Mon, 30 Sep 2024
ခံနိုင်ရည်ရှိခြင်းနှင့်ခုခံတွန်းလှန်ခြင်း - ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှစ၍ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ (HRDs) များ ကြုံတွေ့ရသော စိန်ခေါ်မှုများနှင့်ခြိမ်းခြောက်မှုများ

   

 

၁။ နိဒါန်း

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် လက်နက်ကိုင်ပဋိပက္ခများ ပိုမိုကျယ်ပြန့်စွာဖြစ်ပွားလာပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပို၍များပြားလာသော ကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ  လူ့အခွင့်အရေးနှင့်လုံခြုံရေးအခြေအနေသည် အကြပ်အတည်းဖြစ်လာပါ သည်။ SAC အနေဖြင့် ငြိမ်းချမ်းစွာဆန္ဒပြသူများ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူများ၊ အကြမ်းမဖက်အာဏာဖီဆန် ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်လာသူများ၊ ဒေသခံလူ့အခွင့်အရေးအဖွဲ့အစည်းများနှင့်အရပ်ဖက်အဖွဲ့အစည်းများ အပါအဝင် စစ်အစိုးရအား ဆန့်ကျင်သောမည်သူ့ကိုမဆို ပစ်မှတ်ထား၍အကြမ်းဖက်ခဲ့သည်။ ၂၀၂၁ ခုနှစ် အာဏာ သိမ်းမှုဖြစ်ပွားပြီးနောက် SAC သည် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ (HRD)[1] နှင့်၎င်းတို့၏မိသားစု ဝင်များအား မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အစဖျောက်ခြင်းနှင့်သတ်ဖြတ်ခြင်းစသည့် လုပ်ရပ်များကို ကျူးလွန်ခဲ့သော်လည်း အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲရှိနေသည်။ ဤသို့လုံခြုံရေး ခြိမ်းခြောက်မှု အန္တရာယ်များနှင့်ကာကွယ်စောင့်ရှောက်မှုမရှိသည့်အခြေအနေအောက်တွင် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ HRDs များအနေဖြင့် ၎င်းတို့၏လှုပ်ရှားမှုပုံစံများနှင့် မိမိကိုယ်ကိုကာကွယ်သည့်နည်းလမ်းများကို အခြေအနေပေါ်မူတည် ၍ ပြောင်းလဲကျင့်သုံးခဲ့ရသည်။ သို့သော်လည်း လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရသော ၎င်းတို့၏လုပ်ငန်း များသည် ဆက်လက်တည်ရှိနေပြီး အရေးပါသည့်အတွက်ကြောင့် ၎င်းတို့အား အသိအမှတ်ပြုခြင်းနှင့်အကာအ ကွယ်ပေးခြင်းများ အထူးလိုအပ်နေပါသည်။

ဤအနှစ်ချုပ်စာတမ်းတွင် ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုဖြစ်ပွားပြီးမှစ၍ (၂၀၂၄ ခုနှစ်၊ ဇွန်လအထိ) ဒေသအတွင်း သတ်မှတ်ထားသော ကရင်ပြည်နယ်ရှိ HRDs များအနေဖြင့် ကြုံတွေ့ရသော ခြိမ်းခြောက်မှုများနှင့် အခက်အခဲစိန် ခေါ်မှုများကို လေ့လာသုံးသပ်ထားပါသည်။ ဤအနှစ်ချုပ်စာတမ်း၏ ပထမအခန်းတွင် HRDs များအပေါ် အကြမ်း ဖက်ပြီး ဖိနှိပ်ချုပ်ချယ်သည့်သမိုင်းကြောင်းကို အကျဉ်းချုပ်ဖော်ပြထားသည်။ ဒုတိယအခန်းတွင် HRDs များနှင့် ၎င်း တို့၏မိသားစုဝင်များအပါအဝင် လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများ ကြုံတွေ့ရသော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့်ပတ်သက်၍ သက်သေသာဓကများဖြစ်သော ညှဉ်ပမ်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် အကြမ်းဖက် ခြိမ်းခြောက်မှုများ၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်းနှင့် အဓမ္မအစဖျောက်ခြင်း၊ လွတ်လပ်စွာ သွားလာလှုပ် ရှားခွင့်အား ပိတ်ပင်ကန့်သတ်ခြင်း၊ နောက်ယောင်ခံစောင့်ကြည့်ခြင်းနှင့် ဒစ်ဂျစ်တယ်ခြိမ်းခြောက်မှုများ၊ လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာစိန်ခေါ်မှုများ၊  စားဝတ်နေရေးနှင့် ကျန်းမာပျော်ရွှင်ရေးဆိုင်ရာစိတ်ခေါ်မှုများ၊ နှင့် အမျိုးသမီး လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများမှ ကြုံတွေ့ရသောစိန်ခေါ်မှုများကို ထည့်သွင်းဖော်ပြထားသည်။ အဆိုပါသက်သေသာဓကများ တွင် ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ပြောင်းလဲသွားသည့်အကြမ်းဖက်မှုပုံစံများ၊ ထိုအကြမ်းဖက်မှု ပုံစံများ၏ နောက်ဆက်တွဲသက်ရောက်မှုများနှင့် HRDs အနေဖြင့် ၎င်းတို့၏လှုပ်ရှားမှုပုံစံများကို မည်သို့ပြောင်းလဲ ကျင့်သုံးရသည့်အခြေအနေကို တင်ပြထားပါသည်။ တတိယအခန်းတွင် လုံခြုံရေးအခြေအနေနှင့်ဥပဒေရေးရာ လေ့လာသုံးသပ်ချက်များကို ရေးသားတင်ဆက်ထားသည်။ နောက်ဆုံးတွင် KHRG အနေဖြင့် ပြည်တွင်းနှင့် နိုင်ငံ တကာ သက်ဆိုင်ရာတာဝန်ရှိသူများမှ လိုက်နာဆောင်ရွက်ရန်အတွက် မူဝါဒအကြံပြုချက်များကို ထည့်သွင်းဖော်ပြ ၍ အဆုံးသတ်ထားပါသည်။ 

၂။ ခြုံငုံသုံးသပ်ချက်

နောက်ခံသမိုင်း - မြန်မာပြည်တွင်း လူ့အခွင့်အရေးလှုပ်ရှားမှု

မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှစ၍ မြန်မာစစ်တပ်သည် နိုင်ငံတစ်ဝှမ်းအပေါ် ၎င်းတို့အာဏာ သက်ရောက်မှုရှိစေရန် ကြိုးပမ်းခဲ့ရာတွင် ပဋိပက္ခများကိုဖန်တီး၍ မြန်မာပြည်သူပြည်သားများနှင့် မတူကွဲပြား သော တိုင်းရင်းသားလူမျိုးစုများအပေါ် စစ်ရေးအရ အကြမ်းဖက်ခြင်းနှင့် အမြတ်ထုတ်ခေါင်းပုံဖြတ်ခြင်းဖြင့် ဖိနှိပ် ချုပ်ချယ်ခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခကာလနှင့်ငြိမ်းချမ်းရေးဖော်ဆောင်သည့်ကာလနှစ်ခုလုံးအတွင်း မြန်မာစစ် တပ်သည် အကြမ်းဖက်မှုပုံစံများနှင့်ရက်စက်ယုတ်မာသည့်လုပ်ရပ်များကိုအသုံးပြု၍ ပြည်သူလူထုအပေါ် ဖိနှိပ် အုပ်ချုပ်ပြီး ဆန့်ကျင်သူများကို ရှင်းပစ်ခြင်း၊ လူထုဆန္ဒအား မျက်ကွယ်ပြုခြင်းနှင့် အခြေခံလွတ်လပ်ခွင့်များကို ချိုး ဖောက်ခဲ့သည်။[2]

မြန်မာနိုင်ငံတွင် တစ်ဦးချင်းဖြစ်စေ၊ အုပ်စုဖွဲ့၍ဖြစ်စေ လူ့အခွင့်အရေးအား ကာကွယ်ပေးမှုသည် မြန်မာစစ်တပ်၏ ဖိနှိပ်အုပ်ချုပ်မှုသမိုင်းကြောင်းနှင့်အတူ အမြဲတစေ ယှဉ်တွဲတည်ရှိနေသည်။ ၁၉၉၈ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ရှစ်လေးလုံးအရေးအခင်း (၈၈၈၈) နှင့် ၂၀၀၇ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေးတို့ကိုပြန်ကြည့်မည်ဆို လျှင် ခုခံတွန်းလှန်မှု၏သင်္ကေတတစ်ခုဖြစ်သည်။ ရှစ်လေးလုံးအရေးအခင်းနှင့်ရွှေဝါရောင်တော်လှန်ရေးတွင် မြို့ကြီး များ တွင်နေထိုင်ကြသော တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့်ဘုန်းကြီးများက စတင်ဦးဆောင်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြခဲ့ပြီး အာဏာရှင်စနစ်ကျဆုံးရေးအပါအဝင် စီးပွားရေးနှင့်ဒီမိုကရေစီပြုပြင်ပြောင်းလဲ မှုများကို တောင်းဆိုခဲ့ကြသည်။ မြန်မာစစ်တပ်မှ အဆိုပါရှစ်လေးလုံးအရေးအခင်းနှင့်ရွှေဝါရောင်တော်လှန်ရေးအ ပေါ် အလွန်အကျွံစစ်အင်အားသုံးပြီး အကြမ်းဖက်မှုဖြင့် တုန့်ပြန်ခဲ့သည်။ ထိုသို့သောအကြမ်းဖက်မှုများအပါအဝင် လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ကန့်သတ်ထားမှုနှင့် နိုင်ငံရေးအကျဉ်းသားများအား ဖမ်းဆီးချုပ် နှောင်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများစသည့်လုပ်ရပ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တရားဝင်ဖြစ်အောင် ဥပ ဒေများကို လိုသလိုပြင်ဆင်ပြောင်းလဲခဲ့သည်။[3] မြန်မာပြည်သူလူထုသည် အကြမ်းဖက်မှုနှင့်ဖိနှိပ်ချုပ်ချယ်မှုများကို ဆိုးရွားစွာ ကြုံတွေ့ခဲ့ရသော်လည်း ကြံ့ကြံ့ခံနိုင်စွမ်းဖြင့် ခုခံတွန်းလှန်ခဲ့သည်။ ယခင်က အကြမ်းဖက်မှုများကို ခုခံ တွန်းလှန်သည့်လုပ်ရပ်များသည် ယနေ့မြန်မာပြည်၏လူထုအခွင့်အရေးလှုပ်ရှားမှုများကို လှုံ့ဆော်ပေးနေလျက်ရှိ သည်။

မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ခုခံတွန်းလှန်မှုနှင့်စိန်ခေါ်မှုများ

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ကရင်ပြည်သူတွေ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် တိုင်းရင်းသားအခွင့်အရေးများအား ကာကွယ်ပေးရေးကို တောင်းဆိုခဲ့သည်။ ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါ ရီလ ၁၁ ရက်နေ့တွင် ကရင်လူထုအင်အား (၄၅၀,၀၀၀) ကျော်သည် ငြိမ်းချမ်းစွာဆန္ဒပြ၍ အမျိုးသားတန်းတူရေး၊ ငြိမ်းချမ်းရေးနှင့် လွတ်လပ်ခွင့်များကို တောင်းဆိုခဲ့သည်။[4] မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ပြည်သူလူထုသည် စစ် အုပ်ချုပ်မှုအောက်တွင် ဖိနှိပ်ချုပ်ချယ်မှုများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ထိုအခြေအနေကို နိုင်ငံတကာအသိုင်း အဝိုင်းမှ လျစ်လျူရှုခဲ့ပြီး ကူညီပံ့ပိုးခြင်းများမရှိခဲ့ပေ။ သို့သော်လည်း ပြည်သူလူထု၏ခုခံတွန်းလှန်မှုသည် မြန်မာ ပြည်အရှေ့တောင်ပိုင်းတွင် လူထုဘဝ၏သင်္ကေတတစ်ခုဖြစ်လာခဲ့သည်။ ရွှေဝါရောင်တော်လှန်ရေးလှုပ်ရှားမှု ဖြစ်ပွားပြီးနောက် ၂၀၀၈ ခုနှစ်တွင် KHRG ထုတ်ဝေခဲ့သောအစီရင်ခံစာတွင် ကျေးလက်နေပြည်သူလူထုအပေါ် ထားရှိသောထင်မြင်ယူဆချက်ကို ရေးသားဖော်ပြထားသည်မှာ “(မြန်မာပြည်အရှေ့တောင်ပိုင်းရှိ) ကျေးလက်နေ ပြည်သူလူထုအပေါ်မှာ ထားရှိသည့်နိုင်ငံတကာအသိုင်းအဝိုင်းအများစု၏ထင်မြင်ချက်တွေမှာ မှားယွင်းမှုများရှိ သည်။ ကျေးလက်နေပြည်သူလူထုက နိုင်ငံရေးကို စိတ်ဝင်စားခြင်း၊ ပါဝင်ပတ်သက်ခြင်းမရှိဟု ယူဆသည့်အတွက် ၎င်းတို့၏အသံသည် လျစ်လျူရှုခံရ၍ အရေးကြီးသည့်နိုင်ငံရေးဆုံးဖြတ်ချက်များတွင် ပစ်ပယ်ခံရပြီး ၎င်းတို့ဘဝ အား ထိခိုက်စေကြောင်း ထင်မြင်နေကြသည်။” [5]

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ၁၉၄၉ ခုနှစ်ကတည်းက ငြိမ်းချမ်းစွာခုခံတွန်းလှန်မှုနှင့် လက်နက်ကိုင်ခုခံတွန်း လှန်မှုသည် အတူယှဉ်တွဲ၍တည်ရှိနေခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် KNU ၏လက်နက်ကိုင်အဖွဲ့အစည်းမှ ဦးဆောင် သော “ကရင့်လက်နက်ကိုင်တော်လှန်ရေး” သည် စတင်ဖြစ်ပေါ်လာခဲ့သည်။ မြန်မာစစ်တပ်သည် အတိုက်အခံ အဖွဲ့များနှင့်ဆန့်ကျင်သူများအားလုံးကို ချေမှုန်းဖျက်ဆီးရန်အတွက် ရွာသားများကို မခွဲခြားဘဲ အကြမ်းဖက်တိုက် ခိုက်ခဲ့သည်။ ထိုသို့အကြမ်းဖက်တိုက်ခိုက်ရာတွင် လူသိများကြသည့် “ဖြတ်လေးဖြတ်” မဟာဗျူဟာကို အသုံးပြုခဲ့ သည်။ ထိုမဟာဗျူဟာသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံလူထုအကြားရှိ ဆက်နွယ်ချိတ်ဆက်မှုကို ဖျက်ဆီးရန်ဖြစ်သည်။ ထိုဆက်နွယ်ချိတ်ဆက်မှုကို ဖျက်ဆီးရာတွင် လက်နက်ကိုင်တော် လှန်ရေးတပ်ဖွဲ့များအတွက် စားနပ်ရိက္ခာများ၊ ငွေကြေးထောက်ပံ့မှုများ၊ သတင်းအချက်အလက်များနှင့် တပ်သား စုဆောင်းမှုများ ဖြတ်တောက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ထို့အပြင် မြန်မာစစ်တပ်သည် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ လွတ်လပ်စွာစုဝေးခွင့်ကို ပိတ်ပင်ကန့်သတ်ထားပြီး မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ တရား လက်လွတ် သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မီဒီယာဆင်ဆာဖြတ်ခြင်းနှင့် စောင့်ကြည့်လေ့လာခြင်း၊ အဓမ္မလုပ်အား ခိုင်းစေခြင်းနှင့် အဓမ္မနေရပ်ရွှေ့ပြောင်းခိုင်းစေခြင်းစသည့်လုပ်ရပ်များကိုကျူးလွန်၍ ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။[6]

၂၀၁၅ ခုနှစ်တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ထိုးပြီးနောက် ငြိမ်းချမ်းရေးအိမ်မက်များ ရှိလာခဲ့သော်လည်း ကရင်လူမျိုးများအနေဖြင့် နိုင်ငံတော်အဆင့် အကြမ်းဖက်ခံရခြင်း၊ ဗမာလူမျိုးကြီးဝါဒ၊[7] ဖိနှိပ်ချုပ် ချယ်မှုများနှင့် ရိုးရာယဉ်ကျေးမှုအား ဖိနှိပ်ခွဲခြားခံရခြင်းတို့ကို ဆက်လက်၍ ရင်ဆိုင်ကြုံတွေ့ခံစားခဲ့ရသည်။[8] ပစ်ခတ် ရပ်စဲရေးကာလတွင် ဒေသအတွင်း လူ့အခွင့်အရေးအတွက် ကာကွယ်ပေးလိုသည့်စိတ်အားထက်သန်မှုများ ရှိနေ သောကြောင့် ကရင်လူမျိုးများသည် တစ်ဦးချင်းဖြစ်စေ၊ အုပ်စုဖွဲ့၍ဖြစ်စေ ဒေသအဆင့် ခုခံတွန်းလှန်မှုနည်းလမ်း ဗျူဟာများကို အသုံးပြုပြီး မြေယာနှင့်ရိုးရာယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးချိုးဖောက်မှုများအစရှိသော လူ့အခွင့် အရေးချိုးဖောက်မှုများကို ခုခံကာကွယ်၍ ဆက်လက်ကြိုးပမ်းခဲ့သည်။[9]

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် လူ့အခွင့်အရေးအခြေအနေလှုပ်ရှားမှုများ

၂၀၂၁ ခုနှစ်တွင် မြန်မာ့စစ်တပ်ခေါင်းဆောင်များမှ ဒီမိုကရေစီနည်းလမ်းဖြင့် လူထုရွေးကောက်တင်မြောက်ထား သော အရပ်သားအစိုးရကိုဖြုတ်ချ၍ အာဏာသိမ်းယူပြီးနောက် “နွေဦးတော်လှန်ရေး” စတင်ဖြစ်ပေါ်လာခဲ့သည်။ “နွေဦးတော်လှန်ရေး” သည် နိုင်ငံတစ်ဝှမ်းအဆင့် အာဏာသိမ်းမှုအား ဆန့်ကျင်သပိတ်မောက်သည့်လူထုလှုပ်ရှား မှုဖြစ်သည်။ အဆိုပါလူထုသပိတ်မောက်မှုတွင် လမ်းမပေါ်ထွက်၍ ဆန္ဒပြခြင်း၊ လက်သုံးချောင်းထောင်၍ ဆန္ဒပြ ခြင်း၊ သံပုံးတီး၍ ဆန္ဒပြခြင်း၊ ဖဲကြိုးနီလှုပ်ရှားမှုများ၊ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားများနှင့် ဒစ်ဂျစ်တယ် လှုပ်ရှားမှုများစသည်တို့ပါဝင်ပါသည်။ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ဒေသခံလူမှုအသိုင်းအဝန်းများ၏လှုပ်ရှားမှု လည်း အားရတက်ကြွမှုရှိပြီး ရွာသားများနှင့်အတူ ဆန္ဒပြခြင်း၊ CDM တွင်ပူးပေါင်းပါဝင်လာခြင်း၊ မြို့များမှ ထွက်ပြေးတိမ်းရှောင်လာသော ဆန္ဒပြသူများကို ခိုလှုံခွင့်ပေးခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်း ပြုစုခြင်းများ လုပ်ဆောင်ခဲ့သည်။ မြန်မာစစ်တပ်မှ ဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ဒစ်ဂျစ်တယ်စောင့်ကြည့်လေ့လာခြင်းများအစရှိသည့် ရက်စက်ကြမ်းကြုတ် သော နည်းလမ်းများဖြင့် တုန့်ပြန်ခဲ့သည်။ ဤလုပ်ရပ်များကို နိုင်ငံတကာအသိုင်းအဝိုင်းမှ ပြစ်တင်ရှုတ်ချခဲ့သည်။[10]

