ကရင်ပြည်နယ်အတွင်း အဓိကကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် ကရင်ကျန်းမာရေးနှင့်လူမှုဖူလုံရေးဌာန (KDHW)[6] ၏ ရှေ့ဆောင်ဖြစ်သည့် ကရင်ကျန်းမာရေးနှင့် ပညာရေးဌာနကို ၁၉၅၆ ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။[7] စစ်ရေးပဋိပက္ခနှင့် တိုက်ခိုက်မှုများဖြစ်ပေါ်လာသည့် နှစ်များတစ်လျှောက်ရွာသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရန်သည် ဗမာစစ်တပ်၏ “ဖြတ်လေးဖြတ်” ဖြင့် ရည်ရွယ်ချက်ရှိရှိငြင်းပယ်ခံရခြင်း၊ ၁၉၉၀ ခုလွန်နှစ်များနှင့် ၂၀၀၀ ခုလွန်နှစ်များအတွင်း လွတ်လပ်စွာသွားလာခွင့်နှင့် ဆေးဖက်ဆိုင်ရာ ပစ္စည်းကိရိယာများ သယ်ယူပို့ဆောင်ခြင်းတို့သည် ပိတ်ပင်ခြင်းခံခဲ့ရပါသည်။[8] ထိုအချိန်မှစတင်၍ KDHW နှင့် လူ့ထုအခြေပြုတွဲဖက်များသည် ပဋိပက္ခဖြစ်ပွားသည့်နေရာဒေသများအပါအဝင် မြန်မာပြည်အရှေ့တောင်ပိုင်းတစ်လျှောက် ကျန်းမာရေးစောင့်ရှောက်မှုအား အခမဲ့ သို့မဟုတ် ကုန်ကျစရိတ်သက်သာစွာဖြင့် အပြည့်အဝကုသမှုပေးနေပါသည်။ ဆန့်ကျင်ဖက်အားဖြင့် ဗမာအစိုးရလည်ပတ်ဖွင့်လှစ်သည့် ဆေးရုံများသည် အဓိကမြို့ ကြီးများတွင်ဆောက်လုပ်ထားပြီး ရွာသားများအနေဖြင့် အဓမ္မဆေးကုသမှုအားငြင်းပယ်ခြင်းအပါအဝင် ကုသမှုစရိတ် မြင့်မားခြင်း၊ ဗမာအစိုးရဝန်ထမ်း များ၏ခွဲခြားဆက်ဆံခြင်းနှင့် လေးစားမှုမရှိခြင်းတို့ကို တင်ပြခဲ့ကြပါသည်။[9]
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီ လမ်းပမ်းဆက်သွယ်ရေးဆိုးရွားခြင်းနှင့် ဆေးဖက်ဆိုင်ရာအသုံးအဆောင်ပစ္စည်း များနှင့် လေ့ကျင့်သင်ကြားပေးထားသည့် ကျန်းမာရေးဝန်ထမ်းများ ပြတ်လတ်ခြင်းတို့ကြောင့် ကျန်းမာရေးစောင့် ရှောက်မှုရရှိရန်အတွက် စိန်ခေါ်မှုသည် ရှိနှင့်ထားပြီးဖြစ်ပါသည်။ KDHW၊ ဗမာအစိုးရ သို့မဟုတ် NGO များမှ စီမံခန့်ခွဲသောဆေးခန်းများရှိနေသော်လည်း ၎င်းတို့သည် ဆေးဖက်ဆိုင်ရာပစ္စည်းများ၊ ဆေးဝါးများနှင့် ကျန်းမာရေးဝန်ထမ်းများ လုံလောက်စွာမရှိခြင်းတို့ကြောင့် အသေးစားကုစားမှုပြုလုပ်ရန်ပင် ၎င်းတို့အတွက် အကန့်အသတ်ရှိနေပါသည်။ ဆိုးရွား သည့် ကျန်းမာရေးဆိုင်ရာပြဿနာများ ဖြစ်ပေါ်လာပါက လူနာများကို ဗမာအစိုးရဆေးရုံများ သို့မဟုတ် နယ်စပ်နှင့် ထိုင်းနိုင်ငံသို့လွှဲပြောင်းပေးခဲ့ရပါသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုရရှိခြင်း
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျန်းမာရေးစောင့်ရှောက်ရေးစနစ်သည် ဝန် ဆောင်မှုများရရှိနိုင်မှုလျော့နည်းလာသဖြင့် တိုင်းရင်းသားကျေးလက်ဒေသများတွင် သက်ရောက်မှုအများဆုံး ရင်ဆိုင် ကြုံတွေ့ရခြင်းနှင့်အတူ အကျပ်အတည်းသို့ တွန်းပို့စေခဲ့ပါသည်။[10] SAC ၏ တိုက်ခိုက်မှုများကြောင့် ရွာသားများသည် ပြင်းထန်သော ဒဏ်ရာရရှိခဲ့ကြပြီး ၎င်းတို့အနေဖြင့် လုံလောက်သောဆေးဖက်ဆိုင်ရာဝန်ဆောင်မှုများကို ချက်ချင်းရရှိ နိုင်ရန် ရုန်းကန်နေကြရပါသည်။ ဒဏ်ရာရရှိသည့်ရွာသားများသည် ကျန်းမာရေးစောင့်ရှောက်မှုရှာဖွေချိန် သို့မဟုတ် ကျန်းမာရေးဝန်ထမ်းများသည် ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် လုံခြုံရေးဆိုင်ရာအန္တရာယ်နှင့်ကြုံတွေ့ရသ ဖြင့် ဤကဲ့သို့သောအခြေအနေမှာ ပို၍ဆိုးရွားလာပါသည်။ SAC မှ ဆေးဖက်ဆိုင်ရာပစ္စည်းများသယ်ယူပို့ဆောင်ခြင်း တို့အပေါ်အပြင်းအထန်တင်းကြပ်ခြင်းကို ပြဌာန်းခဲ့ခြင်းနှင့် စစ်တပ်စစ်ဆေးရေးဂိတ်များကို ပိုမိုတိုးချဲ့နေရာချထားခဲ့ပါ သည်။ အချို့သော ရွာသားများအနေဖြင့် နယ်စပ်အဖွဲ့အစည်းများထံတွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူကြသော် လည်း ပြည်တွင်းနေရပ်ရွှေ့ပြောင်းနေထိုင်သူများ (IDPs) စွာနှင့် ကျေးလက်ဒေသရှိရွာသားများသည် COVID-19 အပါ အဝင် ကျန်းမာရေးပြဿနာများ ပို၍များပြားလာခြင်းတို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုကို လုံလောက်စွာမရရှိ ခြင်းနှင့် ရင်ဆိုင်နေရပါသည်။ အချို့သောရွာသားများသည် အခြားမည်သည့်ရွေးချယ်မှုမှ မရှိသောကြောင့် ၎င်းတို့ကို တိုင် ကြိုးစား၍ကုသမှုပြုလုပ်ကြပါသည်။ ခရီးသွားလာရေးကန့်သတ်ပိတ်ပင်မှုများနှင့် ပဋိပက္ခဒဏ်ကိုပို၍ခံစားရသော ဒေသများထံ အရင်းအမြစ်မရောက်ရှိနိုင်ခြင်းတို့ကြောင့် ကျေးလက်ဒေသများတွင် ဝန်ဆောင်မှုများ ပို၍လျော့နည်းလာ ပါသည်။[11]
လက်နက်ကိုင်ပဋိပက္ခ၊ SAC ၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများပို၍ပြင်းထန်လာသဖြင့် ဒေသခံကျန်းမာရေးဝန်ထမ်းများသည် ထွက်ပြေးတိမ်းရှောင်သည့်နေရာများတွင် အထူးအကူအညီလိုအပ်နေသူများအတွက် ရွေ့ပြောင်းနိုင်သည့်ဆေးခန်းနှင့် ကွင်းဆင်းအစီအစဥ်များကို ပြုလုပ်လာခဲ့ပါသည်။ အချို့သော အခမဲ့ အရေးပေါ်ကျန်းမာရေးစောင့် ရှောက်မှုအထောက်အပံ့ကို ထိုင်း-ဗမာနယ်စပ်တစ်လျှောက်တွင် ရရှိနိုင်ပါသည်။ KDHW၊ ၎င်းနှင့်လက်တွဲပူးပေါင်း ဆောင်ရွက်နေသော နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ (BPHWT)[12]၊ မယ်တော်ဆေးခန်း (MTC) နှင့် မြန်မာနိုင်ငံဆေးပညာရှင်များအသင်း (BMA) များမှ ထွက်ပြေးတိမ်းရှောင်နေရသည့်ရွာသားများကို ကျန်းမာရေး စောင့်ရှောက်မှုအထောက်အပံ့များ ပံ့ပိုးပေးနေပါသည်။ လက်လှမ်းမီနိုင်မှုမရှိသောဒေသများတွင် အကြမ်းမဖက်အာဏာ ရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု (CDM)[13] တွင်ပါဝင်သည့် ဆရာဝန်များသည် လူနာများကိုကုသပေးရန်အတွက် ရွာသားများ ကိုလေ့ကျင့်သင်ကြားပေးနေပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေပါသည်။
၃။ ဖြစ်စဥ်များအကျဥ်းချုပ် - မြန်မာပြည်အရှေ့တောင်ပိုင်းအတွင်း ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် အ ဟန့်အတားများ
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာပြည်အရှေ့တောင်ပိုင်းရှိရွာသားများသည် ဆက်လက်ဖြစ်ပွားလျှက်ရှိနေသောလက်နက်ကိုင်ပဋိပက္ခနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ တိုက်ခိုက်မှုများကြောင့် ကျန်းမာရေးဆိုင်ရာခြိမ်းခြောက်မှုကို ကြီးမားစွာရင်ဆိုင်ကြုံတွေ့နေရပါသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ မြေမြှုပ်မိုင်းများပေါက်ကွဲခြင်း၊ SAC ၏လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်ခြင်းအပါအဝင် စစ်တပ်၏ တိုက်ခိုက်ခြင်းများကြောင့် အနည်းဆုံး ရွာသား ၂၁ ဦးသေဆုံးသွားခဲ့ရကာ ထိုထဲတွင် ကလေးငါးဦးပါဝင်ပြီး ရွာသား ၇၃ ဦးဒဏ်ရာရရှိကာ ထိုထဲတွင် ကလေး ၂၁ ဦးပါဝင်သည့် အစီရင်ခံစာများကို KHRG မှ လက်ခံရရှိခဲ့ပါသည်။ ၂၀၂၄ ခုနှစ်အတွင်း သတင်းမှတ်တမ်းပြုစုမှုအရ ရွာသားများ၏လုံခြုံရေးနှင့် ကျန်းမာရေးအပေါ်တိုက်ခိုက်မှုသည် SAC မှ ဆေးခန်းများအားဖျက်ဆီးခြင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီပေးနေသူများကို ခြိမ်းခြောက်ခြင်း၊ SAC မှ ခရီးသွားလာရေးကန့်သတ်ပိတ်ပင်မှုအားပြဌာန်းခြင်းနှင့် စစ်ဆေးရေးဂိတ်များတွင် ဆေးဝါးများ အားသိမ်းဆည်းခြင်းတို့ကြောင့် ပိုမိုဆိုးရွားလာခဲ့ပါသည်။ လူနာများနှင့် ဆေးဖက်ဆိုင်ရာပစ္စည်းများကို သယ်ယူပို့ဆောင် သည့်အချိန်တွင် ရွာသားများသည် SAC စစ်ဆေးရေးဂိတ်များရှိသည့်လမ်းများကိုရှောင်ကာ ပို၍ရှည်လျှားသော၊ ပို၍ ရောက်ရှိနိုင်ခြင်းမရှိသော လမ်းကြောင်းများကို အသုံးပြုကြပါသည်။ ရွာသားအများအပြားသည် လုံလောက်မှုရှိသည့်ဆေးခန်းများသို့အချိန်မှီရောက်ရှိရန်အတွက် သွားစဥ်တွင် ၎င်းတို့၏အသက်ဆုံးရှုံးကြရပါသည်။ တောထဲသို့ထွက်ပြေးတိမ်းရှောင်နေရသည့်ရွာသားများ (အထူးဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး များ) သည် နောက်ဆက်တွဲကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ၎င်းတို့အနေဖြင့် မိုးရာ သီအတွင်းဆေးဝါးများရရှိနိုင်မှုအခြေအနေသည် ပို၍ဆိုးရွားပါသည်။ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများသည် SAC နှင့် SAC မှဖြစ်ပေါ်လာစေသည့် ကျန်းမာရေးစောင့်ရှောက်မှုအကျပ်အတည်းအတွင်း အသက်ရှင်သန်လွတ်မြောက်ရန်အတွက် ရုန်းကန်နေကြရသဖြင့် ၎င်းတို့၏ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ခွင့်သည် ငြင်းပယ်ခံနေရပါသည်။
ဤအပိုင်းတွင် လွန်ခဲ့သည့် ဆယ်လ (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလ) အတွင်း မြန်မာပြည်အရှေ့တောင် ပိုင်းရှိရွာသားများကြုံတွေ့နေရသည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စိန်ခေါ်မှုပုံစံများကို မီးမောင်းထိုးပြထားပြီး လူတွေ့မေးမြန်းမှုအသံဖိုင်များ၊ ဒေသတွင်းအစီရင်ခံစာများ၊ မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာများနှင့် သတင်းတိုများ ပါဝင်သည့် အစီရင်ခံစာ ၉၄ ခုအပေါ် အခြေခံထားခြင်းဖြစ်ပါသည်။ အဆိုပါအစီရင်ခံစာများကို ဒေသအတွင်း လူ့အခွင့် အရေးချိုးဖောက်မှု အခြေအနေအားစောင့်ကြည့်ရန် KHRG မှ လေ့ကျင့်သင်ကြားပေးထားသော လူမှုအသိုက်အဝန်း အဖွဲ့များမှမှတ်တမ်းပြုစုခဲ့ပါသည်။ ဤမှတ်တမ်းပြုစုအစီရင်ခံစာများထဲတွင် ကျန်းမာရေးစောင့်ရှောက်မှုရရှိခွင့် စိန်ခေါ် မှုများဖြစ်သည့် (က) SAC မှ ဆေးရုံး၊ ဆေးခန်းများနှင့် ကျန်းမာရေးဝန်ထမ်းများအား တိုက်ခိုက်ခြင်း၊ (ခ) ကျန်းမာ ရေးဝန်ဆောင် မှုရရှိနိုင်မှုတွင်လစ်ဟာမှုရှိခြင်းနှင့် ဆေးဝါးများနှင့် ဆေးဖက်ဆိုင်ရာပစ္စည်းများလုံလောက်မှုမရှိခြင်း၊ (ဂ) ခရီးသွားလာရေးကန့်သတ်ပိတ်ပင်ခြင်း၊ ဆေးဖက်ဆိုင်ရာအဆောက်အဦးများသို့ လက်လှမ်းမီနိုင်မှုမရှိခြင်းနှင့် ဆေးဝါး များသိမ်းဆည်းခြင်း၊ (ဃ) နေရပ်ရွှေ့ပြောင်းနေရခြင်းကြောင့် ဖြစ်ပေါ်လာသောနောက်ဆက်တွဲအကျပ်အတည်းများ နှင့် (င) စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဝန်ဆောင်မှုများ မရှိခြင်းတို့ ပါဝင်ပါသည်။ ဤအပိုင်းတွင် ရွာသားများ၏ရုန်းကန်မှု များနှင့် လစ်ဟာမှုများကိုဖြည့်စွက်ရန် ဒေသခံများ၏ကြိုးစားမှုများကိုလည်း ဖော်ပြထားပါသည်။
(က) ဆေးရုံ၊ ဆေးခန်းများနှင့် ကျန်းမာရေးဝန်ထမ်းများအား တိုက်ခိုက်ခြင်း
၂၀၂၄ ခုနှစ်တွင် မြန်မာပြည်အရှေ့တောင်ပိုင်းအတွင်း SAC မှ အရပ်သားဒေသများတွင် ဆက်လက်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သဖြင့် ဆေးရုံများနှင့် ဆေးခန်းများပျက်စီးသွားခဲ့ခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများအား ခြိမ်းခြောက်ခြင်းများကိုလည်းပြုလုပ်ခဲ့ပါသည်။ ဤကဲ့သို့သောတိုက်ခိုက်မှုများသည် ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် ဆေးရုံ၊ ဆေးခန်းများ ကိုမှီခိုအားထားနေရသော အရပ်သားများအတွက် မလုံခြုံမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရန် ကြီးမားသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကိုဖြစ်ပေါ်စေခဲ့ပါသည်။
ကျေးရွာများနှင့် ဆေးခန်းများ၌ လုံခြုံမှုမရှိခြင်း
