Mon, 23 Dec 2024
မျက်ကွယ်ပြုခံရသော နာကျင်ခံစားမှုများ - ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများကြုံတွေ့ရသော လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုနှင့် တရားမျှတမှုဆိုင်ရာအတားအဆီးများ

   

 

၁။ နိဒါန်း

အတိတ်ကာလတွင် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ဒေသခံရွာသားများ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကြုံတွေ့ခံစားခဲ့ရပြီး ယခုအချိန်ထိ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်သည်။ တရားဥပဒေစိုးမိုးမှုအားနည်းခြင်းနှင့် တရားမျှတမှုရရှိရန် ကြုံတွေ့ရသော အတားအဆီးများကြောင့် ရွာသားများအနေဖြင့် မိမိကိုယ်ကိုခုခံကာကွယ်ရေးနှင့် လိင်ပိုင်းဆိုင် ရာအကြမ်းဖက်မှုပပျောက်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ရာတွင် အဟန့်အတားများဖြစ်စေသည်။ ၂၀၂၁ ခုနှစ် အာ ဏာသိမ်းမှုအချိန်မှစ၍ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်လာသော စစ်ပဋိပက္ခများကြားတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့်ပတ်သက်၍ စိန်ခေါ်မှုများ ပို၍များပြားလာပြီး နေရာဒေသတော်တော်များများတွင် တရားဥပဒေစိုးမိုးရေးယန္တယားသည်လည်း ပိုမိုယိုယွင်းလာ၍ တရားမျှ တမှုရရှိရေးအတွက် ဟန့်တားနေလျက်ရှိသည်။ ရွာသားများကြုံတွေ့ရသော အတားအဆီးများမှာ အထူးသဖြင့် လက် နက်ကိုင်တပ်သားများအား အရေးယူဆောင်ရွက်ရန် တရားဥပဒေစိုးမိုးမှုအားနည်းခြင်း၊ စစ်ပဋိပက္ခဖြစ်ပွားသည့်နေရာဒေသများတွင် တရားစီရင်ရေးစနစ်များအား လက်လှမ်းမမီနိုင်ခြင်း၊ ကျူးလွန်သူများ ၏လက်တုန့်ပြန်မှုကို ကြောက်ရွံ့ခြင်း၊ မြန်မာစစ်တပ်မှ စစ်သားများအား တရားစွဲဆိုရန် နည်းလမ်းများမရှိခြင်း၊ ငွေကြေးဆိုင်ရာပြဿနာများနှင့်ကြုံတွေ့နေရခြင်း၊ ပတ်ဝန်းကျင်မှ ပြစ်တင်ဝေဖန်ကဲ့ရဲ့ခြင်း သို့မ ဟုတ် ရှည်လျားပြီးရှုပ်ထွေးသော တရားစီရင်ရေးလုပ်ထုံး လုပ်နည်းများ စသည်တို့ဖြစ်သည်။ ထိုအခြေအနေနှင့် အတားအဆီးများကြောင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်သူအများစုသည် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေပြီး ရွာသားများမှာ အကာအကွယ်ပေးမှုများမရရှိဘဲ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ပို၍ကြုံတွေ့ရမှုများဖြစ်စေကာ တရားမျှတမှုနှင့်လည်း အလှမ်းဝေးခဲ့ရသည်။ ထို့အပြင် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုများ ပို၍များပြားလာခြင်းကြောင့် ရွာသားများအနေ ဖြင့် တရားစီရင်ရေးစနစ်များအပေါ် ယုံကြည်မှုကင်းမဲ့လာသည်။

ဤအနှစ်ချုပ်စာတမ်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုမှစ၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ ဒေသအတွင်းသတ်မှတ်ထားသော ကရင်ပြည်နယ်ရှိ ရွာသားများကြုံတွေ့ရသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ဖြစ်စဉ်များနှင့် တရားမျှတမှုဆိုင်ရာအခက်အခဲ၊ အတားအဆီးများနှင့်ပတ်သက်၍ ကျူးလွန်ခံရသူများ၊ ၎င်းတို့မိ သားစုဝင်များနှင့် ဒေသခံလူမှုအသိုက်အဝန်းများမှတင်ပြထားသော သက် သေအထောက်အထားများကို ရေးသားဖော်ပြထားသည်။ အနှစ်ချုပ်စာတမ်း၏ပထမအခန်းတွင် မြန်မာပြည်အရှေ့ တောင်ပိုင်းတွင် တည်ရှိခဲ့သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၏နောက်ခံသမိုင်း၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၏ အခြေ အနေနှင့်ဒေသအတွင်း တည်ရှိနေသော မတူညီသည့် တရား စီရင်ရေးစနစ်များ၏ အခြေအနေအကျဥ်းချုပ်ကို ခြုံငုံသုံး သပ်ထားသည်။ ဒုတိယအခန်းတွင် လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုဖြစ်စဉ်များ အကျဉ်းချုပ်နှင့် တရားမျှတမှုရရှိရန်ကြိုး ပမ်းရာတွင်ကြုံတွေ့ရသော အခက်အခဲ၊ အတားအဆီးများ အပါအဝင် ထိုအကြမ်းဖက်မှု ဖြစ်စဉ်များနှင့်ပတ်သက်၍ ရွာသားများအနေဖြင့် အရေးယူဆောင်ရွက်ရန်နှင့် မိမိကိုယ်ကိုကာကွယ်ရန်အတွက် အသုံးပြုသောနည်းလမ်းများကို ရေးသားတင်ဆက်ထားသည်။ တတိယအခန်းတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအခြေအနေနှင့်ပတ်သက်သော လုံခြုံ ရေးနှင့်ဥပဒေရေးရာ လေ့လာသုံးသပ်ချက်များအပါအဝင် ပြည်တွင်းနှင့် နိုင်ငံတကာသက်ဆိုင်ရာတာဝန်ရှိသူများမှလိုက်နာဆောင်ရွက်ရမည့် မူဝါဒအကြံပြုချက်များကိုလည်းထည့် သွင်းဖော်ပြထားပါသည်။

၂။    ခြုံငုံသုံးသပ်ချက်

နောက်ခံသမိုင်း - မြန်မာနိုင်ငံရှိ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ

၁၉၄၈ ခုနှစ်တွင် မြန်မာပြည်လွတ်လပ်ရေးရပြီးကတည်းက မြန်မာစစ်တပ်သည် စစ်အုပ်ချုပ်ရေးစနစ်ကိုကျင့်သုံးရန်ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့သည်။ မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက်တွင် စစ်တပ်အာဏာသိမ်းမှုသုံးကြိမ်ဖြစ်ပွားခဲ့ပြီး ဒီမိုကရေစီတိုက်ပွဲကို တွန်းအားဖြစ်ပေါ်စေခဲ့သည်။ စစ်တပ်အာဏာ သိမ်းမှုသည် ၁၉၆၂ ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၈၈ ခုနှစ်တွင်တစ်ကြိမ်နှင့် မကြာသေးမီက ၂၀၂၁ ခုနှစ်တွင်တစ်ကြိမ် ဖြစ် ပွားခဲ့သည်။ မြန်မာစစ်တပ်အနေဖြင့် ၎င်းတို့စစ်ဆင်ရေးများနှင့် နယ်မြေရှင်းလင်းရေးခေါင်းစဉ်အောက်တွင် မြန်မာနိုင်ငံသားများနှင့်မတူကွဲပြားသည့်တိုင်းရင်းသားလူနည်းစုများအပေါ် ဆိုးရွားသောလူ့အခွင့်အရေးချိုးဖောက်မှုများ ကျူး လွန်ခဲ့သည်။ ဤသို့ဆိုးရွားသောလူ့အခွင့်အရေးချိုးဖောက်မှုများမှာ တရားလက်လွတ်သတ်ဖြတ်ခြင်း၊ ညှဉ်းပမ်းနှိပ် စက်ခြင်း၊ အဓမ္မဖမ်းဆီးချုပ်နှောင်ခြင်း၊ အဓမ္မနေရပ်ရွှေ့ ပြောင်းစေခြင်း၊ ငွေကြေးဥစ္စာများ မတရားတောင်းခံခြင်းနှင့်လုယက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းနှင့် အဓမ္မလုပ်အားခိုင်းစေခြင်း စသည်တို့ပါဝင်သည်။[1] မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော အဆိုပါလူ့အခွင့် အရေးချိုးဖောက်မှုများကို KHRG အနေဖြင့် သက်သေအ ထောက်အထားများနှင့်တကွ သတင်းမှတ်တမ်းပြုစုခဲ့သည်။ ထိုအထဲတွင် မြန်မာစစ်တပ်မှ ရွာသားများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအား ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်ခဲ့ပြီး မြန်မာစစ်တပ်အနေဖြင့် ၎င်းတို့စစ်ရေးဗျူဟာများတွင် မုဒိမ်းမှုနှင့် အခြားသောလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပုံစံများကို “စစ်လက်နက်”တစ်ခုသဖွယ် အသုံးပြုနေကြောင်း တွေ့ရှိရသည်။[2] ထိုကဲ့သို့သောလုပ်ရပ်များသည် စစ်ရာဇ ဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်သောရာဇဝတ်မှုမြောက်ပါသည်။

လွန်ခဲ့သောနှစ်ပေါင်းများစွာအတွင်း မြန်မာပြည်အရှေ့ တောင်ပိုင်းတွင် မုဒိမ်းပြုကျင့်ခြင်း၊ အုပ်စုဖွဲ့မုဒိမ်းပြုကျင့် ခြင်း၊ အဓမ္မအိမ်ထောင်ပြုခိုင်းစေခြင်း၊ လိင်ပိုင်းဆိုင်ရာစော် ကားခြင်းနှင့် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခြင်းများအပါအဝင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းများကို ကိုယ်တိုင်ကြုံတွေ့ခံစားရပြီး အသက်ရှင်ကျန်ရစ်ခဲ့သည့်အမျိုးသမီးများနှင့်မိန်းကလေးငယ်များ၏သက်သေခံချက်အမြောက်အများကို KHRG မှ လက်ခံရရှိခဲ့သည်။ ထိုအထဲတွင် လက်နက်ကိုင်တပ်သားများမှ အရပ်သားများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအား ကျူးလွန်ခဲ့သောပုံစံအ မျိုးမျိုးကိုလည်း တွေ့ရှိရသည်။ ထိုသို့ကျူးလွန်ခဲ့သောပုံစံများမှာ ကျူးလွန်ခံရသူများ၊ နစ်နာသူများသည် ဖမ်းဆီးချုပ်နှောင်ခံနေရစဉ်အတွင်း၊ အထူးသဖြင့် အဓမ္မပေါ်တာဆွဲခံရစဉ် သို့မဟုတ် အဓမ္မလုပ်အားခိုင်းစေခံရစဉ်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကြုံတွေ့ခဲ့ရသည်။ ထို့အပြင် ကျူးလွန်ခံရသူများ၊ နစ်နာသူများသည် ၎င်းတို့အိမ်တွင်ရှိနေစဉ်အတွင်းတွင်လည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကြုံတွေ့ခဲ့ရသည်။[3] ၁၉၈၈ ခုနှစ်မှ ၂၀၀၄ ခုနှစ်အတွင်း မြန် မာပြည်အရှေ့တောင်ပိုင်းတွင် စစ်တပ်မှ အမျိုးသမီးများနှင့်မိန်းကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခဲ့သည့်ဖြစ်စဉ်များ အနည်းဆုံး (၁၂၅)ခုကို KHRG က မှတ် တမ်းပြုစုခဲ့သည်။

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကျူးလွန်ခဲ့သော ပြစ်မှုကျူးလွန်သူများသည် ယခုအချိန်ထိ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေဆဲဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန် မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂၀၀၈) တွင် “တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ် လပ်စွာစီမံခန့်ခွဲစီရင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်”[4]  ဟု ပြဌာန်း ထားသည့်အတိုင်း မြန်မာစစ်တပ်သည် အခွင့်အာဏာအ ပြည့်အဝရှိပြီး မည်သည့်တပ်မတော်သားများမဆို အရပ် သားတရားစီရင်ရုံးတွင် တရားစီရင်ပိုင်ခွင့်မရှိသည့်အတွက်ကြောင့် ပြစ်မှုကျူးလွန်သည့် တပ်မတော်သားများကို တာ ဝန်ယူ၊ တာဝန်ခံမှုရှိစေရန် အရေးယူဆောင်ရွက်ရာတွင် ပွင့် လင်းမြင်သာမှုမရှိကြောင်း တွေ့ရှိရသည်။ မြန်မာ့တပ်မ တော်မှ စစ်သားများကို တရားရုံးများတွင် တာဝန်ယူ၊ တာ ဝန်ခံမှုရှိစေရန်လုပ်ဆောင်ပေးခြင်းမရှိသည့်အတွက်ကြောင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိစေသည့် အခြေအနေတရပ်ကို ဖြစ်ပေါ်စေသည်။

လိင်ပိုင်းဆိုင်ရာနှင့် ကျားမရေးရာအခြေပြုအကြမ်း ဖက်မှု (SGBV) နှင့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ တရားစီ ရင်ရေးစနစ်များ