၂၀၂၁ ခုနှစ်မှစ၍ SAC သည် ကရင်ပြည်နယ်ရှိ HRDs များအပါအဝင် ရွာသားများအပေါ် ကျယ်ကျယ်ပြန့် ပြန့်နှင့်စနစ်တကျပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။[11] ထိုအကြမ်းဖက်မှုများမှာ လေကြောင်းတိုက်ခိုက် မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့်အခြားအကြမ်းဖက်မှုပုံစံများ ပါဝင်သည်။ ဤသို့ဖိနှိပ်မှုများနှင့်အကြမ်းဖက်မှုပုံစံများကို လေ့လာသုံးသပ်ရာတွင် SAC အနေဖြင့် ပြင်ဆင်ပြောင်း လဲ၍ ပြဋ္ဌာန်းထားသော ဥပဒေများနှင့် “နိုင်ငံတော်အရေးပေါ်အခြေအနေ”ဆိုသည့်အကြောင်းပြချက်ကို ဆက် လက်အသုံးပြုနေခြင်းကြောင့် ပြည်တွင်းဥပဒေများတွင်ပါရှိသည့်အခြေခံလူ့အခွင့်အရေးများကို ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။ ဥပမအားဖြင့် ၂၀၂၁ ခုနှစ်အတွင်း SAC ပြုဆင်ပြောင်းလဲခဲ့သော ဥပဒေများမှာ (က) နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ (၂၀၁၇) တွင်ပါရှိသည့် နိုင်ငံသား များအား အဓမ္မဖမ်းဆီးချုပ်နှောင်ခြင်း၊ နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ စုံထောက်ခြင်းနှင့်စုံစမ်းခြင်းမပြုရဆို သည့်ပုဒ်မများကို ပြင်ဆင်ဖယ်ရှားလိုက်ခြင်း၊ (ခ) ရာဇသတ်ကြီးနှင့် ရာဇဝတ်ကျင့်ထုံးဥပဒေများတွင် စစ်တပ်အား ဝေဖန်ပြောဆိုသူများကို ပစ်မှတ်ထားရန်အတွက် ပြစ်မှုများကို ပြင်ဆင်ခြင်းနှင့် ထိုပြင်ဆင်လိုက်သည့်ပြစ်မှုများကို ချိုးဖောက်သည့်သူများကို ဝရမ်းမလိုဘဲဖမ်းဆီးခွင့်ကို ထည့်သွင်းပြင်ဆင်ခြင်းနှင့် (ဂ) အီလက်ထရောနစ် ဆက် သွယ်ဆောင်ရွက်ရေးဥပဒေတွင် လွတ်လပ်စွာ သတင်းရယူခွင့်ကို ကန့်သတ်ထားပြီး နိုင်ငံတော်အား ဆန့်ကျင်သည့် ထင်မြင်ယူဆချက်များနှင့်ဆိုင်သောသတင်းအား ရေးသားဖြန့်ဝေခြင်းများကို ပြစ်မှုဆွဲတင်၍ တရားစွဲဆို၍ ရအောင် ပြင်ဆင်ခဲ့သည်။[12]

(၃) ဖြစ်စဉ်များအကျဉ်းချုပ် - ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ HRDs များ ကြုံတွေ့ရသော စိန်ခေါ်မှုများ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ဒေသတွင်းသတ်မှတ်ထားသော ကရင်ပြည်နယ်ရှိ HRDs များအနေဖြင့် အကြမ်း ဖက်ခံရခြင်းနှင့်ခြိမ်းခြောက်ခံရသည့်အကြောင်းအရာများကို KHRG မှ အနည်းဆုံးအစီရင်ခံစာ (၂၁၄) စောင် လက်ခံ ရရှိခဲ့သည်။ အကြမ်းဖက်ခြင်းဟုဆိုရာတွင် သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများစ သည်တို့ပါဝင်သည်။ ထိုသို့သောအကြမ်းဖက်မှုများကြောင့် HRDs များ၊ ၎င်းတို့၏မိသားစုဝင်များနှင့်လူမှုအသိုင်းအ ဝန်းများအပေါ် သက်ရောက်မှုများရှိစေသည်။ ထို့ကြောင့် HRDs များအနေဖြင့် ၎င်းတို့လုပ်ငန်းများကို လုပ်ဆောင် ရာတွင် အဟန့်အတာများဖြစ်ပေါ်စေသည့်အတွက်ကြောင့် မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက် ပြီး များစွာသက်ရောက်မှုများရှိစေပါသည်။ သို့သော်လည်းပဲ HRDs များသည် ၎င်းတို့ဒေသအသိုင်းအဝန်းတွင် လူ့အ ခွင့်အရေးကို ကာကွယ်မြင့်တင်ရာတွင် နည်းလမ်းဗျူဟာများကို ပြောင်းလဲကျင့်သုံး၍ ခုခံတွန်းလှန်ကာ ဆက်လက် တိုက်ပွဲဝင်နေလျှက်ရှိသည်။

ဤဖြစ်စဉ်များအကျဉ်းချုပ်တွင် ဖော်ပြထားသည့်သတင်းအချက်အလက်များကို (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ) KHRG လက်ခံရရှိသည့်အစီရင်ခံစာ (၂၃၉)စောင်မှ ကောက်နှုတ်ယူထားပါသည်။ အဆိုပါ အစီရင်ခံစာအများစုသည် မထုတ်ဝေရသေးဘဲ တွေ့ဆုံမေးမြန်းခန်းများ၊ သုံလတစ်ကြိမ်အစီရင်ခံစာများ၊ နောက် ဆုံးရဒေသတွင်းသတင်းတိုလွှာများနှင့်မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာများပါဝင်သည်။ ဤအစီရင်ခံစာဖြစ်မြောက် ရေးအတွက် လိုအပ်သည့်သက်သေအချက်အလက်များရရှိရန် ၂၀၂၄ ခုနှစ်၊ ဧပြီလမှ မေလအတွင်း ကရင်ပြည်နယ်ရှိ ခရိုင်(၇)ခု အားလုံးမှ HRDs (၃၉) ဦးနှင့်အတူ အဖွဲ့ငါးဖွဲ့ခွဲ၍ ဆွေးနွေးပွဲများလုပ်ပြီး ပူးပေါင်းပါဝင်လုပ်ဆောင်ရေး သုတေသန (PAR) ကို သုံးကြိမ်ပြုလုပ်ခဲ့သည်။[13] ထိုအထဲတွင် အမျိုးသမီး HRDs အဖွဲ့နှင့်သီးသန့်ဆွေးနွေး၍ PAR သုတေသနကိုလည်း ပြုလုပ်ခဲ့သည်။ ထို့အပြင် HRDs ကြုံတွေ့ရသောစိန်ခေါ်မှုများဆိုင်ရာ စစ်တမ်းသုံးခုကို ကရင် အရပ်ဖက်အဖွဲ့အစည်းများ (CSO) နှင့်ပြုလုပ်ခဲ့သည်။

ဤအခန်းတွင် ကရင်ပြည်နယ်ရှိ HRDs များနှင့်၎င်းတို့မိသားစုကြုံတွေ့ရသောစိန်ခေါ်မှုများနှင့်ပတ်သက်သော ဖြစ်စဉ်များကို ဖော်ပြထားသည်။ ထိုဖြစ်စဉ်များမှာ (က) ညှဉ်ပမ်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် အကြမ်းဖက် ခြိမ်းခြောက်မှုများ၊ (ခ) မတရားဖမ်းဆီးချုပ်နှောင်ခြင်းနှင့် အဓမ္မအစဖျောက်ခြင်း၊ (ဂ) လွတ်လပ်စွာ သွားလာလှုပ် ရှားခွင့်အား ပိတ်ပင်ကန့်သတ်ခြင်း၊ (ဃ) နောက်ယောင်ခံစောင့်ကြည့်ခြင်းနှင့် ဒစ်ဂျစ်တယ်ခြိမ်းခြောက်မှုများ၊ (င) လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာစိန်ခေါ်မှုများ၊ (စ) စားဝတ်နေရေးနှင့် ကျန်းမာပျော်ရွှင်ရေးဆိုင်ရာစိတ်ခေါ်မှုများ၊ နှင့် (ဆ) အမျိုးသမီး လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများမှ ကြုံတွေ့ရသောစိန်ခေါ်မှုများဖြစ်ကြသည်။

(က) ညှဉ်ပမ်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် အကြမ်းဖက်ခြိမ်းခြောက်မှုများ

၂၀၂၁ ခုနှစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် SAC သည် အရပ်သားများကိုထိန်းချုပ်ရန် အကြမ်းဖက်မှုများကို အသုံးပြုခဲ့သည်။ ထိုအထဲတွင် HRDs များကိုလည်း ညှဥ်းပမ်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းလည်းပါဝင်သည်။ KHRG လက်ခံရရှိသောအစီရင်ခံစာများအရ ၂၀၂၁ ခုနှစ်မှစပြီး ကရင်ပြည်နယ်တွင် မြန်မာစစ်တပ်မှ အနည်းဆုံး HRDs (၁၈) ဦးကို သတ်ဖြတ်ခဲ့သည်။ KHRG ၏အစီရင်ခံစာ (၄၅)စောင်တွင် SAC မှ HRDs များအပေါ် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အကြမ်းဖက်သည့်လုပ်ရပ်များ ကျူးလွန်ခဲ့ကြောင်းဖော်ပြထားသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လအတွင်း ပြည်သူ့ဆန္ဒပြပွဲများစတင်ချိန်တွင် ထိုသို့အကြမ်းဖက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်နှင့်ပေါ်ပေါ်ထင်ထင် ကျူးလွန်ခဲ့သည်။ ပြည်သူလူထုသည် ယခုအချိန်အထိ (သတိရှိရှိဖြင့်) ဆန္ဒပြပွဲများ ဆက်လက်ပြုလုပ်နေဆဲဖြစ် သည်။

SAC မှ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအား သတ်ဖြတ်ခြင်း

၂၀၂၁ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းမှုကိုသပိတ်မှောက်သည့်ဆန္ဒပြပွဲများအား တုန့်ပြန်ရာတွင် SAC သည် ရော် ဘာကျည်ဆံများ၊ ကျည်ဆံအစစ်များနှင့်မျက်ရည်ယိုဗုံးများအပါအဝင် ရက်စက်ကြမ်းကြုတ်သောနည်းလမ်းများကို အသုံးပြု၍ ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းခဲ့သည်။[14] KHRG လက်ခံရရှိသည့်အချက်အလက်များအရ ၂၀၂၁ ခုနှစ်အတွင်း မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ငြိမ်းချမ်းစွာဆန္ဒပြသူများ အနည်းဆုံး (၁၅)ဦးကို SAC မှ ပစ်သတ် ခဲ့သည်။ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အစောပိုင်းကာလတွင် SAC မှ အကြမ်းဖက်မှုများ အလွန်အကျွံအသုံး ပြုမှုကြောင့် ဆန္ဒပြပွဲများကို ရပ်တန့်ခဲ့ရကြောင်း ရွာသားတော်တော်များများက တင်ပြခဲ့သည်။ ဆန္ဒပြပွဲတွင်ပါဝင် ခဲ့သော ဒူးပလာယာခရိုင်၊ ကော်တရီ (ကော့ကရိတ်)မြို့နယ်မှ အသက် (၂၀)နှစ်အရွယ် ကျောင်းသူတစ်ဦးဖြစ်သူ နော်အ---သည် KHRG အား “ကျွန်မအမြင်မှာတော့ နိုင်ငံသားတစ်ဦးအနေနဲ့ ဆန္ဒပြခွင့်ရှိသင့်တယ်။ အခုအခြေအ နေက သူတို့ (SAC) ရဲ့လုပ်ရပ်တွေကိုကြည့်မယ်ဆိုရင် ကျွန်မတို့တွေ ငြိမ်းချမ်းစွာဆန္ဒပြလို့ မရတော့ဘူး။ သူတို့က လူတွေကို ပစ်သတ်ကြတယ်လေ။” ဟု ၂၀၂၁ ခုနှစ်၊ မေလတွင် ရှင်းပြခဲ့သည်။ KHRG မှတ်တမ်းပြုစုသည့်အချက် အလက်များအရ အနည်းဆုံး SAC ရဲဝန်ထမ်းနှင့်စစ်သားများခုနှစ်ဦးသည် ဆန္ဒပြသူများအား သတ်ဖြတ်ခြင်း သို့မ ဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကိုပြုလုပ်ရန်ငြင်းဆိုခဲ့ပြီး အလုပ်ထွက်ခဲ့သည်။ ၎င်းတို့အနေဖြင့် လက်တုန့်ပြန်ခံ ရနိုင်ခြင်းနှင့် ထောင်ကျခံရနိုင်သည့်အန္တရာယ်များရှိသော်လည်း အလုပ်ထွက်ခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်မှစ၍ လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာသည့်အလျောက် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ် တမ်းတင်ပြုစုသူများအပါအဝင် စစ်အစိုးရကိုဆန့်ကျင်သည်ဟုစွပ်စွဲခံရသည့်မည်သူမဆို ပစ်မှတ်ထားခံရသည့် အခြေအနေလည်း များပြားလာပါသည်။ ဥပမာအားဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၀၄)နှင့် (၄၀၅)မှ SAC စစ်သားများသည် ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ ဘအ---ဒေသ၊ ဘအ---ကျေးရွာ တွင်နေထိုင်သောရွာသားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ အဆိုပါရွာသားနှစ်ဦးသည် SAC မှ လူနေအိမ်များကို မီးရှို့ဖျက်ဆီးသည့်အခြေအနေကို သွားရောက်မှတ်တမ်းပြုစုရာတွင် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ ဤဖြစ် စဉ်နှင့်ပတ်သက်၍ ဘဘ---ဒေသတွင်နေထိုင်သော လူ့အခွင့်အရေးလှုပ်ရှားတစ်ဦးဖြစ်သူ နော်ဘ---က ဤသို့ရှင်းပြ ခဲ့သည်။ “၂၀၂၂ ခုနှစ်၊ ဧပြီလ ၃ရက်နေ့မှာ သူတို့က (SAC စစ်သားများ) ကျွန်မတို့ရဲ့ရွာမှာ အိမ်တွေကိုမီးလာရှို့ကြ တယ်။ (…) ကျွန်မတို့က မီးလောင်နေတဲ့အိမ်တွေကို သက်သေတစ်ခုအနေနဲ့ ဓာတ်ပုံသွားရိုက်လို့မရဲဘူး။ ကျွန်မ တို့ကြောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွာသားနှစ်ယောက်က မီးရှို့ခံရတဲ့အိမ်တွေကို ဓာတ်ပုံသွားရိုက်တဲ့အချိန် မှာ ပစ်သတ်ခံခဲ့ရတယ်လေ။ ရွာသားတစ်ယောက်က မီးရှို့ခံရတဲ့အိမ်တွေကို ဓာတ်ပုံသွားရိုက်ခဲ့တယ်။ ပြီးတော့ စစ်ကောင်စီစစ်သားတွေက သူ့ကိုတွေ့သွားတယ်။ အဲဒါနဲ့ သူလည်း ထွက်ပြေးဖို့ ကြိုးစားတယ်။ ဒါပေမဲ့ သူအဖမ်းခံ ခဲ့ရတယ်။ အဲဒီနောက်မှာ စစ်ကောင်စီတွေက သူ့ကိုရက်ရက်စက်စက်ပစ်သတ်သွားခဲ့တယ်။ သူ့နာမည်က ကိုဆ---ဖြစ်တယ်။ ဘအ--- ရွာသားတစ်ဦးပဲ။ အဲဒါကြောင့်လည်း ရွာထဲမှာဘာတွေဖြစ်နေတာကို ရွာသားတွေက သွားပြီးမှတ်တမ်းပြုစုလို့မရဲဘူး။” ဆက်လက်၍ နော်ဘ---က “သူသေသွားတုန်းက သူ့ကို လက်ထိပ်ခတ်ထားတာ တွေ့တယ်။ ပြီးတော့ စစ်ကောင်စီစစ်သားတွေက သူသေတဲ့နေရာမှာပဲ သူ့အလောင်းကို ပစ်ထားခဲ့တယ်။” ဟု ရှင်းပြသည်။

လက်နက်ကိုင်ပဋိပက္ခကာလအတွင်း လူသားချင်းစာနာထောက်ထားမှုအကူအညီများ သို့မဟုတ် လူမှုရေးရာဝန် ဆောင်မှုများရရှိအောင် ဆောင်ရွက်ပေးခြင်းသည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လူ့အခွင့်အရေးကာကွယ်စောင့် ရှောက်ရာတွင် အရေးကြီးသောပုံစံတစ်ခုဖြစ်လာခဲ့သည်။ သို့သော်လည်း SAC သည် ပညာရေးနှင့်ကျန်းမာရေးကဲ့ သို့သော အခြေခံလိုအပ်ချက်များ လက်လှမ်းမီရေးအတွက် ဆောင်ရွက်ပေးရမည့်တာဝန်များ ပျက်ကွက်နေသည့် အပြင် ထိုကဲ့သို့အခြေခံဝန်ဆောင်မှုများ ပေးနေသူများကို အကြမ်းဖက်လေ့ရှိသည်။[15] ဖြစ်စဉ်တစ်ခုတွင် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့၌ ခမရ (၄၀၃)၊ (၄၀၄)နှင့် (၄၀၅)တို့မှ SAC စစ်သားများသည် ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒို မြို့နယ်၊ ဘဘ---ဒေသ၊ ဘဆ---ကျေးရွာတွင်နေထိုင်သော အသက် (၅၆)နှစ်အရွယ်ရှိ ဒေသခံကျန်းမာရေးလုပ်သား တစ်ဦးဖြစ်သူ ဦးဆ---၏အိမ်ပေါ်သို့တက်၍ ၎င်းအားဖမ်းဆီးခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် SAC စစ်သား များသည် ဦးဆ---အား ရက်ရက်စက်စက်ပစ်သတ်ခဲ့သည်။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ ဘဆ---ကျေးရွာမှ ရွာသား တစ်ဦးက ယခုလိုပြောသည်။ “ဒီလိုရက်စက်တဲ့လုပ်ရပ်တွေက ဘယ်လိုနည်းနဲ့မှ လက်ခံလို့မရနိုင်ဘူး။ စစ်ကောင် စီက လူ့အခွင့်အရေးတွေကိုချိုးဖောက်နေတာကြောင့် ပြည်သူတွေရဲ့ဘဝတွေဟာ မလုံခြုံတော့ဘူး။ လူတိုင်းဟာ အသက်ရှင်ပိုင်ခွင့်ရှိတယ်။ အသက်က လူတိုင်းအတွက်အရေးကြီးဆုံးအရာပဲ။” ဦးဆ---သည် PDF စစ်သားများကို လည်း ဆေးကုသပေးနေသည့်အတွက် အသတ်ခံရသည်ဟု ရွာသားများက ယူဆကြသည်။ ဦးဆ---မှာ သမီးနှစ်ဦး၊ သားတစ်ဦးနှင့်ညီမတစ်ဦး အသက်ရှင်ကျန်ရစ်ခဲ့သည်။

ကရင်ပြည်နယ်ရှိ ရွာသားများသည် ၎င်းတို့၏နေ့စဉ်လိုအပ်ချက်များအတွက် ရုန်းကန်လှုပ်ရှားနေသော်လည်း အာဏာသိမ်းမှုအားဆန့်ကျင်သူများအဖြစ် ထင်မြင်ခံရပြီး ပစ်မှတ်ထားခံရသည်။ SAC သည် ရွာသားများအပေါ် အကြောင်းပြချက်အမျိုးမျိုးဖြင့် ဒေသခံလက်နက်ကိုင်တပ်ဖွဲ့များကို ကူညီပေးသည်ဟုစွပ်စွဲ၍ အကြမ်းဖက်ခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သည့်ဖြစ်စဉ်များနှင့်ပတ်သက်၍ မြောက်များစွာသော အစီရင်ခံစာများကို KHRG မှ လက်ခံရှိခဲ့သည်။ ညမထွက်ရအမိန့်ကိုချိုးဖောက်ခြင်း၊ စားနပ်ရိက္ခာကုန်စည်များကို သယ်ဆောင်ခြင်း သို့မဟုတ် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် သွားလာနေခြင်းစသည့်အကြောင်းပြချက်များဖြင့် ရွာသားများကို စွပ်စွဲ ခဲ့ခြင်းဖြစ်သည်။ ဤအခြေအနေနှင့်ပတ်သက်၍ ဘားအံခရိုင်၊ ဆဧ---မြို့နယ်မှ HRD တစ်ဦးဖြစ်သူ စောဒ---က “လက်ရှိအခြေအနေက ဒီနိုင်ငံမှာ ဘယ်နေရာမှာပဲနေနေ ဘယ်သူမှ မလုံခြုံဘူး။” ဟုရှင်းပြသည်။ ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်မှ HRD တစ်ဦးဖြစ်သူ နော်ဃ---ကလည်း (လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ်တွင် နေထိုင်သည်) “အခုမြန်မာပြည်အခြေအနေမျိုးဆိုရင် ဘယ်အရာကမှ ကိုယ့်အသတ်မခံရဘူး၊ နှိပ်စက်မခံရဘူးလို့ အာမခံချက်ရှိ တာမဟုတ်ဘူး။ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေမကဘူး။ မြန်မာပြည်မှာရှိတဲ့ ဘယ်သူမဆိုပဲ။” ဟု ပြောသည်။

လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအား ညှဉ်းပန်းနှိပ်စက်ခြင်း

၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ကရင်ပြည်နယ်တွင် ငြိမ်းချမ်းစွာဆန္ဒပြသူများအပေါ် အကြမ်းဖက် ၍ ညှဉ်းပန်းနှိပ်စက်သည့်ဖြစ်စဉ်များနှင့်ပတ်သက်ပြီး KHRG မှ အနည်းဆုံး အစီရင်ခံစာ (၄၅)စောင်ကို လက်ခံရ ရှိခဲ့သည်။ ဖြစ်စဉ်အများစုတွင် ဆန္ဒပြသူများသည် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ဒူးပလာယာခရိုင်၊ ကော်တရီ မြို့နယ်၊ မြဝတီမြို့မှ အသက် (၁၈)နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်သူ မောင်ဂ---က “(၂၀၂၁ ခုနှစ်မှာ) မြို့ဝတီ မြို့ကနေချီတက်လာတဲ့ဆန္ဒပြတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်။ အဲဒီအဖွဲ့မှာ Generation Z တွေချည်းပဲ။ သူတို့တွေ (၂) ဂိတ်ကိုရောက်တဲ့အချိန်မှာ သေနတ်ကျည်ဆံအစစ်နဲ့ဖြိုခွင်းခံခဲ့ရတယ်။ လူငယ်တွေကို ဖမ်းဆီးရိုက်နက်တာတွေ ကျွန်တော်တွေ့ခဲ့တယ်။” ဟု ရှင်းပြသည်။ ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သော ဘားအံခရိုင်၊ ဘားအံမြို့မှ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် (NLD) ၏အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါ်ဟ---ကလည်း ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲတွေတစ်ခုတွင် “စစ်ကောင်စီတွေက မိန်းကလေးတွေကိုသူတို့သေနတ်နဲ့ ရိုက်နက်တယ်။ ပြီးတော့ မေ့ မျောသွားတဲ့အထိ သူတို့နားထင်ကို လက်နဲ့ရိုက်တယ်။” ဟု တင်ပြသည်။[16]

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းတွင် HRDs များအပါအဝင် အထူးသဖြင့်ရွာသားများအပေါ် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များနှင့်ဆက်နွယ်ပတ်သက်မှုရှိခြင်း သို့မဟုတ် သတင်းပေးသူများအဖြစ်စွပ်စွဲကာ ခြိမ်းခြောက် ၍ ညှဥ်းပမ်းနှိပ်စက်သည့်ဖြစ်စဉ်များကို KHRG မှ အမြဲတစေ သတင်းလက်ခံရရှိခဲ့သည်။[17] ဥပမာဆိုလျှင် ၂၀၂၂ ခုနှစ်၊ မတ်လတွင်ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်တစ်ခုတွင် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ခန့်အပ်ထားသော ကျေးရွာအုပ် ချုပ်ရေးမှူးတစ်ဦးသည် ကျောင်းဖွင့်ပွဲကိုစီစဉ်ခဲ့သည့်အတွက် SAC က ၎င်းအား ဖမ်းဆီး၍ ညှဥ်းပမ်းနှိပ်စက်ခဲ့ သည်။[18]

အထူးသဖြင့် စစ်အစိုးရအား ဆန့်ကျင်သည့်လုပ်ရပ်ကို အားပေးကူညီခြင်းကြောင့် ဖမ်းဆီးချုပ်နှောင်ခံရသောသူ များသည် အကြမ်းဖက်ခံရခြင်းနှင့်ညှဉ်းပန်းနှိပ်စက်ခံရခြင်းများ ကြုံတွေ့နိုင်သည်။[19] ဖြစ်စဉ်တစ်ခုတွင် တောအူးခ ရိုင်၊ ဒေါ်ဖားခို (သံတောင်ကြီး)မြို့နယ်၊ ဘဒ---မြို့မှ CDM ရဲဝန်ထမ်းတစ်ဦးသည် ဖမ်းဆီးခံရပြီး ဒေါ်ဖားခိုမြို့နယ်၊ သံတောင်ကြီးမြို့ရှိ စစ်ကြောရေးစခန်းသို့ပို့ဆောင်ခဲ့သည်။ ထိုစစ်ကြောရေးစခန်းတွင် အဆိုပါ CDM ရဲဝန်ထမ်း တစ်ဦးအား စစ်ဆေးမေးမြန်း၍ ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ ဤကဲ့သို့သောအခြေအနေကြောင့် တောအူးခရိုင်၊ ဆဒ---မြို့နယ်မှ HRD တစ်ဦးဖြစ်သူ စောဧ---သည် သူ့အနေဖြင့် လူ့အခွင့်အရေးအလုပ်ဖြင့် ခရီးသွားလာရပါက SAC စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းရမှာ ကြောက်ရွံ့နေသည်ဟု တင်ပြသည်။ အကြောင်းမှာ SAC မှ ၎င်းအား ဒလန် (သတင်းပေးသူ) ဟုစွပ်စွဲ၍ ဖမ်းဆီးနှိပ်စက်မှာကို ကြောက်ရွံ့နေခြင်းဖြစ်သည်။ SAC စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းသွားလာ၍ ကြုံတွေ့ရသော ခြိမ်းခြောက်မှုများကို HRDs များက တင်ပြထားခြင်းလည်းရှိသည်။ ဥပမာ ဆိုလျှင် ဘိတ်-ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်မှ HRD တစ်ဦးဖြစ်သူ နော်သ---သည် ၂၀၂၂ ခုနှစ်တွင် SAC စစ်ဆေးရေးဂိတ်တစ်ခုကိုဖြတ်သန်းသွားလာ၍ SAC မှ ၎င်းအား ဓားဖြင့်ရွယ်၍ ခြိမ်းခြောက်ခဲ့ခြင်းကိုခံခဲ့ရသည်။ ထို့အပြင် ၂၀၂၃ ခုနှစ်တွင် နော်သ---သည် အခြား SAC စစ်ဆေးရေးဂိတ်တစ်ခုကို ဖြတ်သန်းသွားလာသည့်အချိန် တွင် SAC မှ ၎င်းအား သေနတ်ဖြင့်ချိန်၍ ခြိမ်းခြောက်ခြင်းကိုလည်း ကြုံတွေ့ရပြန်သည်။

ထိုသို့သောခြိမ်းခြောက်မှုများကို HRDs များသာမက ၎င်းတို့မိသားစုဝင်များလည်း ကြုံတွေ့ခံစားရသည်။ ဤအခြေ အနေနှင့်ပတ်သက်၍ ဘိတ်-ထားဝယ်ခရိုင်၊ တနောသရီ (တနသာၤရီ) မြို့မှ CDM ကျောင်းဆရာမတစ်ဦးက ယခု လိုပြောသည်။ “တပ်မတော် (SAC) စစ်သားတွေက CDM မှာပါဝင်တဲ့လူတွေကိုဖမ်းလို့မရရင် သူတို့ရဲ့မိသားစုကို သွားဖမ်းတယ်။ သူတို့ဖမ်းမိလို့ရှိရင် အလောင်းလာကောက်ဖို့ မိသားစုဝင်တွေကို အကြောင်းကြားတယ်။ (SAC က) ဖမ်းမိတဲ့သူတွေကိုသတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လှီးဖြတ်ကြတယ်။ ဒါက ကျွန်မတို့ဒေသမှာပဲ ဖြစ်တာ မဟုတ်ဘူး။ အခြားဒေသမှာလည်းဖြစ်နေတယ်။ ကိုယ့်ရွာမှာကိုယ်မနေရဲတဲ့လူတွေအများကြီးရှိတယ်။ သူတို့ရဲ့ လုံခြုံရေးအတွက် ရွာမှာမနေရဲတော့ဘဲ အခြားနေရာမှာ သွားပုန်းရှောင်နေရတာရှိတယ်။”

ဤကဲ့သို့ညှဥ်းပမ်းနှိပ်စက်ခြင်းနှင့်သတ်ဖြတ်ခြင်းများကို မျက်မြင်တွေ့ရှိသော်လည်း HRDs များနှင့်၎င်းတို့မိသားစု ဝင်များအနေဖြင့် တရားမျှတမှုစနစ်ကို ယုံကြည်မှုနည်းခြင်းနှင့် သူတို့မြင်တွေ့သည့်အကြမ်းဖက်မှုအခြေအနေပေါ် မူတည်၍ လက်တုန့်ပြန်မှာကို ကြောက်ရွံ့ကြသောကြောင့် ထိုဖြစ်စဉ်များကို မတင်ပြဘဲရှိနေသည်။ ဘားအံမြို့တွင် ဆန္ဒပြသူများကိုညှဉ်းပန်းနှိပ်စက်သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ဘားအံခရိုင်၊ ဘားအံမြို့မှ NLD အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်ဟ---က ယခုလိုရှင်းပြသည်။ “သူတို့က (ဆန္ဒပြသူများနဲ့သူတို့မိသားစုဝင်များ) ဘာမှ မလုပ်နိုင်ဘူး။ သူတို့သွား တင်ပြလို့ရှိရင် အသတ်ခံရနိုင်တယ်။ ကျွန်မတို့လည်း ဘာမှမတတ်နိုင်ကြဘူး။ ဘယ်သူ့ကိုသွားတိုင်ရမလဲ။ ဘယ်မှာ သွားတိုင်ရမလဲ ကျွန်မတို့မသိဘူး။ တကယ်လို့ကျွန်မတို့သွားတင်ပြလို့ရှိရင်လည်း ဘယ်သူက အရေးယူဆောင်ရွက် ပေးမှာလဲ။ လက်ရှိအခြေအနေမှာ အာဏာပိုင်တွေအားလုံးက သူတို့ရဲ့ (စစ်ကောင်စီ) လူတွေပဲ။” ဧရာဝတီတိုင်း ဒေသမှ ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သော CSO ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးက---ကလည်း “တရားဥပဒေစိုးမိုးမှုမရှိတဲ့နိုင်ငံမှာ ကျွန်တော်တို့နေထိုင်နေရတာနဲ့တူတယ်။” ဟု ရှင်းပြသည်။

HRDs များအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း

မြန်မာပြည်အရှေ့တောင်ပိုင်းရှိ HRDs များသည် SAC ၏အကြမ်းဖက်ခြိမ်းခြောက်မှုများကို ကြုံတွေ့ရခြင်းကြောင့် လူ့အခွင့်အရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အဟန့်အတားများရှိနေသည်။ SAC သည် အကြမ်းဖက်ခြိမ်း ခြောက်မှုကို ခြိမ်းခြောက်မှုပုံစံတစ်ခုအဖြစ် အသုံးပြုကြသည်။ ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ ဘဟ---ကျေးရွာအုပ်စု၊ ဘဂ---ကျေးရွာမှ ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည့်စောလ---က “သူတို့က (စစ်ကောင်စီ) ဆန္ဒပြပွဲကိုဦး ဆောင်နေတဲ့သူတွေကို ပိုပြီးခြိမ်းခြောက်လာတယ်။ အဲဒါကြောင့် လူတွေလည်း ဆန္ဒပြပွဲကို မဦးဆောင်ရဲတော့ဘူး။ ကျွန်တော်တို့လည်း ဆန္ဒပြပွဲတွေမှာပါဝင်ဖို့အခွင့်အရေးမရှိတော့ဘူး။” ဟု ရှင်းပြသည်။

CDM တွင်ပါဝင်လာသည့်ကျောင်းဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လည်း အကြမ်းဖက်ခြိမ်းခြောက်မှုလည်းရှိသည်။ မူတြော်ခရိုင်မှ ကျန်းမာရေးလုပ်သားတစ်ဦးဖြစ်သူ နော်မ---က ၎င်း၏ထင်မြင်ချက်ကို ယခုလိုပြောသည်။ “စစ်တပ်က အာဏာကိုသုံးပြီး ပြည်သူတွေကို ခြိမ်းခြောက်တယ်။ အ ရင်တုန်းက သူတို့က ကျန်းမာရေးဝန်ထမ်းတွေကို ဖိအားပေးတယ်။ ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်ပြန်ဝင်ဖို့ ပြောတယ်။ နောက်တော့ CDM ကျောင်းဆရာ၊ ဆရာမတွေကိုလည်း ဖိအားပေးပြန်တယ်။ CDM မှာပါဝင်လာတဲ့ သူတွေကို သူတို့အနေနဲ့ မခြိမ်းခြောက်သင့်ဘူး။ ပြည်သူ့ဆန္ဒနဲ့ သူတို့ကို (စစ်ကောင်စီ) ရွေးကောက်တင်မြောက် ထားတာမဟုတ်ဘူး။” ကရင်ပြည်နယ်ရှိတစ်ချို့သော CDM ဝန်ထမ်းများသည် ဖိအားပေးခံရပြီး လုံခြုံရေးခြိမ်း ခြောက်မှုနှင့်စားဝတ်နေရေးအခက်အခဲများကြောင့် ၎င်းတို့အလုပ်ခွင်ကိုပြန်လာခဲ့ရသည်။ ထိုအခြေအနေသည် CDM ဝန်ထမ်းများအနေဖြင့် လူ့အခွင့်အရေးအား ကာကွယ်ပေးရာတွင် အဟန့်အတားများဖြစ်စေသည်။

SAC သည် လူ့အခွင့်အရေးလှုပ်ရှားသူများအပေါ် အကြမ်းဖက်ခြင်းနှင့်အကြမ်းဖက်ခြိမ်းခြောက်ခြင်းများကို ပို၍ပြု လုပ်လာသောကြောင့် ၂၀၂၁ ခုနှစ်၊ ဇွန်လမှစ၍ KHRG အနေဖြင့် ဆန္ဒပြသည့်ဖြစ်စဉ်များနှင့်ဆိုင်သော အစီရင်ခံစာ များကို အနည်းငယ်သာ လက်ခံရရှိတော့သည်။ သို့သော်လည်း မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ခုခံတွန်းလှန်မှု ပုံစံအသစ်များ ပြောင်းလဲကျင့်သုံးလာပြီး လူ့အခွင့်အရေးလုပ်ငန်းများကို ကာကွယ်မြင့်တင်ပေးခဲ့သည်။ ဆန္ဒပြသူ များနှင့် CDM တွင်ပါဝင်လာသည့်သူအများအပြားသည် စစ်ပြေးရှောင်ရွာသားများကို ကူညီပေးခြင်း၊ တိုင်းရင်းသား လူထုအခြေပြုအဖွဲ့အစည်းများတွင် ပါဝင်လုပ်ကိုင်ပေးခြင်း၊ နိုင်ငံ၏အပြင်တွင်နေ၍ လူ့အခွင့်အရေးလုပ်ငန်းကို ကူညီပံ့ပိုးပေးခြင်း သို့မဟုတ် လူ့အခွင့်အရေးအတွက် အွန်လိုင်းတွင် စည်းရုံးလှုံ့ဆော်ပေးခြင်းနှင့် ပါဝင်လုပ်ဆောင် ပေးခြင်းစသည့်နည်းလမ်းပုံစံများဖြင့် လူ့အခွင့်အရေးနှင့်ဒီမိုကရေစီအရေးကို ဆက်လက်ကာကွယ်မြင့် တင်ပေးခဲ့ သည်။ ရန်ကုန်မြို့မှ ဘားအံခရိုင်သို့ ထွက်ပြေးပုန်းရှောင်လာသော HRD တစ်ဦးဖြစ်သူ စောဒ---က “ကျွန်တော်က ဆန္ဒပြပွဲတွေကို ဦးဆောင်ပြီး တက်တက်ကြွကြွနဲ့ဆန္ဒပြခဲ့တယ်။ (…) ပြီးတော့ သူတို့က ကျွန်တော့်ကို လာဖမ်းဖို့ လုပ်တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ဘယ်သူမှအိမ်မှာ မရှိဘူးလေ။ (…) ကျွန်တော်လည်း ရန်ကုန်မှာ မနေရဲတော့ဘူး။ (…) ကရင်ပြည်နယ်မှာ လာပြီးပုန်းရှောင်ခဲ့တယ်။  (စစ်ကောင်စီကိုဆန့်ကျင်တဲ့) ဆန္ဒပြပွဲတွေရော၊ ကရင်လူမျိုး အခွင့်အရေးအတွက်ပါ ကျွန်တော်တတ်နိုင်တဲ့ဖက်က ကြိုးပမ်းသွားမှာပါ။” ဟု ပြောသည်။ တစ်ချို့သော HRDs များသည်လည်း လူ့အခွင့်အရေးနှင့်လူ့သားချင်းစာနာထောက်ထားမှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နည်းလမ်း ဗျူဟာအသစ်များကို ပြောင်းလဲကျင့်သုံးခဲ့ရကြောင်း တင်ပြသည်။ ဥပမာဆိုလျှင် ၎င်းတို့မည်သူမည်ဝါဖြစ်ကြောင်း ပြောင်းလဲခေါ်ဝေါ်ခြင်း၊ မိမိတို့၏နောက်ခံအကြောင်းအား ဖုံးကွယ်ခြင်း သို့မဟုတ် ၎င်းတို့လုပ်ငန်းများနှင့်ပတ်သက် ပြီး ခရီးသွားလာရာပါက အခြားလမ်းကိုရွေး၍သွားလာခြင်းတို့ဖြစ်သည်။ (လုံခြုံရေးကြောင့် မဖော်ပြလိုသည့် အခြားနည်းလမ်းပုံစံများလည်းရှိသည်။)   

(ခ) မတရားဖမ်းဆီးချုပ်နှောင်ခြင်းနှင့် အဓမ္မအစဖျောက်ခြင်း

SAC သည် ၎င်းတို့အုပ်ချုပ်ရေးကို ဆန့်ကျင်ပြီး ငြိမ်းချမ်းစွာပြုလုပ်သည့်လှုပ်ရှားမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် လည်း HRDs များကို မတရားဖမ်းဆီးချုပ်နှောင်ကြသည်။ ထို့အပြင် ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် HRDs များကို အစဖျောက်သည့်ဖြစ်စဉ်များလည်း တိုးမြင့်လာခဲ့သည်။ ဤလုပ်ရပ်များသည် HRDs များနှင့်၎င်းတို့မိ သားစုဝင်များအပေါ် အန္တရာယ်ရှိသည့်အခြေအနေသို့တွန်းပို့စေသည်။

မတရားဖမ်းဆီးချုပ်နှောင်ခြင်း

အာဏာသိမ်းမှုအား ဆန့်ကျင်သပိတ်မှောက်သည့်ဆန္ဒပြပွဲများဖြစ်ပွားပြီးနောက်တွင် ကရင်ပြည်နယ်ရှိ ကျေးလက် ဒေသများသည် ဝရမ်းထုတ်ခံရသော CDM ဝန်ထမ်းအများအပြားအတွက် အရေးကြီးသည့် ခုံလှုံရာနေရာတစ်ခုဖြစ် လာသည်။ သို့သော်လည်း ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် SAC သည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ SAC ထိန်းချုပ်နယ်မြေများနှင့် ရောယှက်အုပ်ချုပ်နယ်မြေများတွင်နေထိုင်ကြသော အထူးသဖြင့် ဆန္ဒပြသူများနှင့် CDM သမားများအစရှိသော လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကို အဓမ္မဖမ်းဆီးချုပ်နှောင်ခြင်း၊ ထောင် ကျခြင်းနှင့် စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်။ မကြခဏဆိုသလို HRDs များသည် လုံလောက်သော စားစရာ များ သို့မဟုတ် ကျန်းမာရေးဝန်ဆောင်မှုများမရရှိဘဲ ဆိုးရွားသည့်အခြေအနေအောက်တွင် ထိန်းသိမ်းချုပ်နှောင်ခံ ရခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခံရခြင်းများ ကြုံတွေ့ခံစားရပြီး ပြင်ပအဆက်အသွယ်နှင့်လည်း မရကြပေ။[20] ဥပမာဖြစ် စဉ်တစ်ခုတွင် ၂၀၂၁ ခုနှစ်၊ မတ်လ ၆ရက်နေ့၌ ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ မြဝတီမြို့မှ ဆန္ဒပြပွဲတွင်ပါဝင် ခဲ့သော အသက် (၂၈)နှစ်အရွယ် စောန---နှင့်သူ၏သူငယ်ချင်းများသည် ဖမ်းဆီးခံရပြီး မိသားစုဝင်များနှင့်အဆက် အသွယ်မရဘဲ (၈)လကြာ ထိန်းသိမ်းခံခဲ့ရသည်။ စောန---ကို ပုဒ်မ (၅၀၅) ဖြင့် တရားစွဲခဲ့ပြီး ထောင်ကျခဲ့သည်။ ထောင်ထဲတွင် စောန---အနေဖြင့် ဖုန်းခေါ်ဆိုခြင်း၊ ဆေးဝါးများ သို့မဟုတ် လုံလောက်သည့် ရေနှင့်စားစရာ များမရ ရှိခဲ့ပေ။ စောန---၏မိသားစုက သူ့ဆီကိုသွားလည်ပတ်ခွင့်မရခဲ့ကြောင်း တင်ပြသည်။ စောန---၏အမှုအတွက် တရားရုံးတင်စစ်ဆေးခြင်း သို့မဟုတ် ကြားနာခြင်းများမရှိခဲ့ပေ။