SAC မှ ကျေးရွာများနှင့် ဆေးရုံများအားတိုက်ခိုက်ခြင်းတို့ကြောင့် ရွာသားများ ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် ကြီးမားသည့် ဆိုးကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေပါသည်။ သာဓကအားဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက်နေ့မနက် ၈ နာရီအချိန်ဝန်းကျင်ခန့်တွင် တောအူး (တောင်ငူ) ခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ တာပူ (လိပ်သို) မြို့တွင်အခြေစိုက်သည့် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၆၀၃) မှ SAC ၏စစ်သားများနှင့် ရဲအရာရှိများသည် ထိုနေ့ရက်၌ ရဲစခန်း တွင်ဖြစ်ပွားသော လက်နက်ကိုင်တော်လှန်ရေးတို့၏ တိုက်ခိုက်ခံရပြီးသည့်နောက် တာပူရပ်ကွက်အမှတ် အအ--- သို့ လက်နက်ကြီးများပစ်ခတ်ခဲ့ပါသည်။ တာပူရပ်ကွက် အမှတ် အဘ--- ရှိ ရွာသားတစ်ဦးဖြစ်သည့် စောအ--- မှ “ရဲစခန်းကနေပစ်ခတ်လိုက်တဲ့လက်နက်ကြီးတွေကြောင့် အိမ်အများကြီးထိတယ်။ (...) ရဲစခန်းနဲ့နီးတဲ့အိမ်တွေနဲ့ ဆေးရုံတစ်လုံးလည်းထိတယ်။” ဟုပြောပြခဲ့ပါသည်။ အဆိုပါလက်နက်ကြီးပစ်ခတ်မှုတွင် တာပူရပ်ကွက်အမှတ် အအ--- မှ အသက်မပြည့်သေးသည့်ကောင်လေးတစ်ဦးပါဝင်သည့် ရွာသားသုံးဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါသည်။ ဆေးရုံသည် လက်နက် ကြီးထိမှန်ပျက်စီးခြင်းနှင့် လုံခြုံမှုမရှိခြင်းတို့ကြောင့် ၎င်းတို့၏မြို့တွင် ဆေးဝါးကုသမှုခံယူနိုင်ခြင်းမရှိပဲ တောင်ငူမြို့သို့မဟုတ် ဆီပူးမြို့သို့သွားခဲ့ရပါသည်။ ၂၀၂၄ ခုနှစ်၊ မေလတွင် ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်၊ ကော်ဝါ့လယ်ကျေးရွာ အုပ်စု၊ အဆ--- ကျေးရွာမှ စောဘ--- သည် အလားတူအခြေအနေကိုပြောပြခဲ့ပါသည်။
“ကရုတုမြို့နယ်မှာ ဆေးရုံတစ် လုံးရှိတယ်။ တကယ်လို့ ကိုယ်ဝန်သည်အမျိုးသမီးတွေကလေးမွေးမယ်၊ လူတွေခွဲစိတ်ကုသမှုလုပ်ဖို့လိုတယ်ဆိုရင် အဲ့ဒီဆေးရုံကို သူတို့သွားကြတယ်။ ကျန်းမာရေးဝန်ထမ်းတွေက လူနာတွေကိုဆေးပေးတယ်။ ပြီးတော့ လိုက်နာရမယ့် ဆေးညွန်းကိုပြောပြပြီး အိမ်ပြန်လွတ်တယ်။ (၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့) မှာ ဆေးရုံနားမှာလက်နက်ကြီးကျလို့ လူနာတွေက ဆေးရုံမှာမနေရဲကြတော့ဘူး။”
ဆေးဖက်ဆိုင်ရာကုသမှုခံယူရန်အရေးတကြီးလိုအပ်နေသော်လည်း ရွာသားများသည် ဆက်လက်ဖြစ်ပွားနေသော SAC ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကုသမှုခံယူရန်အဟန့်အတားဖြစ်စေပါသည်။ ဥပမာ၊ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ ညနေ ၈း၃၀ အချိန်ခန့်တွင် SAC တပ်မ အမှတ် (၄၄) လက်အောက်ရှိ SAC အမြောက်တပ်အမှတ် (၃၁၀) မှ ၈၁ မမ လက်နက်ကြီးသုံးလုံးကို ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာအုပ်စု၊ အဒ--- ကျေးရွာသို့ ပစ်ခတ်ခဲ့ပါသည်။ ဤပစ်ခတ်တိုက်ခိုက်မှုအတွင်း အသက် ၂၁ နှစ်အရွယ်ရှိ ရွာ သားတစ်ဦးဖြစ်သည့် မဆ--- မှ သေဆုံးသွားခဲ့ပြီး ကိုဒ--- နှင့် ၎င်း၏ အသက် ၁၁ နှစ်အရွယ် သမီးဖြစ်သည့် မဃ--- ဒဏ်ရာရရှိသွားခဲ့ပါသည်။ မဃ--- ဒဏ်ရရှိပြီးသည့်နောက်ပိုင်း ၎င်း၏ ပေါင်တွင်ရရှိသောပြင်းထန်သည့် ဒဏ်ရကိုကုသရန် အတွက် နီးစပ်ရာဆေးခန်းတစ်လုံးသို့ ပို့ဆောင်ပေးခဲ့ပါသည်။ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့မှ ဆေးဝန်ထမ်းတစ်ဦးသည် ကိုဒ--- ၏ဒဏ်ရာကိုကုသပေးခဲ့ပါသည်။ ၎င်း၏ဒဏ်ရာအား ဆေးဝန်ထမ်းမှ ချုပ်ပေးနေစဥ် SAC မှထပ်မှန်၍လက်နက်ကြီးပစ်ခတ်ခဲ့သဖြင့် အဃ--- ကျေးရွာသို့၎င်းတို့ထွက်ပြေးခဲ့ပြီး ထိုတွင်ကုသမှုပြီးဆုံးအောင် ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ခရွဲကျေးရွာအုပ်စုရှိရွာသားများသည် ကြောက်ရွံ့ကြပြီး ၎င်းတို့၏ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါသည်။
ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ အဂ--- ကျေးရွာရှိ ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာသားတစ်ဦးဖြစ်သည့် စောဂ--- မှ SAC ၏ဒေသတွင်းရှိနေမှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် အခက်အခဲအား ဤကဲ့သို့ပြောပြခဲ့ပါသည်။
“တစ်ခါတစ်လေ သေခါနီးလူနာတွေရှိတယ်။ သူတို့ကို ဆေးရုံပို့ချင်ပေမဲ့ ပို့ပေးလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗမာစစ်သားတွေက ဆေးရုံမှာနေနေကြတယ်။ နေ့ဘက်အချိန်မှာ သူတို့ (ဗမာစစ်သားတွေက) ကျွန်တော်တို့ (အရပ်သား) တွေ လူနာ (ဆေးရုံတွင်ဆေးကုသမှုခံယူဖို့) ပို့ဖို့ခွင့်ပြုချက်ပေးထားတယ်။ ဒါပေမဲ့ ညဘက်အချိန်မှာတော့ လူနာတွေကို အတင်းအိမ်ပြန်ခိုင်းတယ်။”
SAC ၏တိုက်ခိုက်မှုကြောင့် ဆေးဖက်ဆိုင်ရာအဆောက်အဦးများပျက်စီးခြင်း
ရွာသားများသည် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးရုံနှင့်ဆေးခန်းများကို မှီခိုအားထားနေရသဖြင့် SAC ၏တိုက် ခိုက်မှုကြောင့် ဆေးဖက်ဆိုင်ရာအဆောက်အဦးများ ပျက်စီးပြီးသည့်နောက် ဆေးကုသမှုရရှိရန် အလွန်ခက်ခဲလာခဲ့ပါ သည်။ အစီရင်ခံစာကောက်နုတ်ရေးသားသည့်ကာလ (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ မှ အောက်တိုဘာလအထိ) တွင် SAC ၏တိုက်ခိုက်မှုကြောင့် အနည်းဆုံးဆေးဖက်ဆိုင်ရာအဆောက်အဦး လေးလုံးပျက်စီးသွားခဲ့ပါသည်။[14]
အချို့သောအခြေအနေများတွင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းခံရပြီးသည့်နောက် SAC မှ ဆေးရုံများအားရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့ကြောင်း ရွာသားများမှပြောပြခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ကစယ်ဒိုမြို့နယ်၊ အဧ--- ကျေးရွာတွင်း SAC ၏လေကြောင်းတိုက်ခိုက်မှုကိုကြုံတွေခဲ့ရသော မြိတ်-ထားဝယ်ခရိုင်၊ စောခေးဒေသ၊ အဟ--- ကျေးရွာရှိ ဟ--- အမည်ရှိရွာသားတစ်ဦးမှ “လေကြောင်းတိုက်ခိုက်မှု အဧ--- ကျေးရွာမှာဖြစ်ပွားတဲ့အချိန်မှာ အသ--- ဆေးရုံလည်းပျက်စီးသွားတယ်။ ဒီဆေးရုံ (SAC မှ စီမံအုပ်ချုပ်) အသစ်ဆောက်လုပ်ထားတာ ဖြစ်ပြီး တစ်ခါမှ (ကောင်းကောင်း) မသုံးရသေးဘူး။ ကျွန်တော်ကြားတာက လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ SAC စခန်းကိုသိမ်းပြီးတဲ့နောက် အဲ့ဒီဆေးရုံမှာဆေးကုသမှုခံယူကြတယ်။ SAC ကနေ လေကြောင်းတိုက်ခိုက်မှုပြုလုပ် တဲ့အချိန်မှာ ဆေးရုံထဲမှာ ဘယ်သူမှမရှိကြဘူး။ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ အဲ့ဆေးရုံမှာဆေးကုသမှုခံယူတယ်ဆိုတဲ့သတင်းကို SAC ကကြားခဲ့တယ်။ အဲ့မှာပဲ ဆေးရုံကပျက်စီးသွားခဲ့တယ်။”[15] ဟုပြောခဲ့ပါသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်သားများမှ မြိတ်-ထားဝယ်လမ်း (လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားသည့် နေရာနှင့် ကီလိုမီတာ ၅၀ အကွာခန့်) တွင်တည်ရှိသော SAC ၏ပဲဒက်စစ်တပ်စခန်းကို သိမ်းပြီးသည့်နောက်ပိုင်း SAC မှ လေကြောင်းဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။
ကျန်းမာရေးဝန်ထမ်းများအားတိုက်ခိုက်ခြင်း
SAC ၏လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်တိုက်ခိုက်မှုတို့ကြောင့် လက်နက်ကိုင်ပဋိပက္ခဒဏ်သင့်သော နေရာဒေသများသို့ အထောက်အပံ့များပို့ဆောင်နိုင်ရန် အကူအညီပေးသူများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် အန္တရာယ်ရှိပါသည်။ ကျန်းမာရေးဝန်ထမ်းများသည် SAC စစ်ဆေးရေးဂိတ်များအား ဖြတ်သန်းသွားလာစဥ် ဆေးဖက်ဆိုင်ရာပစ္စည်းများအား အကယ်၍ဖမ်းဆီးရမိပါက ဖမ်းဆီးခံရနိုင်သည့်အန္တရာယ်လည်း ရှိပါသည်။
မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီတိုင်း၊ ဘဝကျေးရွာအုပ်စု၊ အန--- ကျေးရွာသို့ ဆေးဝါးများနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကျန်းမာရေးဝန်ထမ်းများအားလိုက်ပါပေးသော မြိတ်-ထားဝယ်ခရိုင်၊ တနောသရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု၊ အမ--- ကျေးရွာမှ ဒေသခံခေါင်းဆောင်တစ်ဦးဖြစ်သည့် စောဧ--- မှ “အဲ့ဒီလမ်းဖြတ်ဖို့ ကျွန်တော်တို့အတွက် အဓိ ကအခက်အခဲတစ်ခုရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကြောက်ရတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်။ အဲ့ဒါက အဲဒီဒေသမှာလှုပ်ရှားတဲ့ SAC စစ်သားတွေဖြစ်တယ်။ သူတို့ (SAC) ရဲ့ စစ်ဆေးရေးဂိတ်တွေရှိတယ်။ (...) ကျွန်တော်တို့အဲ့ဒီကိုသွားခဲ့တုန်းက စစ်ဆေးရေးဂိတ်ကို မဖြတ်ခဲ့ဘူး။ ရွာထဲကို ‘သူခိုး (မမြင်နိုင်တဲ့လမ်း) လမ်း’ကနေ ဝင်ရတယ်။ ကျွန်တော်တို့ရွာထဲကို သူခိုးတွေလိုဝင်ရတယ်။ ကျွန်တော်တို့ အဲ့ဒီကိုတောလမ်းကနေမှ ခက်ခက်ခဲခဲသွားခဲ့ရတယ်။” ဟုပြောခဲ့ပါသည်။ ၎င်းမှ ထပ်မံ၍
“အဲ့မှာ SAC စခန်းတစ်ခုရှိတယ်။ တကယ်လို့ ကျွန်တော်တို့ဆေးဝါးတွေသယ်တာတွေ့သွားခဲ့မယ် ဆိုရင်တော့ ကျွန်တော်တို့အတွက်လွယ်မှာမဟုတ်ဘူး။ (...) ဘဝဒေသမှာ PDF (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ) ရှိ တာကို သူတို့ (SAC) ကသိတယ်။ ဒါကြောင့် ကျွန်တော်တို့က ဆေးဝါးတွေကို ရွာသားတွေအတွက် ယူလာပေးတာလို့ ပြောမယ်ဆိုရင်လည်း သူတို့ကယုံမှာမဟုတ်ဘူး။ (...) ဒါ (ဆေးဝါးတွေသယ်လာတာ) ကို SAC သာသိသွားမယ်ဆိုရင် ကျွန်တော်တို့အသက်ရှင်နိုင်မှာမဟုတ်ဘူး။”
ဟုပြောခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့၌ ရေဘေးဒဏ်သင့် သည့်ရွာသားများကို ဆေးဝါးများသွားပို့သည့်အချိန်တွင် SAC မှ ဤကျန်းမာရေးဝန်ထမ်းအဖွဲ့ကို အန--- ကျေးရွာအနီး ရှိလမ်းတွင် တိုက်ခိုက်ခဲ့ပါသည်။ စောဧ--- မှ “ကျွန်တော်တို့ အဲ့ဒီကို မိုးတွင်းမှာ သွားခဲ့တယ်။ ရွာထဲကို ကျွန်တော်တို့ သွားတဲ့အချိန်မှာ သူတို့က ကျွန်တော်တို့ဘက်ကို လက်နက်ကြီးတွေနဲ့ပစ်တယ်။ အဲ့ဒီအချိန်တုန်းက KDHW နဲ့ နယ်လှည့် ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့က ကျန်းမာရေးဝန်ထမ်းတွေလည်း ကျွန်တော်တို့နဲ့အတူသွားကြတယ်။” ဟု ဖြည့်စွက်ခဲ့ပါသည်။
(ခ) ကျန်းမာရေးဝန်ဆောင်မှုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးဖက်ဆိုင်ရာပစ္စည်းများ လုံလောက်စွာမရှိခြင်း
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လက်လှမ်းမီနိုင်မှုတွင် စိန်ခေါ်မှုများရှိနေခဲ့သော်လည်း ရွာသားများအပေါ် SAC ၏ ရံဖန်ရံခါ တိုက်ခိုက်မှုများနှင့် နေရပ်ရွှေ့ပြောင်းနေရမှုများကြောင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူရန်လိုအပ်သူများအဖို့ (အကန့်အသတ်ဖြင့်သာလည်ပတ်သော) ဆေးရုံ၊ ဆေးခန်းများနှင့်အလှမ်းဝေးစေခဲ့ပါသည်။ SAC စစ်ဆေးရေးဂိတ်များတွင်တိုက်ခိုက်ခြင်းနှင့် ပစ္စည်းဥစ္စာသိမ်းယူခြင်းများ မကြာခဏပြုလုပ်ခြင်း ကြောင့် ဆေးဝါးများနှင့် ဆေးဖက်ဆိုင်ရာပစ္စည်းများလုံးဝပြတ်လတ်ခြင်းနှင့် ပြင်းထန်သည့်ဒဏ်ရာများအားကုသရန်အတွက် ကုန်ကျစရိတ်မြင့်မားခြင်းတို့သည် ဆိုးရွားနှင့်ပြီးအခြေအနေကိုထပ်၍ ဆိုးရွားစေပါသည်။
ကျန်းမာရေးဝန်ဆောင်မှုများလုံလောက်စွာမရှိခြင်း