ပဋိပက္ခအတွင်းဖြစ်ပွားသည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် လိင်ပိုင်းဆိုင်ရာနှင့်ကျားမရေးရာ အခြေပြုအကြမ်း ဖက်မှု (SGBV)၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများအပေါ် သက်ရောက်မှုများရှိစေသည်။ ဖိုဝါဒကြီးစိုးသည့်အမြင်သဘောထားများသည် အမျိုးသမီးများနှင့်မိန်းကလေးငယ်များ အပေါ် အိမ်တွင်းရေးအကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအား ကျူးလွန်သောပြစ်မှုဖြစ်စဉ်များကို အရေးမပေးဘဲ လျစ်လျူ ရှုထားပါသည်။[5] လိင်ပိုင်းဆိုင်ရာနှင့် ကျားမရေးရာအခြေပြု အကြမ်းဖက်မှုများကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုများရှိနေကြောင်းတွေ့ရှိရပြီး ကာလရှည်ကြာတည်ရှိနေသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၏ခြိမ်းခြောက်မှုများကြောင့် ရွာသူ၊ ရွာသားများအနေဖြင့် ၎င်းတို့၏လုံခြုံရေးအတွက် စိုးရိမ်ကြောက်ရွံ့မှုများ ရှိစေခဲ့သည်။[6] ကခင်ကာလတစ်လျှောက်တွင် KHRG မှ မြောက်မြားစွာသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသာဓကများကို လက်ခံရရှိခဲ့သည်။ သို့သော်လည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ်အများ အပြားတွင် ပတ်ဝန်းကျင်၏ဝေဖန်ကဲ့ရဲ့ပြစ်တင်ခြင်း၊ ကျူး လွန်သူများက ပြန်လည်တုန့်ပြန်မည်ကိုကြောက်ရွံ့ခြင်း သို့ မဟုတ် ခြိမ်းခြောက်ခြင်းနှင့် တရားစီရင်ရေးစနစ်များအပေါ် ယုံကြည်မှုအားနည်းခြင်းတို့ကြောင့် ဒေသခံရွာသားများအနေဖြင့် ယခုအချိန်ထိ အစီရင်ခံတင်ပြခြင်းမရှိခဲ့ပေ။ အစီ ရင်ခံတင်ပြကြသော ဖြစ်စဉ်များကိုပြန်လည် လေ့လာကြည့်မည်ဆိုလျှင် ရွာသားများသည် တရားမျှတမှုရှိစေရန် ကြိုး ပမ်းရာတွင် အခက်အခဲ၊ စိန်ခေါ်မှုများစွာနှင့် ကြုံတွေ့ခဲ့ရသည်။

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် အဓိကအားဖြင့် တရားစီ ရင်ရေးစနစ်သုံးခုကို ကျင့်သုံးနေကြောင်းတွေ့ရှိရ သည်။ ထိုတရားစီရင်ရေးစနစ်သုံးခုမှာ ဓလေ့ထုံးတမ်း တရားစီရင်ရေးစနစ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ကျင့်သုံးသော တရားစီရင်ရေးစနစ်နှင့် မြန်မာအစိုးရမှ ကျင့်သုံးသော တရားစီရင်ရေးစနစ်ဖြစ်သည်။ ဓလေ့ထုံးတမ်း တရားစီရင်ရေးစနစ်သည် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ရွာသားအများစုအသုံးပြုသော တရားစီရင်ရေးစနစ်ဖြစ်သည်။ အငြင်းပွားမှုများဖြစ်ပေါ်လာပါက ထိုအမှုများအား ညှိနှိုင်းဖြေရှင်းပေးရန်နှင့် အရေးယူဆောင်ရွက်ပေးရန်အတွက် ရွာသားများသည် ၎င်းတို့၏ကျေးရွာအုပ်ချုပ်ရေးမှူး သို့မ ဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များထံသို့ တင်ပြလေ့ရှိသည်။ ဆိုလိုသည်မှာ ၎င်းတို့ဒေသတွင် ကျေးရွာအာဏာ ပိုင်များသည် ယုံကြည်အားထားရပြီး ဘက်မလိုက်သော ဆုံး ဖြတ်ချက်ချသူများဟု ရွာသားများက သတ်မှတ်ယူဆကြခြင်းဖြစ်သည်။[7] ထိုအမှုများသည် သီးခြားဖြစ်စဉ်နှင့် ရာဇ ဝတ်မှုဆိုင်ရာ ကိစ္စရပ်များဖြစ်ပြီး တရားရေးဆိုင်ရာပြစ်ဒဏ်များချမှတ်ရမည့် အခြေအနေတွင်သာ မြန်မာအစိုးရ သို့မ ဟုတ် KNU တရားရုံးသို့တင်ပြ၍ လွှဲပြောင်းကြသည်။ သို့ရာ တွင် မည်သည့်တရားစီရင်ရေးစနစ်ကို ကျင့်သုံးရမည်ဟုဆိုလျှင် အမှုဖြစ်ပွားသည့်နယ်မြေဒေသကို မည်သည့်အဖွဲ့က အုပ်ချုပ်နေသည့်အခြေအနေအပေါ် မူတည်ပါသည်။ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသည့်အတွက်ကြောင့် နယ်မြေဒေသတော်တော်များများတွင် မှုခင်းဖြစ်ပွားလာလျှင် အဆင့်ဆင့်လွှဲပြောင်း၍ ဆောင်ရွက်ရသည့်အခြေအနေတွင်ရှိသည်။ ထိုအခြေအနေသည် ဒေသခံရွာသားများအတွက် ရှုပ်ထွေးစေ သော၊ အားနည်းစေသော၊ လက်လှမ်းမမီနိုင်သော တရားစီ ရင်ရေးစနစ်တစ်ခုကို ဖန်တီးပေးစေသည်။[8]

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် ၁၉၇၀ ခုနှစ်များအကြားတွင် ၎င်းတို့၏ကိုယ်ပိုင်တရားစီရင်ရေးစနစ်ကို ထူထောင်ခဲ့သည်။[9] ကရင်ပြည်နယ်တွင် နေထိုင်ကြသော မတူညီသည့်တိုင်းရင်းသားလူနည်းစုများသည် လိင်ပိုင်းဆိုင် ရာအကြမ်းဖက်မှုအပါအဝင် ရာဇဝတ်မှုများ ကျူးလွန်ခံရလျှင် တရားမျှတမှုရရှိရန်အတွက် KNU တရားစီရင်ရေးစနစ်ကို မှီခိုအားထားလေ့ရှိသည်။ မြန်မာအစိုးရတရားစီရင်ရေးစနစ်သည် ရွာသားများအတွက် အခြားသော ရွေးချယ်စရာတစ်ခုအဖြစ်တွေ့ရှိရသည်။ သို့သော်လည်း ရွာသားများအနေဖြင့် မြန်မာအစိုးရတရားစီရင်ရေးစနစ်သည် ယိုယွင်းပြီးအဂတိလိုက်စားမှုများရှိနေသည်ဟု အစီရင်ခံတင်ပြကြသည်။[10] ကရင်ပြည်နယ်ကျေးလက်ဒေသများရှိ တရားရုံးလုပ်ငန်းစဉ်များတွင် ရွာသားအများစု၏ ဘာသာစကားမဟုတ်သော ဗမာဘာသာဖြင့် စီရင်ဆောင်ရွက်နေကြောင်းတွေ့ရှိရသည်။ မြန်မာအစိုးရနှင့် KNU နှစ်ဖက်စလုံးသည် ၎င်းတို့၏ဥပဒေရာဇသတ်ကြီးပုဒ်မများတွင် မုဒိမ်းမှုများနှင့်ပတ်သက်သော ရာဇဝတ်မှုများကို ချမှတ်၍ပြဌာန်းထား သည်။ သို့သော်လည်း  လိင်ပိုင်းဆိုင်ရာပြစ်မှုများနှင့် ရာဇ ဝတ်မှုများ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များသည် နိုင်ငံတကာဥပ ဒေမှပြဌာန်းထားသည့် စံချိန်စံနှုန်းများနှင့် သိသာထင်ရှားစွာ ကွဲလွဲမှုရှိနေကြောင်း တွေ့ရှိရသည်။[11]

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှ နစ်နာသူများနှင့်အသက်ရှင်ကျန်ရစ်သူများကို ပံ့ပိုးကူညီရန် ဥပဒေဆိုင်ရာပြုပြု ပြောင်းလဲမှုများဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာအစိုးရနှင့် UN တို့မှ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါပူးတွဲကြေညာချက်ကို အကောင်အထည်ဖော်ရန် လုပ်ငန်းစီမံချက်ရေးဆွဲနိုင်ရေးအတွက် အမျိုးသားအဆင့်ကော်မတီတစ်ရပ်ကို ၂၀၁၉ ခုနှစ်၊ မတ်လတွင် ဖွဲ့စည်းခဲ့သည်။ သို့ သော်လည်း ၎င်းသည် ဥပဒေဆိုင်ရာပြုပြုပြောင်းလဲမှုများ သို့မဟုတ် နစ်နာသူများအား ဗဟိုပြု၍စီမံဆောင်ရွက်မှုပုံစံမျိုးမရှိခဲ့ပါ။[12] ထိုလုပ်ငန်းစီမံချက်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလနောက်ပိုင်းတွင် ရပ်တန့်ခဲ့ရသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် SGBV ၏ အခြေအနေ

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးအချိန်မှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အုပ်ချုပ်မှုအောက်တွင်ရှိ သော မြန်မာစစ်တပ်သည် ၎င်းတို့၏ရက်စက်သော စစ်ရေးနည်း ဗျူဟာများနှင့် စစ်ဆင်ရေးများကို ပြန်လည်အားဖြည့်၍ မြန် မာပြည်တစ်ဝှမ်းရှိ အရပ်သားပြည်သူများအပေါ် အကြမ်း ဖက်တိုက်ခိုက်ခဲ့သည်။[13] ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် စစ်ဖက်ဆိုင်ရာလှုပ်ရှားမှုများ တိုး ပွားလာပြီး အထူးသဖြင့် မြန်မာစစ်တပ်မှ စစ်သားများသည် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာနှင့် ကျားမရေးရာ အခြေပြုအကြမ်းဖက်မှုများ ကျူးလွန်ခဲ့သောဖြစ်စဉ်များကို မီးမောင်းထိုးပြ၍ ရေးသားထုတ်ဝေထားသည့်အစီရင်ခံစာအများအပြား ထွက်ရှိခဲ့သည်။[14] ၂၀၂၂ ခုနှစ် တွင် UNDP နှင့် UN Women အဖွဲ့တို့၏စစ်တမ်းကောက်ယူမှုအရ မြန်မာ နိုင်ငံတွင် အမျိုးသမီးငါးဦးအနက် တစ်ဦးလျှင် ၎င်းပတ်ဝန်း ကျင်တွင် အမျိုးသမီးတစ်ဦး သို့မဟုတ် မိန်းကလေးငယ်တစ်ဦးအပေါ် ကြမ်းတမ်းစွာ ပြုမူဆက်ဆံသည့်အခြေအနေကို မြင်တွေ့နေရပြီး အမျိုးသမီးသုံးဦးအနက် တစ်ဦးလျှင် ညအချိန်၌ ၎င်းအိမ်တွင် လုံခြုံမှုမရှိကြောင်း ခံစားရသည်။[15]

နိုင်ငံတော်အဆင့်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများအကြား SAC သည် အရပ်သားပြည်သူလူထုအပေါ် အဆက်မပြတ် အကြမ်းဖက်တိုက်ခိုက်သည့် ဖြစ်စဉ်များတွင် စစ်သားများမှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကျူး လွန်သည့်ဖြစ်စဉ်များလည်း ပါဝင်သည်။[16] နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ သတင်းထုတ်ပြန်ချက်အရ SAC သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အမျိုးသမီးဦးရေ (၅၀၀၀)ကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး အများစုမှာ မြန်မာ စစ်တပ်မှ စစ်သားများသည် အကျဉ်းသားများအား ဖမ်းဆီးထိန်းသိမ်းခံနေရစဉ်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကျူးလွန်ခဲ့၍ အချို့မှာ မုဒိမ်းပြုကျင့်ခဲ့ကြောင်း ဖော်ပြထားသည်။[17] ဤကဲ့သို့ စစ်ဖက်ဆိုင်ရာပဋိပက္ခများနှင့် SGBV ၏အန္တရာယ်များကြောင့် ရွာသားများသည် လက်နက် ကိုင်စစ်သားများကို ရင်ဆိုင်ဆုံတွေ့ရန်ကြောက်ရွံ့နေကြပြီး တရားမျှတမှုရရှိရန်ကြိုးပမ်းရာတွင် အခက်အခဲ၊ အတားအ ဆီးများနှင့်ကြုံတွေ့နေရသည်။

လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်း ကြောင့် အကျိုးဆက်အနေဖြင့် တရားဥပဒေစိုးမိုးမှု အား နည်းလာသည်။ တရားဥပဒေစိုးမိုးမှုအားနည်းခြင်းကြောင့် ရွာသားများအတွက် မလုံခြုံသည့်ပတ်ဝန်းကျင်တစ်ရပ်ကို ဖြစ်ပေါ်စေပြီး အကြမ်းဖက်ခံရသော နစ်နာသူများအတွက် တရားမျှတမှုရရှိရန် ရှာဖွေရာတွင် ပို၍ခက်ခဲစေပါသည်။ အရပ်သားများအတွက် တာဝန်ခံမှုမရှိဘဲ SAC တပ်ဖွဲ့ဝင်များကို စစ်ခုံရုံးများတွင်သာ တရားစွဲဆို၍ စီရင်ဆောင်ရွက်ကြသည်။ ထို့ကြောင့် ထိုစစ်သားများသည် ပြစ်ဒဏ်ကင်း လွတ်ခွင့်ရရှိကြပြီး ၎င်းတို့ကျူးလွန်သည့်လုပ်ရပ်များအ တွက် တာဝန်ယူမှု၊ တာဝန်ခံမှုအနည်းငယ်သာ ရရှိကြသည်။ KNU အုပ်ချုပ်သည့်နယ်မြေဒေသများတွင် ဖြစ်ပွားသည့်ပြစ်မှုများကို KNU တရားစီရင်မှုအောက်တွင် စီရင်ဆောင် ရွက်ကြသော်လည်း အရင်းအမြစ်များနှင့် လုံခြုံမှုအားနည်းနေသည်ကို တွေ့ရှိရသည်။[18] လက်ရှိဖြစ်ပေါ်နေသည့် လက် နက်ကိုင်ပဋိပက္ခ အခြေအအနေသည် ဥပဒေပြုရေးနှင့် တရားစီရင်ရေးယန္တယားများအတွက် အဟန့်အတားဖြစ်စေ သည်။ ထိုအခြေအနေကြောင့် အကြမ်းဖက်ခံရသည့် နစ်နာသူများအတွက် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်တရပ်ကို ဖန်တီးပေးရန် ပျက်ကွက်စေခဲ့သည်။

၃။ ဖြစ်စဉ်များအကျဉ်းချုပ် - ရွာသားများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် လက်နက်ကိုင်ပဋိပက္ခကြားတွင် တရားမျှတမှုလက်လှမ်းမီရန်ကြုံတွေ့ရသော စိန်ခေါ်မှုများ

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးအချိန်မှစ၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ KHRG အနေဖြင့် မြန်မာပြည်အရှေ့ တောင်ပိုင်းတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအ ပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့်ပတ်သက်သော အစီ ရင်ခံစာ(၁၉)ခုကို လက်ခံရရှိခဲ့သည်။ အဆိုပါလိင်ပိုင်းဆိုင် ရာအကြမ်းဖက်မှုဖြစ်စဉ်များကို အသက်မပြည့်သေးသည့်ယောကျ်ားလေးနှစ်ဦးအပါအဝင် အမျိုးသားများကကျူးလွန် ခဲ့ကြသည်။ ကျူးလွန်ချိုးဖောက်သူများအနက် ငါးဦးမှာ လက်နက်ကိုင်စစ်သားများဖြစ်ကြပြီး (၁၆)ဦးမှာ ရွာသားများဖြစ်ကြသည်။ အဆိုပါ ကျူးလွန်ချိုးဖောက်သူများသည် မိန်းကလေးငယ် (၁၅)ဦးနှင့် အမျိုးသမီးလေးဦးကို နေအိမ်အတွင်းဖြစ်စေ၊ မတူညီသည့် နေရာများတွင်ဖြစ်စေ ပစ်မှတ်ထားကျူးလွန်ခဲ့သည့်အတွက် ထိုအခြေအနေသည် မြန်မာပြည်အရှေ့တောင်ပိုင်း တွင် ရွာသားများအတွက် မည်သည့်နေရာမှ လုံခြုံမှုမရှိကြောင်း မီးမောင်းထိုးဖော်ပြနေသည်ကို တွေ့ရှိရသည်။

အကြမ်းခံရသည့်တစ်ချို့သောနစ်နာသူများသည် တရားမျှတမှုရရှိရန်အတွက် ဒေသခံခေါင်းဆောင်များထံသို့ တိုင် ကြားခဲ့ပြီး တစ်ချို့ဖြစ်စဉ်များတွင် တရားစီရင်ဆောင်ရွက်ရသည့်အခြေအနေထိ ရရှိခဲ့သည်။ အကြမ်းဖက်ခံရသည့် တစ်ချို့နစ်နာသူများ သို့မဟုတ် ၎င်းတို့မိသားစုဝင်များသည် အမှုဖွင့်တိုင်ကြားခြင်းမရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အနေဖြင့် တရားစီရင်ရေး၏ အကာအကွယ်ပေးမှုကို ယုံကြည်မှုမရှိခြင်း၊ ကျူးလွန်သူများမှ လက်တုန့်ပြန်မည်ကို ကြောက်ရွံ့ခြင်း၊ ပတ်ဝန်းကျင်နှင့်ဆွေမျိုးသားချင်းများမှ ဝေဖန်ကဲ့ရဲ့ပြစ်တင်မည်ကို ကြောက်ရွံ့ခြင်းနှင့် တရားရုံးသို့အမှုဖွင့်တိုင်ကြားပါက ငွေကြေးအခက်အခဲများ ကြုံတွေ့ရခြင်း စသည့်အခြေအနေအမျိုးမျိုးတို့ကြောင့် အမှုဖွင့်တိုင် ကြားခြင်းမရှိခဲ့ခြင်းဖြစ်သည်။ KHRG ၏သတင်းမှတ်တမ်းအရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်အ ရှေ့တောင်ပိုင်းတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်သူများအားလုံးကို အမှုဖွင့်တိုင်ကြားရန်အတွက် တရားမျှတမှုရရှိရန်ကြိုးပမ်းရာတွင် ရွာသားများအနေဖြင့် စိန်ခေါ်မှုများပို၍ကြုံတွေ့နေရကြောင်း တွေ့ရှိရသည်။ ရွာသားများကြုံ တွေ့ရသော စိန်ခေါ်မှုများမှာ KNU နှင့်မြန်မာအစိုးရတို့၏ တရားဥပဒေပြုရေးတွင် လက်နက်ကိုင်ပဋိပက္ခမြင့်မားလာခြင်းကြာင့် တရားဥပဒေများ ထိရောက်စွာ မလုပ်ဆောင်နိုင်ခြင်းနှင့် အမျိုးသမီးများနှင့် ကလေးများအတွက် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှ ကာကွယ်ပေးနိုင်သည့် တရားဥပဒေ စိုးမိုးမှု အားနည်းခြင်းတို့ဖြစ်သည်။ လက်နက်ကိုင်စစ်သားများမှ ကျူးလွန်သောပြစ်မှုများအတွက် လိင်ပိုင်းဆိုင်ရာ ကြမ်းဖက်ခံရသည့် နစ်နာသူများသည် တရားမျှတမှုရရှိရန်လမ်းကြောင်းများမရှိကြောင်း တွေ့ရှိရသည်။

ဤအခန်းတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအချိန်မှစ၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ မြန်မာပြည်အရှေ့ တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၏ဖြစ်စဉ်များနှင့် အကြမ်းခံရသည့်နစ်နာသူများမှ တ ရားမျှတမှုရရှိရန်ကြိုးပမ်းရာတွင် ကြုံတွေ့ရသောအခက်အ ခဲ၊ အတားအဆီးများကို သက်သေအထောက်အထားများနှင့်တကွ ရေးသားဖော်ပြထားသည်။ ဤအခန်းတွင် ရွာသားများအနေဖြင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအတွက် တရားမျှတမှုရရှိရန်ကြိုးပမ်းရာတွင် အခက်အခဲ၊ စိန်ခေါ်မှုများကို ကြုံတွေ့ရပြီး SGBV အကြမ်းဖက်မှုများ ကြုံတွေ့နိုင်သည့်အခြေအနေကို အပိုင်း (၃.၁)ဖြင့် ခေါင်းစဉ်တပ်၍ အကျဉ်း ချုပ်ဖော်ပြထားသည်။ ရွာသားများကြုံတွေ့ရသော အခက် အခဲ၊ စိန်ခေါ်မှုများကို (က) အားနည်းသည့်လူနည်းစုများအ ပေါ် အကြမ်းဖက်ခြင်း၊ (ခ) ကျူးလွန်သူများအတွက် ပြစ် ဒဏ်ကင်းလွတ်ခွင့်ပေးခြင်း၊ (ဂ) တရားရုံးများသို့အမှုဖွင့်တိုင်ကြားရန် ငွေကြေးအခက်အခဲများရှိခြင်း၊ (ဃ) ပတ် ဝန်း ကျင်မှ ဝေဖန်ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် (င) ဥပဒေနှင့်အမှုတိုင်ကြားသည့်ယန္တယား လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသိပညာအားနည်းခြင်း စသည့်အပိုင်းငယ်များဖြင့်ခွဲ၍ ဖော်ပြထားပါသည်။ ဤအခန်းတွင် တရားရုံးသို့ အောင်မြင်စွာအမှုဖွင့်တိုင်ကြားသည့်ဖြစ်စဉ်များနှင့် အမှုကျူးလွန်သူ များအတွက် အရေးယူဆောင်ရွက်သည့် အခြေအနေတရပ်ကို ရရှိသည့်ဖြစ်စဉ်များကို အပိုင်း (၃.၂)ဖြင့် ခေါင်းစဉ်တပ်၍ နိဂုံးချုပ်ထားပါသည်။ ထို့အပြင် အပိုင်း (၃.၃)တွင် ရွာသားများအနေဖြင့် မိမိကိုယ်ကိုကာကွယ်ရန် အသုံးပြုသော နည်းလမ်းတစ်ချို့ကိုလည်း ထည့်သွင်းရေးသားဖော်ပြထားပါ သည်။

(၃.၁)။ တရားဥပဒေစိုးမိုးမှုအားနည်းခြင်းနှင့် တရားမျှတမှုရရှိရန်ကြိုးပမ်းရာတွင် ကြုံတွေ့ရသောစိန်ခေါ် မှုများ

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် တစ်ချို့နယ်မြေ ဒေ သများတွင် တရားဥပဒေစိုးမိုးမှုကိုအကောင်အထည်ဖော်ရန် အခက်အခဲများရှိလာသည်။ လက်နက်ကိုင်တပ်သားများ၏ အကြမ်းဖက်တိုက်ခိုက်မှုအမျိုးမျိုးကြောင့် အကျိုး ဆက်အနေဖြင့် ကြောက်ရွံ့ထိတ်လန့်မှုများ ခံစားနေရ ကြောင်း ရွာသားအများက တင်ပြကြသည်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပါအဝင် အခြားအကြမ်းဖက်မှုများမှ လွတ် မြောက်ရန် ရွာသားများအတွက် မည်သည့်နေရာမှ လုံခြုံမှုမရှိကြောင်းတွေ့ရှိရသည်။ (၂၀၂၁ ခု နှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း) KHRG မှ လက်ခံရရှိသည့်သတင်းမှတ်တမ်းများအရ ရွာသားများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်သူများသည် နေအိမ်အတွင်းဖြစ်စေ၊ မတူညီသည့်နေရာများတွင်ဖြစ်စေ ပြစ်မှုများကျူး လွန်ခဲ့ကြသည်။ ပြစ်မှုကျူးလွန်သူ များသည် အသက်အရွယ်မခွဲခြားဘဲ ရွာသားများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ကြသည်။ အကြမ်းဖက်ခံရသူ အများစုမှာ အသက် မပြည့်သေးသည့် မိန်းကလေးငယ်များနှင့် စိတ်ပိုင်းဆိုင်ရာဝေဒနာခံစားရသည့်အမျိုးသမီးများဖြစ်ကြသည်။ အကြမ်းဖက်ခံရသည့် နစ်နာသူများ သို့မဟုတ် ၎င်းတို့မိသား စုဝင်များသည် တရားမျှတမှုရရှိရန် ကြိုးပမ်းရာတွင် စိန်ခေါ်မှုများစွာ ကြုံတွေ့ခဲ့ရသည်။ တစ်ခါတစ်ရံတွင် တရားမျှတမှုရရှိရန်ကြိုးပမ်းရာတွင် မည်သည့်နည်းလမ်းမှမရှိသည့် အခြေအနေနှင့်လည်း ကြုံတွေ့ခဲ့ရသည်။ အကြောင်းရင်းမှာ ကျူးလွန်သူများသည် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိခြင်း၊ ဒေသ ခံအာဏာပိုင်များမှ အမှုကိုကိုင်တွယ်ဖြေရှင်းပေးမှုမရှိခြင်း၊ တရားစီရင်ရေးလုပ်ငန်းများအတွက် ငွေကြေးကုန်ကျမှုများ မတတ်နိုင်ခြင်း၊ အကြမ်းဖက်ခံရသူများအပေါ် ပတ်ဝန်းကျင်မှ ဝေဖန်ကဲ့ရဲ့ပြစ်တင်ခြင်း သို့မဟုတ် တရားဥပဒေဆိုင်ရာအသိပညာများ အားနည်းခြင်းတို့ကြောင့် ရွာသားများအနေ ဖြင့် တရားမျှတမှုနှင့်အလှမ်းဝေးခဲ့ရခြင်းဖြစ်သည်။

(က) အားနည်းသည့်လူနည်းစုများအပေါ် အကြမ်းဖက်ခြင်း

ကျူးလွန်သူများသည် အသက်အရွယ် သို့မဟုတ် အိမ်ထောင်ရှိ၊မရှိမခွဲခြားဘဲ အမျိုးသမီးများနှင့် မိန်းကလေးများအား ပစ် မှတ်ထား၍ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ခဲ့သည်။ သို့ရာတွင် KHRG လက်ခံရရှိသည့်လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုဖြစ်စဉ် (၁၉) ခုတွင် အကြမ်းဖက်ခံရသူ (၁၅) ဦးသည် ကလေးများဖြစ်ကြပြီး အမျိုးသမီး (၄)ဦးမှာ မသန်စွမ်းသူဖြစ်၍ စိတ်ဝေဒနာခံစားရသူများဖြစ်သည်။

     ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း 

KHRG လက်ခံရရှိသည့် မြေပြင်အစီရင်ခံစာများအရ ကလေး (၁၅) ဦးကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့သူများမှာ    ယောကျ်ား လေးငယ်နှစ်ဦးနှင့် အမျိုးသားများဖြစ်ကြသည်။ ကျူးလွန်သူများထဲတွင် လက်နက်ကိုင်စစ်သားများ၊ အ ကြမ်းဖက်ခံရသူများ၏ ဆွေမျိုးသားချင်းများနှင့် ရွာသားများပါဝင်သည်။ ဤအခြေအနေသည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လူမှုအသိုက်အဝန်းများတွင် ‘ဖိုကြီးစိုးမှုဝါဒ’ အယူဝါဒနှင့် အမျိုးသားကြီးစိုးသည့်လူမှုအဖွဲ့အစည်းများ တည်ရှိနေသေးကြာင်း မီးမောင်းထိုးပြနေပါသည်။ ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်သူများသည် ထိုပြစ်မှုများကို မကြာခဏ သို့မဟုတ် ကာလကြာရှည်စွာ ကျူး လွန်လေ့ရှိသည်။ ထိုအကြမ်းဖက်မှုများကို မိဘအုပ်ထိန်းသူများ၊ ယုံကြည်ရသောလူကြီးသူမများ သို့မဟုတ် ရပ်မိရပ်ဖများအား တိုင်ကြား၍ သိရှိရပြီးနောက်တွင်သာ ထိုပြစ်မှုများ သည် ဆက်လက်မဖြစ်ပွားတော့ဘဲ ရှိနေခဲ့သည်။

ဖြစ်စဉ်တစ်ခုတွင် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ ဆ--- ကျေးရွာတွင် အခြေစိုက်သော SAC ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၄၀) မှ အသက် (၃၁)နှစ်ရှိသည့်တပ်ကြပ်ကြီးတစ်ဦးသည် အသက် (၇) နှစ်ရှိသော မိန်း ကလေးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခဲ့သည်။ ဤဖြစ်စဉ်သည် ဆ---ကျေးရွာရှိ ခမရ (၃၄၀) တပ်စခန်းအတွင်း ဖြစ်ပွားခဲ့သည်။ တပ်ကြပ်ကြီးနှင့် ထိုမိန်းက လေးငယ်နှစ်ဦးစလုံးသည် တပ်စခန်းအတွင်း နေထိုင်ကြသည်။ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း အဆိုပါတပ်ကြပ်ကြီးသည် ထိုမိန်းကလေးငယ်ကို အကြိမ်ကြိမ် မုဒိမ်းပြုကျင့်ခဲ့သည်။ တပ်ကြပ်ကြီးသည် ထိုမိန်းကလေးငယ်၏ ပထွေးဖြစ်သည်။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ နစ်နာသူမိန်းကလေးငယ်၏မိခင်ဖြစ်သူ ဒ---သည် ယခုလိုရှင်းပြသည်။ “သူက (ကျူးလွန်သူ) ကျွန်မရဲ့သမီးကြီးကို ဘယ်အချိန်ကစပြီး မုဒိမ်းပြုကျင့်ခဲ့လဲဆိုတာ ကျွန်မမသိခဲ့ဘူး။ (…) အဲဒီနေ့မနက် (၅း၃၀)ခွဲဝန်းကျင် လောက်ရှိမယ်ထင်တယ်။ ကျွန်မအိမ်ယာကနိုးလာပြီး သူက ကျွန်မသမီးရဲ့အိပ်ခန်းကနေ ထွက်သွားတာကို မြင်တွေ့ခဲ့တယ်။ သူက ကျွန်မသမီးကို မုဒိမ်းပြုကျင့်ခဲ့တာ တော်တော်ကြာနေပြီးထင်တယ်။ အဲဒီနောက် (ထိုမနက်တွင်) ကျွန်မအိမ်သာသွားပြီး ကျွန်မရဲ့သမီး အခန်းထဲကို ပြန်လာတယ်။ ကျွန်မသမီးက အိပ်ယာထဲမှာ ငြိမ်ငြိမ်လေးလှဲနေတယ်။ သမီးရဲ့ခေါင်းနဲ့မျက်နှာကို ကျွန်မကြည့်လိုက်တယ်။ ဘာမှထူးခြားတာတွေ ကျွန်မမတွေ့ခဲ့ဘူး။ မနက် (၈) နာရီခန့်မှာ ကျွန်မရဲ့အမျိုးသားက ရုံးကိုသွားတယ်။ သူရုံးကိုသွားတဲ့အချိန်မှာ သမီးဖြစ်သူကို ဘာဖြစ်ခဲ့လဲလို့ ကျွန်မမေးခဲ့တယ်။ ကျွန်မက သမီးကိုဒီလိုမေးခဲ့တယ်။ ‘သူ ညတုန်းက သမီးအိပ်ခန်းထဲကို လာခဲ့လား။’ ကျွန်မသမီးက ‘ဟုတ်ကဲ့၊ သူလာခဲ့တယ်။ သမီးခြင်ထောင်ကို သူဖွင့်ခဲ့တယ်။’ လို့ပြန်ဖြေတယ်။ သမီးက ဘာဖြစ်ခဲ့လဲ ဆိုတာကိုဖွင့်ပြောဖို့ ကြောက်နေခဲ့တယ်။ (…) ပြီးတော့ တကယ်ပဲဘယ်လိုဖြစ်ပျက်ခဲ့လဲဆိုတာပြောဖို့ ကျွန်မက သမီးကို ထပ်မေးခဲ့တယ်။ (…) ကျူးလွန်သူက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို အိမ်ထဲမှာ အကြိမ်ရေ တော်တော်များများ ကျူးလွန်ခဲ့သည့်အကြောင်းကို သမီးက ကျွန်မကိုပြောပြခဲ့တယ်။” [19]

မိခင်ဖြစ်သူသည် ၎င်းအဖြစ်အပျက်ကိုသိရှိခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် သူမသည်သမီးနှစ်ယောက်နှင့်အတူ ထိုတပ်စခန်းမှ တိတ်တဆိတ်ထွက်ပြေးခဲ့သည်။ မိခင်ဖြစ်သူသည် သူမနှင့် သူမ၏လုံခြုံရေးအတွက် စိုးရိမ်သည့်အတွက်ကြောင့် SAC အာဏာပိုင်များထံသို့ အမှုဖွင့်တိုင်ကြားခြင်းမလုပ်ခဲ့ပေ။ သူမသည် တရားစီရင်ရေးစနစ်ကို ယုံကြည်မှုမရှိသည့်အတွက်ကြောင့် တရားမျှတမှုကိုရှာဖွေရန် SAC အာဏာပိုင်များထံသို့သော်လည်းကောင်း၊ မြန်မာအစိုးရတရားရုံးသို့သော်လည်းကောင်း အမှုဖွင့်တိုင် ကြားခြင်းမရှိခဲ့ပေ။ သူမနှင့်သမီးဖြစ်သူသည် သူမ၏ဖခင်ရှိရာ ကျေးရွာသို့ ထွက်ပြေးနေသည့်အချိန်တွင် လမ်းခရီး၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ် ဆေးရေးဂိတ်သို့ရောက်သောအခါ သမီးဖြစ်သူကြုံတွေ့ခဲ့သည့်ဖြစ်စဉ်ကို KNLA အာဏာပိုင်များအား ပြောပြခဲ့သည်။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ KNU တရားစီရင်ရေးဖက်ကလည်း ပြစ်မှုကျူးလွန်သူကို အရေးယူဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပေ။ အကြောင်းမှာ ပြစ်မှုကျူးလွန်သူဖြစ်သည့် SAC တပ်ကြပ်ကြီးသည် KNU ၏တရားစီရင်ရေးအုပ်ချုပ်မှုအောက်တွင် မရှိသောကြောင့်ဖြစ်သည်။ သို့သော်လည်း KNLA စစ်သားများသည် မိခင်ဖြစ်သူနှင့် သူမ၏သမီးကိုကူညီ၍ လုံခြုံသည့်နေရာအထိရောက်အောင် ပို့ဆောင်ခဲ့သည်။

အခြားဖြစ်စဉ်တစ်ခုမှာလည်း ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ရွာသားတစ်ဦးဖြစ်သည့် ဦးဖ---သည် အသက် (၁၇)နှစ်အရွယ်ရှိသော နော်ဃ---အား အဓမ္မပြုကျင့်ခဲ့ပြီး နော်ဃ---သည် ကိုယ်ဝန်ရလာခဲ့သည်။ ဦးဖ---သည် နော်ဃ---၏ ဦး လေးဖြစ်သည်။ ၎င်းဖြစ်စဉ်သည် ဘိတ်ထားဝယ်ခရိုင်၊ လယ် ဒိုစိုးမြို့နယ်၊ ဂမုန်းသွေကျေးရွာအုပ်စု၊ ဂ--- ကျေးရွာတွင် ဖြစ်ပွားခဲ့သည်။ ဤအမှုကို လယ်ဒိုစိုးမြို့နယ်အဆင့် KNU အာဏာပိုင်များထံသို့ တိုင်ကြားခဲ့သည်။ နော်ဃ---သည် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သူမကို ကရင်အမျိုးသမီးအ စည်းအရုံး (KWO) မှ စီစဉ်ချမှတ်ထားသော လုံခြုံသည့်နေ ရာတစ်ခုတွင်ထား၍ ပြုစုစောင့်ရှောက်ခဲ့သည်။ ထို့နောက် နော်ဃ---သည် ကိုယ်ဝန်လွယ်ထားရသည့်ကလေးကို လုံခြုံစွာ မွေးဖွားနိုင်ခဲ့သည်။

     မသန်စွမ်းသူဖြစ်ပြီးစိတ်ကျန်းမာရေးရောဂါကိုခံစားရသော အမျိုးသမီးများနှင့်မိန်းကလေးငယ်များ - 

မသန်စွမ်းသူများ သို့မဟုတ် စိတ်ကျန်းမာရေးရောဂါခံစားရသော အမျိုးသမီးများနှင့်မိန်းကလေးငယ်များသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုလည်း ထပ်ခါတလဲလဲ ကြုံတွေ့ခဲ့ရသည်။ ထိုသို့ဖြစ်ပွားရသည့်အကြောင်းရင်းများမှာ အကြမ်း ဖက်ခံရသည့်နစ်နာသူများသည် ကျူးလွန်သူများ၏ ခြိမ်း ခြောက်မှုကို ကြောက်ရွံ့ခြင်း သို့မဟုတ် ၎င်းတို့မိဘအုပ် ထိန်းသူများနှင့် ဒေသခံခေါင်းဆောင်များကို ချက်ချင်းတင်ပြနိုင်ခြင်းမရှိခြင်းကြောင့် အမှုဖွင့်တိုင်ကြားနိုင်ခြင်းမရှိဘဲ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ထပ်ခါတလဲလဲဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ တစ်ချို့ဖြစ်စဉ်များတွင် တစ်စုံတစ်ယောက်က ထိုအကြမ်းဖက်မှုကိုမြင်တွေ့ခဲ့ခြင်း သို့မဟုတ် နစ်နာသူများမှ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုများကို ရင်ဖွင့်ပြောပြပြီးမှသာ လျှင် အမှုဖြစ်စဉ်ကိုသိရှိခဲ့ရခြင်းဖြစ်သည်။ သတ်မှတ်ထားသည့်အစီရင်ခံစာကာလအတွင်း KHRG သည် စိတ်ကျန်း မာရေးပြဿနာကိုခံစားရသော အမျိုးသမီးနှစ်ဦးနှင့် မသန် စွမ်းသူများဖြစ်ကြသည့် အမျိုးသမီးနှစ်ဦးမှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ်များကို သတင်းမှတ်တမ်းပြုစုခဲ့သည်။ အဆိုပါဖြစ်စဉ်တစ်ခုတွင် KNU တ ရားစီရင်ရေးအောက်တွင် တရားစွဲဆိုနိုင်သည့်အခြေအနေတရပ်အထိ ရောက်ရှိခဲ့သည်။

ဒူးပလာယာခရိုင်၊ ကရုတူးမြို့နယ်မှ ဒေသခံဘုန်းကြီးတစ် ပါးဖြစ်သည့်စောဟ---သည် ဥာဏ်ရည်မသန်စွမ်းသူ တစ်ဦးဖြစ်သော နော်ဂ---အား နှစ်နှစ်ကျော်ကြာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ မတ်လအ တွင်း နော်ဂ---၏သူငယ်ချင်းဖြစ်သူက ထိုဖြစ်စဉ်ကိုမြင်တွေ့သိရှိပြီးမှသာ အမှုဖြစ်စဉ်ကို ဒေသခံအာဏာပိုင်များထံသို့ တိုင်ကြားနိုင်ခဲ့ခြင်းဖြစ်သည်။ ပြစ်မှုကျူးလွန်သူသည် နော်ဂ---အား အမှုကိုမတိုင်ကြားရန် အကယ်၍ အခြားသူများကို ပြောပြပါက သူမ၏လည်ပင်းကိုလှီးပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။ အမှုဖြစ်စဥ်ကို တိုင်ကြားပြီးနောက်တွင် နော်ဂ---ကို ကရင်အမျိုးသမီးအစည်းအရုံး (KWO) ၏ကာကွယ်စောင့်ရှောက်မှုအောက်တွင် ထားရှိရသည်။ ဒေသခံ ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)သည် အမှုကိုစုံစမ်းစစ် ဆေးပြီး KNU တရားရုံးမှ တာဝန်ရှိသူများကလည်း စုံစမ်းစစ်ဆေးခဲ့သည်။ သို့သော် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိတွင် KHRG အနေဖြင့် စုံစမ်းစစ်ဆေးမှုနှင့် အရေးယူဆောင် ရွက်မှုများနှင့်ပတ်သက်၍ မည်သည့်သတင်းမှ လက်ခံရရှိခြင်းမရှိခဲ့ပေ။