၂၀၂၁ ခုနှစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် SAC အာဏာပိုင်များမှ အသစ်ပြဋ္ဌာန်းလိုက်သည့်ဥပဒေများကို  ကိုင်စွဲ ပြီး HRDs များအား ပေါ်ပေါ်ထင်ထင်ဖမ်းဆီးခြိမ်းခြောက်ခြင်းကြောင့် HRDs များအနေဖြင့် ၎င်းတို့လုပ်ငန်းများ ဆောင် ရွက်ရာတွင် အဟန့်အတားများဖြစ်စေသည်။ ရာဇသတ်ကြီး ပုဒ်မ (၅၀၅)ဖြင့်တရားစွဲ၍ ဖမ်းဆီးသည့်ဖြစ်စဉ်များကို HRDs တော်တော်များများက တင်ပြကြသည်။ ထိုအထဲတွင် ခလယ်လွီထူခရိုင်၊ ဆောထိ (ရွှေကျင်) မြို့နယ်မှ လူငယ် ရေးရာအဖွဲ့အစည်း၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ အသက် (၄၃)နှစ်အရွယ်ရှိသော ကိုပ---က “(၂၀၂၁ ခုနှစ်) အာဏာသိမ်း ပြီးနောက်ပိုင်း ကျွန်တော်လည်း အာဏာသိမ်းမှုကိုဆန့်ကျင်သပိတ်မှောက်တဲ့ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တယ်။ ပြီး တော့ ကျွန်တော်ကိုယ်တိုင်လည်း ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တယ်။ အဲဒီအတွက်ကြောင့် ကျွန်တော့်ကို ပုဒ်မ- ၅၀၅ (က)နဲ့တရားစွဲတယ်။ ပြီးတော့ သူတို့က (စစ်ကောင်စီ) ကျွန်တော့်ကို ဖမ်းဆီးဖို့ဝရမ်းထုတ်တယ်။ (…) အဲဒါကြောင့် သူတို့က ကျွန်တော်တို့အိမ်ကိုဝင်စီးတယ်။ ပုဒ်မ (၅၀၅)နဲ့တရားစွဲထားတဲ့သူတွေရဲ့အိမ်တွေကို ဆိုင်းဘုတ်လိုက် ကပ်တယ်။” ဟု ရှင်းပြသည်။ ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်မှ ဒေါ်ဘ---ကလည်း “သူတို့က (စစ်ကောင် စီစစ်သား) (ကစယ်ဒိုမြို့နယ်၊ ဘဘ---ဒေသမှာ) စစ်ကြောင်းလာထိုးတဲ့လမ်းတစ်လျှောက်မှာ သူတို့တွေ့တဲ့ရွာ သားတွေကို ဖမ်းဆီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကြောင်းထိုးတဲ့အချိန်မှာ သူတို့ကျူးလွန်တဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရွာသားတွေက တစ်ခြားသူတွေကို သွားပြောမှာစိုးလို့လေ။ ဟု ပြောပြသည်။ SAC လုံခြုံရေး တပ်ဖွဲ့များသည် ဆန္ဒပြသည့်လူငယ်များစုဝေး၍မရအောင် ၎င်းတို့အား ဖမ်းဆီးမည်ဟုဆို၍ ခြိမ်းခြောက်စာများ ထုတ်ပြန်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသ၊ စမ်းချောင်းမြို့နယ်၊ ဘဧ---မြို့မှ ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သော တက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်သူ အသက် (၂၀)နှစ်ရှိသည့်မောင်ခ---ကလည်း တင်ပြသည်။ အာဏာသိမ်းမှုအား ဆန့်ကျင် သည့်လုပ်ရပ်များနှင့်ပတ်သက်ပြီး ကရင်ပြည်နယ်ရှိ ဆန္ဒပြသူများ၊ CDM သမားများနှင့်လူ့အခွင့်အရေးလှုပ်ရှားသူ များအနေဖြင့် မတရားဖမ်းဆီးခံရမည်ကိုကြောက်ရွံ့နေရသည်ကို KHRG မှ လက်ခံရရှိသည့် အနည်းဆုံး အစီရင်ခံ စာ (၁၄၁)စောင်က ဖော်ပြထားသည်။ PAR သုတေသနတွင် ပါဝင်ဆွေးနွေးခဲ့သည့် HRDs များအားလုံးနီးပါးသည် မတရားဖမ်းဆီးခံရမည်ကိုလည်း စိုးရိမ်ကြောက်ရွံ့နေသည်ဟု ထပ်လောင်းတင်ပြသည်။

ကရင်လူမျိုးအတွက် လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်သူ စောရ---သည် ဖမ်းဆီးခံရမည့်အခြေအနေကို ရှောင် ရှားရင်း အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံသို့ရောက်ရှိလာပြီး ၎င်း၏ဖြတ်သန်းမှုကို ယခုလိုပြောပြသည်။ “၂၀၂၁ ခုနှစ် အာဏာ သိမ်းမှုဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီက လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေအပါအဝင် နိုင်ငံရေးလှုပ် ရှားသူများနှင့် CDM သမားများကို ပစ်မှတ်ထားပြီး အနီးကပ်စောင့်ကြည့်လေ့လာတယ်။ ကျွန်တော်က လူ့အခွင့် အရေးစည်းရုံးလှုံ့ဆော်သူတစ်ဦးဖြစ်တဲ့အတွက် စစ်ကောင်စီဖမ်းဆီးခံရမှာကို အရမ်းစိုးရိမ်တယ်။ (…) လူ့အခွင့်အ ရေးအတွက် စည်းရုံးလှုံ့ဆော်ရတဲ့အလုပ်က အန္တရာယ်အရမ်းများတယ်။ အထူးသဖြင့် (စစ်ကောင်စီ) ကျူးလွန်သူ တွေရဲ့အမှားတွေကို ဖော်ပြပေးနေရတဲ့အလုပ်က အန္တရာယ်သိပ်များတယ်။ ကိုယ့်လုံခြုံရေးကို စိုးရိမ်နေရတဲ့အ တွက် နိုင်ငံအပြင်ကနေထွက်လာရတယ်။ အဲဒါကြောင့် ကိုယ့်နိုင်ငံအတွင်းမှာ လူ့အခွင့်အရေးစည်းရုံးလှုံ့ဆော်ရေး အလုပ်ကို ထိထိရောက်ရောက်ဆောင်ရွက်ဖို့ အခက်အခဲရှိတယ်လေ။”

SAC သည် HRDs များကို ရှာဖွေဖမ်းဆီးမရသည့်အခြေအနေတွင် HRDs များ၏မိသားစုများကို ပစ်မှတ်ထား၍ ဖမ်း ဆီးခြိမ်းခြောက်ခြင်းများ ပြုလုပ်ကြသည်။ ထိုအခြေအနေကြောင့် HRDs တော်တော်များများသည် ၎င်းတို့မိသားစု များ၏လုံခြုံရေးအတွက်နှင့်လူ့အခွင့်အရေးအလုပ်ကိုလည်း အဟန့်အတားဖြစ်စေမှာကို စိုးရိမ်နေရကြောင်း တင်ပြ ကြသည်။ ဘိတ်-ထားဝယ်ခရိုင်မှ CDM ကျောင်းဆရာမတစ်ဦးက “ကျွန်မက လွတ်မြောက်လာပေမဲ့ ကျွန်မမှာ အမေတစ်ယောက်ရှိတယ်။ အဲဒါကြောင့် အမေတစ်ခုခုဖြစ်မှာ အရမ်းစိုးရိမ်တယ်။ (…) ကျွန်မထွက်ပြေးလွတ် မြောက်လာပြီးထားအုန်း သူတို့က နောက်မှာကျန်ရစ်တဲ့ကျွန်မရဲ့ဆွေမျိုးတွေကို လာဖမ်းသွားမှာလေ။ သူတို့က သူတို့ဖမ်းချင်တဲ့သူတွေကို ရှာမတွေ့ရင် အခြားသူတွေကို သွားဖမ်းကြတယ်။ အဲဒါကြောင့်ကျွန်မစိုးရိမ်တာပေါ့။ ကျွန်မလွတ်မြောက်လာတာက အရေးမကြီးဘူး။ နောက်မှာကျန်ရစ်တဲ့သူတွေအတွက် စိုးရိမ်ရတယ်။” ဟု ပြော သည်။ ၂၀၂၁ ခုနှစ်၊ အစပိုင်းအတွင်း မြန်မာရဲဝန်ထမ်းနှင့်စစ်သားများသည် CDM တွင်ပါဝင်လာရာတွင် အဓိက အတားအဆီးတစ်ခုမှာ ၎င်းတို့၏မိသားစုဝင်များ ခြိမ်းခြောက်ခံရမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။[21]

ဖမ်းဆီးခံရမည့်အန္တရာယ်များရှိသော်လည်း HRDs များသည် ဒီမိုကရေစီတိုက်ပွဲအတွက် အရေးကြီးပါသော CDM လှုပ်ရှားမှုအစရှိသော လူ့အခွင့်အရေးလှုပ်ရှားမှုများကို ဆက်လက်လုပ်ကိုင်နေကြောင်း တင်ပြသည်။ ဒူးပလာယာ ခရိုင်၊ နို့တကော (ကြာအင်းဆိပ်ကြီး) မြို့နယ်၊ ဘက---ကျေးရွာမှ ကျောင်းဆရာတစ်ဦးဖြစ်သူ အသက် (၃၂)နှစ် အရွယ် စောစ---က “သူတို့က ထုတ်ပြန်ချက်တွေအများကြီးထုတ်တယ်။ CDM မှာပါဝင်လာရင် ခြောက်နှစ်လောက် ထောင်ကျမယ်တဲ့။ (…) ဒါပေမဲ့ ကျွန်တော်တို့လိုချင်တဲ့ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရမယ်။ ကြောက်ပေမဲ့လည်း ဒီမိုကရေစီရအောင် လုပ်ရမယ်။ ကျွန်တော်တို့တွေ ငြိမ်နေပြီးကြောက်ရမဲ့အခြေအနေကို မလိုချင်ဘူး။ လိုချင်တာ ရဖို့ အရာအားလုံးကိုအနစ်နာခံပြီး စွန့်လွှတ်ရမယ်။” ဟု ပြောသည်။

အဓမ္မအစဖျောက်ခြင်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ သြဂုတ်လအထိ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် HRDs များအပါ အဝင် လူ (၁၀၀)ကျော်သည် (အနည်းဆုံးအချိန်ကာလတစ်ခုအထိ) အဓမ္မအစဖျောက်ခြင်းကိုခံခဲ့ရသည်။ အများစုတွင် အာဏာသိမ်းမှုအား ဆန့်ကျင်သည့်လုပ်ရပ်များကြောင့်ဟု ယူဆရသည်။[22] လူတစ်ဦး အဓမ္မအစဖျောက်ခံရပါက ၎င်းမိသားစုဝင်များအပေါ် ဆိုးကျိုးသက်ရောက်မှုများဖြစ်ပေါ်စေသည်။ မိသားစုဝင်ဖြစ်သူများသည် အစဖျောက် ခံရသော ၎င်းတို့ချစ်ရသူများအကြောင်းနှင့်ပတ်သက်ပြီး ၎င်းတို့အခြေအနေနှင့်ဘယ်နေရာမှာရှိနေသည်ကို မည် သည့်သတင်းအစအနမှ မသိရှိရပေ။

ရန်ကုန်တိုင်းဒေသ၊ စမ်းချောင်းမြို့နယ်မှ တောအူးခရိုင်သို့ ထွက်ပြေးတိမ်းရှောင်လာသော တက္ကသိုလ်ကျောင်းသား တစ်ဦးဖြစ်သူ မောင်ခ---က ၂၀၂၁ ခုနှစ်၊ မတ်လတွင်  KHRG အား ယခုလိုတင်ပြသည်။ “တစ်ချို့လူတွေက (ဆန္ဒပြ သူများ) ဖမ်းဆီးခံရပြီး (စစ်ကောင်စီ) ကားနဲ့ခေါ်သွားတယ်။ စစ်ကောင်စီက သူတို့ကို ဘယ်နေရာမှာ ခေါ်သွားလဲ။ ပြီးတော့ သူတို့ကိုဘာလုပ်သွားလဲဆိုတာ ကျွန်တော်တို့မသိကြဘူး။ သူတို့က (စစ်ကောင်စီ) မင်းမဲ့စရိုက်ဆန်ဆန် လုပ်နေကြတယ်။ သူတို့က လူတွေကိုဖမ်းဆီးပြီး ဘာမှမမေးဘဲ ခေါ်သွားတယ်။ ပြီးတော့ သူတို့က လူတွေကို ဘယ်မှခေါ်သွားလဲ၊ ဘာလုပ်လိုက်လဲဆိုတာ ဘယ်သူမှမသိကြဘူး။ ဘာမှလည်း မကြားရတော့ဘူး။”

အဓမ္မအစဖျောက်မှုနှင့်ပတ်သက်၍ သိသာထင်ရှားသည့်ဖြစ်စဉ်တစ်ခုမှာ တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ ဆစ---ကျေးရွာအုပ်စု၊ ဆစ---ကျေးရွာမှ HRD တစ်ဦးဖြစ်သူ စောယ---၏အကြောင်းဖြစ်သည်။ သူသည် ကျေးရွာအုပ်ချုပ် ရေးမှူးဟောင်းတစ်ဦးဖြစ်သည်။ စောယ---သည် သူ၏ဒေသတွင် စစ်တပ်၏အကြမ်းဖက်မှုများကို ဝေဖန်ရှုတ်ချ ခြင်းနှင့် သူ၏လူ့အခွင့်အရေးလှုပ်ရှားမှုများကြောင့် သူ့ကို ဖမ်းဆီးဝရမ်းမိန့်ထုတ်ခဲ့သည်။ ထို့နောက် ၂၀၂၃ ခုနှစ်၊ ဖေ ဖော်ဝါရီလ ၂ ရက်နေ့တွင် ခမရ (၆၀၃) မှ SAC စစ်သားများသည် စောယ---အား ဖမ်းဆီးပြီး အဓမ္မအစဖျောက် ခဲ့သည်။[23] ဤဖြစ်စဉ်ဖြစ်ပွားပြီးနောက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ရက်နေ့တွင် SAC စစ်သားများသည် ဒေါ်ဖားခို မြို့နယ်၊ ဃဟ---မြို့တွင်ရှိသည့် စောယ---၏မိသားစုအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး စောယ---၏မိသားစုဝင်များကို ရှာဖွေကာ မိသားစုဝင်ဓာတ်ပုံများနှင့်၎င်းတို့၏အချက်အလက်များကို ရယူခဲ့သည်။ ဖမ်းဆီးခံရနိုင်သည့်အခြေအနေ ကို ရင်ဆိုင်ကြုံတွေ့ခဲ့သောကြောင့် စောယ---၏မိသားစုသည် လုံခြုံသောနေရာတစ်နေရာသို့  ထွက်ပြေးပုန်းရှောင်ခဲ့ရ သည်။

အခြားနေရာသို့ပုန်းရှောင်နေရသော်လည်း လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများသည် စိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ဒူးပလာယာခရိုင်မှ ကရင်လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်သူ စောရ---သည် ဖမ်းဆီးခံရမည့်အခြေအနေကို ရှောင်ရှားရင်း အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံသို့ရောက်ရှိလာပြီး ၎င်း၏ဖြတ်သန်းမှုကို ယခုလိုပြောပြသည်။ “မြန်မာပြည်မှာ လူ့အခွင့်အရေးအတွက် စည်းရုံးလှုံ့ဆော်မှုတွေလုပ်ရင် အန္တရာယ်ပိုများ တယ်။ ဒါပေမဲ့ တစ်ခြားနေရာမှာ သွားရောက်ပုန်းရှောင်ခဲ့ရပေမဲ့ လုံခြုံရေးကြောင့် အမြဲတမ်းသတိထားပြီးနေထိုင် နေရတယ်။ လူသိမခံအောင်နေရတယ်။ ကျွန်တော့်ရဲ့အလုပ်ကြောင့် စစ်ကောင်စီက ကျွန်တော့်ကို စောင့်ကြည့် မှာကိုလည်း သတိထားရတယ်။”                

(ဂ) လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်အား ပိတ်ပင်ကန့်သတ်ခြင်း

၂၀၂၁ ခုနှစ်အာဏာသိမ်းမှုဖြစ်ပွားပြီးမှစ၍ ကရင်ပြည်နယ်အတွင်းတွင် လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်သည် ပို၍ တင်းကြပ်လာသည်။ SAC သည် စစ်ဆေးရေးဂိတ်များကိုပို၍ချထားလာခြင်း၊ ညမထွက်ရအမိန့်အား ထုတ်ပြန် ခြင်းနှင့် ခရီးသွားလာရာတွင် ခွင့်ပြုချက်တောင်းရသည့်တင်းကြပ်သော စည်းမျဉ်းများကိုချထားခြင်းတို့ကြောင့် လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်နည်းပါးလာခြင်းဖြစ်သည်။ ယခုလက်ရှိတွင် ထိုင်းမြန်မာနယ်စပ်တွင် နေထိုင် သော ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်မှ ကရင် HRD တစ်ဦးဖြစ်သူ နော်ဃ---က ယခုလိုရှင်းပြသည်။ “စစ် ကောင်စီက စစ်ဆေးရေးဂိတ်တွေကိုချထားတယ်။ ညမထွက်ရအမိန့်ကိုလည်းထုတ်ပြန်ထားတယ်။ ပြီးတော့ အခြား မြို့မှာနေတဲ့လူတစ်ယောက်က မင်းအိမ်မှာလာအိပ်မယ်ဆိုရင် (စစ်ကောင်စီ) ရပ်ကွက်မှူးကို ဧည့်စရင်းတိုင်ရ တယ်။ တစ်ချို့နေရာတွေကိုသွားရင် ခရီးသွားလက်မှတ်လုပ်ရတယ်။ လူမှုကွန်ယက်နဲ့ Mytel အပါအဝင် ဆက်သွယ် ရေးဖုန်းလိုင်းတွေကို သူတို့က ထိန်းချုပ်ထားတယ်။” လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ကို ပိတ်ပင်ကန့်သတ်ထား ခြင်းကြောင့် HRDs များအနေဖြင့် စစ်ဆေးမေးမြန်းခံရခြင်း၊ ဖမ်းဆီးချုပ်နှောင်ခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်းအစရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကြုံတွေ့ရနိုင်သည့်အခြေအနေကို တိုးမြင့်စေ သည်။ ဘိတ်-ထားဝယ်ခရိုင်မှ မတ---သည် ဆန္ဒပြပွဲများကို ဦးဆောင်လှုပ်ရှားသူတစ်ဦးဖြစ်သူဖြစ်သည့်အတွက် ကြောင့် SAC မှ ၎င်းအား ဖမ်းဝရမ်းထုတ်ခဲ့သည်။ သွားလာလှုပ်ရှားခွင့်အခြေအနေနှင့်ပတ်သက်ပြီး မတ---က "(၂၀၂၁ ခုနှစ်၊ မတ်လအတွင်း) ညရှစ်နာရီကနေ မနက်လေးနာရီကြားမှာ အပြင်ထွက်ခွင့်မရှိဘူး။ (…) သူတို့က အပြင်မထွက်နဲ့လို့ပြောရင် ကျွန်မတို့လည်း အပြင်မထွက်ရဲဘူး။ (…) သူတို့ပြောတာကို လိုက်မနာဘူးဆိုရင် သူတို့ ဖမ်းဆီးပစ်တယ်။” ဟု ရှင်းပြသည်။ SAC သည် ညဖက်တွင် ရွာသားများကို အလွယ်တကူဖမ်းဆီး၍ရခြင်း[24] သို့မ ဟုတ် သတ်ဖြတ်ခြင်းစသည့်လုပ်ရပ်များကို[25] တရားဝင်ဖြစ်အောင် ညမထွက်ရအမိန့်နှင့် သွားလာလှုပ်ရှားခွင့်ကို ပိတ်ပင်ကန့်သတ်သော အခြားစည်းမျဉ်းဥပဒေများကို အသုံးပြုလေ့ရှိသည်ဟု သိရှိရသည်။