SAC ၏ ရွာသားများအပေါ်တိုက်ခိုက်မှုများကြောင့် ကျန်းမာရေးဝန်ထမ်းများမှာလည်း ထွက်ပြေးတိမ်းရှောင်နေကြရသ ဖြင့် ရွာသားများသည် မနာမကျန်းဖြစ်သည့်အချိန် သို့မဟုတ် ဒဏ်ရာရရှိသည့်အချိန်တွင် ဆေးဝါးကုသမှုခံယူရန်အ တွက် စိန်ခေါ်မှုဖြစ်စေပါသည်။ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ ခေါဖိုးပလယ်ကျေးရွာအုပ်စု၊ အဝ--- ကျေးရွာရှိ နော်သ--- မှ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ ညနေ ၁၁း၃၀ အချိန်တွင် အဝ--- ကျေးရွာ၌ဖြစ်ပွားသော SAC ၏လေကြောင်းတိုက် ခိုက်မှုကြောင့် စာသင်ကျောင်းများ၊ ဘုရားကျောင်းနှင့် အိမ်များအပါအဝင် ရွာသားတစ်ဦးဒဏ်ရရှိခဲ့ပြီး ရွာသားများစွာထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းကို ပြောပြခဲ့သည်။ နော်သ--- မှ
“ဒါကအရမ်းခက်ခဲတယ်။ လူတွေက ဆေးဝါးကုသမှုခံယူဖို့လိုအပ်တဲ့အချိန်မှာ ထွက်ပြေးတိမ်းရှောင်ပြီး အခြားနေရာတွေမှာထွက်ပြေးတိမ်းရှောင်အိပ်နေကြရတဲ့ ဆရာဝန်တွေနဲ့သူနာပြုတွေကို ကျွန်မတို့ရှာရတယ်။”
ဟုပြောပြခဲ့ပါသည်။ ရွာသားများသည် ၎င်းတို့၏ကျေးရွာတွင်း လေ့ကျင့်သင်ကြားပေးထားခြင်းမရှိသည့် ကျန်းမာရေးဝန်ထမ်းများမရှိသည့်အချိန်တွင် ၎င်းတို့၏ကျန်းမာရေးစောင့်ရှောက်မှုပြုရန်သားဖွားဆရာမကိုမှီခိုကြရသဖြင့် အခက်အခဲဖြင့်ကြုံတွေ့ကြရပါသည်။ တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ဒေးလိုဒေသေ၊ ဒဧ--- ကျေးရွာရှိ ရွာသားတစ်ဦးဖြစ်သည့် စောက--- မှ “ရွာသားတွေနေမကောင်းဖြစ်တဲ့အချိန်မှာ လူနာတွေကိုစောင့်ရှောက်ဖို့ ရွာထဲမှာ သားဖွားဆရာမတစ်ယောက်ရှိတယ်။ ဒါက သာမှန်ဖျားနာမှုအတွက်ပဲဖြစ်တယ်။ ရွာသားတွေခွဲစိတ်ကုသမှုလိုအပ်လာပြီးဆိုရင်တော့ တော်တော်လေးခက်ခဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ (ပြည့်စုံလုံလောက်မှုရှိတဲ့ဆေးရုံကို) သွားဖို့ ခရီးသွားလာရေးခက်ခဲတယ်။ ခွဲစိတ်ကုသမှုအပိုင်းမှာဆိုရင် ငွေကြေးအကုန်အကျရှိတယ်။ ဒါကြောင့်ရွာသားတွေ ခွဲစိတ်ကုသဖို့လိုလာတဲ့အချိန်မှာ သူတို့တွေအကြွေးတင်ကြတယ်။” ဟုပြောပြခဲ့ပါသည်။
SAC ၏လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ဒဏ်ရာရရှိခဲ့သည့်ရွာသားများသည် ကုသမှုခံယူရန်အတွက် ခရီးသွားလာရေးအခက်အခဲဖြင့် ကြုံတွေ့ကြရပါသည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် SAC ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် တောအူးခရိုင်၊ သံတောင်ကြီးလမ်း၊ အခ--- ကျေးရွာမှ ရွာသားတစ်ဦးဖြစ်သည့် လ--- ၏မျက်နှာတွင် လက်နက်ကြီးအပိုင်းအစထိမှန်ခဲ့ချိန်တွင် ၎င်း၏မိသားစုဝင်များသည် အဆိုပါလက်နက်ကြီးအပိုင်းအ စကို လက်သည်းညှပ်ဖြင့်ထုတ်ပေးကာ အိမ်တွင်ကုသမှုပြုလုပ်ပေးခဲ့ပါသည်။ အဆိုပါရွာသားသည် ကိုယ်ပူတက်ပြီး အိပ်ယာထဲနေနေခဲ့ရပါသည်။ ထိုနည်းတူ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ စောမူပလောကျေးရွာအုပ်စု၊ အရ--- ကျေးရွာရှိအခြားရွာသားတစ်ဦးဖြစ်သော စောမ--- မှ
“ကျွန်တော်တို့က ဆေးရုံ၊ ဆေးခန်းနဲ့မနီးဘူး။ ဆေးပေးခန်းတစ်လုံး ဒါမှမဟုတ် အဲ့မှာဆေးခန်းရှိပေမဲ့ ကျွန်တော်တို့ရဲ့ဒေသနဲ့ဝေးတဲ့နေရာမှာပဲရှိတယ်။ တကယ်လို့ ကျွန်တော်တို့ရဲ့ကလေးတွေနေမကောင်းဖြစ်ပြီးဆိုရင် ကျန်းမာရေးဝန်ဆောင်မှုရရှိဖို့ အဝေးကြီးသွားရပြီး လုံလောက်မှုလည်းမရှိဘူး။ (...) ဆေးဝါးတွေက အဖြစ်များတဲ့ရောဂါတွေအတွက် စီစဥ်ထားတာလည်းမရှိဘူး။ တချို့လူတွေဆိုရင် ကုသမှုခံယူဖို့နောက်ကျလို့သေဆုံးသွားကြတယ်။”
ဟုပြောပြခဲ့ပါသည်။
ဆက်လက်ဖြစ်ပွားနေသောပဋိပက္ခများနှင့် SAC ၏တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရရှိသည့်ရွာသားများ များပြားလာခြင်းသည်လည်း ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် အခက်အခဲကိုဖြစ်စေပါသည်။
ဒေသခံများမှ ဆေးကုသမှုမလုံလောက်ခြင်းကို ဖြေရှင်းရန်အတွက် ကြိုးစားအားထုတ်လာခဲ့ကြပါသည်။ ဥပမာ၊ အရေးပေါ်ခွဲစိတ်မှုပြုလုပ်ရန်လိုအပ်သောလူနာများနှင့် ကိုယ်ဝန်ဆောင်များမီးဖွားရန်အတွက် ကျန်းမာရေးဝန်ဆောင်မှုမရှိခြင်းတို့ကြောင့် ဘားအံခရိုင်ရှိဒေသခံခေါင်းဆောင်များသည် BPHWT နှင့် KDHW နှင့်အတူပူးပေါင်းဆောင်ရွက်ကာ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ နောင်ကွီးကျေးရွာအုပ်စု၊ အစ--- ကျေးရွာ၌ ခွဲစိတ်ကုသမှုနေရာတစ်ခု ဆောက်လုပ်ခဲ့ကြပါသည်။
ရွာသားများသည် လူနာများအားစောင့်ရှောက်ရန် မတူကွဲပြားသည့် တုံ့ပြန်မှုနည်းလမ်းများကို အသုံးပြုကြပါသည်။ ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ ဟတလိုက်ကျေးရွာအုပ်စု၊ အတ--- ကျေးရွာရှိရွာသားများသည် ဘားအံမြို့နယ်၊ ကရုကြီးကျေးရွာအုပ်စု၊ အဖ--- ကျေးရွာတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော (အမည်မသိရသောအဖွဲ့အစည်းတစ်ခုမှ ကရင်ကျန်းမာရေးဝန်ထမ်းတစ်ဦး) သရ (ဆရာ) န--- ထံမှ ဆေးသင်တန်းတက်ရောက်ခဲ့ကြပါသည်။ ဒေသခံမီးဖွားဆ ရာမတစ်ဦးဖြစ်သည့် နော်ဝ--- မှ “ရွာထဲမှာ ဖျားနာလာပြီးဆိုရင် သရ (ဆရာ) န--- ဆီကနေ ဆေးသင်တန်းသွားတက် ခဲ့ကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေက လူနာတွေကိုစောင့်ရှောက်ပေးတယ်။ သူတို့ ပြင်းထန်စွာဖျားနာတယ်ဆိုရင်တော့အဲ့လူနာတွေကို ဆေးရုံကိုပို့လိုက်တယ်။ ဆေးရုံကတော့ အဖ--- ကျေးရွာမှာရှိတယ်။ CDM မှာပါဝင်တဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေက မြို့ကိုမပြန်ရဲကြတော့ပဲ လူနာတွေကို အဲ့ဒီမှာစောင့်ရှောက်ပေးတယ်။ သူတို့တွေက KNU ရဲ့စီမံခန့်ခွဲမှုအောက်က ဆေးခန်းတွေဖြစ်လာတယ်။” ဟုပြောပြခဲ့ပါသည်။
အချို့သောရွာသားများသည် ကျန်းမာရေးစောင့်ရှောက်မှုခံယူရန်အတွက် CDM ကျန်းမာရေးဝန်ထမ်းများအပေါ် မှီခိုကြရပါသည်။ တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စု၊ အထ--- ကျေးရွာမှ ရွာသူကြီးဖြစ်ပြီး ဇရပ်ကြီးတောင်ခြမ်း၏ အရေးပေါ်ကူညီကယ်ဆယ်ရေးတာဝန်ခံလည်းဖြစ်သူ ဦးပ--- မှ “CDM မှာပါဝင်တဲ့ ဗမာအစိုးရရဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်းရှိတယ်။ ဒီကာလအတော်အတွင်း (၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်) မှာ အဲ့ဒီ CDM ကျန်းမာရေးဝန်ထမ်းတွေက အရပ်သားတွေရဲ့ကျန်းမာရေးအတွက် သူတို့တတ်နိုင်သမျှထောက်ပံ့ပေးကြတယ်။” ဟု ပြောပြခဲ့ပါသည်။
ရွာသားများအနေဖြင့် လူနာများကို လုံလောက်ပြီး ချက်ချင်းကုသမှုခံယူနိုင်သည့် ထိုင်းနိုင်ငံနယ်စပ်တွင်ရှိသော ဆေးရုံ များ၌လွှဲပြောင်းပေးခဲ့ကြပါသည်။[16]
ဆေးဝါးများနှင့် ဆေးဖက်ဆိုင်ရာပစ္စည်းများ လုံလောက်စွာမရှိခြင်း
လက်နက်ကိုင်ပဋိပက္ခများ ပိုမိုဆိုးရွားလာသည့်အတော်အတွင်း ဆေးဝါးများမှာ မကြာခဏရရှိနိုင်ခြင်းမရှိပါ။ ဥပမာ၊ ၂၀၂၄ ခုနှစ်၊ နေ့လည် ၁ နာရီခန့်တွင် မြိတ်-ထားဝယ်ခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမနိုင်ကျေးရွာအုပ်စု၊ ဘဆ--- ကျေးရွာမှ အသက် ၁၂ နှစ်ရွယ်ရှိ ရွာသားတစ်ဦးဖြစ်သည့် မရ--- မှ ဒညင်းသီးလိုက်လံရှာဖွေနေစဥ် SAC (ခမရ) အမှတ်(၅၆၀) မှထောင်ထားသည့် မြေမြှုပ်မိုင်းတစ်လုံးကိုနင်းမိ၍ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါသည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သူမ၏ ခြေထောက်ပြတ်သွားခဲ့ပြီး ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာရရှိသွားခဲ့ပါသည်။ ဘဆ--- ကျေးရွာရှိ ရွာသားတစ်ဦးမှ “ကျွန်တော်တို့ (ရွာသားများ) သူ့ (ဒဏ်ရာရရှိသူ) ကိုခေါ်ပြီး ဘဒ--- ဆေးရုံကိုပို့ခဲ့တယ်။ (ဘဒ--- ဆေးရုံ) က ဆေးဖက်ဆိုင်ရာပစ္စည်းလုံလောက်မှုမရှိလို့ ညနေ ၃ နာရီဝန်းကျင်လောက်မှာ သူ့ကို ဘုတ်ပြင်းမြို့နယ်မှာရှိတဲ့ဗမာစစ်တပ်စခန်းမှာ ကုသမှုခံယူဖို့ ပို့ခဲ့တယ်။” ဟုပြောခဲ့ပါသည်။ အလားတူ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူး (မုန်း) မြို့နယ်၊ သပြေညွှန့်ကျေးရွာအုပ်စု၊ ဘဃ--- ကျေးရွာမှာရွာသားတစ်ဦးဖြစ်သည့် မစ--- မှ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့တွင် SAC (ခလရ) အမှတ် (၇၃) ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးသည့်နောက် ဆေးကုသမှုခံယူရန်အတွက် ရန်ကုန်မြို့ရှိဆေးရုံတစ်လုံးသို့ ပို့ဆောင်ခဲ့သည်။ သူမအနေဖြင့် ပထမဦးဆုံး ဘဂ--- ဆေးရုံသို့သွားခဲ့သော်လည်း ထိုဆေးရုံတွင် သူမ၏ဒဏ်ရာကိုကုသရန် လုံလောက်သည့်ဆေးဖက်ဆိုင်ရာပစ္စည်းများမရှိပါ။
မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီတိုင်းမြို့နယ်တွင် ကရင်ကျန်းမာရေးနှင့်လူမှုဖှုလှုံရေး (KDHW) မှ ကျန်းမာရေးစောင့် ရှောက်မှုစနစ်ကို စီမံခန့်ခွဲမှုပြုလုပ်ပြီး ရွာသားများမှီခိုအားထားနေကြသည့် တစ်ပိုင်တစ်နိုင်ဆေးခန်းများလည်းရှိပါသည်။ သို့သော်လည်း ဆေးဝါးများပြတ်လပ်ခြင်း၊ ခရီးသွားလာရေးပိတ်ပင်ကန့်သတ်ခြင်းနှင့် ထိုင်းနိုင်ငံမှ ခိုးသွင်းရန်လိုအပ်သဖြင့် ဤဆေးဖက်ဆိုင်ရာအဆောက်အဦးများရှိ ကျန်းမာရေးဝန်ထမ်းများသည် ကြီးမားသည့်စိန်ခေါ်မှုနှင့်ရင်ဆိုင်ကြရပါသည်။ ထို့နည်းတူ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းတစ်ဦးမှ
“ကျွန်တော်တို့မှာ ဆေးဝါးနဲ့ ဓာတ်မှန်ရိုက်စက်တို့လို လူနာတွေရဲ့အခြေအနေကိုစမ်းသပ်ဖို့ တခြားပစ္စည်းအလုံအလောက်မရှိဘူး။ လူနာတွေအတွက်လုံလောက်တဲ့ကုသမှုပေးနိုင်ဖို့ တခြားသူတွေရဲ့အကူအညီကို လိုအပ်တယ်။”
ဟုပြောပြခဲ့ပါသည်။ မူးမြို့နယ်တွင်လည်းအလားတူအခြေအနေရှိပြီး အများစုသည် ဆေးဝါးများကို မြို့ထဲမှလျှို့ဝှက်မှာယူကြရခြင်းနှင့် တစ်ခါတစ်ရံအမျိုးသမီးများအနေဖြင့် SAC စစ်ဆေးရေးဂိတ်များကို လမ်း၌ဖြတ်သွားသည့်အချိန်တွင် စစ်သားများနှင့် ညှိနှိုင်းမှုပြု လုပ်ရန်လွယ်ကူသည်ဟုဆူဆသောကြောင့် အမျိုးသမီးများကို မြို့ထဲသို့သွားရောက်ဆေးဝါးများမှာယူစေပါသည်။
ဆေးဝါးကုန်ကျစရိတ်ပေးရန် ငွေကြေးမတတ်နိုင်ခြင်း
ပဋိပက္ခများ၊ ရွာများနှင့် လယ်ယာစိုက်ခင်းများကိုအဆက်မပြတ်တိုက်ခိုက်နေသည့်ကြားမှ အသက်မွေးဝမ်းကြောင်းအတွက်ရုန်းကန်နေကြရသောရွာသားအချို့သည် မနာမကျန်း သို့မဟုတ် ဒဏ်ရာရရှိမှုကြောင့် ဆေးဝါးကုသမှုလိုအပ်သည့်အချိန်တွင် ဆေးဝါးကုန်ကျစရိတ်ပေးရန် မတတ်နိုင်ကြပါ။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ဆိတ်ဖူးတောင်ကျေးရွာအုပ်စု၊ ဘဧ--- ကျေးရွာသို့ SAC ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၃၉) မှလက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ဒဏ်ရာရရှိခဲ့သော အသက် ၁၈ နှစ်အရွယ်ရှိ ရွာသားတစ်ဦးဖြစ်သည့် တ--- မှ ဤကဲ့သို့ပြောပြခဲ့သည်။ “ကျွန်တော်ထိုင်နေတဲ့အချိန်မှာ လက်နက်ကြီးက ကျွန်တော့်အနားကျလာတော့ ဒဏ်ရာရသွားခဲ့တယ်။ ကျွန်တော် (ဘသ--- ပြည်သူ့ဆေးရုံမှာ) ဆေးရုံတက်လိုက်ရတယ်။ သူတို့က ကျွန်တော့်ကိုကုသပေးပေမဲ့ (၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီလမှာ) ကျွန်တော့်ကိုယ်ထဲက လက်နက်ကြီးအစကိုတော့ မထုတ်ပေးခဲ့ဘူး။ (...) ကျွန်တော့် အနာပြန် နာလာရင် ဆေးရုံကိုပြန်သွားဖို့ သူတို့က ပြောတယ်။ ကျွန်တော်ဆေးရုံကိုသွားတာ သုံးခါလောက်ရှိနေပြီး၊ ပြီးတော့ ကုန်ကျစရိတ်ကလည်း စျေးကြီးတယ်။ ဒါကြောင့် ကျွန်တော်လည်း (လုံးဝ) မတတ်နိုင်တော့ဘူး။” ဟုပြောပြခဲ့ပါသည်။