အခြားဖြစ်စဉ်တစ်ခုမှာ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းအတွင်း တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ ဒေးလိုမူနူလာဒေသရှိ က--- ကျေးရွာတွင် ဖြစ်ပွားခဲ့သည်။ ဖြစ်ပုံမှာ အသက် (၄၀)နှစ်ရှိပြီး အိမ်ထောင်သည်တစ်ဦးဖြစ်သော စောဧ---သည် အသက် (၁၅)နှစ်အရွယ်ရှိသော နော်သ---၏ ရင်သားကို ညှစ်ကိုင်ခဲ့သည်။ နော်သ---သည် ခြေထောက်မ သန်စွမ်းသူဖြစ်ပြီး စကားထစ်နေသူတစ်ဦးဖြစ်သည်။ နော်သ---သည် သူမ၏အိမ်ထဲတွင် ကလေးထိန်းပြီး ချက်ပြုတ်နေသည့်အချိန်တွင် လိင်ပိုင်းဆိုင်ရာ ထိရောက်စော်ကားမှုကို ကြုံတွေ့ခဲ့ရသည်။ အဆိုပါဖြစ်စဉ်ဖြစ်ပွားသည့်အချိန်တွင် သူမ၏မိဘအုပ်ထိန်းသူနှင့် ရွာသားအများစုသည် လယ်ယာစိုက်ပျိုးခင်းများထဲတွင် အလုပ်လုပ်နေခဲ့သည်။ နော်သ---သည် သူမ၏ရင်သားနာကျင်စွာခံစားရသည့် အတွက် ငိုယိုပြီး သူမ၏အိမ်နီးနားချင်း အိမ်တစ်အိမ်သို့ထွက်ပြေး၍ အိမ်နီးချင်းဖြစ်သူတစ်ဦးအား သူမကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်ကို ပြောပြခဲ့သည်။ သြဂုတ်လ ၆ ရက်နေ့တွင် အမှုဖြစ်စဉ်ကို ကျေးရွာအုပ်ချုပ်ရေးမှူးအား တိုင် ကြားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် အမှုကို စုံစမ်းစစ်ဆေးရန်အတွက် ဒေသအတွင်းရှိ KNU ခေါင်းဆောင်တစ်ဦးထံသို့ ပြန်လည်တိုင်ကြားခဲ့သည်။ ဤဖြစ်စဉ်နှင့်ပတ်သက် ၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိတွင် KHRG အနေဖြင့် မည်သည့်သတင်းမှ မရရှိခဲ့ပေ။
အစီရင်ခံစာကာလအတွင်း အသက်ကြီးသည့်အမျိုးသမီးတစ်ဦးကြုံတွေ့ခဲ့ရသည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ဖြစ်စဉ်တစ်ခုကို KHRG မှ သတင်းလက်ခံရရှိခဲ့သည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့၌ တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ ထီးဒေးကျေးရွာအုပ်စု၊ အ--- ကျေးရွာအနီးတွင် SAC တပ်ဖွဲ့များနှင့် ဒေသခံ KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း SAC စစ်သားများ သည် အ--- ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ရွာသားများ၏တိရိစ္ဆာန်များကိုသတ်ဖြတ်၍ လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးကာ ပိုင်ဆိုင်မှုပစ္စည်းများကို လုယက်ခိုးယူခဲ့သည်။ တိုက်ပွဲဖြစ်ပွားခြင်းနှင့် ရွာထဲတွင် SAC စစ်သားများရှိနေသောကြောင့် ရွာသားများသည်ကြောက်ရွံ့၍ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ သို့သော်လည်း အသက်(၉၀)နှစ်အရွယ် ရှိသော ဒေါ်ဘ--- သည် အသက်ကြီးနေပြီးဖြစ်သည့်အတွက် မထွက်ပြေးနိုင်ဘဲ သူမ၏အိမ်ထဲတွင် ရှိနေခဲ့သည်။ တိုက်ပွဲ ဖြစ်ပွားစဉ်အတွင်း SAC စစ်သားတစ်ဦးသည် သူမ၏အိမ်သို့ဝင်ရောက်လာပြီး သူမ၏လည်ပင်းကိုညှစ်၍ သူမအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခဲ့သည်။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်ဘ---က ယခုလိုပြောပြခဲ့သည်။

“ဒီဖြစ်စဉ်ကို ပြန်လည်စဉ်းစားမိတိုင်း ကျွန်မအ ရမ်းကြောက်နေတုန်းပဲ။ အဲဒီအကြောင်းကိုစဉ်း စားတိုင်း သူ့ရဲ့မျက်နှာကို အမြဲတမ်းကျွန်မမြင်ယောင်မိတယ်။ (…) ကျွန်မကြောက်ကြောက်နဲ့အော်တဲ့အချိန်မှာ သူက ကျွန်မရဲ့လည်ပင်းကို ဒီလိုညှစ်တယ်။ ကျွန်မရဲ့လည်ပင်းက အခုထိနာနေတုန်းပဲ။ (…) ဒီအကြောင်းကိုပြောပြဖို့ ကျွန်မ မရှက်ပါဘူး။”[20]  

ဤဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဒေါ်ဘ---သည် SAC အာဏာ ပိုင်များထံသို့ အမှုဖွင့်တိုင်ကြားရန် လုံခြုံမှုမရှိဟု ခံစားရသည်။ အကြောင်းမှာ သူမအနေဖြင့် မြန်မာအစိုးရ တရား စီရင်ရေးစနစ်သည် လုံခြုံမှုမရှိကြောင်း ခံစားရခြင်းဖြစ် သည်။ သို့ရာတွင် ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်ဘ---သည် ဒေသခံတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များဖြစ်သော (PDF နှင့် KNLA) တို့အား အကြောင်းကြားခဲ့သည်။ သို့သော် KNU တရားစီရင်ရေးဖက်ကလည်း ပြစ်မှုကျူးလွန်သည့် SAC စစ်သားကို အရေးယူဆောင်ရွက်၍မရခဲ့ပေ။ ထို့ကြောင့် ဒေါ်ဘ---သည် တရားမျှတမှု သို့မဟုတ် ကူညီထောက်ပံ့မှုများမရရှိဘဲ ရှိနေသည်။

(ခ) လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ကြသူများ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိခြင်း

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးအချိန်မှစ၍ KHRG လက်ခံရရှိသည့်သတင်းမှတ်တမ်းများတွင် လိင်ပိုင်းဆိုင်ရာ အ ကြမ်းဖက်မှုကို ကျူးလွန်ခဲ့သော လက်နက်ကိုင်စစ်သားများနှင့် ရွာသားများသည် ဖြစ်စဉ်အများစုတွင် ပြစ်ဒဏ်ကင်း လွတ်ခွင့် အပြည့်အဝရရှိနေကြောင်း ဖော်ပြနေသည်။ အစီ ရင်ခံစာကာလအတွင်း KHRG လက်ခံရရှိသည့် လိင်ပိုင်းဆိုင် ရာအကြမ်းဖက်မှုဖြစ်စဉ်(၁၉)ခုအနက် ဖြစ်စဉ် (၁၄) ခုသည် KNU တရားစီရင်ရေးသို့ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရှိရသည်။ ထိုအထဲမှ ဖြစ်စဉ်တစ်ခုမှာ မြန်မာအစိုးရအုပ်ချုပ်မှုအောက်ရှိ ဒေသခံခေါင်း ဆောင်များထံသို့ အမှုဖွင့်တိုင်ကြားခဲ့သည်။ ဖြစ်စဉ် (၄) ခုမှာ မည်သည့်အာဏာပိုင်များထံသို့ အမှုဖွင့်တိုင်ကြား ခြင်းများမရှိခဲ့ပေ။ တိုင်ကြားထားသည့်အမှုဖြစ်စဉ်များကို အာဏာပိုင်များက စုံစမ်းစစ်ဆေးမှု ပြုလုပ်သော်လည်း များသောအားဖြင့် စနစ်တကျမရှိခြင်း သို့မဟုတ် ဖြစ်မြောက်အောင်မလုပ်ခြင်းတို့ကြောင့် ရွာသားများသည် စိတ်ပျက်ကြပြီး အချိန်ကုန်အချည်းနှီးသာဖြစ် ကြောင်းခံစားရသည်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံရသည့်နစ်နာသူများသည် တရားမျှတမှုကိုရှာဖွေရာတွင် အခက်အခဲ၊ အတားအဆီးများစွာနှင့် ကြုံတွေ့ခဲ့ရသည်။ ရွာသားများကြုံတွေ့ရသည့်စိန်ခေါ်မှုကြီးတရပ်မှာ ကျူးလွန်သူအများစုသည် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေခြင်းဖြစ်သည်။ အကြောင်းမှာ အာဏာ ပိုင်များက အမှုကိုအရေးယူဆောင်ရွက်ပေးမှု အားနည်းခြင်း၊ မျက်မြင်သက်သေမရှိသည့်အခြေအနေတွင် ကျူးလွန်သူ များက ပြစ်မှုဝန်ခံခြင်းမရှိခြင်း၊ ကျူးလွန်သူများနှင့်အာဏာ ပိုင်များသည် အမှုကိုရုတ်သိမ်းပေးရန် နစ်နာသူများကို ဖိ အားပေးခြင်း သို့မဟုတ် အာဏာပိုင်များက အမှုကို အထက်အရာရှိများထံသို့ လွှဲပြောင်းတင်ပြမှုများမရှိခြင်းတို့ကြောင့်ဖြစ်သည်။

     ပြစ်မှုကျူးလွန်သည့်စစ်သားများ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိခြင်း -  

အစီရင်ခံစာကာလအတွင်း စစ်သားများက ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအား ကျူးလွန်ခဲ့သည့် ဖြစ်စဉ် (၄) ခုကို KHRG မှ သတင်းလက်ခံရရှိခဲ့သည်။ ထိုအထဲမှ ဖြစ်စဉ် (၃) ခုကို မြန်မာစစ်တပ်မှ (တပ်ကြပ်ကြီးအပါအဝင်) စစ်သားများက ကျူးလွန်ခဲ့ပြီး ဖြစ်စဉ် (၁) ခုကို KNU-KNLA ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA -PC) စစ်သားတစ်ဦးက ကျူးလွန်ခဲ့သည်။

ဖြစ်စဉ်တစ်ခုမှာ ၂၀၂၃ ခုနှစ်တွင် KNU-KNLA ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA -PC) စစ်သားတစ်ဦးဖြစ်သူ စောသားစိုးက အသက်မပြည့်သေးသည့် မိန်းကလေးနှစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခဲ့သည်။ ထိုဖြစ်စဉ်များအတွက် စောသားစိုးအား ပြစ်ဒဏ်ပေးခြင်းမရှိခဲ့ပေ။ ပထမဖြစ်စဉ်တစ်ခုမှာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ ည (၁၁)နာရီခန့်၌ ဒူးပလာယာခရိုင်၊ ကရုတူးမြို့နယ်၊ မယ်သဲကျေးရွာအုပ်စု၊ မ--- ကျေးရွာအနီးရှိ လမ်းမပေါ်တွင် စောသားစိုးသည် အသက် (၁၆) နှစ်အရွယ်ရှိသော နော်လ---အား မုဒိမ်းပြုကျင့်ရန် ကြိုးစားခဲ့သည်။ နော်လ---သည် စောသားစိုးလက်မှ ထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း စောသားစိုးက သူမအား အတင်းနမ်းပြီး သူမ၏ရင် သားကိုညှစ်ကိုင်ခဲ့သည်။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ နော်လ--- သည် မည်သူ့ကိုမှပြောပြရန် လုံခြုံမှုမရှိကြောင်း ခံစားရသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့၌ နေ့လည် (၁၂) ဝန်းကျင်တွင် အသက် (၁၆) နှစ်အရွယ်ရှိသော နော်မ--- သည် စောသားစိုး၏အိမ်သို့သွား၍ အင်တာနက်အသုံး ပြုနေစဉ် စောသားစိုးမှ သူမအား မုဒိမ်းပြုကျင့်ခဲ့သည်။ စောသားစိုးသည် အကယ်၍ဤအမှုကိုတိုင်ကြားပါက နော်လ---နှင့် နော်မ--- တို့အား သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။ သို့ရာတွင် နော်မ--- သည် စောသားစိုးအနေဖြင့် လွန်ခဲ့သည့်လများက သူမ၏သူငယ်ချင်းဖြစ်သူ နော်လ---အား လိင်ပိုင်းဆိုင်ရာစော်ကားမှု ပြုလုပ်ခဲ့သည့်အကြောင်းကို သိရှိခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကရုတူးမြို့နယ်အဆင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) အား အမှုဖွင့်တိုင်ကြားခဲ့သည်။ KNPF မှ ပြစ်မှုကျူး လွန်သည့်စောသားစိုးကို သွားရောက်ဖမ်းဆီးသည့်အချိန်တွင် ၎င်း၏တပ်ရင်းမှူးဇာတိမာသည် စောသားစိုးအား မဖမ်းဆီးရန် ကာကွယ်ပေးခဲ့သည့်အကြောင်းကို ဒေသခံ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ဝန်ထမ်းတစ်ဦးဖြစ်သူ နော်န---က ဤသို့ရှင်းပြသည်။ “သူ့ရဲ့တပ်ရင်းမှူးဇာတိမာက (KNU/KNLA-PC) ဒီလိုပြန်ပြောတယ်။ ‘သူက ငါ့ရဲ့စစ်သား’ တဲ့။ အဲဒါကြောင့် (KNPF) ရဲအရာရှိက (သူ့ကိုမဖမ်းဘဲ) ပြန်လာခဲ့တယ်။ သူပြောတာက (KNU/KNLA-PC တပ်ရင်းမှူး) သူဟာ (ပြစ်မှုကျူး လွန်သူ) သူ့အမိန့်အောက်မှာနေတဲ့စစ်သားတစ်ဦးဖြစ်တယ်တဲ့။” သို့သော်လည်း တရားမျှတမှုအတွက် မည်သည့် အရေးယူဆောင်ရွက်မှုများပြုလုပ်ခြင်းမရှိခဲ့ပေ။[21] ထို့နောက် ပြစ်မှုကျူးလွန်သူသည် ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့သည်။ KHRG အနေဖြင့် ၂၀၂၄ ခုနှစ်၊ သြဂုတ်လအထိတွင် မည်သည့်သတင်းမှ ရရှိခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ဤအမှုကို ဆက်လက်၍အရေးယူဆောင် ရွက်မှုများမရှိတော့ပေ။ KWO ဝန်ထမ်းတစ်ဦးက နော်လ--- နှင့်နော်မ---တို့ကို ပြုစုစောင့်ရှောက်ခဲ့သည်။ သို့သော် နော်လ---နှင့် နော်မ---တို့သည် သင့်လျော်သောကူညီ ထောက်ပံ့မှုများမရရှိခဲ့ပါ။