စစ်ဆေးရေးဂိတ်များချထားခြင်းသည်လည်း SAC အနေဖြင့်ခရီးသွားလာသည့်ရွာသားများကို မေးမြန်းခြင်း၊ ရှာဖွေ စစ်ဆေးခြင်းနှင့်ခြိမ်းခြောက်ခြင်းများပြုလုပ်ကြပြီး သွားလာလှုပ်ရှားမှုကို ပိတ်ပင်ကန့်သတ်ထားသည့်ပုံစံတစ်ခု ဖြစ်သည်။ တောအူးခရိုင်မှ ဒေသခံ HRD တစ်ဦးဖြစ်သူ နော်ဖ---မှ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတပ်ဖွဲ့ တွေက အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်လာသူများကို ကြားသိရှိရရင် လိုက်လံဖမ်းဆီး ကြတယ်။ (၂၀၂၁ ခုနှစ်၊ ဇွန်လနှင့်သြဂုတ်လအတွင်း) သူတို့က စစ်ဆေးရေးဂိတ်တွေကို ပိုပြီးချထားလာတယ်။ ဆေးရုံ ဒါမှမဟုတ် မြို့ကိုသွားနေကြတဲ့လူတွေကို တင်းတင်းကြပ်ကြပ်ရှာဖွေစစ်ဆေးတယ်။ အဲဒါတင်မကဘဲ သူတို့က ခရီးသွားလက်မှတ်လည်းတောင်းတယ်။” ဟု ပြောသည်။ အလားတူစွာ တောအူးခရိုင်၊ ဆဒ---မြို့နယ်မှ HRD တစ်ဦးဖြစ်သူ စောထ---ကလည်း ညမထွက်ရအမိန့်ကိုထုတ်ပြန်ပြီးနောက် ၎င်းအနေဖြင့် စစ်ဆေးရေးဂိတ် တွင် စစ်ဆေးခံရသည့်ဖြစ်စဉ်တစ်ခုကိုတင်ပြခဲ့သည်။ ထိုဖြစ်စဉ်ကို စောထ---က ယခုလိုရှင်းပြသည်။ ကျွန်တော်က ဆန္ဒပြပွဲတွေကို ဓာတ်ပုံရိုက်ခဲ့တယ်။ ဒါပေမဲ့ သူတို့က လမ်းကြိုလမ်းကြားမှာ ဖုန်းတွေကို လိုက်စစ်လေ့ရှိ တယ်။ အဲဒါကြောင့် ကျွန်တော်လည်း ဓာတ်ပုံတွေကိုဖျက်လိုက်တယ်။ (…) အဲဒီအချိန်တုန်းက ဖေ့ဘွတ်စ်ပေါ်မှာ စစ်ပြေးရှောင်နေရတဲ့သတင်းအများစုကို လိုက်ရှဲတယ်။ ပြီးတော့ ကရင်သမိုင်းကြောင်းတွေကိုတင်ထားပို့စ်တွေကို နောက်မှပြန်ဖတ်မယ်ဆိုပြီး ကျွန်တော် save ထားတယ်။ အဲဒါကို ရဲတွေက တွေ့သွားတယ်။ သူက (ရဲအရာရှိ) ဓာတ်ပုံတွေကို အောက်ဆွဲလိုက်၊ အပေါ်ဆွဲလိုက်နဲ့ကြည့်နေတယ်။ ပြီးတော့ ဒါကဘာလဲလို့ သူမေးတယ်။ အဲဒါက ကရင့်သမိုင်းအကြောင်းပါလို့ ကျွန်တော်ပြန်ဖြေတယ်။ အဲဒါကို မင်းဘာဖြစ်လို့ရှဲတာလဲလို့ သူမေးပြန်တယ်။ ကျွန်တော်မရှဲပါဘူး။ အဲဒါကို ကျွန်တော်ဖတ်ဖို့အတွက်ပဲ save ထားတာပါလို့ သူ့ကိုပြန်ဖြေတယ်။ ပြီးတော့ သူက အောက်ဆွဲပြီးဆက်ကြည့်တယ်။ စစ်ပြေးရှောင်သတင်းတွေကို သူတွေ့သွားတယ်။ (…) သူတို့သာ အောက်ကိုဆွဲပြီး ဆက်ကြည့်နေအုန်းမယ်ဆိုရင် သူတို့ကို (စစ်ကောင်စီ) ဆဲထားတဲ့ဗီဒီယိုတွေကို သူတို့တွေ့လိမ့်မယ်။ (…) ကျွန် တော့်ကိုဖမ်းလို့ရတယ်ဆိုပြီး သူတို့ပြောတယ်။ ဘာဖြစ်လို့ဖမ်းလို့ရလဲ၊ ဘာအကြောင်းနဲ့ဖမ်းရတာလဲဆိုပြီး ကျွန် တော်ပြန်မေးတယ်။ ကျွန်တော်က နိုင်ငံရေးနဲ့ဆိုင်တဲ့သတင်းတွေကို လိုက်ရှဲတယ်လို့ဆိုပြီး သူတို့က ပြောတယ်။ (…) အဲဒါကြောင့် သူတို့က ကျွန်တော့်ရဲ့နာမည်၊ မှတ်ပုံတင်နံပါတ်၊ အဖေအမေတွေရဲ့နာမည်ကိုလည်း မေးတယ်။ (…) ကျွန်တော်တို့စကားပြောနေတဲ့အချိန်မှာ အခြားတစ်နေရာမှာ ဆူညံသံတစ်ခုကြားလိုက်ရတယ်။ (အဲဒါနဲ့သူ တို့က ကျွန်တော်ကိုဆက်မမေးတော့ဘူး)။ အဲလိုနဲ့ပဲ ကျွန်တော်လွတ်မြောက်သွားခဲ့တယ်။”

စစ်ဆေးရေးဂိတ်များ များပြားလာခြင်းသည် HRDs များအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းပြုစု ခြင်း သို့မဟုတ် ချိုးဖောက်မှုသတင်းအကြောင်းအရာများ ဖြန့်ဝေခြင်းအပါအဝင် လူ့အခွင့်အရေးပညာပေးသင် တန်းများပို့ချခြင်းစသည့်လုပ်ငန်းများကိုလုပ်ဆောင်ရာတွင် အတားအဆီးများဖြစ်လာသည်။ ဘိတ်-ထားဝယ်ခရိုင်၊ ဆသ---မြို့နယ်မှ HRD တစ်ဦးဖြစ်သူ နော်သ---က “လူ့အခွင့်အရေးသတင်းမှတ်တမ်းပြုစုတာနဲ့ပတ်သက်ပြီး လုပ်ဆောင်ရတာမလွယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်ဆေးရေးဂိတ်တွေကိုလည်း ဖြတ်သန်းသွားလာဖို့မလွယ် ဘူး။ ကားလမ်းမကိုတောင် မသွားရဲဘူး။ တောတောင်တွေဖြတ်ကျော်ပြီး သွားရတယ်။ တခါတလေ တောင်ပေါ်မှာပဲ အိပ်ခဲ့ရတာတွေရှိတယ်။ (လူ့အခွင့်အရေး) သင်တန်းအတွက် လိုအပ်တဲ့စာရွက်တွေကို မိတ္တူသွားကူးဖို့မလွယ်ဘူး။ ကျွန်မတို့ရဲဖုန်းထဲမှာတောင် မိသားစုဓာတ်ပုံပဲ သိမ်းထားရတယ်။ စစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းသွားလာမယ် ဆိုရင် သူတို့က (စစ်ကောင်စီ) တင်းတင်းကြပ်ကြပ်စစ်ဆေးမေးမြန်းတယ်။ ပြီးတော့ ကိုယ်ပေါ်မှာလည်း ဘာတွေယူ လာလဲဆိုပြီး ရှာဖွေစစ်ဆေးတယ်။” ဟု ရှင်းပြသည်။

လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်အား တားဆီးကန့်သတ်ထားခြင်းနှင့် ယင်းနှင့်ဆိုင်သောအန္တရာယ်စိန်ခေါ်မှုများရှိ နေခြင်းကြောင့် HRDs များအနေဖြင့် ၎င်းတို့သွားရန်လိုအပ်သောဒေသများတွင် လူ့အခွင့်အရေးလုပ်ငန်းများသွား ရောက်ဆောင်ရွက်ရန် အခက်အခဲများဖြစ်ပေါ်စေသည်။ ထို့ကြောင့် HRDs များသည် လူသွားလူလာနည်းသော အခြားလမ်းများကိုရွေး၍ ခရီးသွားလာရသည်။ တောအူးခရိုင်၊ ဆဒ---မြို့နယ်မှ HRD တစ်ဦးဖြစ်သူ စောဧ---က “ပုံမှန်ဆိုရင် ကျွန်တော်တို့သတင်းသွားကောက်ယူတဲ့အချိန်မှာ ကားလမ်းမကြီးကိုပဲသွားတယ်။ ဒါပေမဲ့ (၂၀၂၁ ခုနှစ် မှစ၍) အခုချိန်မှာ ကားလမ်းမကြီးမှာ (စစ်ကောင်စီ) စစ်ဆေးရေးဂိတ်တွေများလာတယ်။ အဲဒါကြောင့် တောလမ်း ကိုရွေးပြီးသွားရတယ်။ (…) သူတို့က (စစ်ကောင်စီ) ဖုန်းတွေကိုစစ်ဆေးတယ်။ သူတို့ဖမ်းချင်တဲ့လူတွေရဲ့နာမည် စရင်းတွေ သူတို့မှာရှိတယ်။ ကျွန်တော်တို့လည်း သူတို့ဖမ်းချင်တဲ့လူတွေထဲက တစ်ယောက်များဖြစ်နေမလား ဆိုပြီး စိုးရိမ်နေရတယ်။” ဟု ရှင်းပြသည်။

အပြင် လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် လူသားချင်းစာနာထောက်ထားမှုပေးသော လုပ်သားများအပါအဝင် ကရင် HRDs များသည် ဘေးကင်းလုံခြုံမှုရှိသည်ဟုထင်ရသည့်အိမ်နီးချင်းနိုင်ငံများမှနေ၍ လူ့အခွင့်အရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင်  သွားလာလှုပ်ရှားမှုကန့်သတ်ထားခံရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းနှင့် အခြားစိန်ခေါ် မှုများကို ကြုံတွေ့နေရကြောင်း တင်ပြသည်။ အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံကြသော တစ်ချို့ HRDs များသည် တရားဝင်စာရွက်စာတမ်းများရှိသော်လည်း အဓမ္မဖမ်းဆီးချုပ်နှောင်ခံရမည်ကို စိုးရိမ်ကြောက်ရွံ့ကြောင်း တင်ပြ တာတွေရှိသည်။

(ဃ) နောက်ယောင်ခံစောင့်ကြည့်ခြင်းနှင့် ဒစ်ဂျစ်တယ်ခြိမ်းခြောက်မှုများ

SAC သည် သတင်းအချက်အလက်များကိုထိန်းချုပ်ရန် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဒစ်ဂျစ်တယ်ခြိမ်းခြောက် မှုများနှင့် အင်တာနက်ဖြတ်တောက်ခြင်းနှင့်နောက်ယောင်ခံစောင့်ကြည့်ခြင်းအစရှိသော ဆက်သွယ်ရေးလမ်း ကြောင်းများကို ပိတ်ပင်ခြင်းနည်းလမ်းများကို အသုံးပြုလာသည်။ ထိုသို့အခြေအနေကြောင့် HRDs များသည် လုံခြုံ ရေးခြိမ်းခြောက်မှုများကို မကြာခဏကြုံတွေ့ရကြောင် တင်ပြကြသည်။ အထူးသဖြင့် SAC သည် လူမှုကွန် ယက်နှင့်ဆက်သွယ်ရေးပလပ်ဖောင်းများကို စောင့်ကြည့်လေ့လာပြီး HRDs များကို ပစ်မှတ်ထားလာသည်။

လူမှုကွန်ယက်နှင့်ဖုန်းများကို စောင့်ကြည့်လေ့လာခြင်း

SAC သည် ရွာသားများအပေါ် အွန်လိုင်းပေါ်တွင်ဖြစ်စေ၊ နောက်ယောင်ခံလိုက်၍ဖြစ်စေ စောင့်ကြည့်လေ့လာနေ ကြောင်း KHRG မှ သတင်းလက်ခံရရှိခဲ့သည်။ SAC အဖွဲ့ဝင်များသည် တခါတရံတွင် လူအများရှေ့တွင် ရွာသားလို ရုပ်ဖျက်၍ စစ်းအစိုးရကို ဆန့်ကျင်သည့်သူများကို လိုက်လံရှာဖွေကြပြီး တခါတရံတွင်လည်း လူမှုကွန်ယက်ကို အသုံးပြု၍လှည့်စားဖြားယောင်နေသည်ဟု  အမျိုးသမီးအခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင် သော ကရင် HRD တစ်ဦးဖြစ်သူ နော်ဈ---က တင်ပြသည်။

အထူးသဖြင့် စစ်ဆေးရေးဂိတ်များတွင် ဖုန်းသယ်ဆောင်၍ ခရီးသွားလာခြင်းသည် HRDs များအတွက် အန္တရာယ် ရှိသည်။ ဒူးပလာယာခရိုင်၊ ဝေါ်ရေ (ဝင်းရေး) မြို့နယ်၊ ဘမ---ကျေးရွာအုပ်စုမှ ကျောင်းဆရာတစ်ဦးလည်းဖြစ်၊ HRD တစ်ဦးလည်းဖြစ်သူတစ်ဦး စောအအ---က “စစ်အာဏာသိမ်းပြီးကထဲက စိန်ခေါ်မှုတွေက အများကြီးပဲ။ လမ်းမှာ ခရီးသွားရင် သူတို့က မင်းရဲ့ဖုန်းကိုစစ်ဆေးတယ်။ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ပေ့စ်ခုခုကို Like နဲ့ follow လိုက် ထားလား စစ်ဆေးတယ်။ စစ်ဆေးလို့သူတို့အဲလိုတွေ့ရင် မင်းရဲ့ဖုန်းကိုသိမ်းတယ်။ (…) သူတို့က မင်းရဲ့ဖုန်းကို သေသေချာချာစစ်ဆေးတယ်။ မင်းရဲ့newsfeed တွေ ဒါမှမဟုတ် မင်း Like နဲ့ Follow လုပ်ထားတဲ့ပေ့စ်တွေကို စစ်ဆေးတယ်။” ဟု တင်ပြသည်။

ဖြစ်စဉ်တစ်ခုတွင် တောအူးခရိုင်မှ CDM ရဲဝန်ထမ်းတစ်ဦး၏ပြောပြချက်အရ SAC တပ်ရင်းမှူးတစ်ဦးသည် စစ်ဆေး ရေးဂိတ်တစ်ခုတွင် ဖြတ်သန်းသွားလာနေသော အဆိုပါ CDM ရဲဝန်ထမ်းတစ်ဦး၏သူငယ်ချင်းတစ်ဦးကို ခေါ်ယူစစ် ဆေးခဲ့သည်။ ထို့နောက် တပ်ရင်းမှူးသည် ထိုသူ၏ Facebook messager ကိုယူသုံး၍ အဆိုပါ CDM ရဲဝန်ထမ်း တစ်ဦးအား CDM တွင်ပါဝင်လာရန်နှင့် ၎င်း၏တည်နေရာရှဲပေးရန်ဆို၍ စာပို့ပေးခဲ့သည်။ အဆိုပါ CDM ရဲဝန် ထမ်းသည် ဤသို့သောစာများသည် သူ၏သူငယ်ချင်းပို့နေကြစာများနှင့်မတူဘဲ ထူးဆန်းနေသည်ဟု သတိထားမိခဲ့ သည်။ ထို့နောက် စာပို့တာတွေကို ရပ်တန့်ခဲ့သည်။ ခဏကြာပြီးနောက် အဆိုပါ CDM ရဲဝန်ထမ်းတစ်ဦးသည် သူ၏ သူငယ်ချင်းထံမှ ဖုန်းခေါ်ဆိုမှုကိုလက်ခံရရှိပြီး သူငယ်ချင်းဖြစ်သူက “ခုနတုန်းက (စစ်ကောင်စီ) အရာရှိတစ်ဦးက ငါ့ဘေးနားမှာရှိနေတယ်။ သူက မင်းဆီကိုအဲလိုစာတွေပို့ပေးဖို့ ငါ့ကိုခိုင်းတယ်။ ငါက CDM မှာပါဝင်မဲ့အကြောင်း မင်းဆီကိုစာပို့ခိုင်းတယ်။ ပြီးရင် သူတို့က မင်းကိုသွားဖမ်းမယ်ပေါ့။” ဟု ရှင်းပြသည်။

အင်တာနက်ဖြတ်တောက်ခြင်းနှင့် ဖုန်းဆက်သွယ်ရေးလိုင်းများကို ကန့်သတ်ထားခြင်း

အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားသည့်ဒေသများတွင် အင်တာနက်ဖြတ်တောက်ခံရခြင်းနှင့် ဖုန်းဆက် သွယ်ရေးလိုင်းများ ကန့်သတ်ထားခံရသည့်အခြေအနေရှိကြောင်း လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ တော် တော်များများက တင်ပြခဲ့သည်။ ဒစ်ဂျစ်တယ်ဆက်သွယ်ရေးများသည် အခြားလူ့အခွင့်အရေးလှုပ်ရှားသူများအား ဆက်သွယ်ရန်၊ ဖွဲ့စည်းရန်နှင့် ကာကွယ်ရန်အတွက် အရေးကြီးသောအခန်းကဏ္ဍတစ်ခုဖြစ်လာသည်။ တောအူး ခရိုင်မှ HRD တစ်ဦးဖြစ်သူ စောအဘ---က ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ယခုလိုပြောသည်။ “အခုချိန်မှာ သူတို့က အင်တာနက်လိုင်းဖြတ်တယ်။ ပြီးတော့ VPN ကိုလည်းပိတ်ပစ်တယ်။ အခုတော့ ဆက်သွယ်ရေးအတွက် Facebook messenger ကိုအသုံးပြုလို့မရတော့ဘူး။ ဘာဖြစ်လို့ဆိုတော့ VPN ကိုသုံးလို့မရတော့ဘူးလေ။ ဖုန်းရှိပေမဲ့လည်း အင်တာနက်မရတော့ ဘာမှလုပ်လို့မရဘူး။

ဒေသအတွင်း SAC တပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခြင်းမပြုမီအချိန်အတွင်း အင်တာနက်ကို ဖြတ်တောက်လေ့ ရှိသည်ဟု သတင်းလက်ခံရရှိသည်။ ဤအခြေအနေသည် လူ့အခွင့်အရေးချိုးဖောက်မှုကို မှတ်တမ်းပြုစုရန်နှင့် ဖြန့်ဝေရာတွင် အဟန့်အတားများဖြစ်စေသည်သာမက ရွာသားများအနေဖြင့် အခြေအနေပေါ်မူတည်၍ ကြိုတင် ထွက်ပြေးတိမ်းရှောင်ရမည်ဆိုလျှင် အချင်းချင်းဆက်သွယ်အကြောင်းကြားနိုင်ခြင်းမရှိတော့ပေ။ တောအူးခရိုင်၊ ဆဒ---မြို့နယ်မှ အခြား HRD တစ်ဦးဖြစ်သူ စောဧ---က “တခါတလေမှာ ဖုန်းလိုင်းမရှိဘူး။ ကျွန်တော်ကတော့ ည--- ပဲ (ဖုန်းဆက်သွယ်ရေးလိုင်းတစ်ခုခု) သုံးတယ်။ ဒါပေမဲ့ တခါတလေတော့ အဲဒါလည်း လိုင်းမရဘူး။ ပြီးတော့ ကျွန်တော်က (စစ်ကောင်စီထိန်းချုပ်တဲ့) Mytel ကိုသုံးတယ်။ အဲဒါက အလုပ်ဖြစ်တယ်။ ဒေသမှာ တိုက်ပွဲဖြစ် လာပြီးဆိုရင် သူတို့က (စစ်ကောင်စီ) အင်တာနက်ကိုဖြတ်တောက်တယ်။ တခါတလေလည်း ဖုန်းလိုင်းကိုဖြတ် တယ်။ အဲဒါကြောင့် ရွာသားတွေအနေနဲ့ အချင်းချင်းဆက်သွယ်ဖို့ ဒါမှမဟုတ် တစ်ခုခုဖြစ်ပြီးဆိုတာနဲ့ အကြောင်း ကြားဖို့ အခက်အခက်ဖြစ်စေတယ်။ အဲဒါကြောင့်လည်း ကျွန်တော်တို့ဒေသမှာ တိုက်ပွဲသတင်း ဒါမှမဟုတ် သတင်းတစ်ခုခုကို အချိန်နဲ့တပြေးညီ ပုံမှန်မရနိုင်ဘူး။” ဟု ရှင်းပြသည်။