ထ--- အနေဖြင့် ဘဧ--- ကျေးရွာတွင်အလုပ်သွားလုပ်သည့်အချိန်တွင် ၎င်း၏ခါးတွင် ဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘဧ--- ကျေးရွာရှိ အသက်ကြီးအဖွားတစ်ဦးလည်း ဒဏ်ရာရရှိသွားခဲ့ပါသည်။
မြို့ထဲရှိဆေးရုံများ၌ ဆေးကုသမှုခံယူရန်လို အပ်သောရွာသားများသည် ကုသမှုစရိတ်ပေးရန်အတွက် မတတ်နိုင်ကြပါ။ မြိတ်-ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ ကော်ဘောကျေးရွာအုပ်စု၊ ဘက--- ကျေးရွာရှိ နော်ဖ--- မှ
“တချို့သူတွေက သူတို့ကလေးတွေရဲ့ ဆေးကုသမှုစရိတ်ကိုပေးဖို့ မတတ်နိုင်ကြဘူး။ ဆေးခန်းတွေကလည်း ဝေးတယ်။ ဆေးဖိုးဝါး ခတွေလည်းစျေးတက်တယ်။ စျေးနှုန်းတွေက သုံးစလောက်တောင်တက်ကုန်လို့ ရွာသားတွေက အခက်အခဲတွေနဲ့ ကြုံ တွေ့နေရတယ်။”
ဟုပြောခဲ့ပါသည်။ ဆက်လက်ဖြစ်ပွားနေသောပဋိပက္ခ၊ ဆေးဖက်ဆိုင်ရာပစ္စည်းများရှားပါးမှုနှင့် ခရီးသွားလာရေးအခက်အခဲများကြောင့် ဆေးဝါးများအပါအဝင် ကုန်စျေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ ထို့ကြောင့် နေ့စဥ်လုပ်အားခကိုသာမှီခိုရသော အရပ်သားများအတွက် ၎င်းတို့အား ဝယ်ယူရန် အခက်အခဲရှိနေကြပါသည်။
KNU စီမံခန့်ခွဲအုပ်ချုပ်သည့် ဆေးရုံများသည် အဖိုးအခမရှိခြင်း သို့မဟုတ် ကုန်ကျစရိတ်နည်းသည့်အတွက် ထိုတွင် သွားရောက်ကုသမှုခံယူကြသော ရွာသားများသည် ငွေကြေးဝန်ထုတ်ဝန်ပိုးအနည်းငယ်ဖြင့်သာ ကြုံတွေ့ရပါသည်။ ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် ဘဧ--- ကျေးရွာတွင်း SAC စစ်သားများထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ခလယ်ထူခရိုင်၊ မူးမြို့နယ်၊ နံ့သံကွင်းကျေးရွာအုပ်စု၊ ဘဧ--- ကျေးရွာရှိ အသက် ၁၄ နှစ်အရွယ်ရှိမထ--- သည် သူမ၏ခြေထောက်နှစ်ဖက်လုံးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ညာဖက်ခြေထောက်ပြတ်ထွက်သွားခဲ့ပါသည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးသည့်နောက် ကျေးရွာထဲတွင်ရှိနေသော KNLA စစ်သားများမှ ဒဏ်ရာရရှိသူအား မူးမြို့နယ်၊ ပလီးထကျေးရွာအုပ်စုတွင်ရှိသော KNU စီမံခန့်ခွဲအုပ်ချုပ်သည့် ဆေးရုံတစ်လုံးသို့ပို့ဆောင်ခဲ့ပါသည်။ ဆေးရုံ၌ဆေးကုသမှုနှင့်ပတ်သက်၍ မထ--- ၏ဦးလေးဖြစ်သည့် ဦးည--- မှ “အခုတော့ ကျွန်တော်ကုသမှုစရိတ်ကို မသိရသေးဘူး။ ဆေးခန်းမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ကျွန်တော်တို့ (ငွေကြေးအခက်အခဲ) ကိုနားလည်ပေးတယ်။ အများအားဖြင့် အရပ်သားတွေကို (အခမဲ့ကုသ) ကူညီပေးတယ်။ သူတို့တွေ (ဒဏ်ရာရရှိသူ၏မိဘများ) က (ငွေကြေး) အဆင်မပြေလို့ အခက်အခဲနဲ့ရင်ဆိုင်ရတယ်။ သူတို့ (ဒဏ်ရာရသူ၏မိဘများ) ကို စိတ်ဓာတ်မကျဖို့ပြောပြီး ဆရာဝန်တွေကျွန်တော်တို့ကို နားလည်ပေးလိမ့်မယ်လို့ပြောတယ်။”[17] ဟုပြောပြခဲ့ပါသည်။ အဆိုပါ ဒဏ်ရာရရှိသူ၏ မိဘများသည် နေ့စဥ်လုပ်အားခကိုသာ မှီခိုနေရသောအလုပ်သမားများဖြစ်ကြပါသည်။
(ဂ) ခရီးသွားလာရေးကန့်သတ်ပိတ်ပင်ခြင်း၊ ဆေးဖက်ဆိုင်ရာအဆောက်အဦးများသို့ လက်လှမ်းမီနိုင်မှုမရှိ ခြင်းနှင့် ဆေးဝါးများသိမ်းဆည်းခြင်း
ဆက်လက်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခအတွင်း ရွာသားများသည် SAC မှပြဌာန်းသည့် ခရီးသွားလာရေးကန့်သတ်ပိတ်ပင်ခြင်းများဖြင့် ရင်ဆိုင်ကြရပြီး SAC စစ်ဆေးရေးဂိတ်များကိုဖြတ်သန်းသွားလာရာတွင်လည်း ကြောက်ရွံ့နေကြရပါသည်။ ရွာသားများသည် ပြည်စုံမလုံလောက်မှုရှိသော ကျန်းမာရေးဝန်ဆောင်မှုများသို့ရောက်ရှိရန် ခရီးဝေးလံစွာ သွားလာရခြင်းနှင့် လက်လှမ်းမီနိုင်မှုမရှိသည့်လမ်းများမှတဆင့်သွားကြရပါသည်။ အချို့ဒဏ်ရာရရှိသောသူများသည်ကြိုးစား၍ ကုသမှုခံယူနေစဥ်တွင် ၎င်းတို့၏အသက်ရှုံးဆုံးခဲ့ကြရပါသည်။
SAC မှ ခရီးသွားလာရေးကန့်သတ်ပိတ်ပင်မှု ပြဌာန်းခြင်း
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးသည့်နောက်ပိုင်း SAC မှ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ နေရာဒေသအများအပြားတွင် ညမထွက်ရအမိန့်ကို ပြဌာန်းခဲ့သဖြင့် ရွာသားများသည် ညအချိန်ခရီးသွားလာရန်အတွက် အတားအဆီးဖြစ်စေပါသည်။ ၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်နေ့ မနက် ၄း၅၂ အချိန်တွင် SAC အမြောက်တပ်ရင်းအမှတ် (၃၁၀) မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးများသည် ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်းကျေးရွာအုပ်စု၊ ဘမ--- ကျေးရွာရှိ ရော်ဘာခြံတစ်ခြံသို့ကျရောက်ပေါက်ကွဲခဲ့သဖြင့် စောယ--- အမည်ရှိရွာသားတစ်ဦးသည် အလုပ်လုပ်နေစဥ် ပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့ပါသည်။ ၎င်းမှ ဒဏ်ရာရရှိသွားသည်နှင့် ဒေသခံခေါင်းဆောင်များသည် ကျောက်ဖျာဒေသရှိ နီးစပ်ရာဆေးခန်းခန်းတစ်လုံးသို့အလျင်အမြန် ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာမှာသွေးများစွာထွက်၍ သွေးသွင်းရန်အတွက် အခက်အခဲရှိ နေခဲ့ပါသည်။ SAC မှ ညမထွက်ရအမိန့်ကို ပြဌာန်းခဲ့ပြီး မနက် ၆ နာရီနောက်ပိုင်းမှသာ ခရီးသွားလာခွင့်ပြုသောကြောင့် အနီးအနားသိမ်ဇရက်မြို့ရှိ SAC စီမံခန့်ခွဲအုပ်ချုပ်သည့်ဆေးရုံသို့ ပို့ဆောင်ရန်မဖြစ်နိုင်ခဲ့ပါ။ ထို့ကြောင့် ဒေသခံခေါင်း ဆောင်များမှ ကျိုက်ထိုမြို့နယ်ရှိ KDHW ဝန်ထမ်းများနှင့်ချိန်ဆက်ပြီး အလှမ်းဝေးတွင်တည်ရှိသော ဘားအံမြို့ရှိ ဖလံ တောင်ဆေးရုံ[18]သို့ ပို့ဆောင်ပေးခဲ့ကြပါသည်။ စောယ--- သည် ကုသမှုခံယူရန်အတွက် ဖလံတောင်ဆေးရုံသို့ ရောက် ရှိခဲ့သော်လည်း ၎င်းရောက်ရှိပြီးခဏအကြာ ၂၀၂၄ ခုနှစ်၊ မေလ ၇ ရက်နေ့တွင် သေဆုံးသွားခဲ့ပါသည်။
SAC မှ သယ်ယူပို့ဆောင်ရေးအတွက် လမ်းများဆောက်လုပ်ခြင်းကို ခွင့်မပြုကြောင်း ရွာသားများမှ တင်ပြခဲ့ကြပါသည်။ ဒူးသထူခရိုင်၊ သထူမြို့နယ်၊ ကော်လယ်ကျေးရွာအုပ်စု၊ ဘန--- ကျေးရွာမှ ကျေးရွာကော်မတီဝင်တစ်ဦးဖြစ်သည့် စောစျ--- မှ ဤကဲ့သို့ပြောပြခဲ့ပါသည်။ “ကျွန်တော်တို့ရဲ့ရွာမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးဖက်ဆိုင်ရာစ္စည်းတွေမရှိတော့ စိန်ခေါ်မှုတွေနဲ့ကြုံရတယ်။ (...) ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဆီမှာ ဆေးခန်းတွေနဲ့ ကျန်းမာရေးဝန် ထမ်းတွေလည်းမရှိဘူး။ ပြီးတော့ (ရွာက မြစ်ချောင်းနှစ်ခုရဲ့အလယ်မှာရှိတော့) သွားလာရေးက ခက်ခဲတယ်။ ဗမာစစ်တပ် (SAC) က ကျွန်တော်တို့အတွက် သွားလာရေးလွယ်ကူဖို့ တံတားဆောက်မှာကို ခွင့်မပေးဘူး။ တစ်နေ့မှာ ကျွန်တော်တို့ဝါးတံတားကိုဆောက်လုပ်နေတဲ့အချိန် (အဲ့ဒီနားမှာ) သူတို့ (SAC) က လက်နက်ကြီးခြောက်လုံးနဲ့ ပစ်ခတ်ခဲ့တယ်။” ဘန--- ကျေးရွာတွင်ရှိသော ရွာသားများသည် ဖျားနာခြင်း သို့မဟုတ် ဒဏ်ရာရရှိသည့်အချိန်တွင် ကော်လယ်ကျေးရွာအုပ်စုရှိ ဆေးခန်းသို့ ၎င်းတို့အားပို့ဆောင်ပေးခဲ့ကြပြီး သွားလာရန်လမ်းကြောင်းမရှိသဖြင့် စိန်ခေါ်မှုများစွာ ကြုံတွေ့ကြရပါသည်။
SAC ၏ စစ်ဆေးရေးဂိတ်များ
ရွာသားများသည် ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် SAC စစ်ဆေးရေးဂိတ်များသို့ဖြတ်သန်းသွားလာချိန်တွင် ကြောက်ရွံ့ကြရကြောင်း ပြောပြခဲ့ပါသည်။ စစ်ဆေးရေးဂိတ်များတွင်ရှိသော SAC စစ်သားများသည် ရွာသားများအား စစ်ဆေးခြင်းတစ်ခုတည်းသာပြုလုပ်သည်မဟုတ်ပဲ တစ်ခါတစ်ရံတွင် ၎င်းတို့၏ ပစ္စည်းဥစ္စာများကိုပါ သိမ်းဆည်းကြသည့်အပြင်အဓမ္မငွေကြေးတောင်းရမ်းခြင်းကိုလည်း ပြုလုပ်ကြပါသည်။ ၂၀၂၄ ခုနှစ်တွင် SAC မှပြဌာန်းလိုက်သော စစ်မှုမထမ်းမနေရဥပဒေကြောင့် အသက်အရွယ်အလယ်အလတ်ရှိရွာသားများ ဖမ်းဆီးခံရမည်ကို ပို၍ပင်ကြောက်ရွံ့ကြရပါသည်။ တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ဒေးလိုမူနူဒေသ၊ ဘဝ--- ကျေးရွာရှိ စောဒဝ--- မှ
“ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာတော့ ကျွန်တော်တို့ ဆေးရုံကိုသွားပြီးဆိုရင် ခရီးသွားလာရေးအခက်အခဲနဲ့ကြုံတွေ့ရတယ်။ ကျွန်တော်တို့မှာ စိုးရိမ်စရာတွေအများကြီးရှိတယ်။ (...) ညအချိန်မှာ ရွာသားတွေက သူတို့သွားချင်တဲ့အချိန်တိုင်း သွားလာလို့မရဘူး။ (...) လမ်းမှာလည်း စစ်ဆေးရေးဂိတ်တွေရှိတယ်။ အခု SAC က စစ်မှုမထမ်းမနေရဥပဒေကို ပြဌာန်းလိုက်တယ်။ ဒါကြောင့်လူငယ်တွေက SAC ဂိတ်တွေကိုဖြတ်ဖို့ ပိုပြီးကြောက်ကြတယ်။ သူတို့တွေက လူနာတွေအတွက် ဆေးရုံမှာ အသွားအပြန်အစားအစာသွားပို့ရတယ်။ ဒါကစိုးရိမ်မှုဖြစ်စေပြီး လူငယ်တွေလည်း ကြောက်ရွံ့မှုနဲ့ခရီးသွားလာရတယ်။ (...) လူငယ်တွေကို သူတို့ (SAC စစ်ဆေးရေးဂိတ်တွေက) ပစ်မှတ်ထားမှာကို ကျွန်တော်တို့ကစိုးရိမ်နေတာ။”
ဟုပြန်လည်ပြောပြခဲ့ပါသည်။
ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ ခေါဖိုးပလယ်ကျေးရွာအုပ်စု၊ ဘပ--- ကျေးရွာရှိ နော်ဒပ--- မှ “မီးဖွားဖို့လို ပြင်းထန် တဲ့ကိစ္စတွေအတွက် ဘခ--- ဆေးရုံကို ကျွန်တော်တို့သွားရတယ်။ တခါတလေ ခရီးသွားလာရေးကအဆင်ပြေတယ်။ ဒါပေမဲ့ တခြားအချိန်တွေမှာ လမ်းမှာစစ်ဆေးရေးဂိတ်ရှိလို့ ကျွန်တော်တို့ အခက်အခက်ကြုံရတယ်။ ပြီးတော့ ကျွန် တော်တို့က ဆရာဝန်တွေနဲ့ဆက်သွယ်ပြီး သူတို့ဆေးရုံမှာရှိလား မရှိဘူးလားဆိုတာကို မေးမြန်းဖို့လိုတယ်။” ဟုပြောပြ ခဲ့ပါသည်။
မြိတ်-ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်တွင်နေထိုင်ကြသော အရပ်သားများအတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အခြေအနေမှာ ပို၍ဆိုးရွားလာခဲ့ပါသည်။ လယ်ကဆောမြို့နယ်၊ စတိန်ကျေးရွာအုပ်စု၊ ဘရ--- ကျေးရွာရှိ ရွာသားတစ်ဦးမှ “ကျွန်တော်တို့ရွာထဲမှာ ဆေးခန်းမရှိဘူး။ တကယ်လို့ ရွာသားတွေဖျားနာလာပြီးဆိုရင် ဘစ--- ဒါမှမဟုတ် ဘတ--- ကျေးရွာတွေမှာရှိတဲ့ဆေးခန်းကိုသွားရတယ်။ တိုက်ပွဲမရှိဘူးဆိုရင်တော့ အေးဆေးသွား လို့ရတယ်။ တိုက်ပွဲဖြစ်တယ်ဆိုရင်တော့ သွားလာဖို့မလွယ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ ဆေးခန်းကိုသွားတဲ့အချိန်မှာ ဘစ--- မှာရှိတဲ့ SAC ရဲ့ (ခမရ) အမှတ် (၅၅၉) နဲ့ အမှတ် (၅၆၀) စစ်ဆေးရေးဂိတ်တွေကို ဖြတ်ရတယ်။ ကျွန်တော်တို့ ဘတ--- ကိုဆက်ပြီးသွားမယ်ဆိုရင် တံတားကြီးကိုဖြတ်ရတယ်။ အဲ့မှာ စစ်ဆေးရေးဂိတ်ကြီးတစ်ခုရှိတယ်။ အဲ့ဒီ စစ်ဆေးရေးဂိတ်ကို ဖြတ်ဖို့မလွယ်ဘူး။ အဲ့ဂိတ်မှာရှိတဲ့ SAC တွေက မေးမြန်းစစ်ဆေးတယ်။ ဘရ--- ရွာသားဆိုရင် ပေးမသွားဘူး။ ဘာဖြစ်လိုလဲဆိုတော့ (SAC စစ်သားတွေထင်တာက) လက်နက်ကိုင်တပ်ဖွဲ့တွေလာရင် ဘရ--- ရွာမှာပဲနေကြတာလို့ထင်ကြတယ်။ SAC က ဘရ--- ရွာသားတွေ လက်နက်ကိုင်တပ်ဖွဲ့တွေကိုထောက်ခံတယ်ဆိုပြီးခဲနေကြတယ်။” ပြောပြခဲ့ပါသည်။
ဆေးဝါးများအား သိမ်းဆည်းခြင်း