အထက်တွင်ဖော်ပြထားသည့်အတိုင်း ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ခဲ့သည့် (SAC လက် အောက်ခံဖြစ်သော) မြန်မာစစ်တပ်မှ စစ်သားနှစ်ဦးသည်လည်း ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ရရှိခဲ့သည်။ အကြောင်း မှာ KNU တရားစီရင်ရေးဖြစ်စေ၊ မြန်မာအစိုးရမှ အရပ်သားတရားရုံးတွင်ဖြစ်စေ အဆိုပါပြစ်မှုကျူးလွန်သူ စစ်သားများကို အရေးယူစီရင်ပိုင်ခွင့်အာဏာ မရှိသောကြောင့်ဖြစ်သည်။

     ဒေသခံအာဏာပိုင်များမှ အရေးယူဆောင်ရွက်ပေးမှုအားနည်းခြင်း -

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံရသူများအနေဖြင့် တရားမျှတမှုအတွက် ကြိုးပမ်းသော်လည်း တရားမျှတမှုရရှိရန် ကြုံတွေ့ရသည့်အဓိကစိန်ခေါ်မှုတရပ်မှာ အချို့အခြေအနေများတွင် ဒေသခံအာဏာပိုင်များက တိုင်ကြားထားသည့် အ မှုဖြစ်စဉ်များကို အရေးယူဆောင်ရွက်ခြင်း မပြုသည့်အပြင် အမှုကိုရုတ်သိမ်းပေးရန်အတွက် အကြမ်းဖက်ခံရသူများအ ပေါ် ဖိအားပေးခြင်းပင်ဖြစ်သည်။ 

ဖြစ်စဉ်တစ်ခုမှာ ရွာသားတစ်ဦးဖြစ်သည့်မောင်ခ---သည် အ သက်(၁၉)နှစ်အရွယ်ရှိပြီး အိမ်ထောင်သည်တစ်ဦး ဖြစ်သော နော်ဝ---ကို သူမ၏နေအိမ်တွင် အသက် (၇)လအရွယ်ရှိသော သူမ၏ကလေးနှင့်အတူ အိပ်ပျော်နေစဉ် လိင်ပိုင်းဆိုင် ရာ ကိုယ်ထိလက်ရောက်ခြင်းနှင့် မုဒိမ်းပြုကျင့်ရန် ကြိုးစားခဲ့သည်။ ဤဖြစ်စဉ်သည် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့၌ ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ ကျိုက်ဒုံမြို့တွင် ဖြစ် ပွားခဲ့သည်။ မောင်ခ---သည် နော်ဝ---၏ အိမ်နီးနားချင်းတစ်ဦးဖြစ်သည်။ ဖြစ်ပုံမှာ မနက် (၁)နာရီခန့်တွင် မောင်ခ---သည် နော်ဝ---၏အိပ်ခန်းထဲကို ဝင်လာပြီး သူမကို အဓမ္မပြုကျင့်ရန်ကြိုးစားခဲ့သည်။ အစပိုင်းတွင် သူမသည် မောင်ခ---၏လက်ထဲမှလွတ်မြောက်ရန် ရုန်းထွက်နိုင်ခဲ့သည်။ သို့သော် မောင်ခ---သည် အိပ်ယာထဲတွင်အိပ်ပျော်နေသော သူမ၏ ကလေးကိုရိုက်၍ကလေးမှာ အော်ဟစ်ငိုယိုခဲ့သည်။ အသက် (၇)လအရွယ်ရှိသောကလေးသည် အော်ဟစ်ငိုယိုသည့် အတွက် မောင်ခ---အနေဖြင့် သူများကြားသိရှိမည်ကိုစိုးရိမ်သောကြောင့် ထွက်ပြေးခဲ့သည်။ နော်ဝ---သည် သူမ၏အိပ်ယာအနားတွင် ဖယောင်းတိုင်မီးထွန်းထားသဖြင့် စော်ကားကျူးလွန်သူ၏မျက်နှာကို ကောင်းစွာမြင်၍ မှတ်မိနေခဲ့သည်။ ထို့ကြောင့် နောက်တစ်မနက်တွင် သူမသည် SAC အုပ်ချုပ်မှုအောက်တွင်ရှိသော ကျိုက်ဒုံမြို့ရှိ သူမ၏ရပ်ကွက်မှူးကို အမှုဖွင့်တိုင်ကြားခဲ့သည်။ ဤဖြစ် စဉ်နှင့်ပတ်သက်၍ ရပ်ကွက်မှူးသည် ကျူးလွန်သူမောင်ခ---ကို မေးမြန်းခဲ့သည်။ သို့သော် မောင်ခ---သည် သူ့အနေဖြင့် ကျူးလွန်ခဲ့ကြောင်း မဝန်ခံခဲ့ပေ။ အကျိုးဆက်အနေဖြင့် ရပ်ကွက်မှူးသည် နော်ဝ---အတွက် မည်သည့်အရေးယူဆောင်ရွက်ပေးမှုများမပြုလုပ်ခဲ့ပေ။ ထို့နောက် ၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် ရပ်ကွက်မှူးသည် အမှုကိုရုတ်သိမ်းပေးရန်အတွက် နော်ဝ---နှင့်သူမ၏မိသားစုကို ပြောခဲ့သည်။ သို့သော်လည်း သူမသည် အမှုကိုရုတ်သိမ်းရန် ငြင်းဆိုခဲ့ပြီး KNU တရားစီရင်ရေးအာဏာပိုင်များထံသို့ အမှုကိုလွှဲပြောင်းပေးရန်အတွက် ရပ်ကွက်မှူးအား တောင်းဆိုခဲ့သည်။ သို့ရာတွင် ရပ်ကွက်မှူးသည် သူမ၏တောင်းဆိုမှုကို သဘောမတူခဲ့ပေ။ ထိုအစားအမှုကို နယ်ခြားစောင့်တပ် (BGF) ထံသို့ လွှဲပြောင်းပေးရန် သူမအား ဖိအားပေးခဲ့သည်။ BGF ထံသို့ အမှုလွှဲ ပြောင်းတိုင်ကြားစာကို အကယ်၍ နော်ဝ---အနေဖြင့် လက် မှတ်ရေးထိုးရန်သဘောမတူပါက အမှုရှုံးသွားမည်ဟု ရပ် ကွက်မှူးမှ သူမအား ခြိမ်းခြောက်ခဲ့သည်။ နော်ဝ---သည် ဤသို့ဖိအားပေးခံရသည့်အတွက် BGF ထံသို့ အမှုလွှဲပြောင်းတိုင်ကြားစာကို လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိတွင် BGF သည် ဤအမှုနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးခြင်းမရှိသေးဘဲ ရှိနေသည်။[22]

အခြားဖြစ်စဉ်တစ်ခုမှာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့၌ ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ နို့တော်ပလားကျေးရွာအုပ်စု၊ တ--- ကျေးရွာတွင် ကျောင်းကော်မတီအဖွဲ့အဝင်တစ်ဦးဖြစ်သော စ---က အသက် (၁၅) နှစ်အရွယ်ရှိသည့်နော်ရ---အပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှု ကျူးလွန်ခဲ့သည်။ နော်ရ---နှင့် သူမ၏သူငယ်ချင်းနှစ်ဦးတို့သည်ကျောင်းပိတ်ရက်တွင် စ---အိမ်သို့သွား၍ ကွမ်းသီးအခွံခွါပေးခြင်းဖြင့် ဝင်ငွေတစ်ချို့ရရှိရန် လုပ်ကိုင်ခဲ့သည်။ နော်ရ---သည် လိင်ပိုင်းဆိုင်ရာစော်ကားမှုကြုံတွေ့ရပြီးနောက် သူမ ၏မိခင်ဖြစ်သူကို ဖြစ်ကြောင်းကုန်စင်ပြောပြခဲ့ပြီး ထိုမှတဆင့် ကျောင်းဆရာနှစ်ဦးကို အသိပေး၍ရှင်းပြခဲ့သည်။ သို့ သော် ပြစ်မှုကျူးလွန်သူကို မည်သည့်အရေးယူဆောင်ရွက်ပေးမှုများမရှိခဲ့ပေ။ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ဤအမှုကို KHRG ထံသို့ တင်ပြခဲ့သည်မှာ ပြစ်မှုကျူးလွန်သူ စ---သည် ကျောင်းလုပ်ငန်းကို ရပ်နားခဲ့ပြီးဖြစ်သည်။ အကြောင်းမှာ စ---သည် ကျောင်းကော်မတီအဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရသည့်သုံးနှစ်အတွင်း အချိန်ပြည့်သွားသော ကြောင့် ကျောင်းလုပ်ငန်းမှ ရပ်တန့်ခဲ့ရခြင်းဖြစ်သည်။ အစပိုင်းတွင် အမှုကို ကျောင်းကော်မတီအာဏာပိုင်များထံသို့ တိုင်ကြားခဲ့သော်လည်း မည်သည့်တရား စီရင်ရေးအဖွဲ့မှ ထိုအမှုကို စုံစမ်းစစ်ဆေးခြင်းမရှိခဲ့ပေ။ နော်ရ---၏မိသားစုသည်လည်း အမှုကိုဆက်လက်တိုင်ကြားရန်အတွက် အဆင်မပြေခဲ့ပေ။ အကြောင်းမှာ နော်ရ---၏မိသားစုအနေဖြင့် ပြစ် မှုကျူးလွန်သူသည် ပညာတတ်တစ်ဦးဖြစ်သည့်အတွက် တရားရုံးမှ ၎င်းအား အရေးယူအပြစ်ပေးနိုင်မည် မဟုတ်ကြောင်း စိုးရိမ်မှုများရှိနေခဲ့ခြင်းဖြစ်သည်။ နော်ရ---၏ မိသားစုသည် ကျူးလွန်သူမှ ၎င်းတို့၏စွပ်စွဲချက်ကို လက်ခံမည်မဟုတ်ကြောင်း ယုံကြည်ထားသည်။[23]

(ဂ) တရားရုံးလုပ်ငန်းစဉ်များနှင့် နစ်နာကြေးတောင်းဆိုရန်အတွက် ကြုံတွေ့ရသော ငွေကြေးပြဿနာများ

အာဏာပိုင်များထံသို့ တိုင်ကြားထားသည့်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ်များအတွက် အရေးပေါ်ဆေးကုသမှုများရရှိရန်ဖြစ်စေ၊ တရားရုံးတက်ရမည့်အခြေအနေတွင်ဖြစ်စေ အကြမ်းဖက်ခံရသည့်နစ်နာသူများအနေဖြင့် ကြုံတွေ့ရသော အဓိကစိန်ခေါ်မှုတရပ်မှာ ငွေကြေးပြဿနာဖြစ် သည်။ ရွာသားများအတွက် အဓိကစိန်ခေါ်မှုမှာ ငွေကြေးပြဿနာပင် ဖြစ်သည်။ တရားရုံးသို့သွားရောက်တက်ရမည့်အခြေအနေတွင် ခရီးသွားလာရေးစရိတ်နှင့် တရားစွဲဆိုမှုအတွက်ကုန်ကျမည့်စရိတ်များ မတတ်နိုင်သောကြောင့် တရားရုံးသို့ သွားရောက်ဖြေရှင်းခြင်းများ မပြုလုပ်နိုင်ခဲ့ကြောင်း တစ်ချို့ရွာသားများက တင်ပြကြသည်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသည့် နစ်နာသူများ၏ တစ်ချို့မိသား စုဝင်များသည်လည်း နစ်နာသူများအတွက်လုံလောက်သော ဆေးကုသမှုရရှိရန်အတွက် ငွေကြေးမတတ်နိုင်သည့်အခြေ အနေကို KHRG အား တင်ပြခဲ့သည်။ ရွာသားများအနေဖြင့် ငွေကြေးပြဿနာသည် အဓိကစိန်ခေါ်မှုဖြစ်သည့်အတွက်ကြောင့် တစ်ချို့သောနစ်နာသူများနှင့် ၎င်းတို့မိသားစုဝင်များအတွက် နစ်နာကြေးရရှိ ခြင်းသည် တရားမျှတမှုရှိသည်ဟု ထင်မြင်ယူဆကြသည်။

ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ ထောဝါ့လော်ကျေး ရွာအုပ်စု၊ ထ--- ကျေးရွာတွင်နေထိုင်သော အသက် (၄) နှစ် အရွယ်ရှိသည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူ၏မိခင်ဖြစ်သူ နော်ဏ---က ယခုလိုရှင်းပြသည်။

“ကျွန်မအနေနဲ့ တရားရုံးကိုသွားပြီး အမှုဖြေရှင်းဖို့ ငွေကြေးမတတ်နိုင်ဘူး။ (…) KNU မြို့နယ်တ ရားရုံးကိုသွားမယ်ဆိုရင် ကျွန်မတို့တွေ (တရားရုံးသည် သူမတို့နေထိုင်ရာဒေသနှင့်အလှမ်းဝေးသည့်အတွက်) ကားငှားရမယ်။ ပြီးတော့ စားရေး သောက်ရေးအတွက်လည်း ပိုက်ဆံကုန်မယ်လေ။ ဒီလိုကုန်ကျစရိတ်တွေအတွက် ကျွန်မတို့မှာ ပိုက်ဆံမရှိဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီကုန်ကျစရိတ်အားလုံးအတွက် ကျွန်မတို့ကဘဲ ပေးရတယ်။ သူ့ရဲ့မိဘတွေကလည်း (ပြစ်မှု ကျူး လွန်သူ၏မိဘ) အမှုကိုဆက်မသွားဖို့နဲ့ ကျေးရွာ အုပ်စုအဆင့်မှာပဲ အမှုကိုရုတ်သိမ်းပေးဖို့အတွက် ကျွန်မတို့ကို ပြောတယ်။”

ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ နောင်တံခွန်ကျေးရွာမှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသည့် အသက် (၄) နှစ် အရွယ်ရှိသော အခြားကလေးတစ်ဦး၏မိခင်တစ်ဦးကလည်း ယခုလိုရှင်းပြသည်။ 

“အခုချိန်မှာ ပြောပြလို့မတတ်အောင် ကျွန်မခံစားရတယ်။ ကျွန်မအရမ်းဝမ်းနည်းတယ်။ ကျွန်မပိုက်ဆံမရှိတဲ့အချိန်မှာ ဒီကိစ္စက (မုဒိမ်းမှု) (ကျွန်မသမီးအ ပေါ်မှာ) ဖြစ်သွားတယ်။ အဲဒါကြောင့် ကျွန်မလည်း ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။ ကျွန်မရူးမတတ်အောင်ပဲ ဖြစ်သွားတယ်။ တစ်ခါတစ်လေမှာ ကျွန်မတစ်ယောက်ထဲစကားတွေပြောပြီး ငိုနေတယ်။ ကျွန်မသမီးကို ကြည့်လိုက်တော့ ကျွန်မအရမ်းဝမ်းနည်းတယ်။ (…) အခုချိန်ထိ သမီးကို ဆေးခန်းမပို့ရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မမှာလည်း စားဝတ်နေရေးအတွက်ရုန်းကန်နေရတယ်လေ။”

အဆိုပါကလေး၏ဖခင်ဖြစ်သူလည်း ဤသို့ ရှင်းပြသည်။ “ဒီအမှုကို ဥပဒေလမ်းကြောင်းအတိုင်း ဖြေရှင်းပေးစေချင်တယ်။ ကျွန်တော့်သမီးရဲ့ဆေးကုသမှုနဲ့အနာဂတ်အတွက် လျော်ကြေးလိုချင်တယ်။ ဒါက ကျွန်တော်ပိုက်ဆံမက်လို့မဟုတ်ဘူး။ (…) အခုချိန်မှာ သမီးလေးပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့အတွက် ကျွန်တော်တို့ကြိုးစားပေးနေတယ်။ သမီးလေး အရမ်းဝမ်းနည်းမှာကို ကျွန်တော်အရမ်းကြောက်တယ်။ သမီးလေးစားချင်တာမှန်သမျှ၊ သမီးလေးလိုချင်တာမှန်သမျှ ကျွန်တော်ဖြည့်ဆည်းပေးချင်တယ်။ ဒါပေမဲ့ သမီးလေးအတွက် ဘာမှမလုပ်ပေးနိုင်မှာကို ကျွန်တော်စိုးရိမ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ တွေက တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သာမန်အလုပ်သမားတွေပဲလေ။”

(ဃ) လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူများအပေါ် ပတ် ဝန်းကျင်မှ ဝေဖန်ကဲ့ရဲ့ပြစ်တင်ခြင်း - 

ပတ်ဝန်းကျင်မှဝေဖန်ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် ဓလေ့အရ ခွဲခြား ဆက်ဆံသည့်အမြင်သဘောထားများသည် လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်ခံရသူများနှင့်၎င်းတို့မိသားစုဝင်များအတွက်အမှုဖွင့်တိုင်ကြားရန်အဟန့်အတားဖြစ်စေပါသည်။ အကြမ်း ဖက်ခံရသည့်နစ်နာသူများအား ဆေးကုသမှုရရှိရန် ဆေးရုံ၊ ဆေးခန်းသို့ပို့ဆောင်ပြီးနောက်သာ KHRG အနေဖြင့် အဆိုပါလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ်နှစ်ခုကို သတင်းမှတ်တမ်းပြုစုနိုင်ခဲ့သည်။ ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ နောင်တံ ခွန်ကျေးရွာအုပ်စု၊ ယ--- ကျေးရွာမှ လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်ခံရသည့် အသက် (၄) နှစ် အရွယ်ရှိသော ကလေးမတစ်ဦးအား ဆေးကုသမှုပေးခဲ့သော ဒေသခံကျန်းမာရေးလုပ် သားတစ်ဦးက ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ၎င်းဖြစ်စဉ်ကို ယခုလိုရှင်းပြသည်။ “(၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ် ပွားခဲ့ပြီးနှစ်ရက်အကြာမှာ) ဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက် အဲဒီည (၁၀) နာရီဝန်းကျင်လောက်မှာ သူတို့က (မိဘဖြစ်သူများ) သူတို့သမီးလေးကိုခေါ်လာပြီး ကျွန်တော့်ဆီကို ရောက်လာတယ်။ ရောက်လာတဲ့အချိန်မှာ သူတို့သမီးက ဖျားနေတယ်။ သူတို့က (မိဘဖြစ်သူများ) သူတို့သမီးလေးဘာတွေကြုံတွေ့ခဲ့လဲဆိုတာ ကျွန်တော့်ကိုပြောပြဖို့ရှက်နေတယ်ထင်တယ်။” ထို့နောက် အဆိုပါကျန်းမာရေးလုပ်သားသည် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) အာဏာပိုင်များထံသို့ အမှုဖွင့်တိုင်ကြားခဲ့သည်။

အခြားဖြစ်စဉ်တစ်ခုမှာ ဒူးပလာယာခရိုင်၊ ကရုတူးမြို့နယ်၊ ကမာရကြီးကျေးရွာအုပ်စု၊ ဈ--- ကျေးရွာတွင် အသက် (၄၅) နှစ်အရွယ်ရှိသည့်ဦးအအ---က အိမ်တွင်းအကြမ်းဖက်မှုနှင့်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို အချိန်အတော်ကြာ ကျူး လွန်ခဲ့သည်။ ဦးအအ---မှာ ဇနီးတစ်ဦးနှင့်သားသမီး (၆)ဦးရှိသည်။ ၎င်းတို့မိသားစုသည် စားဝတ်နေရေးအတွက် ဧရာ ဝတီတိုင်းမှ ဈ--- ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ဦးအအ---သည် ၎င်း၏မိသားစုစားဝတ်နေရေးအတွက် ကူညီထောက်ပံ့ပေးခြင်းမရှိခဲ့ပေ။ အကြောင်းမှာ ဦးအအ---သည် မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦးဖြစ်ပြီး ၎င်းဇနီး၏ပိုက်ဆံကို ခိုးယူပြီး လောင်းကစားလုပ်လေ့ရှိသည်။ ထိုမျှမက ဦးအအ---သည် သူ၏ဇနီးနှင့်သားသမီးများကို စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ အကြမ်းဖက်လေ့ရှိသည်။ ဖြစ်စဉ်တစ်ခုမှာ ဦးအအ---သည် သူ၏ဇနီးလက်တစ်ဖက်ကို ရိုက်ချိုးခဲ့သည်။ ထို့အပြင် ဦးအအ---သည် အသက် (၁၄)နှစ်သာရှိသေးသော သမီးဖြစ်သူ မအဘ---အပေါ် အကြိမ် ကြိမ်အဓမ္မပြုကျင့်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးအပတ်တွင် ဦးအအ---၏ အငယ်ဆုံးသားဖြစ်သူသည် ဦးအအ---မှ သမီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့သည့်အခြေအနေကို မြင်တွေ့ခဲ့ပြီး ဖြစ်စဉ်ကို ကြားသိရှိခဲ့ရခြင်းဖြစ်သည်။ မအဘ---သည် အကြိမ်ကြိမ်မုဒိမ်းပြုကျင့်ခံရသည့်အတွက် သူမ၏သားအိမ်မှာ နာကျင်စွာခံစားနေရသည်။ ထို့ကြောင့် သူမကို ဆေးကုသမှုရရှိရန်အတွက် ကရုတူးမြို့နယ်၊ ကမာရကြီးကျေး ရွာအုပ်စုရှိ အဈ---ဆေးခန်းသို့ ပို့ဆောင်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအကုန်တွင် မအဘ---အား ဆေးကုသမှုပေးရာတွင် ဆေးမှတ်တမ်းအရ သူမသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်းကြောင့် ဒဏ်ရာများရရှိခဲ့ကြောင်း အ ဖြေထွက်ရှိခဲ့သည်။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ မအဘ ၏မိခင်ဖြစ်သူ အသက် (၅၀) နှစ်အရွယ်ရှိသော ဒေါ်အဆ---က ဤသို့သက်သေထွက်ဆိုခဲ့သည်။ “လွန်ခဲ့တဲ့နှစ်က (၂၀၂၃)စပြီး ကျွန်မသမီးက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရတယ်။ သူက (ဦးအအ---) ကျွန်မတို့ကိုသတ်ပစ်မယ်လို့ အမြဲတမ်းခြိမ်းခြောက်တယ်။ သူ့ရဲ့ကလေးတွေကိုလည်း အမြဲတမ်းပဲ ကိုယ်ထိလက်ရောက်အကြမ်းဖက်တယ်။ ပြီးတော့ သူ့ကလေးပြန်ခံပြောရင် ကလေးတွေကိုသတ်မယ် လို့လဲ ခြိမ်းခြောက်တယ်။ အဲဒါကြောင့် ကျွန်မတို့ကလေးတွေက (လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး) ကျွန်မကို ပြန်မပြောပြရဲဘူး။ အငယ်ဆုံးသားက ဒီကိစ္စကို ကျွန်မကိုပြောပြမှပဲ ကျွန်မသိခဲ့ရတယ်။ (…) ကျွန်မတို့နေ ထိုင်တဲ့နေရာအနီးအနားမှာ လူတွေမနေကြဘူး။ ပြီးတော့ အခြားယောကျ်ားတွေလည်း ကျွန်မတို့နဲ့အတူတူ မနေကြဘူးလေ။ အဲဒါကြောင့် သူက ကျွန်မတို့ကို သတ်မှာကိုလည်း ကြောက်တယ်။ ကျွန်မတို့နေတာက ဘုန်းကြီးကျောင်းနဲ့နီးတယ်။ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးတွေရှိတယ်။ ဒါပေမဲ့ ကျွန်မတို့က အော်ခေါ်ပြီးအကူအညီမတောင်းရဲဘူး။ နောက် တစ်မနက်မိုးလင်းတဲ့အချိန်မှာ (KNU မြို့နယ်ရုံးအနားမှာ) စပါးသွားစိုက်မယ်လို့ ကျွန်မက (ဦးအအ---ကို) လိမ်ပြောခဲ့တယ်။ အဲဒါနဲ့ ကျွန်မက အမှုကိုသွားတိုင်ကြားခဲ့တယ်။ (…) ကျွန်မရဲ့သားအကြီးက ဒီကိစ္စကို ရွာမှာရှိတဲ့ကျေးရွာအုပ် ချုပ်ရေးမှူးကို သွားတိုင်ကြားဖို့ အရမ်းရှက်နေတယ်။ အဲဒါကြောင့် ကျွန်မတို့က ဒီကိုတိတ်တဆိတ်လာပြီး တော်လှန် ရေးလက်နက်ကိုင်အဖွဲ့ကို အမှုဖွင့်တိုင်ကြားခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက (ဦးအအ---) ကျွန်မတို့ကို အကြိမ် ကြိမ်နှိပ် စက်ခဲ့တယ်လေ။” အမှုကို ဒေသခံ KNU ကရုတူးမြို့နယ်ခေါင်းဆောင်များထံသို့ တိုင်ကြားခဲ့ပြီးနောက် ဒေ သခံ KNPF အာဏာပိုင်များသည် ပြစ်မှုကျူးလွန်သူကို သွား ရောက်ဖမ်းဆီးချုပ်နှောင်ခဲ့သည်။ (၂၀၂၄ ခုနှစ်၊ သြဂုတ်လအထိတွင်) ပြစ်မှုကျူးလွန်သူကို တရားရုံးတွင် အရေးယူဆောင်ရွက်နေဆဲဖြစ်သည်။