(င) လက်နက်ကိုင်ပဋိပက္ခများ - လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မြေမြှုပ်မိုင်းတည်ရှိမှု

ကရင်ပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခများ တစ်ရှိန်ထိုးဖြစ်ပွားနေသည့်အတွက်ကြောင့် HRDs များသည်လည်း လူ့အခွင့်အရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မြေမြှုပ် မိုင်းအန္တရာယ်များနှင့် ကြုံတွေ့ရသည်။

အရပ်သားဒေသအတွင်း လေကြောင်းဖြင့်တိုက်ခိုက်ခြင်း

KHRG ပြုလုပ်သော PAR သုတေသနဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်သည့် HRDs အများစုသည် ၎င်းတို့ အနေဖြင့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြောင့် တစ်ချို့သောအခြေအနေတွင် နည်းဗျူဟာများကို ပြောင်းလဲ ကျင့်သုံးရခြင်း သို့မဟုတ် လူ့အခွင့်အရေးလုပ်ငန်းများကို ရပ်တန့်ရခြင်းရှိခဲ့သည်ဟု တင်ပြသည်။ ဥပမာအားဖြင့် မူတြော်ခရိုင်၊ ဆဂ---မြို့နယ်မှ HRD တစ်ဦးဖြစ်သူ စောအဆ---က “ကျွန်တော်ရွာသားတစ်ယောက်နဲ့အင်တာဗျူး လုပ်နေတဲ့အချိန်မှာ ဒရုန်းတစ်စီးက ကျွန်တော်တို့အပေါ်ကို ပျံဝဲလာတယ်။ ကျွန်တော်စိုးရိမ်တာပေါ့။ အတွေ့ အကြုံရှိခဲ့တဲ့အတွက် စိတ်ထဲမှာတော့ မကြောက်ဘူး။ ဒါပေမဲ့ ကျွန်တော်အင်တာဗျူးနေတဲ့ရွာသားအတွက် စိုးရိမ် တယ်။ အင်တာဗျူးမပြီးသေးပေမဲ့ ရပ်လိုက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အတွက် စိုးရိမ်ရတယ်။” ဟု ရှင်း ပြသည်။ ခလယ်လွီထူခရိုင်၊ ဆဘ---မြို့နယ်မှ HRD တစ်ဦးဖြစ်သူ စောအဒ---သည်လည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ တွင် တိုက်ပွဲကြောင့် စစ်ပြေးရှောင်ရသည့်ရွာသားအခြေအနေကို သွားရောက်သတင်းကောက်ယူရန် အစီအစဉ်ရှိ ခဲ့သည်။ ထိုအစီအစဉ်မဖြစ်မြောက်သွားသည့်အကြောင်းကို ၎င်းက ယခုလိုပြောသည်။ “ကျွန်တော်က (စစ်ရှောင် စခန်းရှိတဲ့နေရာသို့သွားမည့်) လမ်းမကြီးပေါ်မှာ (ဘန---ကျေးရွာအထဲ) သွားနေတယ်။ အဲဒီချိန်မှာ သူတို့က (ဘန---ရွာမှာရှိတဲ့) ကျောင်းကိုဗုံးကြဲလိုက်တယ်။ ကျွန်တော်ဘာမှမတတ်နိုင်ဘူး။ လေယာဉ်က ကျွန်တော့်ထက်မြန် တယ်လေ။ စီးလာတဲ့ဆိုင်ကယ်ကိုပစ်ထားပြီး (လုံခြုံတဲ့)တစ်နေရာမှာ သွားပြေးပုန်းနေလိုက်တယ်။ ကျွန်တော်တို့ ပြေးတဲ့ချိန်မှာ လေယာဉ်က ကျွန်တော်တို့ခေါင်းပေါ်မှာပဲ ပျံဝဲလာတယ်။ ကျွန်တော်တို့ခေါင်းပေါ်မှာပျံဝဲလာတယ် ဆိုတာက သူတို့ပစ်တော့မယ်လေ။ အဲဒါနဲ့ မြေပြင်မှာ ဝပ်နေလိုက်တယ်။ လေယာဉ်က ကားလမ်းမကြီးအပေါ် မှာသာ ဗုံးကြဲခဲ့ရင် ကျွန်တော်တို့ဘဝသွားပြီးလေ။”

SAC သည် တစ်ချို့ဒေသများတွင် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် တစ်ချို့ဗုံးများသည် မပေါက်ကွဲဘဲ UXO အဖြစ် တည်ရှိနေသည်။ ခလယ်လွီထူခရိုင်၊ ဆဆ---မြို့နယ်မှ HRD တစ်ဦးဖြစ်သူ စောအဃ---က “မပေါက်ကွဲသေးတဲ့ ပေါင် (၅၀၀)ဗုံးတွေကို ဓာတ်ပုံသွားရိုက်ရင် အရမ်းအန္တရာယ်များတယ်။ ဓာတ်ပုံရိုက်နေတဲ့အချိန်မှာ အဲဒါသာ ပေါက်ကွဲသွားရင် ကျွန်တော်တို့အားလုံးသေပြီးလေ။” ဟု ရှင်းပြသည်။

ဖြစ်စဉ်အားလေ့လာခြင်း - SAC လေကြောင်းတိုက်ခိုက်မှုကြောင့် လူ့အခွင့်အရေးလုပ်ငန်းကို ထိခိုက်ခြင်း

၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် HRDs အဖွဲ့တစ်ဖွဲ့သည် မူတြော် (ဖာပွန်)ခရိုင်တွင် လူ့အခွင့်အရေးချိုးဖောက်မှု များကို သတင်းကောက်ယူရန် သွားလာနေသည့်အချိန်တွင် SAC လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ အဆိုပါ HRDs အဖွဲ့သည် ခရီးမသွားလာမီတွင် ဒေသခံ KNU အာဏာပိုင်များကို ဆက်သွယ်မေးမြန်း၍ KNU မှ ထိုလမ်း ကြောင်းသည် ဘေးကင်းလုံခြုံမှုရှိကြောင်း အသိပေးခဲ့သည်။ သို့သော်လည်း လမ်းတစ်ဝက်တွင် SAC ရဟတ်ယာဉ် များ၊ ဒရုန်းများနှင့် ဂျက်လေယာဉ်တစ်စီးသည် ရုတ်တရက်ရောက်လာပြီး ဒေသအနီးတစ်ဝိုက်တွင် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ထိုဒေသကို ကျွမ်းကျင်သည့်ဒေသခံ HRD တစ်ဦးက အဖွဲ့သားများကိုဦးဆောင်၍ နီးစပ်ရာ ချုံပုတ်များကြားတွင် ခေါ်ဆောင်ပြီးပုန်းနေခိုင်းခဲ့သည်။ မိနစ်အနည်းငယ်ကြာပြီးနောက် ထိုအဖွဲ့သည် ဆက်လက် ပုန်းနေဆဲဖြစ်သည်။ အကြောင်းမှာ ၎င်းတို့အနားတစ်ဝိုက်တွင် ဗုံးများကျရောက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ HRDs အဖွဲ့သားတစ်ဦးဖြစ်သည့် နော်အဂ---သည် လေကြောင်းတိုက်ခိုက်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာ ဝေဒနာများရရှိခဲ့ကြောင်းတင်ပြသည်။ နော်အဂ---က “အဲဒီအချိန်မှာ ကျွန်မရခဲ့တဲ့အကြောက်တရားကို နားလည် အောင်ရှင်းပြဖို့ စကားလုံးမရှိဘူး။ အခုချိန်ထိလည်း ကြောက်နေတုန်းပဲ။ လေယာဉ်ပျံအသံကိုကြားတိုင်း ကျွန်မခြေ မကိုင်မီ၊ လက်မကိုင်မီဖြစ်နေမိတယ်။” ဟု ပြောသည်။

 

လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုနှင့် အခြားလက်နက်များပစ်ဖောက်မှု

စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုများနှင့် တိုက်ပွဲများသည် လူ့အခွင့်အရေးကာကွယ်သူများ၏ လုပ်ငန်းများအပေါ် သက်ရောက်မှုများရှိပါသည်။ ဥပမာအားဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဒူးပလာယာခရိုင်တွင် နေထိုင်သော စောအဟ--- သည် ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ သေဘောဘိုး ကျေးရွာအုပ်စု၊ ဘဝ---ရွာတွင် ရှိသောစစ်ဘေးရှောင်များအား လူသားချင်းစာနာထောက်ထားမှု အကူအညီ များသွားရောက်ပေးဝေသည့်အချိန် ၎င်း၏အနီးအနားတစ်နေရာတွင် စစ်ကောင်စီ၏ပစ်ခတ်မှုများကို ရင်ဆိုင်ခဲ့ရပါသည်။ ထိုနည်းတူစွာ ခလယ်လွီထူခရိုင်၊ ဆဆ---မြို့နယ်တွင်နေထိုင်သော လူ့အခွင့်အရေးကာ ကွယ်သူတစ်ဦးဖြစ်သူ စောအဃ---သည် လယ်ဒိုမြို့နယ်၊ ပဒဲကော်‌ကျေးရွာအုပ်စုတွင် လက်နက်ကြီးရမ်းသန်း ပစ်ခတ်မှုများကြောင့် ကျန်မာရေးလုပ်သား ၂ ဦးထိခိုက်သေဆုံးသွားသည့်ဖြစ်စဉ်အား ဧပြီလ ၂၁ ရက်နေ့တွင် သွားရောက်၍မှတ်တမ်းပြုစုသည့်အခါ လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ဖြစ်ပေါ်နေသောကြောင့် မှတ်တမ်းမပြုစုနိုင်ခဲ့ပါ။

‌ဒေသတွင်းလူ့အခွင့်အရေးကာကွယ်သူများနှင့်လုပ်ဆောင်ခဲ့သော အဖွဲ့လိုက်တိုင်ပင်ဆွေးနွေးမှုတွင် လူအခွင့် အရေးကာကွယ်သူ အနည်းဆုံး ၅ ဦးမှ စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုများအား ခန့်မှန်း၍မရ ခြင်းနှင့် ရွာသားများ၏လုံခြုံရေးအတွက် စိုးရိမ်ရခြင်းများကြောင့် လူအခွင့်အရေးအသိပညာပေးရေး သင်တန်းနှင့် အခြားလုပ်ငန်းများအပေါ် သက်‌ရောက်မှုများရှိကြောင်းတင်ပြခဲ့ကြပါသည်။ ဒေသတွင်းရှိ လူ့အခွင့်အရေးကာကွယ်သူ များသည်လည်း စစ်ကောင်စီ၏ ရုတ်တရက်လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများနှင့် လေကြောင်း ကင်း‌ထောက်မှုများကြောင့် အလုပ်ရုံဆွေးနွေးပွဲ အနည်းဆုံး ၅ ခုကို ရပ်ပစ်ခဲ့ရကြောင်းတင်ပြခဲ့ကြပါသည်။

မြေမြှုပ်မိုင်းတည်ရှိမှု မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လူ့အခွင့်အရေးလုပ်ငန်းများလုပ်ဆောင်သည့် အချိန်တွင် မြေမြှုပ်မိုင်းအန္တရာယ်ရင်ဆိုင်နေရကြောင်း HRDs အများအပြားမှတင်ပြခဲ့ကြပါသည်။ လက်နက်ကိုင်တပ်ဖွဲ့များမှ လမ်းပေါ်တွင်မြေမြှုပ်မိုင်းထောင်ထားသောကြောင့် ခရီးသွားလာရေးအပေါ်သက် ရောက်မှုရှိပြီး အန္တရာယ်ကိုရှောင်ရှားရန် ပို၍လုံခြုံးပြီး ဝေးသောလမ်းများကိုအသုံးပြုရကြောင်း HRDs အချို့မှတင်ပြခဲ့ကြပါသည်။ မြေမြှုပ်မိုင်းများသည် ရွာများနှင့်နီးစပ်ရာနေရာများတွင် ထောင်ထားလေ့ရှိပြီး အမှတ်အသားများ ပြထားခြင်းမရှိကြောင်း တင်ပြကြပါသည်။ တောအူးခရိုင်၊ ဆဒ---မြို့နယ်မှ HRD တစ်ဦးဖြစ်သူ စောအဘ---သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် စစ်ဘေးရှောင်များပုန်းအောင်းနေသောနေရာ အနီးတွင် လက်နက်ကိုင်တပ်ဖွဲ့များမှ မြေမြှုပ်မိုင်းများထောင်ထားကြောင်း အသိပေးခံရပြီးနောက် ထိုနေရာသို့မသွားရောက်နိုင်ခဲ့ကြောင်း ဥပမာပေး တင်ပြခဲ့ပါသည်။

စစ်ရေးလှုပ်ရှားမှုများနယ်မြေအတွင်း လက်နက်ကိုင်တပ်ဖွဲ့များတည်ရှိနေမှုကြောင့် HRDs အချို့မှာ ၎င်းတို့၏လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန် အခက်အခဲများရှိကြောင်းတင်ပြခဲ့ကြပါသည်။ ဥပမာအား ဖြင့် မြိတ်-ထားဝယ်ခရိုင်ရှိ HRD တစ်ဦးသည် ၂၀၂၃ ခုနှစ်တွင် ကော်သူးလေတပ်မတော် (KTLA) မှ ၎င်းအား သူလျှို သို့မဟုတ် သတင်းထောက်ဖြစ်သည်ဟုစွပ်စွဲပြီး သတ်ပစ်မည်ဟုခြိမ်းခြောက်သောကြောင့် ၎င်း၏ရွာသို့ ပြန်ရောက်နေထိုင်နိုင်ခြင်းမရှိတော့ကြောင်း တင်ပြခဲ့ပါသည်။

HRDs အချို့မှာသွားလာနိုင်ရန် KNU ၏အကာအကွယ်ကိုမှီခိုနေရကြောင်းတင်ပြခဲ့ပြီး ဤကဲ့သို့မှီခိုနေရခြင်း နှင့်ဆက်စပ်သောစိန်ခေါ်မှုများကိုတင်ပြခဲ့ပါသည်။ မူတြော်ခရိုင်၊ ဆဃ---မြို့နယ်မှ စောအသ--- မှဤကဲ့သို့ ရှင်းပြခဲ့ပါသည်။ “KNU အဖွဲ့ဝင်တွေက လူအခွင့်အရေးချိုးဖောက်တဲ့အခါမှာ ကျွန်‌တော့်ရဲ့လုံခြုံရေးအတွက် စိုးရိမ်ရလို့ တင်ပြရမလား မတင်ပြရမလား ဆုံးဖြတ်ရခက်တယ်။” ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်မှ HRD တစ်ဦးဖြစ်သူ နော်ဃ---မှ ၎င်း၏လုပ်ငန်းများကိုဆက်လက်လုပ်ဆောင်နိုင်ရန် အသုံးပြုသည့်နည်းလမ်း များကို ဤကဲ့သိုရှင်းပြခဲ့ပါသည်။ “ကျွန်မတို့က ဒေသခံအသိုက်အဝန်းနဲ့ အာဏာပိုင်တွေနဲ့ ယုံကြည်မှုတည် ဆောက်တယ်။ တစ်ချိန်တည်းမှာပဲ သူတို့ (အာဏာပိုင်) တွေကို ကျွန်မတို့က လူ့အခွင့်အရေးအသိပညာပေး တာတွေဆက်လုပ်ပေးနေရတယ်။ အဲဒါမှ ကျွန်မတို့စည်းရုံးလှုံ့ဆော်ရေးလုပ်တဲ့အခါမှာ သူတို့က HRDs တွေကို ရန်သူ မဟုတ်ရင်လည်း သူတို့ရဲ့အမှားတွေကို စောင့်ကြည့်နေတဲ့သူတွေလို့မမြင်ပဲနဲ့ လက်ခံနိုင်မှာဖြစ်တယ်။”

(စ) စားဝတ်နေရေးအကြပ်အတည်းများနှင့် လူမှုအသိုက်အဝန်းအပေါ် ခြိမ်းခြောက်မှုများ

HRDs များသည် SAC မှ ၎င်းတို့၏နေအိမ်များနှင့် ၎င်းတို့မိသားစုဝင်များ၏အိမ်နှင့် ပိုင်ဆိုင်မှုများအားပစ်မှတ်ထားခြင်း ဖြင့် ၎င်းတို့၏စားဝတ်နေရေးကိုခြိမ်းခြောက်နေကြောင်း တင်ပြကြပါသည်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမှုများ တွင်ပါဝင်ခဲ့သော မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ ဘဘ---ဒေသမှ လူ့အခွင့်အရေးကာကွယ်သူ ဒေါ်ဘ---မှဤကဲ့သို့တင်ပြခဲ့ပါသည်။ “၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ကတည်းက ကျွန်မတို့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြခဲ့တယ်။ ကျွန်မတို့ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြခဲ့ကြတယ်။ ကျွန်မက အစိုးရဝန်ထမ်းတွေကို CDM လုပ်ဖို့တက်တက်ကြွကြွစည်းရုံးတိုက်တွန်းတော့ ကျွန်မကိုဖမ်းဖို့ SAC က သရက်ချောင်း[ကစယ်ဒို]မှာ ဖမ်းဝရမ်းထုတ်ခဲ့ တယ်။ ကျွန်မက လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်တယ်။ ကျွန်မက လူ့အခွင့်အရေး အသိပညာပေးရေးတွေလုပ်တယ်။ [...] ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှာ ရဲနဲ့ [SAC] စစ်သားတွေက ကျွန်မကိုဖမ်းဖို့ ကျွန်မရဲ့အမေအိမ်ကိုရောက်လာတယ်။” SAC မှ သူမကိုဖမ်းဆီးရန် ရှာဖွေ၍မရသောကြောင့် သူမ၏မိသားစုဝင်များ ၏အိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းတင်ပြခဲ့ပါသည်။ “သူတို့က ပထမဆုံး သပိတ်ခေါင်းဆောင်တွေနဲ့ NLD ခေါင်းဆောင်တွေရဲ့အိမ်တွေကိုမီးရှို့တယ်။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့မှာ ကျွန်မရဲ့အစ်မဆိုင်နဲ့ ကျွန်မရဲ့အဖိုးအဖွား အိမ်ကိုမီးရှို့တယ်။ [...] ကျွန်မအမေရဲ့အိမ်ကိုလည်းသူတို့ဖျက်ဆီးခဲ့တယ်။ [...] ကျွန်မရဲ့နိုင်ငံရေးအမြင်တွေကြောင့် သူတို့ကကျွန်မကိုဖမ်းချင်တယ်။ ကျွန်မကိုဖမ်းမရတော့ ကျွန်မရဲ့မိသားစုဝင်တွေရဲ့ အိမ်တွေကိုမီးရှို့တယ်။ သူတို့ရဲ့လုပ်ရပ်တွေက အောက်တန်းကျပြီးတော့ ရက်စက်တယ်။ [...] အိမ်စုစုပေါင်း ၁၅ လုံးမီးရှို့ခံလိုက်ရတယ်။” ဟုသူမမှရှင်းပြခဲ့ပါသည်။