စစ်ဆေးရေးဂိတ်များတွင်ရှိသော SAC စစ်သားများသည် ရွာသားများခရီးသွားလာရာတွင် ဟန့်တားမှုပြုလုပ်ခြင်း(ဖမ်းဆီးခြင်းနှင့် ညှဥ်းပမ်းနှိပ်စက်ခြင်းဖြင့် ရွာသားများအားကြောက်ရွံ့မှုဖြစ်စေသည်) သာမက ၎င်းတို့၏အစားအစာများနှင့် ဆေးဖက်ဆိုင်ရာပစ္စည်းများကိုလည်း သိမ်းဆည်းကြပါသည်။ တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စု၊ ဘဖ--- ကျေးရွာတွင်နေထိုင်သည့် ဦးဒခ--- မှ “ဆေးတွေကိုသယ်ဖို့လမ်းမရှိဘူး။ သူတို့ (SAC) က ဆေးတွေကို ဒီမှာသယ်ယူဖို့ ခွင့်မပေးဘူး။ ဒါကြောင့် လူတွေက သူတို့ရဲ့နီးစပ်ရာအဆက်အသွယ်နဲ့ ဆေးတွေကိုသယ်ယူကြတယ်။ ကျန်းမာရေးဝန်းထမ်းတွေက သူတို့ဘာသူတို့ ဆေးဝါးတွေကိုသယ်ယူကြတယ်။ ငွေရေးကြေးရေးလိုအပ်လာပြီးဆိုရင်တော့ ရွာလူကြီးနဲ့အရပ်သားတွေက လိုအပ်သလိုထောက်ပံ့ပေးတယ်။ ဒါကို အဲ့လိုပဲလုပ်တာ။ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ (အဲ့ဒီအချိန်အတော်အတွင်းမှာ) ကျွန်တော်တို့ ဆေးဝါးအခက်အခဲနဲ့ နှစ်ခါကြုံခဲ့ရတယ်။ အခြားအချိန်တွေမှာကြတော့ အဆင်ပြေခဲ့တယ်။ တခါတလေ KNU ကလည်းသူတို့တက်နိုင်သလောက် ဆေးဝါးတွေကိုထောက်ပံ့ပေးတယ်။ Free Burma Ranger ကလည်း ဆေးဖက်ဆိုင်ရာပစ္စည်းတွေကို ထောက်ပံ့ပေးတယ်။ ကုသမှုကတော့ စစ်သားတွေနဲ့အရပ်သားတွေအပါအဝင် အားလုံးအတွက်ဖြစ်တယ်။” ဟုပြောပြခဲ့ပါသည်။
ထိုနည်းတူ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ လယ်ခကျေးရွာအုပ်စု၊ ယထ--- ကျေးရွာရှိရွာသားများသည် ဆေးဝါးများ ကို မြို့ထဲမှကျေးရွာသို့ သယ်ယူပို့ဆောင်ရန်အတွက် SAC ၏ တားမြစ်ပိတ်ပင်ခြင်းခံရသဖြင့် ကျန်းမာရေးစောင့် ရှောက်မှုစိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ကျေးရွာထဲတွင် ဆေးဖက်ဆိုင်ရာနားလည်တတ်ကျွမ်းသူနှစ်ဦးထဲသာရှိသဖြင့် ရွာသားများသည် အနီးအနားတွင်ရှိသော ကျေးရွာများဖြစ်ကြသည့် ဘည--- ၊ ဘယ--- ကျေးရွာနှင့် ဘထ--- ကျေးရွာများတွင် ဆေးဝါးကုသမှုခံယူကြပါသည်။ ဘထ--- ကျေးရွာရှိ နော်ဒရ--- မှ “ဆေးဝါးတွေရရှိဖို့လမ်းလည်းမဘူး၊ ဒါမဟုတ် ပဋိပက္ခကြောင့် ဆေးရုံသွားဖို့လည်းအဆင်မပြေဘူး။ တခါတလေ ဗမာစစ်သားတွေက လမ်းမှာ ကျွန်တော်တို့ကိုအနှောက်ယှက်တယ်။” ဟုပြောပြခဲ့သည်။ အချို့သောအခြေအနေများတွင် ကျောက်ကြီးမြို့နယ်တွင်ဆေးဖက်ဆိုင်ရာပစ္စည်း အကန့်အသတ်သာရှိခြင်းကြောင့် ဒေသခံကျန်းမာရေးဝန်ထမ်းများသည် ၎င်းတို့အားပြင်းထန် စွာဖျားနာသူများအတွက် သိမ်းထားပါသည်။ ဖျားနာသူများသည် လုံလောက်မှုရှိသည့်တောအူးဆေးရုံကဲ့သို့ ဆေးဖက် ဆိုင်ရာအဆောက်အဦးများတွင် ကုသမှုခံယူရန်လိုအပ်သော်လည်း SAC စစ်ဆေးရေးဂိတ်များသို့ ဖြတ်သန်းသွားလာရာတွင် လုံခြုံမှုမရှိသဖြင့် မသွားရဲကြပါ။
ဝေးလံခေါင်ဖျားသည့်နယ်မြေများ
ဆက်လက်ဖြစ်ပွားနေသော SAC ၏တိုက်ခိုက်မှုများနှင့် သွားလာရေးဝေးကွာမှုတို့ကြောင့် အချို့သောရွာသားများသည် ဆေးရုံသို့သွားရန်နှင့် ရက်ချိန်းပြန်ပြရန် ကြီးမားသည့်အခက်အခဲဖြစ်စေပါသည်။ SAC မှ ပစ်ခတ်လိုက်သောလက် နက်ကြီးကြောင့် ဒဏ်ရာရရှိသည့်အချို့ရွာသားများသည် ဆေးကုသမှုခံယူရန်ပို့ဆောင်ခံနေရစဥ် သေဆုံးသွားခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ ညနေ ၂း၁၅ အချိန်ခန့်တွင် SAC (ခမရ) အမှတ် (၇၃) မှ ပစ်ခတ်လိုက်သည့် လက် နက်ကြီးနှစ်လုံးသည် ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ မုန်းဒေသ၊ ဘစျ--- ကျေးရွာသို့ ကျရောက်ခဲ့ပါသည်။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မိသားစုဝင်ငါဦး ထိမှန်သွားခဲ့ပါသည်။ ဆွေမျိုးတော်စပ်သူတစ်ဦးဖြစ်သည့် မအဃ--- မှ ဤကဲ့သို့ပြောပြခဲ့ပါသည်။ “အသံကိုကျွန်မကြားပြီး အဲ့ဒီကို (သူတို့ဆီကို) ပြေးသွားလိုက်တယ်။ ကျွန်မအ ကို (ကိုအဂ--- ) ကသေသွားပြီး။ ကျွန်မယောက်မ (မအဟ---) ကတော့ မြေပြင်ပေါ်လှဲကျသွားတယ်။ ကျွန်မရဲ့တူ မလေးတွေ (အသက် ၁၆ နှစ်အရွယ် မအဧ--- နဲ့ အသက် ၈ နှစ်အရွယ် အသ---) နဲ့ တူလေး (အသက် ၂ နှစ်အရွယ် မောင်အက---) တို့ကအဲ့ဒီမှာပဲ။ (...) ကျွန်မတို့ (CDM ဆရာဝန်တွေလည်ပတ်တဲ့) ဆအ--- ဆေးခန်းကို ပထမဆုံး သွားခဲ့ရတယ်။ ကျွန်မအကူအညီလှမ်းတောင်းတဲ့အချိန်မှာ လူတွေက ကြောက်လို့ထွက်ပြေးနေကြတယ်။ အရမ်း နောက်ကျနေပြီး။ ကျွန်မရဲ့ ယောက်မက မသေသင့်ပဲ သေခဲ့ရတယ်။ ပဋိပက္ခကြောင့် လမ်းတွေအခက်အခဲရှိလို့ ဒီကိုလာရတာ အဆင်မပြေဘူး။ ယောက်မကိုလှေနဲ့သယ်လာတာ တစ်နာရီလောက်ကြာတယ်။ ဆဘ--- နေရာကိုရောက်ဖို့ တစ်နာရီကြာတယ်။ အဲ့ဒီကနေမှ ကျွန်မတို့ ဒီကိုကားစီးပြီးလာရတယ်။ တကယ့်ကိုခက်ခဲတယ်။” အဆိုပါညီကိုမောင်နှမသုံးဦးသည် ဆေးခန်းများ၌ ဆေးကုသမှုကို တစ်ယောက်တစ်နေရာစီခံယူခဲ့ကြရပြီး ခရီးသွားလာရေးစ ရိတ်ကြောင့် ရက်ချိန်းပြန်သွားရန် မတတ်နိုင်ကြပါ။
ထိုနည်းတူအခြေအနေကို ဒူးပလာခရိုင်၊ ကော်တရီမြို့နယ်၊ နို့ဖိုးကျေးရွာအုပ်စု၊ ဆဆ--- ကျေးရွာရှိ ရွာလူကြီးတစ်ဦးဖြစ်သည့် စောအဧ--- မှ “ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာတော့ ကျန်းမာရေးဝန်ထမ်းတွေ နည်းနည်းပဲရှိတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာ လူတွေပြင်းထန်စွာဖျားနာလာပြီးဆိုရင် လမ်းအခြေအနေ (တိုက်ပွဲ၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှု) ကြောင့် တခြားနိုင်ငံ (ထိုင်းနိုင်ငံ) ကိုသွားဖို့အတွက်အရမ်းခက်ခဲတယ်။ လူတွေက ကြောက်ရွံ့မှုနဲ့ခရီးသွားလာနေရတယ်။ (...) ရွာထဲမှာ ကုသမှုအတွက် ဆရာဝန်တွေနဲ့ ဆေးဝါးတွေကမရှိလို့ ဒေသခံ ကျန်းမာရေးဝန်ထမ်းတွေကပဲ ရွာသားတွေကို သူတို့တတ်နိုင်သလောက် ကူညီပေးကြတယ်။” ဟုပြောပြခဲ့ပါသည်။
မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရာသီဥတုအခြေအနေသည်လည်း ကျန်းမာရေးနှင့်ပတ်သက်သောဝန်ဆောင်မှုများကိုရယူနိုင်ရန်အတွက် ကြီးမားသည့်အတားအဆီးဖြစ်စေပါသည်။ ဆက်လက်ဖြစ်ပွားနေသော SAC ၏တိုက်ခိုက်မှုများ သို့မဟုတ် စစ်ရေးလှုပ်ရှားမှုများကြောင့် အဓိကလမ်းမကြီးများကိုအသုံးပြုရန် လုံခြုံမှုမရှိသဖြင့် ကျန်းမာရေးစောင့် ရှောက်မှုရရှိနိုင်ရန်အခြေအနေကို ပို၍ဆိုးရွားစေခဲ့ပါသည်။ ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်နှင့် ဝေါ်ရေ့မြို့နယ်တွင် ရှိသောရွာအချို့မှ ရွာသားများသည် အနီးအနားတွင်ဆေးရုံများမရှိသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် စိန်ခေါ်မှုကြီးအားကြုံတွေ့နေကြရကြောင်း တင်ပြခဲ့ကြပါသည်။ နီးစပ်ရာရှိ ဆေးဖက်ဆိုင်ရာ အဆောက်အဦးများသည် ပင် အလှမ်ဝေးပြီး လမ်းအခြေအနေကောင်းမွန်မှုမရှိခြင်း၊ ရေကြီးခြင်းနှင့် လုံခြုံရေးအတွက်စိုးရိမ်ပူပန်ခြင်းများကြောင့် ခရီးသွားလာရန်အတွက်ခက်ခဲပါသည်။ ထို့ကြောင့် ရွာသားများသည် အသေးစားဖျားနာမှုများအတွက် ဆေးဝါးများကို စျေးဆိုင်များမှဝယ်ယူခဲ့ကြပါသည်။ သို့သော် အချို့သောအရေးပေါ်ဖြစ်ရပ်များကဲ့သို့သော လက်နက်ကိုင်တိုက်ခိုက်မှု များမှဒဏ်ရာရရှိခြင်းနှင့် မီးဖွားရန်ခက်ခဲသည့်အခြေအနေနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ဆေးကုသမှုခံယူရန် နှောက် နှေးကြံ့ကြာမှုရှိခြင်းကြောင့် အချို့ရွာသားများ ၎င်းတို့၏အသက်ဆုံးရှုံးသွားခဲ့ကြရပါသည်။
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့ ညနေ ၇း၃၈ အချိန်တွင် SAC (ခမရ) အမှတ် (၂၄၆) မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးလေးလုံးအနက် နှစ်လုံးသည် ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ တိုးဝါးဆိပ်ကျေးရွာအုပ်စု၊ ဆဒ--- ကျေးရွာသို့ ကျရောက်ပေါက်ကွဲ သွားခဲ့သဖြင့် အသက် ၁၁ နှစ်အရွယ်ရှိ နော်အမ--- ဒဏ်ရာရရှိသွားခဲ့ပါသည်။ သူမသည် လက်မောင်းအောက်၊ ဝမ်းဗိုက် နှင့် ကျောဖက်တို့တွင် ဒဏ်ရာရရှိသွားခဲ့ပါသည်။ သူမအား ဆေးကုသမှုခံယူရန်အတွက် KDHW စီမံခန့်ခွဲအုပ်ချုပ်သော ဆဃ--- ဆေးခန်းသို့ပို့ဆောင်ခဲ့ပါသည်။ ဆဒ--- ကျေးရွာရှိ စောအန--- မှ “အစတုန်းက ကျွန်တော်တို့စဥ်းစားထားတာ က သူမ (နော်အမ---) ကိုပို့တဲ့အချိန်မှာ ကြိုးဆွဲဖောင်နဲ့မြစ်ချောင်းကိုဖြတ်ကူမယ်ပေါ့။ အဲ့လိုသွားမယ်ဆိုရင် ဆေးခန်း သွားရတာပိုပြီးနီးမယ်။ ဒါပေမဲ့ မိုးရွာပြီးရေတွေကြီးနေတယ်။ ဒါကြောင့် ကျွန်တော်တို့ အစျ--- လို့ခေါ်တဲ့ တခြားလမ်းကနေသွားခဲ့ရပြီး ရေးကြီးလမ်းတွေပျက်စီးလို့ သွားရတာအချိန်ပိုကြာခဲ့တယ်။ SAC ရဲ့ ပြည်သူ့ဆေးရုံကိုသွားမယ်ဆိုရင် ကုန်ကျစရိတ်များမယ်။ ကျွန်တော်တို့ရဲ့ KNU ခေါင်းဆောင်တွေ(ဆေးခန်းဆောက်) ကူညီပေးခဲ့တယ်။ ဒါကြောင့် အဲ့ဒီဆေးခန်းကိုသွားခဲ့တယ်။ အကုန်အကျမများဘူး။ အလှူငွေပဲထည့်ရတယ်။” ဟုပြော ပြခဲ့ပါသည်။
တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ ဒေးလိုမူနူဒေသတွင် မိုးသဲထန်စွာရွာသွန်းခြင်းနှင့် မြေပြိုခြင်းတို့ကြောင့် ရွာသားများခရီးသွားလာရန်၊ မြို့ပေါ် သို့မဟုတ် အခြားနေရာများတွင် ပစ္စည်းဥစ္စာများဝယ်ယူရန်နှင့် သယ်ယူပို့ဆောင်ရန် အခက်အခဲများကြုံတွေ့ခဲ့ကြရပါသည်။ ထို့နည်းတူ ၂၀၂၄ ခုနှစ်၊ မေလမှ ဇူလိုင်လအထိ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်တွင် မိုးသဲထန်စွာသွန်းခြင်းကြောင့် ဆေးခန်းများရေလွှမ်းမိုးခံရကြောင်း ရွာသားများမှ တင်ပြခဲ့ကြပါသည်။ ရာသီဥတုအခြေအနေကြောင့်ဆေးခန်းပိတ်လိုက်ရခြင်းနှင့် ဆေးဝါးများလုံလောက်စွာမရှိခြင်းတို့ကြောင့် ရွာသားများသည် ဆေးရုံများရှိရာ သို့ဝေးလံစွာခရီးသွားကြရဖြင့် ၎င်းတို့၏ငွေကြေးနှင့် ကျန်းမာရေးနှစ်မျိုးစလုံးအတွက် အခက်အခဲဖြစ်စေပါသည်။ မိုးရာသီအတွင်းတိုးများလာသော ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ငှက်ဖျားရောဂါနှင့် အဖျားတက်ခြင်းတို့သည်လည်း ကျန်းမာရေးစောင့်ရှောက်မှုအကျပ်အတည်းကို ထပ်လောင်းဖြစ်ပေါ်စေပါသည်။
(ဃ) နေရပ်ရွှေ့ပြောင်းနေရခြင်းကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲအကျပ်အတည်းများ
ရွာသားများသည် ဆက်လက်ဖြစ်ပွားနေသောတိုက်ပွဲ သို့မဟုတ် စစ်တပ်၏တိုက်ခိုက်မှုအန္တရာယ်အပြင် ၎င်းတို့ကျေးရွာ များအား SAC တပ်များ၏ဆက်တိုက်တိုက်ခိုက်ခြင်းတို့ကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါသည်။ ရွာသားများအနေဖြင့် ထွက်ပြေးတိမ်းရှောင်သည့်အချိန်တွင် ၎င်းတို့၏ကျန်းမာရေးအား အပြင်းအထန်သက်ရောက်မှုရှိသည့် ဆိုးရွားသည့် အခြေအနေများကို ကျော်လွားကြရပါသည်။ ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းများမရှိခြင်းနှင့် ဆေးဝါးများမရှိခြင်းတို့ကြောင့် ဤကဲ့သို့သော အသက်ရှင်နေထိုင်မှုအခြေအနေသည် အထူးသဖြင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် အခက်အခဲဖြစ်စေပါသည်။
ဥပမာ၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ဒူးသထူခရိုင်၊ သထူမြို့နယ်၊ ကောလယ်ကျေး ရွာအုပ်စု၊ ဘန--- ကျေးရွာတွင် ဆက်လက်ဖြစ်ပွားသော SAC ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘန--- ကျေးရွာနှင့် သထူမြို့နယ်တွင်ရှိသောအခြားရွာများမှ ရွာသားများသည် သထူမြို့၊ (ထိုင်းနိုင်ငံရှိ) ဃဂ--- မြို့နှင့် ဆဝ--- ဂူသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါသည်။ ဘန--- ကျေးရွာမှထွက်ပြေးတိမ်းရှောင်နေသည့် ရွာသားတစ်ဦးဖြစ်သော စောစျ--- မှ “ဆဂ--- ကျေးရွာက ဆရာတော်တစ်ပါးက ကျွန်တော့တို့ကို ရေလာလှူပေးတယ်။ ကျွန်တော်တို့ ဂူထဲမှာနေရတာ အရမ်း အေးတာပဲ။ ပြီးတော့ ကျွန်တော်တို့ရဲ့ကျန်းမာရေးအတွက်လည်းထိခိုက်တယ်။ ဘာလို့လဲဆိုတော့ ဒီလိုအေးတဲ့နေရာမျိုး ကျွန်တော်တို့ အမြဲမနေလိုဘူး။ (...) တချို့ရွာသားတွေဆိုဖျားကြတယ်။ ဒါကြောင့် ကျွန်တော်တို့ ကော်သူးလေ (KDHW) ကျန်းမာရေးဝန်ထမ်းတွေကိုခေါ်ပြီး ဆေးကုသပေးဖို့အကူအညီတောင်းတယ်။ (...) နာစည်းချောင်းဆိုးတာတာတွေအဖြစ်များကြတယ်။ (...) တချို့ရွာသားတွေဆိုရင် ဒီကိုထွက်ပြေးလာတဲ ပထမရက်ထဲမှာပဲ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ကြတယ်။” ဟုပြောပြခဲ့ပါသည်။
မိုးရာသီတွင် ထွက်ပြေးတိမ်းရှောင်နေရသည့်ရွာသားများသည် ကောင်းမွန်သည့် ခိုလှုံရာနေရမရှိခြင်းနှင့် လုံလောက်သည့်ကျန်းမာရေးစောင့်ရှောက်မှုမရရှိခြင်းတို့ကြောင့် ဆိုးကျိုးသက်ရောက်မှုများဖြင့် ရင်ဆိုင်ကြရပါသည်။ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ ဆသ--- ကျေးရွာ၏ရွာလူကြီးဖြစ်သည့် စောအပ--- မှ “ရေရင်းမြစ်ရှိရာကိုထွက်ပြေးတိမ်းရှောင်တဲ့သူတွေဟာ တာလပတ်တွေလိုအပ်တယ်။ သူတို့ပြောတာက တာလပတ်ရှိမယ်ဆိုရင် အဆင်ပြေတယ်။ ဘာဖြစ်လို့လဲဆိုတော့ တာလပတ်နဲ့ အခင်းအကာတွေကိုလုပ်ပြီး လှဲလှောင်းအိပ်လို့ရတယ်။ (...) သူတို့က ခြင်နဲ့ ပိုးကောင်တွေမကိုက်နိုင်အောင် ခြင်ထောင်နဲ့ အရာအားလုံးကိုလိုအပ်တယ်။ ကျောင်းသားတွေက တောထဲမှာ စာသင်တဲ့အခါ ခြင်တွေနဲ့ ပိုးကောင်တွေကိုက်ခံရတယ်ဆိုပြီး ဆရာက ကျွန်တော့်ကိုပြောပြတယ်။ တချို့ကလေးတွေဆိုရင် ငှက်ဖျားရောဂါကူးစက်ခံရတယ်။” ဟုပြောပြခဲ့ပါသည်။ ၎င်းမှ
“ကလေးမွေးတဲ့ ကိုယ်ဝန်သည်တစ်ယောက်ရှိတယ်။ အရင်ကလိုအခြေအနေနဲ့ဆိုရင် ကျန်းမာရေးဝန်ထမ်းဆီ ကျွန်တော်တို့သွားလို့ရတယ်။ သူမအနေနဲ့ ဆေးဝါး ဒါမှမဟုတ်ကာကွယ်ဆေးလဲထိုးလို့ရတယ်။”
ဟုဖြည့်စွက်ပြောပြခဲ့ပါသည်။ စောအပ--- ၂၀၂၁ ခုနှစ်တွင် ၎င်း၏ကျေးရွာ၌ ဖြစ်ပွား သော SAC ၏လေကြောင်းတိုက်ခိုက်မှုကြောင့် တောထဲသို့ထွက်ပြေးတိမ်းရှောင်ခဲ့သည်မှာ သုံးနှစ်ကြာမြင့်လာခဲ့ပြီဖြစ် ပါသည်။
ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာသားများသည် ကျန်းမာရေးစောင့်ရှောက်မှုကို မကြာခဏဆိုသကဲ့သို့ မရရှိကြပါ။ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော SAC ၏လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် တောထဲသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ညူကျေးရွာအုပ်စု၊ ဆက--- ကျေးရွာရှိ အသက် ၅၆ နှစ်အရွယ်ရှိ နော်ဒသ--- မှ “ကျွန်မတို့က ဂူထဲမှာနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေဆီမှာ ဆေးကုသမှုခံယူကြတယ်။ သူတို့ဆီကိုရောက်အောင်သွားနိုင်မယ်ဆိုရင်တော့ ကျွန်မတို့ဆေးဝါးတွေရလိမ့် မယ်။ ကျွန်မတို့ရောက်အောင်မသွားနိုင်ဘူးဆိုရင်တော့ ဒီလိုပဲခံရတာပေါ့။ (...) ဒီ (၂၀၂၄ ခုနှစ်) မှာ အိမ်ထောင်စုတိုင်းကလူတွေက ဝက်သက်ရောဂါကူးစက်ခံရတယ်။ တချို့သူကပြင်းထန်စွာခံစားရတဲ့အချိန်မှာ တခြားသူတွေကတော့အဆင်ပြေတယ်။ ပြင်းထန်စွာခံရတဲ့သူတွေကြတော့ သူတို့မျက်နှာနီရဲလာတယ်။ အိမ်ထောင်စုတိုင်းကူးစက်ခံရတယ်။ (ထွက်ပြေးတိမ်းရှောင်နေရတဲ့) တစ်ရွာလုံးကူးစက်ခံရတယ်။” ဟုပြောပြခဲ့ပါသည်။
ရွာသားများသည် ထွက်ပြေးတိမ်းရှောင်နေသည့်အချိန်အတော်အတွင်း SAC ၏တိုက်ခိုက်မှုရန်ကို ကြောက်ရွံ့နေရဆဲ ဖြစ်ပါသည်။ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ ဆမ--- ကျေးရွာရှိ နော်ဒဧ--- မှ “စိန်ခေါ်မှုတွေကတော့အများကြီးပဲ။ ကျွန်မကလေးအငယ်ဆုံးလေးကဖျားနေတယ်၊ ပြီးတော့ ကျွန်မတို့ကတောထဲမှာ။ ဆေးလည်းမရ ရှိကြဘူး။ ဆေးရုံကအဝေးမှာရှိတဲ့အတွက်ကြောင့် ကျွန်မတို့စိုးရိမ်တယ်။ (...) ကျွန်မတို့ထမင်းချက်တာတို့ဘာတို့ တောင် သိပ်လုပ်လို့မရဘူး။ ဟိုနေ့ကဆိုရင် ကျွန်မတို့ ထမင်းတောင်မစားရဘူး။” ဟုပြောပြခဲ့ပါသည်။ အဆိုပါတစ်ရွာထဲနေအခြားရွာသားတစ်ဦးဖြစ်သော နော်ဒမ--- မှ ဤကဲ့သို့ပြောပြခဲ့ပါသည်။ “ကလေးတွေငိုကြတယ်။ မီးဖွားတော့မယ့် ကိုယ်ဝန်သည်အမျိုးသမီးတွေဆိုရင် တခြားသူတွေရဲ့အိမ်မှာနေရတယ်။ တချို့သူတွေပြောတာက ညဖက်အချိန်မှာ မီးမွေးပြီး ကလေးမွေးရမှာ ကြောက်ကြတယ်။ တချို့ကိုယ်ဝန်သည်အမျိုးသမီးတွေဆိုရင် ထွက်ပြေးတိမ်းရှောင်နေတဲ့အချိန် လမ်းမှာပဲကလေးမွေးသွားတယ်။ သူတို့ကို နေရာတစ်နေရာကိုပို့တဲ့အချိန်မှာပဲ သူတို့ရဲ့ကလေးမွေးသွားတယ်။ အရမ်းခက်ခဲတာပဲ။”
ရွာသားများသည် ထွက်ပြေးတိမ်းရှောင်နေစဥ်အတွင်း ၎င်းတို့လိုအပ်ရာများကိုပြောပြရာ၌ အရေးကြီးလိုအပ်ရာများဖြစ်သော ဆေးဝါးများနှင့်အထောက်အပံ့များဖြစ်ကြောင်း ပြောပြကြပါသည်။ ဒေသခံတိုင်းရင်သားထောက်ပံ့မှုပေးသူများနှင့် လူထုအခြေပြုအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ကြပြီး ဆေးဝါးများအပါအဝင် လိုအပ်သည့်ပစ္စည်းများကိုထွက်ပြေးတိမ်းရှောင်နေသူများထံသို့ ဆက်လက်ပို့ဆောင်ပေးခြင်းပြုလုပ်ခဲ့ကြပါသည်။ တချို့ဒေသများတွင် ထွက်ပြေးတိမ်းရှောင်နေကြသည့်ရွာသားများအနေဖြင့် BPWHT မှလည်ပတ်နေသော ရွေ့ပြောင်းနိုင်သည့်ဆေးခန်းများ သို့မဟုတ် CDM ဆရာဝန်များမှလည်ပတ်နေသော ဆေးခန်းများတွင် ဆေးကုသမှုခံယူနိုင်ကြပါသည်။ ထို့နည်းတူ ရွာသားများသည်တစ်ဦးနှင့်တစ်ဦးကူညီရိုင်းပင်းကြပြီး ထွက်ပြေးတိမ်းရှောင်နေကြသည့်ရွာသားများကို ထောက်ပံ့ပေးကြပါသည်။ ဒေသခံအာဏာပိုင်များမှာလည်း ပဋိပက္ခအတွင်းလစ်ဟာမှုရှိသောကာကွယ်မှုကိုပေးရန်ကြိုးစားခြင်းနှင့် KNU အနေ ဖြင့် ၎င်းတို့၏ထောက်ပံ့မှုပို၍အားကောင်းအောင်ပြုလုပ်ရန် ဒေသခံရွာသားများမှ ၎င်းတို့၏ဆန္ဒကိုပြောပြခဲ့ပါသည်။
(င) စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဝန်ဆောင်မှုများမရှိခြင်း
ဆက်လက်ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခများသည် ဒေသခံရွာသားများ၏ ကောင်းမွန်စွာနေထိုင်နိုင်ခွင့်အပေါ် ဆိုးကျိုးသက်ရောက်မှုရှိသော အဟန့်အတားတစ်ခုဖြစ်ပြီး ထိရောက်မှုရှိသည့် စိတ်ပိုင်းဆိုင်ရာခံစားမှုကိုဖြစ်စေပါသည်။ SAC ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်ခြင်း၊ ၎င်းတို့၏နေအိမ်များနှင့် ပိုင်ဆိုင်မှုများပျက်စီးခြင်းတို့ကြောင့် စိတ်ကျန်းမာရေးပြဿနာကို ပို၍ဆိုးရွားစေပါသည်။[19] ဒူးသထူခရိုင်၊ သထူမြို့နယ်၊ ကောလယ်ကျေးရွာအုပ်စု၊ ဘန--- ကျေးရွာရှိ ထွက်ပြေးတိမ်းရှောင်နေရသူတစ်ဦးဖြစ်သည့် စောစျ--- မှ
“တချို့အမျိုးသမီးတွေဆိုရင် စိတ်ပိုင်းဆိုင်ရာပြဿနာ (စိတ်ခံစားမှုဝေဒနာ) ကိုခံစားရတယ်။ ဒါကြောင့် လက်နက်ကြီးပေါက်ကွဲသံကြားရင် သူတို့မခံနိုင်ကြဘူး။ အမျိုးသမီးတွေပဲမဟုတ်ဘူး၊ ကလေးတွေလည်း စိတ်ပိုင်းဆိုင်ရာပြဿနာ (စိတ်ခံစားမှုဝေဒနာ) ရှိကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကြီးပေါက်ကွဲသံကိုကြားတဲ့အချိန်မှာ သူတို့က ပြေးမယ်၊ အော်မယ်၊ ငိုမယ် ပြီးတော့ သတိပါလစ်တယ်။”
ဟုရှင်းပြခဲ့ပါသည်။
ရွာသားများအနေဖြင့် SAC ၏တိုက်ခိုက်မှုကြောင့် ၎င်းတို့၏ပိုင်ဆိုင်မှုများပျက်စီးသွားရခြင်း၊ သို့မဟုတ် ချစ်ရသူများသေဆုံးရခြင်းနှင့် ဒဏ်ရာရရှိခြင်းများ မြင်တွေ့ပြီးနောက် စိတ်ပိုင်းဆိုင်ရာပြဿနာခံစားရကြောင်း တင်ပြခဲ့ကြပါသည်။ ၂၀၂၄ ခုနှစ်၊ မတ်လနှင့် ၂၀၂၄ ခုနှစ်၊ မေလတွင် ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ ခေါဖိုးပလယ်ကျေးရွာအုပ်စုတွင်ဖြစ်ပွားခဲ့သောလေကြောင်းတိုက်ခိုက်မှုကြောင့် တောထဲသို့ထွက်ပြေးတိမ်းရှောင်ကြရသော ထိုဒေသရှိရွာသားများသည် စိတ်ကျန်းမာရေးပြဿနာကို ခံစားကြရကြောင်း တင်ပြခဲ့ကြပါသည်။ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ ပရားရော်ကျေးရွာအုပ်စု၊ ဆန--- ကျေးရွာမှ စောဒန--- ဤကဲ့သို့ပြောပြခဲ့သည်။ “အရင်တုန်းကဆို တခြားသူတွေလိုပဲ သူတို့လည်းသာမှန်ပဲ။ ဒါပေမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သူတို့ရဲ့အိမ်တွေမီးလောင်ပြီးတဲ့နောက်မှာ သူတို့ရဲ့ဦးနှောက်တွေက ပုံမှန်မဟုတ်တော့ဘူး။ (...) သူတို့နဲ့စကားပြောလိုက်ရင် တအောက်လောက်နေမှ ပြန်ဖြေတယ်။” [20]
တစ်ချို့ဒေသခံအဖွဲ့အစည်းများဖြစ်ကြသော KDHW နှင့် အမျိုးသမီးအဖွဲ့များသည် စိတ်ပိုင်းဆိုင်ရာမနာကျန်းမှုခံစား နေရသူများနှင့် ရွာသားများ၏စိတ်ကျန်းမာရေးလိုအပ်ချက်များကို ဖြေရှင်းရန်ကြိုးစားရုန်းကန်နေသော်လည်း ထောက်ပံ့မှုများသည် အကန့်အသတ်လုံးဝရှိနေပါသည်။ ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများသည် ပဋိပက္ခသက်ရောက်မှုရှိသောနေရာဒေသများရှိလူနာများထံသို့ ပုံမှန်သွားရောက်လည်ပတ်နိုင်ရန် စိန်ခေါ်မှုကိုဖြစ်စေပါသည်။ မြေပြင်တွင်ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြသော ကျန်းမာရေးဝန်ထမ်းများသည်လည်း လေကြောင်းဖြင့်တိုက်ခိုက်ခြိမ်း ခြောက်မှုနှင့် အခြားသောတိုက်ခိုက်မှုများကြောင့် စိတ်ပိုင်းဆိုင်ရာဝေဒနာကိုခံစားနေကြရပါသည်။[21]
၄။ လုံခြုံရေးနှင့် ဥပဒေဆိုင်ရာခြုံငုံသုံးသပ်လေ့လာခြင်း - SAC မှ အရပ်သားများကိုတိုက်ခိုက်ခြင်းနှင့် ကျန်းမာ ရေးစောင့်ရှောက်မှုရရှိပိုင်ခွင့်
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် အရပ်သားနေရာဒေသများအပေါ် SAC ၏လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများသည် ၎င်းတို့၏လုံခြုံမှု၊ ကျန်းမာရေးနှင့် ကောင်းမွန်စွာနေထိုင်ရေးအတွက် ကြိုးစားရုန်းကန်နေသောရွာသားများအား သေဆုံးခြင်းနှင့် ဒဏ်ရာရရှိခြင်းကိုဖြစ်စေပါသည်။ SAC ၏ ရွာသားများအပေါ် ဆက်လက်တိုက်ခိုက်မှုခြင်းကြောင့် ၎င်းတို့ကျေးရွာတွင် ဘေးကင်းလုံခြုံစွာဆေးကုသမှုမရရှိကြသော အထူးဖြင့် ကလေးသူငယ်များ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ရွာသားများအတွက် လုံလောက်သည့်ကျန်းမာရေးစောင့်ရှောက်မှုရရှိရန်ကြီးမားသည့်အတားအဆီးများလည်း ဖြစ်စေပါသည်။ SAC ၏တိုက်ခိုက်ခြင်းများကြောင့် ဆေးရုံနှင့်ဆေးခန်းများသည် မကြာမခဏလည်ပတ်နိုင်ခြင်းမရှိသဖြင့် ဒေသခံရွာသားများသည် ကျန်းမာရေးစောင့်ရှောက်မှုရရှိရန်အတွက် ရုန်းကန်နေခဲ့ကြရပါသည်။ SAC ၏ စစ်ရေးလှုပ်ရှားမှုများနှင့် တိုက်ခိုက်မှုများသည် ကျန်းမာရေးထောက်ပံ့မှုပေးသူများနှင့် ဆေးဖက်ဆိုင်ရာအဆောက်အဦးများကို တိုက်ရိုက်သက်ရောက်မှုရှိနေသောကြောင့် ရွာသားများကျန်းမာရေးကုသမှုခံယူရန်အတားအဆီးဖြစ်လာစေခဲ့ပါသည်။ တခါတရံတွင် ကျန်းမာရေးဝန်ထမ်းများသည် အခြားရွာသားနည်းတူထွက်ပြေးတိမ်းရှောင်နေကြရသဖြင့် လိုအပ်သူများထံသို့သွားရောက်ရန်အတွက် မဖြစ်နိုင်ပါ။ ကျန်းမာရေးဝန်ထမ်းများထဲမှ အချို့တို့သည် ဆေးဝါးများသယ်ယူပို့ဆောင်ချိန်နှင့် ဝန်ဆောင်မှုများပေးချိန်တွင် SAC ၏ချိန်းခြောက်မှုများနှင့်ရင်ဆိုင်ကြရသဖြင့်၎င်းတို့၏အသက်အန္တရာယ်ရှိစေခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများပြတ်လတ်ခြင်းတို့ကို ဖြစ်စေပါသည်။ SAC ၏သိမ်းဆည်းမှုကြောင့်ဆေးဝါးများပြတ်လတ်ခြင်းနှင့် ဆက်လက်ဖြစ်ပွားနေသောလက်နက်ကိုင်ပဋိပက္ခများသည် ကျန်းမာရေးအကျပ်အတည်းကို ထပ်လောင်းဖြစ်ပေါ်စေပါသည်။ ဤကဲ့သို့သောအခြေအနေဆိုးရွားလာသောကြောင့် ဆေးဝါးကုသမှုစရိတ်များမြင့်တက်လာပြီး များစွာသောသူများအဖို့ ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် ငွေကြေးမတတ်နိုင်ကြပဲ ဖြစ်နေကြပါသည်။