စစ်အာဏာသိမ်းပြီး‌နောက် CDM တွင်ပါဝင်ခဲ့သော အစိုးရပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းအများအပြားသည် ၎င်းတို့၏ဝင်‌ငွေဆုံးရှုံးခဲ့ရသောကြောင့် စားဝတ်နေရေးအကြပ်အတည်းများရင်ဆိုင်ရပြီး အခြားရွာသားများ၏ ထောက်ပံ့မှုကိုသာမှီခိုနေရပါသည်။ ဤအထဲတွင် ရပ်ရွာအသိုက်အဝန်း၏ ထောက်ပံ့မှုဖြင့် လည်ပတ်နေသော ဒေသခံကျောင်းဆရာ၊ ဆရာမများ ကျန်းမာရေးဝန်ထမ်းများ၏ ဝန်ဆောင်မှုများပါဝင်ပါသည်။ ဘားအံမြို့မှ NLD ပါတီဝင် ဒေါ်ဟ---မှဤကဲ့သို့တက်ပြခဲ့ပါသည်။ “ကျွန်မတို့က အစိုးရဝန်ထမ်းတွေကို CDM လိုပ်ဖို့၊ ရုံးမတက်ဖို့၊ အလုပ်ထွက်ဖို့တိုက်တွန်တယ်။ ပညာရေးဝန်ထမ်းတွေအလုပ်ထွက်ကြတယ်။ ဘယ်အရပ်သားမှ အစိုးရအောက်မှာ အလုပ်မလုပ်ချင်ကြဘူး။ ကျွန်မရဲ့တူတစ်ယောက်ကကျောင်းဆရာ။ နောက်တစ်ယောက်က ဖုန်းအော်ပရေတာ။ နောက်ပြီး ကျွန်မရဲ့ညီမတစ်ယောက်က အစိုးရဌာနတစ်ခုမှာ ခေါင်းဆောင်မှုရာထူးရထားတယ်။ သူတို့အားလုံး အလုပ်ထွက်ကြတယ်။ သူတို့ရဲ့မိသားစုတွေကငွေကြေးမချမ်းသာဘူး။ သူတို့မိဘတွေက သူတို့ရဲ့လစဉ်ဝင်ငွေတွေကိုပဲ အခြေခံပြီးရပ်တည်ရတယ်။ အခုသူတို့ကအလုပ်ထွက်လိုက်တော့ စားဝတ်နေရေးအကြပ်အတည်းတွေ ရင်ဆိုင်ရ တယ်။”

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လေကြောင်းတိုက်ခိုက်မှုနှင့်ထွက်ပြေးတိမ်းရှောင်ရမှကဲ့သို့သော ပဋိပက္ခနှင့် ဆက်စပ်သည့် စားဝတ်နေရေးအကြပ်အတည်းများ၊ အစားအစာနှင့်အခြားသော အခြေခံကုန်စည်များ စျေးနှုန်းမြင့်တက် ခြင်းများကြောင့်စိုး ရိမ်စရာများအား HRDs များမှ အလေးပေး တင်ပြကြပါသည်။ အသက်ရှင် ရပ်တည်ရန်အတွက် ကြပ်တည်းနေသည့်အချိန်တွင် HRDs များသည်၎င်းတို့၏လုပ်ငန်းများကိုဆက်လက်လုပ်ဆောင်ပိုမို ခက်ခဲလာပါသည်။

ထို့အပြင် ဤအစီရင်ခံစာတွင်ဖော်ပြထားသည့် စိန်ခေါ်မှုများကြောင့် HRDs များသည် စိတ်ရောကိုယ်ပါ ပင်ပန်းနေရ ကြောင်းတင်ပြကြပါသည်။ အဖွဲ့လိုက်ဆွေးနွေးမှုတစ်ခုတွင် HRD တစ်ဦးမှ အလုပ်နှင့်ပတ်သက်၍ ၎င်းနှင့်၎င်း၏ လုပ်ဖော်ကိုင်ဖက်များရင်ဆိုင်ရသည့် အန္တရာယ်များကြောင့် အိပ်ချိန်တွင်အိပ်စက်၍မရကြောင်းနှင့် အခြားတစ်ဦးမှ ၎င်း၏အလုပ်ကြောင့် မိသားစုအပေါ်စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုများရှိသည်ကို သတိထားမိကြောင်း တင်ပြကြပါ သည်။

(ဆ) အမျိုးသမီးလူ့အခွင့်အရေးကာကွယ်သူ (WHRD) များ ရင်ဆိုင်ရသောစိန်ခေါ်မှုများ

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းသည့်အချိန်မှစ၍ အမျိုးသမီး HRDs များသည် ဆန္ဒပြပွဲများတွင် ရဲများကိုကြောက်ရခြင်း သို့မဟုတ် ဖမ်းဆီးခံရသည့်အချိန်နှင့် တစ်ဦးတည်းသွားလာသည့်အချိန်တွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမည်ကို ကြောက်ရခြင်းအပါအဝင် မတူကွဲပြားသည့်စိန်ခေါ်မှုများကိုရင်ဆိုင်ရပါသည်။ CDM တွင် ပါဝင်ပြီးနောက်တစ်ဦးတည်း သော အိမ်တွင်းအလုပ်နှင့် ဝင်‌‌ငွေရှာရသူဖြစ်သည့် အမျိုးသမီးများသည် ဝန် ၂ ဆ ထမ်းရပြီး စားဝတ်နေရေးအကြပ် အတည်းများ ရင်ဆိုင်ရကြောင်း တင်ပြကြပါသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဆန့်ကျင်‌ဆန္ဒပြမှုများတွင် အမျိုးသမီး HRDs များသည် ရဲများမှ၎င်းတို့ကိုချဉ်းကပ်သည့် အချိန် နှင့် ဖမ်းဆီးခံရသည့်အချိန်များတွင် မည်ကဲ့သို့ပြုမူဆက်ဆံခံရမည်ကို စိုးရိမ်ခဲ့ရကြောင်းတင်ပြခဲ့ကြပါသည်။ ထိုင်း-မြန်မာနယ်စပ်ရှိ ကရင် HRD တစ်ဦးဖြစ်သူ နော်အက---မှဤကဲ့သို့တင်ပြခဲ့ပါသည်။ “အဖမ်းခံရလို့ရှိရင် လိင်အကြမ်းဖက်မှုနဲ့ အခြားချိုးဖောက်မှုတွေခံရမှာစိုးလို့ အမျိုးသမီး တွေက ဆန္ဒပြပွဲတွေကိုသိပ်မသွားကြဘူးလို့ ကျွန်မကြားတယ်။ ဆန္ဒပြပွဲတွေမှာ အမျိုးသမီးတွေက အကာအကွယ်ပို လိုအပ်တယ်။ အဲဒါကြောင့် အမျိုးသမီး၊ အထူးသဖြင့် အမျိုးသမီး HRDs တွေကအဖမ်းမခံရအောင်သတိထားရတယ်။ ဆန္ဒပြတဲ့အမျိုးသမီးတွေအဖမ်းခံရပြီး လူ့အခွင့်အ‌ရေးလှုပ်ရှားသူတွေလို့ SAC ကသိလို့ရှိရင် အဲဒီ အမျိုးသမီး HRDs တွေအတွက် အန္တရာယ်တော်တော်များ မယ်။ သူတို့ကိုဘယ်လောက်ထိဆိုးဆိုးရွားရွားလုပ်မလဲဆိုတာ တွေးတောင် မတွေးရဲဘူး။”

၂၀၂၁ ခုနှစ် မှစ၍ အမျိုးသမီး HRDs များသည် စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် အကြမ်းဖက်မှုမခံရရန်နှင့် အခြားသောအန္တရာယ်များမှကာကွယ်ရန် သွားလာသည့်အချိန်တွင်လုံခြုံရေးအတွက် အထူးသတိထားရပြီး အမျိုးသားတစ်ဦးနှင့်အတူသွားလာရကြောင်းတင်ပြကြပါသည်။ ဒူးပလာယာခရိုင်မှ ဒေသခံ HRD တစ်ဦးဖြစ်သူ စောအလ---မှ ဤကဲ့သို့ဆိုပါသည်။ “အမျိုးသမီး HRDs တွေက အမျိုးသားတွေလို လွတ်လွတ်လပ်လပ် သွားလာလို့ မရဘူး။ […] အခြားအကြောင်းအရာတစ်ခုက မူးယစ်ဆေးနဲ့ပတ်သက်တယ်။ တစ်ခါတစ်လေ ဆေးသုံးတဲ့သူ တွေက ဆိုင်ကယ်နဲ့သွားလာနေတဲ့အမျိုးသမီးတွေကိုဒုက္ခပေးနိုင်တယ်။ ဆေးသမားတွေက အမျိုးသားတွေက အမျိုးသမီးတွေ ထက်ပိုသန်မာတော့ သူတို့ကိုခုခံနိုင်တာကိုသိတယ်။ သွားလာတဲ့အခါ အမျိုးသမီးတွေအတွက်ပိုအန္တရာယ်များတယ်။” အမျိုးသမီး HRDs များသည်အမျိုးသားများနှင့်အတူ ခရီးသွားလာသည့်အချိန်တွင်လည်း လိင်အကြမ်းဖက်မှုခံရမည်ကို စိုးရိမ်ရကြောင်းတင်ပြကပါသည်။

အမျိုးသမီး HRDs များသည် လူမှုအသိုက်အဝန်း၏ဓလေ့များကြောင့် မတူကွဲပြားသောအန္တရာယ်များကို ရင်ဆိုင်ရ ကြောင်း တင်ပြကြပါသည်။ ထိုင်း-မြန်မာနယ်စပ်တွင်နေထိုင်ကြသော ကရင် HRDs နှစ်ဦးဖြစ်သူ နော်အက--- နှင့် စောအမ--- တို့မှ အမျိုးသမီးများသည် ရိုးရိုးရှင်းရှင်း ဝတ်စားဆင်ယင်ရပြီး သွားလာသည့်အခါ လူကြားတွင်မသိသာစေ ရန် နှင့် စစ်ကောင်စီမှအပြင်လူအဖြစ်ပစ်မှတ်ထား မခံရရန် အလှပြင်ထားခြင်းမှ ရှောင်ရှားရကြောင်း တင်ပြကြပါသည်။ အမျိုးသမီး HRDs များသည် အမျိုးသားများကြားတွင် နေထိုင်ပုံအပေါ်မူတည်၍ ဝေဖန်ခံရမှုများရှိကြောင်း HRDs များမှတင်ပြကြပါသည်။ ဒူပလာယာခရိုင်၊ ဆဟ---မြို့နယ်မှ ဒေသခံ အမျိုးသမီး HRD တစ်ဦးဖြစ်သူ နော်အမ---မှ ဤကဲ့သို့ဆိုပါသည်။ “[ယဉ်ကျေးမှုနှင့်အညီ] ယဉ်ယဉ်လေး နေထိုင်တဲ့အမျိုးသမီးတွေအတွက်အန္တရာယ်ပိုနည်းတယ်။ အရက်သောက်ပြီး အားလုံးနဲ့အရောတဝင်လုပ်တဲ့ အမျိုးသမီးတွေအတွက် အန္တရာယ်ပိုများတယ်။” အမျိုးသားနှင့် အမျိုးသမီး HRDs အချို့မှ ၎င်းတို့၏လုပ်ငန်းများကိုလုပ်ဆောင်နိုင်ရန် လူမှုအသိုက်အဝန်း၏ ကျား၊ မ စံနှုန်းများကို နည်းလမ်းတစ်ခုအဖြစ် အသုံးပြုကြကြောင်းတင်ပြကြပါသည် [အသေးစိပ်ကို လုံခြုံရေးကြောင့် သျှိုဝှက်ထားပါသည်]။

ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းအများစုသည် အမျိုးသမီးများဖြစ်ကြပြီး အမျိုးသမီးအများအပြားသည် အိမ်၏ တစ်ဦးတည်းသောဝင်ငွေရှာဖွေသူများဖြစ်သည့်အခါ အချို့သောအမျိုးသမီး HRDs များသည် CDM တွင် ပါဝင်ပြီးအလုပ်ထွက်ခဲ့ကြသောကြောင့် ၎င်းတို့၏ လစဉ်ဝင်ငွေများဆုံးရှုံးရပြီး စားနေရေးအကြပ်အတည်းများ ဖြစ်စေပါသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် သပတ်ခေါင်းဆောင်တစ်ဦးဖြစ်လာသူ အသက် ၂၅ နှစ်အရွယ် ကျောင်းဆရာမတစ်ဦးဖြစ်သူ မအဝ---မှဤကဲ့ သို့တင်ပြခဲ့ပါသည်။ “ကျွန်မဘားအံမြို့မှာရှိနေတဲ့အချိန်တုန်းက ကျွန်မရဲ့လုံခြုံရေးအတွက်စိုးရိမ်ရတယ်။ ကျွန်မကိုသူတို့ [SAC] ကအိမ်မှာလာဖမ်းမှာ၊ စာပြန်သင်ခိုင်းမှာ၊ CDM မှာပေးမပါမှာစိုးရိမ်ရတယ်။ ကျွန်မရဲ့မိသားစုက ကျွန်မရဲ့လစာအပေါ်မှာမှီခိုနေရတော့ ကျွန်မ [CDM မှပါဝင်ပြီးနောက်] လစာမရှိတော့တဲ့အချိန်မှာ ကျွန်မတို့ရဲ့စားဝတ်နေရေးအပေါ်သက်ရောက်မှုတွေရှိလာတယ်။”

ကရင်အရပ်ဘက်အဖွဲ့အစည်းတစ်ခုတွင်အလုပ်လုပ်နေသည့် ဝါရင့် HRD တစ်ဦးမှ အထက်ဖော်ပြပါ စိန်ခေါ်မှုများကြောင့် အမျိုးသမီး HRDs များကို အလုပ်ခေါ်ရန်ခက်ခဲလာကြောင်း တင်ပြခဲ့ပါသည်။

၄. လုံခြုံရေးနှင့် ဥပဒေရေးရာသုံးသပ်မှု - အကာအကွယ်လိုအပ်နေသော လူ့အခွင့်အရေး (နှင့် လူ့အခွင့် အရေးကာကွယ်စောင့်ရှောက်သူများ)

ဤအစီရင်ခံစာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ကရင်ပြည်နယ်တွင် လူ့အခွင့်အရေးကာကွယ်သူများ (HRDs)များအပေါ် ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစ၍ စစ်ကောင်စီမှ သဘောထားကွဲလွဲမှုများကို ဖိနှိပ်ရန်၊ ဒေသအတွင်းဖြစ်ပွားလျက်ရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖုံးကွယ်ထားရန် နှင့် အကြောက်တရား နှင့် ခြိမ်းခြောက်မှုသံသရာ တည်မြဲစေရန် ရည်ရွယ်ပြီး အကြမ်းဖက်မှုများအား ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုမှုကို မှတ်တမ်းတင်ထားပါသည်။ SAC မှ HRDs များအားပစ်မှတ်ထားရာတွင် အသုံးပြုသည့်နည်းလမ်းများမှာ ညှဉ်းပန်းနှိပ် စက်မှု၊ အတင်းအဓမ္မ ပျောက်ဆုံးစေမှု၊ တရားလက်လွတ် သတ်ဖြတ်မှု၊ မတရားဖမ်းဆီးမှုနှင့် ထိန်းသိမ်းမှု၊ အိမ်မီးရှို့မှု၊ ခရီးသွားမှု ကန့်သတ်ချက်များ၊ ဒစ်ဂျစ်တယ် စောင့်ကြည့်မှုနှင့် အင်တာနက် ပြတ်တောက်မှုများ ပါဝင်သည်။ HRDs များ၏ မိသားစုဝင်များနှင့် ၎င်းတို့၏ အသိုက်အဝန်းများအပေါ်လည်း ထိုသို့သော ပစ်မှတ်ထားမှုများ ပြုလုပ်ကြပါသည်။ လွတ်လပ်သောတရားစီရင်ရေး စနစ်မရှိခြင်းဖြစ်ရပ်များကို အစီရင်ခံခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းများမပြုလုပ်ခြင်း များကြောင့် အဆိုပါချိုးဖောက်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေပါသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြသူများနှင့် CDM တွင်ပါဝင်သူများသည် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများ၏ အကာအကွယ်အောက်ရှိ ကျေးလက်လူမှုအသိုက်အဝန်းများသို့ ရောက်ရှိလာပြီး ကရင်ပြည်နယ်သည် HRDs များအတွက် အရေးပါသော ခိုလှုံရာနေရာတစ်ခု ဖြစ်လာခဲ့သော်လည်း လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာသည်နှင့်အမျှ HRDs များသည် ယခုအခါ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မြေမြှုပ်မိုင်းများအပါအဝင် ဒေသတွင်းရင်ဆိုင်နေရသည့် အကြမ်းဖက်မှုများ၏ ထပ်အန္တရာယ်များကို ရင်ဆိုင်နေကြရသည်။ SAC မှ ဖမ်းဆီးခြင်း၊ စစ်ဆေးမေးမြန်းခြင်း၊ တရားလက်လွတ်ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများအား ပြုလုပ်ရန် အခွင့်အလမ်းများအဖြစ် စစ်ဆေးရေးဂိတ်များကို တိုးမြှင့်အသုံးပြုလာမှုနှင့်အတူ HRDs များသည် ၎င်းတို့၏လုပ်ငန်းကို လုပ်ဆောင်ရာတွင် အထူးသဖြင့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ SAC ထိန်းချုပ်နယ်မြေများနှင့် ရောနှောထိန်းချုပ်ထားသော နယ်မြေများတွင် ပိုများလာသောအန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။

အထက်ဖော်ပြပါ ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများကြောင့် HRDs များ၏ အရေးပါသောအလုပ်များသည် မှေးမှိန်လာပြီး စိန်ခေါ်မှုများပိုများလာပါသည်။ KHRG မှ ၂၀၂၁ ခုနှစ် မှစ၍ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဆန္ဒပြမှုကဲ့သို့သော လူထုလှုပ်ရှားမှုများ လျော့ကျသွားကြောင်း မှတ်တမ်းရရှိခဲ့သည့်အပြင် SAC ပစ်မှတ်ထားတိုက်ခိုက်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများ၏ အန္တရာယ်များသည် HRDs များအား ချိုးဖောက်မှုများကိုမှတ်တမ်းတင်ခြင်း၊ လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ခြင်းနှင့် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများ ပေးအပ်ခြင်းအပါအဝင် မရှိမဖြစ်လိုအပ်သော လူ့အခွင့်အရေးလှုပ်ရှားမှုများကို လုပ်ဆောင်ခြင်းမှ တားမြစ်ထားပါသည်။ လူအများအပြားထွက်ပြေးတိမ်းရှောင်နေရမှုများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကြပ်အတည်းများ၊ ကျား၊မ ခွဲခြားဆက်ဆံမှုနှင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများကို ရင်ဆိုင်ရခြင်းအပါအဝင် အကြမ်းဖက်မှုများ၏ စုပေါင်းဆိုးကျိုးသက်ရောက်မှုများကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ HRDs များအပေါ် ထပ်လောင်းဖိအားများ ခံစားရပါသည်။

ဤစိန်ခေါ်မှုများရှိသော်လည်း HRDs များ၏ ဇွဲလုံ့လသည် ပေါ်လွင်နေပါသည်။ မြန်မာပြည် အရှေ့တောင်ပိုင်းရှိ HRDs များသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပေါ် ပြင်းထန်စွာကန့်သတ်ထားသည့်ကြားမှ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်သော သတင်းအချက်အလက်များကို မှတ်တမ်းတင်ခြင်း၊ အစီရင်ခံခြင်း၊ မျှဝေခြင်းနှင့် ဖြန့်ဝေခြင်းများကို လူမှုကွန်ယက်ပေါ်တွင်လှုပ်ရှားမှု၊ သိုသိပ်စွာလှုပ်ရှားမှုနှင့် ကာကွယ်ရေးနည်းလမ်းများ အသုံးပြု၍ ဆက်လက်လုပ်ဆောင်နေကြပါသည်။ အခြားသော HRDs များမှာ လက်နက်ကိုင်ပဋိပက္ခများကြားတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးအခွင့်အရေး အပါအဝင် ထွက်ပြေးတိမ်းရှောင်နေရသူများ၏ အခွင့်အရေးများကို ကာကွယ်ပေးရန် ကြိုးစားလုပ်ဆောင်နေကြပါသည်။ ဤအစီရင်ခံစာတွင် စုဆောင်းရရှိထားသော အချက်အလက်များအရ ကရင်ပြည်နယ်တွင် လူ့အခွင့်အရေး ကာကွယ်ခြင်းသည် အားလုံး၏အခွင်းအရေးကိုကာကွယ် ရန် အားလုံးမှ အန္တရာယ်များကို စုပေါင်းရင်ဆိုင်ခြင်းနှင့် သက်ရောက်မှုများကို စုပေါင်းခံစားခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအရှေ့တောင်ဒေသရှိ ခုခံကာကွယ်ရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုများတွင် လူထုအခြေပြုလှုပ်ရှား ဆောင်ရွက်မှု၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တိုက်တွန်းအပ်ပါ သည်။