ကျန်းမာရေးဝန်ဆောင်မှု လုံလောက်စွာမရှိခြင်းတို့ကြောင့် ရွာသားများအနေဖြင့် တိုင်းရင်းဆေးများအအသုံးပြုခြင်း သို့မဟုတ် ထိုင်းနိုင်ငံသို့ကုသမှုခံယူရန်သွားကြပါသည်။ ဆက်လက်ဖြစ်ပွားလျှက်ရှိသောတိုက်ခိုက်မှုများနှင့် အကျပ်အ တည်းများသည် စိတ်ကျန်းမာရေးပြဿနာကိုဖြစ်စေပြီး ကျန်းမာရေးအန္တရာယ်ကိုမြင့်မားစေပါသည်။ ၎င်းတို့အတွက် လုံလောက်သည့်ထောက်ပံ့မှုများမရရှိကြပါ။ ဤကဲ့သို့သော် အခက်အခဲများရှိနေသော်လည်း ဒေသခံခေါင်းဆောင်များ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများနှင့် ရွာသားအချင်းချင်းတို့ သည် လစ်ဟာမှုရှိသည့်ကြားမှ မြန်မာပြည်အရှေ့တောင်ပိုင်း လူမှုအသိုက်အဝန်းအားလုံးထံသို့ အားထုတ်၍ အသက် ကယ်ကူညီထောက်ပံ့မှုများနှင့် ဝန်ဆောင်မှုများကို ပေးပို့ခဲ့ကြပါသည်။
ကျန်းမာရေးစောင့်ရှောက်မှုရပိုင်ခွင့်သည် အခြေခံလူ့အခွင့်အရေးတစ်ခုဖြစ်ပြီး လူတိုင်းအတွက် ပြည်စုံလုံလောက်မှုရှိ သည့်ကျန်းမာရေးနှင့် ကောင်းမွန်စွာအသက်ရှင်နေထိုင်နိုင်ခွင့်အတွက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာ တမ်းအပါအဝင် နိုင်ငံတကာဥပဒေမူဘောင်အောက် အသိအမှတ်ပြုခံထားရပါသည်။[22] ဤအခွင့်အရေးသည် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာပဋိညာဉ် (ICESCR) တွင်လည်း ထည့်သွင်းဖော်ပြထားခြင်းခံရပြီး နိုင်ငံများအနေဖြင့် ၎င်းတို့၏ ပြည်သူများအတွက် ဖြစ်နိုင်သည့်အမြင့်ဆုံးသော ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအဆင့်အတန်းကို ဆောင်ရွက်ပေးရန်တာဝန်ရှိပါသည်။[23] ဤအခွင့်အရေးတွင် ကျန်းမာရေးစောင့်ရှောက် မှုအား အချိန်မှီရရှိခြင်း၊ လက်ခံနိုင်မှုရှိခြင်းနှင့် ကုန်ကျစရိတ်ပေးဆောင်နိုင်ခြင်းတို့ ပါဝင်ပါသည်။ မြန်မာနိုင်ငံသည် ICESCR ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး ဆိုလိုသည်မှာ ၎င်းအနေဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာလက်လှမ်းမီနိုင်မှုနှင့် ကာကွယ်မြှင့်တင်ပေးရမည်ဖြစ်ပါသည်။
နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ (IHL) ၏ စည်းမျဉ်းများတွင် ဆေးဖက်ဆိုင်ရာဝန်ထမ်းများ နှင့်အဆောက်အဦးများကို ကာကွယ်ခြင်းနှင့်ပတ်သက်၍ ရေးသားဖော်ပြထားသဖြင့် ပဋိပက္ခဖြစ်ပွားချိန်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုရရှိရန်အတွက် အထူးအရေးကြီးလှပါသည်။[24] SAC မှဆေးဖက်ဆိုင်ရာအဆောက်အဦးများကို ပစ်မှတ် ထားတိုက်ခိုက်ခြင်းသည် ဓလေ့ထုံးတမ်းဆိုင်ရာ IHL ၏စည်းမျဥ်းများကိုချိုးဖောက်ခြင်းဖြစ်ပါသည်။ လက်နက်ကိုင်ပဋိ ပက္ခအတွင်း ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာအဆောက်အဦးများကဲ့သို့သော ဆေးရုံများနှင့် ဆေးခန်းများသည် ကာကွယ်ထားခံခြင်းခံရပါသည်။ သို့သော် ၎င်းတို့အနေဖြင့် လက်နက်ခဲယမ်းများကိုသိုလှောင်ခြင်းကဲ့သို့သော “ရန်သူကို အန္တရာယ်ဖြစ်စေသောလုပ်ရပ်များကိုကျူးလွန်” သည့်အချိန်မှသာ ၎င်းတို့၏ကာကွယ်ခံရမှု ဆုံးရှုံးသွားမည်ဖြစ် ပါသည်။[25] SAC မှကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အဆောက်အဦးများကို တိုက်ခိုက်ခြင်းသည် လိုအပ်သည့် ဆေးဖက်ဆိုင်ရာစောင့် ရှောက်မှုအားထောက်ပံ့ပေးရာ၌ စိန်ခေါ်မှုဖြစ်စေသည်သာမက IHL ဥပဒေအောက် ဆေးဖက် ဆိုင်ရာအဆောက်အဦးနှင့် ကျန်းမာရေးဝန်ထမ်းများကို အခြေခံအကာအကွယ်ပေးရမည်ဟူသော စည်းမျဥ်းကိုလည်း ချိုးဖောက်နေပါသည်။[26] ပဋိပက္ခအတွင်း ဆေးရုံများအားတိုက်ခိုက်ခြင်းသည် ပြင်းထန်သောချိုးဖောက်ကျူးလွန်မှု ထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ရှုတ်ချထားပါသည်။ စစ်မက်ဖြစ်ပွားမှုအတွင်း ကလေး သူငယ်များကြုံတွေ့ခံစားရသော ကျူးလွန်မှုများကို အဆုံးတိုင်ရန်ဖြစ်သည့် ၎င်းတို့၏ရည်မှန်းချက်ထားရှိပါသည်။[27]
ဓလေ့ထုံးတမ်းဆိုင်ရာ IHL ၌ ဖော်ပြထားသည်မှာ နိုင်ငံများရှိပဋိပက္ခတွင်ပါဝင်သည့်အဖွဲ့ဝင်တိုင်း အကူအညီလိုအပ်သည်အရပ်သားများထံသို့ ဆေးဖက်ဆိုင်ရာပစ္စည်များအပါအဝင် လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့ကိုသယ်ယူပို့ဆောင်ရာတွင် ခွင့်ပြုချက်ပေးရမည်ဖြစ်သည်။[28] SAC ၏ အဆက်မပြတ်တိုက်ခိုက်မှုများနှင့် ၎င်းတို့၏ စစ်ဆေးရေးဂိတ်များ၌ အစားအစာနှင့် ဆေးဝါးများသိမ်းယူခြင်းတို့ကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက် ဒေသများသို့ ဆေးဖက်ဆိုင်ရာပစ္စည်းများအား ဘေးကင်းလုံခြုံစွာပို့ဆောင်နိုင်ရန် မဖြစ်နိုင်ပဲ ဖြစ်နေပါသည်။ လက်နက် ကိုင်ပဋိပက္ခဖြစ်ပွားမှုအတွင်းရှိ အခြေအနေအားလုံးအောက်တွင် ကျန်းမာရေးဝန်ထမ်းများကို အကာအကွယ်ပေးရ မည်ဖြစ်ကြောင်း ဓလေ့ထုံးတမ်းဆိုင်ရာ IHL တွင်လည်းဖော်ပြထားပါသည်။[29] လူသားချင်းစာနာထောက်ထားမှု၏ တာဝန်ပြင်ပ၌ အန္တရာယ်ရှိသည့်လုပ်ရပ်များတွင် ပါဝင်သည်မှလွဲ၍ ၎င်းတို့အနေဖြင့် အရေးကြီးသည်အလုပ်ကို ဘေး ကင်းလုံခြုံစွာ လုပ်ဆောင်နိုင်ကြောင်းသေချာစေရန်နှင့် ပဋိပက္ခဖြစ်ပွားရာဒေသအတွင်း ဆေးဖက်ဆိုင်ရာကြားနေမှုကို မြဲမြံစွာကိုင်စွဲထားရန် ၎င်းတို့ယောက်စီတိုင်းကို စောင့်ရှောက်ရမည်ဖြစ်သည်။[30] မလုံခြုံမှုနှင့် ပဋိပက္ခဖြစ်ပွားရာဒေသ များရှိ ကျန်းမာရေးဝန်ထမ်းများသည် နိုင်ငံတကာဥပဒေအောက်တွင် ကာကွယ်ခံရကြပြီး ၎င်းတို့အား ခြိမ်းခြောက်ခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းများပြုလုပ်ခြင်းသည် IHL ကိုပြင်းထန်စွာချိုးဖောက်ခြင်းဖြစ်ပါသည်။ ကျန်းမာရေးဝန်ထမ်း များ၊ အဆောက်အဦးများနှင့် ဖွဲ့စည်းတည်ဆောက်ခြင်းတို့ကို လေးစားကာကွယ်ရမည်ဖြစ်ပြီး ၎င်းတို့၏ဘေးကင်း လုံခြုံမှုနှင့် လွတ်လပ်စွာသွားလာနိုင်ခွင့်ကို သေချာစေရမည်ဖြစ်သည်။ ဤအနှစ်ချုပ်စာတမ်းတွင်ဖော်ပြထားသော သက်သေအထောက်အထားများသည် SAC မှ ကျေးလက်ဒေသများရှိ ကျန်းမာရေးဝန်ထမ်းများနှင့် လူသားချင်းစာနာ ထောက်ထားမှုကူညီပေးသူများကို ဆက်လက်တိုက်ခိုက်လျှက်ရှိကြောင်း ဖော်ပြထားပါသည်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဥပဒေ (ICL) အရ ဆေးရုံများနှင့် နာမကျန်းသူများနှင့် ဒဏ်ရာရထားသူများထားသည့်နေရာများကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းသည် ရောမဥပဒေ၏ အပိုဒ် ၈ (၂) (င) (၄) အောက် စစ်ရာဇဝတ်မှုမြောက်ပါသည်။[31]
၅။ အကြံပြုချက်များ
နိုင်ငံတကာ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ဒေသခံခေါင်းဆောင်များ၊ ဒေသဆိုင်ရာနှင့် နိုင်ငံ ရပ်ခြားအစိုးရများသို့
- SAC ၏ တိုက်ခိုက်မှုများ၏ ပြင်းထန်သောသက်ရောက်မှုဒဏ်မှ ပြန်လည်တည်ဆောက်ရန်နှင့် ရင်ဆိုင်ဖြေရှင်း ရန် ရွာသားများအား ကူညီဆောင်ရွက်ပေးနေသောဒေသခံအရပ်ဘက်အဖွဲ့အစည်း (CSOs)၊ လူထုအခြေပြု အဖွဲ့အစည်းများ (CBOs) နှင့် တိုင်းရင်းသားဝန်ဆောင်မှုပေးသူများထံသို့ ကူညီထောက်ပံ့မှုများအား တိုးမြင့်၍ ပေးဆောင်ရန်။ ထိခိုက်ခံစားရသော လူမှုအသိုက်အဝန်းများအတွက် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုအပါအဝင် ဘက်စုံပံ့ ပိုးကူညီမှုယန္တရားများဖွဲ့စည်းကူညီဆောင်ရွက်ပေးရန်။
- ကျန်းမာရေးဝန်ဆောင်မှုပေးနေသော ဒေသခံအဖွဲ့အစည်းများမှတစ်ဆင့် လုံလောက်သည့်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာအဆောက်အဦးများ၊ ဆေးဖက်ဆိုင်ရာပစ္စည်းများနှင့် ဆေးဝါးများကိုထောက်ပံ့ပေးရန်နှင့် အကူအညီလိုအပ်သည့်ရွာသားများထံသို့ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု အထောက်အပံ့များပေးရန်။
- ခွဲခြားဆက်ဆံမှုမရှိသည့်ကျန်းမာရေးဝန်ဆောင်မှုများနှင့် လိုက်လျှောညီထွေမှုရှိသည့်ဓလေ့ထုံးတမ်းနှင့်အညီ ကျန်းမာရေးဝန်ဆောင်မှုများကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန် ဒေသခံလူမှုအသိုက်အဝန်းများ၊ ဆွေးနွေးပူးပေါင်းဆောင်ရွက်ခြင်း ကရင်ကျန်းမာရေးနှင့် လူမှုဖူလုံရေးဌာန (KDHW) နှင့် လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်ပေးသူများမှတဆင့် ဝင်ရောက်စွက်ဖက်လုပ်ဆောင်ကြောင်းစေချာစေရန်။
- မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများအားလုံး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများနှင့် ဆေးဖက်ဆိုင်ရာအဆောက်အဦးများလက်ခံရရှိနိုင်ရန် KDHW နှင့် လူထုအခြေပြုကျန်းမာရေးစောင့်ရှောက် ပေးသူများမှတဆင့် ကျန်းမာရေးစောင့်ရှောက်မှုများ အထူးသဖြင့် မိခင်ကျန်းမာရေးစောင့်ရှောက်မှုနှင့် ငှက်ဖျား တိုက်ဖျက်ရေး ကျန်းမာရေးစောင့်ရှောက်မှုတို့အတွက် ငွေကြေးဆက်လက်ထောက်ပံ့ပေးရန်။
- မြေမြှုပ်မိုင်းထိမှန်ဒဏ်ရာရရှိသူများနှင့် ပဋိပက္ခနှင့် လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများကြောင့် ပြင်းထန်စွာကျန်းမာရေးထိခိုက်သူများ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ရရှိကြောင်းသေချာစေရန်။လူသားချင်းစာနာ ထောက်ထားပံ့ပိုးကူညီသူများနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင်ပံ့ပိုးကူညီသူများအနေဖြင့် ထိခိုက်ဒဏ်ရာရရှိသူအား လုံး အရည်အသွေးပြည့်မီသည့် အခမဲ့ကျန်းမာရေးရှောက်မှုရရှိကြောင်း သေစေချာစေရန် ငွေကြေးထောက်ပံ့မှု ပေးခြင်းနှင့် ၎င်းတို့၏စွမ်းရည်တည်ဆောက်ခြင်းတို့အတွက် ကူညီထောက်ပံ့ပေးရန်။
- စိတ်ပိုင်းဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုတိုးချဲ့ပံ့ပိုးကူညီနိုင်ရန်အတွက် ငွေကြေးနှင့်အရင်းမြစ်များ တိုးမြင့်ထောက်ပံ့ပေးရန်။ ၎င်းသည် အချိန်နှင့်တပြေးညီရှိရန်နှင့် တသမတ်တည်းရှိထောက်ပံ့မှုရှိစေရန် စိတ်ကျန်းမာ ရေးဆိုင်ရာကျွမ်းကျင်သူများနှင့် စေတနာ့ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးခြင်းတို့ ပါဝင်ပါသည်။ ထို့အပြင် ဝေးလံခေါင်ဖျားသော ပဋိပက္ခဒဏ်သင့်နေရာဒေသများသို့ရောက်ရှိရန်နှင့် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခအတွင်း လူနာများကျန်းမာရေးစောင့်ရှောက်မှုရရှိကြောင်းစေချာစေရန် ရွေ့ပြောင်းနိုင်သည့် စိတ်ပိုင်း ဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုနေရာများကို တိုးချဲ့ထားရှိရန်။
- မြန်မာပြည်အပေါ်ပြည်စုံသည့် လက်နက်ရောင်းချမှုတားမြစ် ချမှတ်ပြီး လေကြောင်းလောင်စာဆီ၊ လေယာဥ်၊ လေယာဥ်အစိတ်အပိုင်းများ၊ ပြုပြင်ထိန်းသိမ်းရေးအထောက်အပံ့များ၊ ခဲယမ်းများ၊ နည်းပညာများ၊ လေ့ကျင့်ရေး သို့မဟုတ် အခြားသော နည်းပညာပိုင်းဆိုင်ရာအကူအညီများ သို့မဟုတ် ဝန်ဆောင်မှုများအပါအဝင် မြန်မာစစ်တပ်သို့ လက်နက်နှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများထောက်ပံ့မှုအပေါ်လုံလောက်သည့်ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ရန်။