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၏ ကြေငြာစာတမ်း[26] တွင် ပိုမိုကျယ်ပြန့်သော အသိုက်အဝန်းအတွက် လူ့အခွင့်အရေးကို အကောင်အထည်ဖော်ရာတွင် HRDs များ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုပါသည်။ ကြေငြာစာတမ်းတွင် HRDs များကိုကာကွယ်ရန်နှင့် ၎င်းတို့၏ လုပ်ငန်းများကို ဘေးကင်းစွာနှင့်ထိရောက်စွာ ဆောင်ရွက်နိုင်စေရန်အတွက် နိုင်ငံများအား တာဝန်ပေးထားပါသည်။ ၎င်းတွင် HRDs များအပေါ်ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ကာကွယ်တားဆီးပေးရန်နှင့် စွပ်စွဲချက်များကို ဖြေရှင်းပေးရန် အစီအမံများပါဝင် သည်။ မြန်မာပြည်တွင်မူ SAC သည် HRDs များလုပ်ငန်းလုပ်ဆောင်နိုင်ရန်အတွက် လုံခြုံသောပတ်ဝန်းကျင်ကိုဖော် ဆောင်ပေးရန် ပျက်ကွက်နေသည်သာမက HRDs များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် အလုံးစုံ ကျူးလွန်နေ့သည့်အဖွဲ့လည်းဖြစ်သည်။ ဤအထဲတွင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေမူဘောင် (IHRL) အောက်တွင် အကာအကွယ်ပေးထားသည့် ညှဉ်းပန်းနှိပ်စက်မှု (အပိုဒ် ၅၊ UDHR[27])၊ ဥပဒေမဲ့သတ်ဖြတ်မှုများ (အပိုဒ် ၃၊ UDHR)၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်း (အပိုဒ် ၉၊ UDHR)၊ လွတ်လပ်စွာသွားလာခွင့်ကို ဥပဒေမဲ့ ကန့်သတ်ချက်များ၊ (အပိုဒ် 13၊ UDHR)၊ ငြိမ်းချမ်းစွာစုဝေးခြင်း နှင့် စီတန်းလှည့်လည်ခွင့် (အပိုဒ် 20၊ UDHR)၊ လွတ်လပ်စွာ ထင်မြင်ပိုင်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့် (အပိုဒ် 19၊ UDHR) တို့ပါဝင်ပါသည်။ မြန်မာပြည်အရှေ့ တောင်ပိုင်းတွင်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခတွင် SAC မှ ရွာသားများအား တိုက်ရိုက်ပစ်မှတ်ထားတိုက်ခိုက် ခြင်းသည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေပါ ခွဲခြားသတ်မှတ်ခြင်းအခြေခံမူကို ချိုးဖောက်သည့်အပြင် စစ်ရာဇဝတ်မှုလည်းမြောက်နိုင်ပါသည်။ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများတွင် လူမှုအသိုက်အဝန်းအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးအခွင့်အ‌ရေး အပါအဝင် အခြေခံလူ့အခွင့်အရေးများကို ဖော်ဆောင်ပေးရန် လုပ်ဆောင်နေသော HRDs များလည်း ပါဝင်ပါသည်။

SAC မှ ပြည်တွင်းဥပ‌ဒေမူဘောင်များကို ကျယ်ကျယ်ပြန့်ပြန့်ပြောင်းလဲပြင်ဆင်ခြင်းနှင့် အရေးပေါ်အခြေအနေ သက်တမ်းထပ်တိုးခြင်းအားဖြင့် ဤချိုးဖောက်မှုများကို ပြစ်ဒဏ်ကင်းလွတ်ခွင့်အပြည့်အစုံဖြင့် ဆက်လက်ကျူးလွန် နေပါသည်။ တရားမျှတသော တရားစီရင်ပိုင်ခွင့်မရှိခြင်း၊ လွတ်လပ်သောတရားရေးမဏ္ဍိုင်မရှိခြင်းနှင့် ဆိုးရွားသော လက်တုံ့ပြန်ခြင်း အန္တရာယ်များသည် ချိုးဖောက်မှုများအား ပြည်တွင်းတွင်ဖြေရှင်းပေးရေးရေးအခွင့်အလမ်းများကို ဟန့်တားထားသည်။ IHRL မူဘောင်နှင့်သွေဖယ်နေသည့် ပြောင်းလဲပြင်ဆင်မှုများသည် မလိုအပ်သည်သာမကနှင့် အချိုးအစားမညီသည့်အပြင် SAC မှ မြန်မာပြည်သူလူထုကို ဖိနှိပ်ရန် အသုံးချနည်းဗျူဟာတစ်ခုအဖြစ်သာ တည်ရှိနေ သည်။ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၏ ကြေညာချက်တွင် လူ့အခွင့်အရေးချိုးဖောက်မှုအား လုံးကို ထိရောက်စွာအဆုံးသတ်ရေး ပါဝင်ကူညီရာတွင် လူတစ်ဦးချင်း၊ အစုအဖွဲ့များနှင့် အဖွဲ့အစည်းများ၏ အရေးကြီးသော ကြိုးစားအားထုတ်မှုများအပြင် နိုင်ငံတကာအသိုင်းအဝိုင်းပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးသော အခန်းကဏ္ဍကို လည်း အသိအမှတ်ပြုပါသည်။

(၁) မြန်မာပြည်အရှေ့တောင်ပိုင်းတွင် HRDs များအပေါ် SAC မှကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုအတိုင်း အတာ (၂) အလုံးစုံ ပြစ်ဒဏ်ကင်းလွတ်ခွင့် နှင့် (၃) အားလုံး၏အခွင့်အရေးအပေါ် ဤချိုးဖောက်မှုများ၏သက်ရောက်မှု များကို ထည့်သွင်းစဉ်းစားကြည့်လျှင် နိုင်ငံတကာအသိုင်းအဝိုင်းမှ ချက်ချင်းအရေးယူဆောင်ရွက်မှုများပြုလုပ်ရန် အထူးအရေးကြီးပါသည်။

နိုင်ငံတကာပါဝင်ပတ်သက်သူများအတွက်အကြံပြုချက်များ

မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ဒေသခံ HRDs များသည် နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ (SAC) ၏ တိုက်ခိုက်မှုများမှ ကာကွယ်ရန်နှင့် ပံ့ပိုးကူညီရန် ကမ္ဘာ့ကုလသမ္မကနှင့် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ အကူအညီတောင်းခံခဲ့သည်။ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံတွင်နေထိုင်သည့် ကရင်လူ့အခွင့်အရေး ကာကွယ်သူတစ်ဦးဖြစ်သူ စောအ---မှဤကဲ့သို့မှတ်ချက်ပြုခဲ့ ပါသည်။ “လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ အားလုံးဟာ အသိအမှတ်ပြုမှု၊ ထောက်ခံအားပေးမှုနဲ့ အကာအကွယ်ပေးမှုတွေနဲ့ ထိုက်တန်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေဲ့ လူ့အခွင့်အရေး ကာကွယ်စောင့် ရှောက်သူတွေကို ပံ့ပိုးကူညီမှုနဲ့ကာကွယ်မှုတွေပေးဖို့ ပိုအလေးထားသင့်တယ်။” ထိုနည်းတူစွာပင် ဒူးပလာယာခရိုင်မှ ထိုင်း-မြန်မာနယ်စပ်သို့ ပြောင်းရွေ့နေထိုင်လာသည့် HRD တစ်ဦးဖြစ်သူ နော်အ---မှ ဤကဲ့သို့ထပ်မံပြောဆိုခဲ့ပါသည်။ “တောင်းဆိုရမယ်ဆိုရင်၊ နေရာပြောင်းရွှေ့ရေးအတွက် ငွေသားအကူအညီနဲ့ ပံ့ပိုးပေးဖို့၊ ကျွန်မတို့ရဲ့ လုံခြုံရေးအရ ရုပ်ပိုင်းဆိုင်ရာနဲ့ ဒစ်ဂျစ်တယ် ကာကွယ်ရေးနည်းလမ်းတွေကို မြှင့်တင်ပေးဖို့ အတွက် သင်တန်းတွေပိုလုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ စိတ်ကျန်းမာရေး အထောက်အပံ့လည်း လိုအပ်တယ်လို့ ကျွန်မခံစားရတယ်။” ထို့အပြင် အားလုံးမှရင်ဆိုင်နေရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအားရပ် တန့်ရန် မြန်မာစစ်တပ်အား လက်နက်ရောင်းချမှု နှင့် စီးပွားရေးပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် နိုင်ငံတကာသက်ဆိုင်သူများ အား ဒေသခံ HRDs များကတောင်းဆိုခဲ့ သည်။

မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လူ့အခွင့်အရေးအခြေအနေဆိုးများနှင့် ဒေသတွင်း HRDs များ ရင်ဆိုင်နေရသော အသက်အန္တရာယ် စိန်ခေါ်မှုများကြောင့် KHRG မှ နိုင်ငံတကာပါဝင်ပတ်သက်သူများ၊ INGO များ၊ ဒေသတွင်းနှင့် ပြည်ပအစိုးရများအား အောက်ပါအတိုင်း တောင်းဆိုလိုပါသည်။

  • ကရင်ပြည်နယ်တွင် HRDs များကြုံတွေ့နေရသည့် လုံခြုံရေးအန္တရာယ်များနှင့် စိန်ခေါ်မှုများကို နိုင်ငံတကာအသိုင်းအဝိုင်းမှ သိရှိနားလည်လာအောင်အသိပညာပေးမှုများပြုလုပ်ရန်နှင့် မြန်မာပြည်တွင် လူ့အခွင့်အရေးရရှိရန် ငြိမ်းချမ်းစွာဖြင့် စည်းရုံးလှုံ့ဆော်ရေးနှင့် တက်ကြွလှုပ်ရှားများတွင်ပါဝင်သူအားလုံး၏ အခန်းကဏ္ဍကို အသိအမှတ်ပြုရန်။
  • မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လူ့အခွင့်အရေးကာကွယ်မှု၏ ဘုံရှုထောင့်ကို ထည့်သွင်းစဉ်းစားခြင်းအပါအဝင် ကရင်ပြည်နယ်ရှိ HRDs များအား၏ လုပ်ငန်းနည်းဗျူဟာများနှင့် နည်းစနစ်များအားကောင်းလာစေရန် ပံ့ပိုးကူညီခြင်းဖြင့် ပံ့ပိုးကူညီရန်။
  • HRDs များမှ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ၎င်းတို့၏လုပ်ငန်းများဆောင်ရွက်စဉ်တွင် ၎င်းတို့ကိုယ်ကို ပိုမိုကောင်းမွန်စွာကာကွယ်နိုင်စေရန် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးနှင့်ပတ်သက်သည့် သင်တန်းများကို စီစဉ်ပေးရန်။
  • လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအား အကာအကွယ်ပေးရန် သံတမန်ရေးရာ၊ နိုင်ငံရေးနှင့် နည်းပညာဆိုင်ရာ လုပ်ဆောင်မှုများပြုလုပ်ပြီး ၎င်းတို့၏ လုပ်ငန်းများကို လူမှုအသိုက်အဝန်းအတွင်း ဆက်လက်လုပ်ဆောင်နိုင်စေရန်အတွက် လုပ်ဆောင်ပေးရန်။
  • ၎င်းတို့၏ မိသားစုဝင်များအပါအဝင် HRDs များ၏ စိတ်ပိုင်းဆိုင်ရာနှင့် ငွေကြေးဆိုင်ရာလိုအပ်ချက်များ အပါအဝင် ပံ့ပိုးကူညီမှုအစီအစဉ်များ ဖော်ဆောင်ပြီး အရေးပေါ်အခြေအနေ သို့မဟုတ် ထွက်ပေးတိမ်းရှောင်နေရသည့် အချိန်များတွင် HRDs များအား ပံ့ပိုးကူညီနိုင်စေရန် ၎င်းတို့နှင့် လက်တွဲလုပ်ဆောင်သော ဒေသခံ CSO/CBOs များနှင့် ပူးပေါင်းလုပ်ဆောင်ရန်။
  • မြန်မာစစ်ခေါင်းဆောင်များ ကျူးလွန်ခဲ့သည့် ကြီးလေးသောရာဇ၀တ်မှုများကို အသိအမှတ်ပြုပြီး SAC ကို ထောက်ခံခြင်း သို့မဟုတ် တရားဝင်ခြင်းမှ ရှောင်ကြဉ်ပါ။ ၎င်းတွင် ၎င်းတို့နှင့် သဘောတူညီချက်များအတွင်းသို့ ဝင်ရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ၎င်းတို့အား တရားဝင် အသိအမှတ်ပြုပေးခြင်းနှင့် နိုင်ငံတကာ ဖိုရမ်များနှင့် လုပ်ငန်းဆောင်တာများတွင် ပါဝင်ရန် ဖိတ်ကြားခြင်းတို့ ပါဝင်သည်။
 

 

Mon, 30 Sep 2024

Footnotes: 

[1] ‘လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ (HRD)’ သည် လူ့အခွင့်အရေးကို မြှင့်တင်ရန် သို့မဟုတ် ကာကွယ်ရန် ငြိမ်းချမ်းသော နည်းဖြင့် တစ်ဦးချင်း သို့မဟုတ် စုပေါင်းလုပ်ဆောင်သည့် လူများကို ဖော်ပြရန် အသုံးပြုသည့် ဝေါဟာရဖြစ်သည်။ See more at: www.ohchr.org/en/special-procedures/sr-human-rights-defenders/about-human-rights-defenders

[3] See, for instance: OHCHR, ‘The Invisible Boundary – Criminal prosecutions of journalism in Myanmar’, September 2018; or AAPP, ‘Mapping Injustice in Myanmar’, September 2020.

[5] KHRG မှ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလတွင်ထုတ်ဝေသော, Village Agency: Rural rights and resistance in a militarized Karen State, တွင်ကြည့်ပါ။

[9] KHRG မှ ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် ထုတ်ဝေသော, လူထုပါဝင်ခွင့်မရှိသည့် လူထုပါဝင်ခွင့်မရှိသည့် ဖွံ့ဖြိုးရေးစီမံကိန်းများ - မြန်မာပြည်အရှေ့တောင်ပိုင်းရှိ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ မြေယာသိမ်းယူမှုများ မြေယာသိမ်းယူမှုများ နှင့် ကျေးလက် ကျေးလက်

စွမ်းရည်လုပ်ဆောင်ချက်များ, တွင်ကြည့်ပါ။ See also, for instance: KHRG, “Interview: Naw Ohn Hla, August 2019”, December 2019.

[10] Office of the United Nations High Commissioner for Human Rights (OHCHR), A/78/527: Report of the Special Rapporteur on the situation of human rights in Myanmar, October 2023.

[11] KHRG, Undeniable, above.

[13] HRDs များနှင့် ပထမအကြိမ် PAR အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ဆအ--- (ထိုင်း-မြန်မာနယ်စပ်) ၌ကျင်းပခဲ့ပြီး ဒုတိယအကြိမ်နှင့်တတိယအကြိမ်ကို ၂၀၂၄ ခုနှစ်၊ မေလတွင် မူတြော်ခရိုင်၌ပြုလုပ်ခဲ့သည်။ စတုတ္ထအကြိမ်ကိုမူ ၂၀၂၄ ခုနှစ်၊ မေလတွင် ဘိတ်-ထားဝယ်ခရိုင်၌ကျင်းပခဲ့သည်။ အမျိုးသမီး HRDs များနှင့် Feminist PAR တစ်ခုကိုလည်း ၂၀၂၄ ခုနှစ်၊ မေလတွင် မူတြော်ခရိုင်၌ ပြုလုပ်ခဲ့သည်။

[14] KHRG မှ ၂၀၂၁ ခုနှစ်၊ မတ်လတွင်ထုတ်ဝေသော “Mergui-Tavoy District Interview: Security forces kill peaceful anti-coup protesters in Dawei Town, February 2021, တွင်ကြည့်ပါ။

[15] KHRG မှ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင်ထုတ်ဝေသော, ဒူးပလာယာခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - ကရူတူးမြို့နယ်တွင် SAC မှ ကျေးရွာ အတွင်းလက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများသေဆုံးခြင်း၊ ဒဏ်ရာ ရခြင်း၊ လူနေအိမ်များထိခိုက်ပျက်စီးခြင်းနှင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီကို ပေးဝေနေသည့်အရပ်သားတစ်ဦးကိုလည်းပစ်သတ်ခြင်း (၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလနှင့် မတ်လ), နှင့် KHRG မှ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင်ထုတ်ဝေသော, ငြင်းပယ်ခံပြည်သူများ၏ဘဝများ - မြန်မာပြည်အရှေ့ တောင်ပိုင်းရှိ ဒေသခံလူမှုအအသိုက်အဝန်းများ ရင်ဆိုင်ရသော အကာကွယ်ပေးမမှုဆိုင်ရရာစိန်ခေါ်မှုများနှင့် လူသားချင်းစာနာ‌‌ထောက်ထားမှုဆိုင်ရာ အကြပ်အတည်းများ, တွင်ကြည့်ပါ။

[16] KHRG မှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ထုတ်ဝေသော စာမျက်နှာ ၂၂ ထဲ၌, စစ်တပ်၏ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည်သူများ၏ခုခံတွန်း လှန်မှု - ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာပြည်အရှေ့တောင်ပိုင်းအတွင်းဖြစ်ပွားခဲ့သော မတရားမှု၊ မလုံခြုံမှု၊ အကြမ်းဖက်မှုများနှင့်ပတ် သက်သော သက်သေခံချက်များ, တွင်ကြည့်ပါ။

[17] KHRG မှ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ထုတ်ဝေသော, “Dooplaya District Situation Update: Fighting, indiscriminate shelling, displacement, landmine injuries, travel restrictions and torture, December 2021 to February 2022”, နှင့် KHRG မှ ၂၀၂၄ ခုနှစ်၊ ဧပြီလတွင်ထုတ်ဝေသော, သေရာပါမည့် ဒဏ်ရာများ - မြန်မာပြည်အရှေ့တောင်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ရွာသားများအား အတင်းအဓမ္မဖမ်းဆီးချုပ်နှောင်၍ ညှဉ်းပမ်းနှိပ်စက်ခြင်း (၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ), တွင်ကြည့်ပါ။

[19] KHRG မှ ၂၀၂၄ ခုနှစ်၊ ဧပြီလတွင်ထုတ်ဝေသော, သေရာပါမည့် ဒဏ်ရာများ, တွင်ကြည့်ပါ။

[21] KHRG မှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ထုတ်ဝေသော စာမျက်နှာ ၄၄ မှ ၄၆ ထဲ၌, စစ်တပ်၏ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည်သူများ၏ခုခံတွန်း လှန်မှု, တွင်ကြည့်ပါ။

[22] အထက်တွင်ဖော်ပြထားသော KHRG မှ, ဌာနေအိမ်မှပျောက်ဆုံးသူ, တွင်ကြည့်ပါ။

[23] စာမျက်နှာ ၂၄-၂၅ တွင်ဖော်ပြထားသော KHRG မှ, ဌာနေအိမ်မှပျောက်ဆုံးသူ, တွင်ကြည့်ပါ။

[24] KHRG မှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ထုတ်ဝေသော စာမျက်နှာ ၂၇ ထဲ၌, စစ်တပ်၏ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည်သူများ၏ခုခံတွန်း လှန်မှု, တွင်ကြည့်ပါ။

[25] KHRG မှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင်ထုတ်ဝေသော, ဒူးသထူခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ- ပေါ် (‌ပေါင်) မြို့နယ်အတွင်း SAC စစ်သားများမှ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ခင်ပွန်းသည်အားပစ် သတ် (၂၀၂၁ခုနှစ်၊ စက်တင်ဘာလ), နှင့် KHRG မှ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင်ထုတ်ဝေသော, အသက်အန္တရာယ်ဖြစ်စေသောဆုံတွေ့မှုများ - မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များမှ အရပ်သားများအား သတ်ဖြတ်ခြင်း (၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ), တွင်ကြည့်ပါ။

[26] တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားသော လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို မြှင့်တင်ကာကွယ်ရန် လူတစ်ဦးချင်း၊ အစုအဖွဲ့များ နှင့် လူ့အဖွဲ့အစည်းအစိတ်အပိုင်းများ၏ အခွင့်အရေးနှင့် တာဝန်ဝတ္တရားဆိုင်ရာ ကြေငြာစာတမ်း ('လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ များ')၊ 1998 ခုနှစ်။

[27] အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR)၊ ၁၉၄၈ ခုနှစ်၊ စာဖြင့်၊ 'UDHR'။

ဆက်စပ်ဖတ်ရှုရန်