- ရေနံနှင့်သဘာဝဓာတ်ငွေ့ ဝင်ငွေများအပေါ်ထပ်မံ၍ ညှိနှိုင်းပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများ အကောင်အထည်ဖော်ရန်နှင့် အရပ်သားများအပေါ် တိုက်ခိုက်မှုများလုပ်ဆောင်ရာတွင် ငွေကြေးထောက်ပံ့နိုင်မှု အားနည်းလာစေရန် စစ်ကောင်စီအရာရှိများအား ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန်။
- နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) ကဲ့သို့သော နိုင်ငံတကာတရားရုံးများတွင် SAC ခေါင်းဆောင်များအားတရားစွဲဆိုခြင်းနှင့် အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးဆိုင်ရာ တရားစီရင်မှုများမှတစ်ဆင့် မြန်မာပြည်ရှိအရပ်သားများအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် SAC မှ တာဝန်ခံရန် နိုင်ငံတကာစုံစမ်းစစ်ဆေးမှုများအား ပံ့ပိုးကူညီရန်။
အရှေ့မျက်နှာဖုံးအကြောင်းအရာ
ဤပုံကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ၌ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ ဟိန်းသာဝဲကျေးရွာအုပ်စုရှိ KNU စီမံခန့်ခွဲအုပ်ချုပ်သည့်ဆေးခန်းတစ်လုံးတွင် ရိုက်ယူခဲ့ပါသည်။ ဤပုံသည် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့တွင် လယ်ဒိုမြို့နယ်၊ထူးဝါးစဲကျေးရွာအုပ်စု၊ ဆဒ--- ကျေးရွာတွင် SAC ၏လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးငယ်တစ်ဦးဒဏ်ရာရရှိပြီးနောက် ဆေးကုသမှုခံယူရန်ဆေးရုံသို့ရောက်ရှိလာခဲ့သည့်ပုံဖြစ်ပါသည်။ (ဓာတ်ပုံ - KHRG)
Footnotes:
[1] ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဗမာ(မြန်မာ)စစ်တပ်မှ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြောက်ခံရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော အစိုးရအား ဖယ်ရှားခဲ့သည်။ စစ်တပ်သည် ဗမာလက်နက်ကိုင်တပ်များ၏ စစ်ဦးစီးချုပ် မင်းအောင်လှိုင်ထံ အာဏာလွှဲအပ်ခဲ့သည်။ သက်သေမပြနိုင်သော လိမ်လည်စွပ်စွဲချက်များအရ ဗမာစစ်တပ်သည် NLD အဖွဲ့၏ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် သောင်ပြိုကမ်းပြိုအနိုင်ရရှိမှုများအား တရားမဝင်ပြုလုပ်ခဲပြီး အရေးပေါ်ကာလပြီးနောက်တွင် ရွေးကောက်ပွဲအသစ်များ ထပ်မံကျင်းပပေးမည်။ ရွေးကောက်ခံ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဝန်ကြီးများ၊ ၎င်းတို့၏ဒုဝန်ကြီးများနှင့် လွှတ်တော်အဖွဲ့ဝင်များနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
[2] နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အစိုးရ၏အုပ်ချုပ်ရေး အဖွဲ့အဖြစ် ဖွဲ့စည်းခဲ့သည်။ ဤအစိုးရအဖွဲ့ကိုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တပ်မတော်အစိုးရ အရာရှိရှစ်ဦးနှင့် အရပ်သားရှစ်ဦးတို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ဥက္ကဌမှ မြန်မာနိုင်ငံအစိုးရ၏အကြီးအကဲအဖြစ်သော်လည်းကောင်း၊ မြန်မာနိုင်ငံ၏ စစ်ဘက်ဆိုင်ရာဝန်ကြီးအဖွဲ့ကိုသော်လည်းကောင်း ဦးစီးဦးဆောင်မှုပြုသည်။ မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် SAC ၏ဥက္ကဌအဖြစ်တာဝန်ယူခဲ့သည်။
[3] KHRG မှ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ဝေသော “ငြင်းဆို၍မရနိုင်တော့သော မြန်မာပြည်အရှေ့တောင်ပိုင်းရှိကျေးလက်ဒေသများ တွင် ဖြစ်ပွားခဲ့သောစစ်ရာဇဝတ်မှု၊လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုနှင့်ဆယ်စုနှစ်သုံးခုအတွင်းဒေသခံပြည်သူတို့၏ သက်သေခံချက်များ” တွင် ကြည့်ပါ။
[4] KHRG မှ ၂၀၂၃ခုနှစ်၊ ဇွန်လတွင် ထုတ်ဝေသော“ကျွန်တော်တို့ကိုဘာကြောင့်ပစ်မှတ်ထားရတာလဲ? မြန်မာစစ်တပ်မှမြန်မာပြည် အရှေ့တောင် ပိုင်းရှိ ရွာသားများအပေါ် ပစ်မှတ်ထားအကြမ်းဖက်မှုပုံစံများကို ဖော်ထုတ်ခြင်း” တွင် ကြည့်ပါ။
[5] KHRG မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ တွင်ထုတ်ဝေသော “လေယာဉ်ပျံလာပြီး (ကဘောယူဟဲလီး) - ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျေးလက်နေလူထုများကြုံတွေ့နေရသော ဆိုးကျိုးသက်ရောက် မှုများနှင့် ရွာသားများ၏ မိမိကိုယ်ကိုကာကွယ်မှုနည်းလမ်းများ” တွင် ကြည့်ပါ။
[6] ကရင်ကျန်းမာရေးနှင့် လူမှုဖူလုံရေးဌာန (KDHW) သည် ကရင်အမျိုးသားအစည်းအရုံး၏ ကျန်းမာရေးဌာနဖြစ်သည်။ မြန်မာပြည်အရှေ့တောင် ပိုင်းကျေးလက်ဒေသရှိ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု အရင်းအမြစ်လုံလောက်စွာမရှိမှုကို ဖြေရှင်းရန်အတွက် ၁၉၅၆ ခုနှစ်တွင် တည် ထောင်ခဲ့သည်။ လက်ရှိတွင် ၎င်းသည် ဒေသတွင်းရှိ ရပ်ရွာလူထုအခြေပြု ဆေးခန်းများကို ဖွင့်လှစ်လျှက်ရှိသော်လည်း ငွေကြေးထောက်ပံ့မှု ကန့်သတ်ချက်များကြောင့် ၎င်း၏ စွမ်းဆောင်ရည်မှာ အကန့်အသတ်သာရှိနေပါသည်။
[7] ကရင်ကျန်းမာရေးနှင့် လူမှုဖူလုံရေးဌာန (KDHW), “KDHW အကြောင်း”, https://kdhw.org/about-kdhw/ တွင်ကြည့်ပါ။
[8] KHRG မှ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ဝေသော “အကြောက်တရား၏အုတ်မြစ်-၂၅နှစ်အတွင်းမှတ်တမ်းတင်ထားသော မြန်မာ ပြည်အရှေ့တောင်ပိုင်းမှရွာသားများ၏အသံများ” တွင် ကြည့်ပါ။
[9] အထက်တွင်ဖော်ပြထားသော KHRG မှ ထုတ်ဝေသော“အကြောက်တရား၏အုတ်မြစ်” တွင်ကြည့်ပါ။
[10] KHRG မှ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ထုတ်ဝေသော “ငြင်းပယ်ခံပြည်သူများ၏ဘဝများ - မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ဒေသခံလူမှုအသိုက် အဝန်းများရင်ဆိုင်ရသောအကာကွယ်ပေးမှုဆိုင်ရာစိန်ခေါ်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြပ်အတည်းများ” နှင့် အထက် တွင်ဖော်ပြထားသော KHRG မှ ထုတ်ဝေသော “လေယာဉ်ပျံလာပြီး (ကဘောယူဟဲလီး)” တွင် ကြည့်ပါ။
[11] KHRG မှ ၂၀၂၁ ခုနှစ်၊ မေလ တွင်ထုတ်ဝေသော “ချန်လှပ်ခံရသူများ - မြန်မာပြည်အရှေ့တောင်ပိုင်းကျေးလက်ဒေသရှိ တိုင်းရင်းသား လူနည်းစုများနှင့်ကိုဗစ်-၁၉ တုန့်ပြန်မှုများ” တွင် ကြည့်ပါ။
[12] နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ (BPHWT) ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဖက်ဆိုင်ရာအထောက်အပံ့များကို မြန်မာ ပြည်အရှေ့တောင်ပိုင်းရှိ ထွက်ပြေးတိမ်းရှောင်နေရသည့်အရပ်သားများကိုပေးသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
[13] ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြန်မာပြည်အနှံ့အပြားရှိအစိုးရဆေးရုံးများနှင့် ကျန်းမာရေးဌာနများတွင် တာဝန်ထမ်းဆောင် နေကြသည့်ကျန်းမာရေးဝန်ထမ်းများသည် အာဏာဖီဆန်ရေးအကြမ်းမဖက်လူထုလှုပ်ရှားမှု (CDM)တွင် စတင်ပါဝင်လာခဲ့သည်။ ဤလှုပ်ရှားမှု သည် (အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး၊ သတင်းမီဒီယာများအစရှိသော) မြန်မာအစိုးရဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းများသို့ပျံ့နှံ့သွားပြီး ၎င်းတို့မှ အာဏာသိမ်းစစ်တပ်အားဆန့်ကျင်သည့်အနေဖြင့် စစ်တပ်အုပ်ချုပ်မှု အောက်တွင် တာဝန်ထမ်းဆောင်နေခြင်းကိုရပ်တန့်ခဲ့သည်။
[14] KHRG ၏ အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် SAC ၏လေကြောင်းတိုက်ခိုက်မှုတစ်ခုတည်းကြောင့် ပျက်စီးသွားသည့် ဆေး ဖက်ဆိုင်ရာအဆောက်အဦး အနည်းဆုံး ၁၄ လုံးရှိပါသည်။
[15] KHRG မှ ထုတ်ဝေသော “လေယာဉ်ပျံလာပြီး (ကဘောယူဟဲလီး) ” စာမျက်နှာ (၂၈၊ ၂၉) တို့တွင် ကြည့်ပါ။
[16] KHRG မှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ တွင်ထုတ်ဝေသော “မူတြော်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - လူသောမြို့နယ်တွင် UXO ပေါက် ကွဲမှုကြောင့် ဆယ်ကျော်သက်အရွယ် ကလေးတစ်ဦးသေဆုံးပြီး အခြားကလေး တစ်ဦးလည်း ဒဏ်ရာပြင်းထန်စွာရရှိ (၂၀၂၄ ခုနှစ်၊ ဇူလိုင်လ)” တွင် ကြည့်ပါ။ KHRG မှ ထုတ်ဝေသော “လေယာဉ်ပျံလာပြီး (ကဘောယူဟဲလီး) ” စာမျက်နှာ (၂၉၊ ၃၀) တို့တွင် ကြည့်ပါ။
[17] KHRG မှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ တွင်ထုတ်ဝေသော “ခလယ်လွီထူခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ- မူးမြို့နယ်အတွင်း၌မြေမြှုပ် မိုင်းပေါက်ကွဲမှုကြောင့် အသက် (၁၄) နှစ်အရွယ်ရှိသော မိန်းကလေးတစ်ဦး ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခြင်း (၂၀၂၄ ခုနှစ်၊ မေလ)” တွင် ကြည့်ပါ။
[18] ဖလံတောင်ဆေးရုံသည် (၁၆) ကုတင်ဆံ့တိုက်နယ်ဆေးရုံတစ်လုံးဖြစ်ပြီး ယခင်အရပ်သားအစိုးရလက်ထက်က တည်ဆောက် ထားခြင်း ဖြစ်ပါသည်။ BPHW မှ လိုအပ်သော ဆေးဝါးနှင့် ဆေးရုံသုံးပစ္စည်းများကို ထောက်ပံ့ပေးပြီး CDM ဆရာဝန်များနှင့် စေတနာ့ဝန်ထမ်းများမှ လိုအပ် သည့် ဆေးဝါးများနှင့် ဆေးဖက်ဆိုင်ရာပစ္စည်းများအပြင် ဒေသခံများကို အခမဲ့ဆေးဝါးကုသမှုပေးနေပါသည်။ KIC ၏ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလထုတ်သတင်း “ဖလံတောင်ဆေးရုံ ယာယီပိတ်ထား၊ လူနာ ၁၀၀ နီးပါး ပြောင်းရွှေ့ရ”, တွင်ကြည့်ပါ။
[19] KHRG မှ ထုတ်ဝေသော “လေယာဉ်ပျံလာပြီး (ကဘောယူဟဲလီး) ” စာမျက်နှာ (၄၄၊ ၅၁) တို့တွင် ကြည့်ပါ။
[20] KHRG မှ ထုတ်ဝေသော “လေယာဉ်ပျံလာပြီး (ကဘောယူဟဲလီး) ” စာမျက်နှာ (၄၉) တို့တွင် ကြည့်ပါ။
[21] KHRG မှ ထုတ်ဝေသော “လေယာဉ်ပျံလာပြီး (ကဘောယူဟဲလီး) ” စာမျက်နှာ (၆၃၊ ၆၄) တို့တွင် ကြည့်ပါ။
[22] ၁၉၄၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၂၅) တွင်ကြည့်ပါ။
[23] ၁၉၆၆ ခုနှစ် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာပဋိညာဉ် (ICESCR)၊ အပိုဒ် ၁၂ တွင်ကြည့်ပါ။
[24] အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေဆိုင်ရာ ICRC စည်းမျဉ်းများ စည်းမျဉ်း (၂၅) https://ihl-databases.icrc.org/en/customary-ihl တွင် ရနိုင်ပါသည်။
[25] အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေဆိုင်ရာ ဓလေ့ထုံးတမ်းစဉ်လာဆိုင်ရာ ICRC စည်းမျဉ်း (၂၈) တွင်ကြည့်ပါ။
[26] ဓလေ့ထုံးတမ်းဆိုင်ရာ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေဆိုင်ရာ စည်းမျဉ်း (၂၅)၊ (၂၆)၊ (၂၈) နှင့် (၅၅) တွင်ကြည့်ပါ။
[27] ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ရုံး၊ “Attacks on Schools and Hospitals” ကြည့်ပါ။
[28] ဓလေ့ထုံးတမ်း အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေဆိုင်ရာ ICRC စည်းမျဉ်း (၅၅) တွင်ကြည့်ပါ။
[29] ဓလေ့ထုံးတမ်း အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေဆိုင်ရာ ICRC စည်းမျဉ်း (၂၅) တွင်ကြည့်ပါ။
[30] https://www.icrc.org/sites/default/files/document/file_list/dp_consult_31_hcid_web.pdf တွင်ကြည့်ပါ။
[31] ၁၉၉၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံး၏ ရောမဥပဒေ၊ အပိုဒ် ၈(၂)(င)(၄)၊ https://www.icc-cpi.int/တွင် ကြည့်ရှုနိုင်ပါသည်။