အထူးသဖြင့် လိင်ပိုင်းဆိုင်ရာအကြမ်းခံရသူများသည် ငယ် ရွယ်သည့်မိန်းကလေးများဖြစ်နေလျှင် အကြမ်းဖက်ခံရသူ များနှင့်၎င်းတို့မိသားစုဝင်များအနေဖြင့် ပတ်ဝန်းကျင်မှ ဝေဖန်ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် ကျူးလွန်သူမှ ပြန်လည်တုန့် ပြန်မည်ကို ကြောက်ရွံ့နေကြသည်။ ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ ထောဝါ့လော်ကျေးရွာအုပ်စု၊ ထ--- ကျေး ရွာမှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသည့် အသက် (၄) နှစ်အရွယ်ရှိသော ကလေးမတစ်ဦး၏မိခင်ဖြစ်သူ နော်ဏ---က ယခုလိုရှင်းပြသည်။ “သမီးလေး အရွယ်ရောက်လာရင် သမီးလေးရဲ့ဂုဏ်သိက္ခာနဲ့အနာဂတ်အတွက် ကျွန်မတို့ ထည့်သွင်းစဉ်းစားပေးရမယ်။ (…) ပြီးတော့ သူကပြန်ပြီးလက်တုန့်ပြန်မှာကိုလည်း ကျွန်မစိုးရိမ်တယ်။ သူတို့ကြီးလာရင် သူက (အသက်မပြည့်သေးသည့်ပြစ်မှုကျူးလွန်သူ) သမီးလေးကို မုန်းမိသွားမယ်။ (…)  အဲဒါကြောင့် ကျွန်မထင်တာက ဒီကိစ္စကို ဒီမှာပဲ (ကျေးရွာအဆင့်) ရပ်တန့်ရင်ကောင်းမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့တွေက အိမ်နီး နားချင်းတွေဖြစ်ပြီး တစ်ရွာထဲမှာအတူတူနေကြတဲ့သူတွေလေ။ ဒါကြောင့် ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက် အာဃာတတွေမထားစေချင်ဘူး။ အဲဒါကြောင့် ကျွန်မထင်တာက သမီးလေးရဲ့ဂုဏ်သိက္ခာအတွက် ဒီကိစ္စကိုဒီမှာပဲပြီးစေချင်တယ်။ သမီးလေးရဲ့ဒဏ်ရာအတွက် ဆေးကုသမှုစရိတ်ကိုရရင် အဆင်ပြေပါတယ်။”

ပြစ်မှုကျူးလွန်သူများမှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအား ကျူးလွန်ခဲ့ပြီးနောက် တစ်ချို့နစ်နာသူများသည် ၎င်းတို့၏ အသိုင်းအဝန်းတွင် ဆက်လက်နေထိုင်ရန် သို့မဟုတ် ၎င်းတို့ပညာရေးကို ဆက်လက်ဆည်းပူးရန်အတွက် အခက်အခဲ၊ စိန်ခေါ်မှုများနှင့် ကြုံတွေ့ရတတ်သည်။ ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ နို့တော်ပလားကျေးရွာအုပ်စု၊ တ--- ကျေး ရွာတွင် အသက် (၅၄) နှစ်အရွယ်ရှိသော ကျောင်းကော်မတီအဖွဲ့ဝင်တစ်ဦးက အသက် (၁၅) နှစ် အရွယ်ရှိသော မိန်းက လေးတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခဲ့ပြီးနောက် ထိုမိန်းကလေးငယ်သည် သူမ၏ကျောင်းပညာ ရေးကို ဆက်လက်ဆည်းပူးရန် အခက်အခဲများနှင့်ကြုံတွေ့ခဲ့သည်။ အဆိုပါမိန်းကလေးအနေဖြင့် သူမ၏ခံစားချက်ကို ယခုလိုရှင်းပြသည်။ “တကယ်တော့ ကျွန်မက ကျောင်းဆက်တက်ချင်တာပေါ့။ ဒါပေမဲ့ ဒီမှာနေပြီး ကျောင်းဆက်တက်ဖို့အတွက် ကျွန်မကြောက်တယ်။ ကျွန်မသူငယ်ချင်းတွေနဲ့တွေ့ရင် ကျွန်မ အရမ်းရှက်တယ်။ ကျွန်မသူငယ်ချင်းတွေ ဒီလိုဖြစ်ရပ်မျိုးဖြစ်မှာကို ကျွန်မ မလိုလားဘူး။”[24]  အဆိုပါမိန်းကလေး၏ မိခင်ဖြစ်သူက ၂၀၂၂ ခုနှစ်တွင် ဤသို့တင်ပြခဲ့သည်။ 

“ကျွန်မသမီးက ကျွန်မနဲ့အတူ ပြန်လိုက်ချင်ခဲ့တယ်။ ကျွန်မက သတင်းပေါက်ကြားသွားမှာကိုကြောက်တော့ သမီးလေးကို အဲဒီမှာပဲ (ကျောင်းဘောင်ဒါဆောင်) နေခိုင်းခဲ့တယ်။ သမီးလေးကို ဒီနှစ်ကျောင်းပြီးအောင် တက်ခိုင်းလိုက်မယ်။ လာမယ့်နှစ်ကျမှပဲ သမီးလေးကို အဲဒီကျောင်းကနေ ပြောင်းခိုင်းလိုက်မယ်။ သူငယ်ချင်းတွေကြားမှာတော့ သမီးလေးရှက်မှာသေချာတယ်။ သူ့ကိုယ်သူနှစ်သိမ့်ပြီး သူ့သူ ငယ်ချင်းတွေကလည်း ဒီနှစ်ကျောင်းပြီးတဲ့အထိဆက်တက်ဖို့ ကြိုးစားပြီးနှစ်သိမ့်ပေးကြတယ်။ ရှေ့ဆက်ဒီလိုဖြစ် မလာဖို့ ကျွန်မမျှော်လင့်တယ်။ ဒါမှ ကျွန်မသမီးလေးလည်း အနှောင့်အယှက်မရှိပဲ ပညာဆည်းပူးနိုင်မယ်လေ။”

(င) ဥပဒေနှင့်အမှုတိုင်ကြားသည့်ယန္တယားလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသိပညာအားနည်းခြင်း -

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံရသည့် နစ်နာသူများအနေ ဖြင့် တရားမျှတမှုရရှိရန်ကြုံတွေ့ရသော အခြားစိန်ခေါ်မှု တစ်ခုမှာ လိင်ပိုင်းဆိုင်ရာနှင့်ကျားမရေးရာအခြေပြုအကြမ်း ဖက်မှု (SGBV) နှင့် အမှုတိုင်ကြားသည့်ယန္တယားလုပ်ငန်းစဉ်များနှင့်ပတ်သက်သော ဥပဒေရေးရာများအပေါ် အသိပညာအားနည်းခြင်းဖြစ်သည်။ ကရင်ဥပဒေအထောက်အကူပြုအဖွဲ့(KLAC) အစရှိသော တစ်ချို့လူထုအခြေပြုအဖွဲ့အစည်း (CBO) များသည် ပြည်သူလူထုအား ဥပဒေရေးရာအသိ ပညာပေးသင်တန်းများ ပို့ချလျက်ရှိသည်။ သို့ရာတွင် နယ် မြေဒေသတော်တော်များများတွင် ဥပဒေရေးရာအသိပညာပေးသင်တန်းများကို မရရှိသေးသည့်အခြေအနေတွင်လည်းရှိနေသည်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံရသည့် အမျိုးသမီးတစ်ဦးသည် သူမအနေဖြင့် ဥပဒေရေးရာ အသိပညာနည်းပါးခြင်း ကြောင့် တရားမျှတမှုရရှိရန် အခက်အခဲများရှိကြောင်း KHRG အား တင်ပြခဲ့သည်။ တိုင်းရင်းသားဝန်ဆောင်မှုပေး သောအဖွဲ့အစည်း၏အဖွဲ့ဝင်တစ်ဦးက ၂၀၂၁ ခုနှစ်၊ ဒီဇင် ဘာလတွင် မုဒိမ်းပြုကျင့်မှုအား ကျူးလွန်ခဲ့သော်လည်း မုဒိမ်းပြုကျင့်ခံရသူသည် ၂၀၂၄ ခုနှစ်၊ မတ်လအထိ ဒေသခံ KNU အာဏာပိုင်များထံသို့ အမှုဖွင့်တိုင်ကြားခဲ့ခြင်း မရှိခဲ့ပေ။ အဓမ္မပြုကျင့်ခံရသည့်ထိုအမျိုးသမီးတစ်ဦးသည် ယခုလိုပြောသည်။ 

“ဒီဖြစ်စဉ်နှင့်ပတ်သက်ပြီး နှစ်အတော်ကြာမှ တိုင်ကြားရတဲ့အကြောင်းကိုပြန်ကြည့်မယ်ဆိုရင် ကျွန်မတို့အမျိုးသမီးတွေအနေနဲ့ ဗဟုသုတအား နည်းတယ်။ ဘာသင်တန်းမှလည်း မတတ်ခဲ့ရဘူး။ အဲဒီအချိန်တုန်းက တရားရုံးမှာ အမှုဖွင့်တိုင်ကြားတာနဲ့ပတ် သက်ပြီး လုပ်ငန်းစဉ်တွေကို နားမလည်ခဲ့ဘူး။”

(၃.၂)။ KNU ထံသို့တိုင်ကြားထားသည့်အမှုဖြစ်စဉ်များ တရားဥပဒေအရ အရေးယူဆောင်ရွက်မှုရရှိခြင်း 

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် နိုင်ငံရေးနှင့်လက်နက် ကိုင်ပဋိပက္ခများတည်ရှိနေသော်လည်း ဒေသခံ KNU အုပ် ချုပ်ရေးဌာနများသည် ၎င်းတို့နယ်မြေဒေသအတွင်း တရား စီရင်ရေးအခန်းကဏ္ဍအပါအဝင် အုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိသည်။ KHRG မှ လက်ခံရရှိသည့်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ်တစ်ချို့သည် KNU တရားစီရင်ရေးစနစ်အောက်တွင် အရေးယူဆောင်ရွက်မှုများရှိခဲ့သည်။ သို့သော်လည်း တစ်ချို့ဖြစ်စဉ်တွင်လည်း ယခုအချိန်ထိ တရားစွဲဆိုမှုအဆင့်တွင်သာ ရောက်ရှိနေ သည်။ KNU တရားစီရင်ရေးဌာနသို့ တိုင်ကြားထားသည့်အမှုဖြစ်စဉ် (၁၃)ခုတွင် ဖြစ်စဉ် (၄) ခုတွင်သာ တရားဥပဒေအရ ပြစ်မှုကျူးလွန်သူများအား ပြစ်ဒဏ်ချမှတ်ခြင်းရှိခဲ့သည်။ ပြစ်မှုကျူးလွန်သူများသည် ဖမ်းဆီးထောင်ချခံရပြီး နစ်နာသူများသည် နစ်နာကြေးများ ရရှိခဲ့သည်။

ဥပမာဖြစ်စဉ်တစ်ခုမှာ ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း ဒူးပလာ ယာခရိုင်၊ ဝေါ်ရေ(ဝင်းရေး)မြို့နယ်၊ ကွီးကဆောကြည့်ကျေး ရွာအုပ်စု၊ အဂ--- ကျေးရွာတွင် အသက်မပြည့်သေးသည့်မိန်းကလေးငယ်နှစ်ဦးကို အကြမ်းဖက်သူ (၄) ဦးက မုဒိမ်းပြုကျင့်၍ သတ်ဖြတ်ခဲ့သည်။ ထိုအမှုကို KNU တရားစီရင်ရေးစနစ်အောက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ပျောက်ဆုံးသွားသည့်မိန်းကလေးငယ်များကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့၌ အဂ--- ကျေးရွာနှင့်တစ်မိုင်ခန့်ဝေးသော တစ်နေ ရာတွင် သေဆုံးနေသော ၎င်းတို့၏အလောင်းများကိုသာ တွေ့ရှိခဲ့သည်။ ၎င်းတို့၏ခန္ဓာကိုယ်တွင် အနာတရများနှင့်ဒဏ်ရာများ ရရှိနေသည်ကိုတွေ့ရှိရသည်။ ကျေးရွာလုံခြုံ ရေးအဖွဲ့တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ KNPF ၊ KNLA ၊ ကရင်ကျန်းမာရေးနှင့်လူမှုဖူလုံရေးဌာန (KDHW) မှ ကျန်းမာရေးဝန်ထမ်းများနှင့် မြန်မာနိုင်ငံဆေးပညာရှင်းများအသင်း (BMA) အပါအဝင် ဒေသခံအာဏာပိုင်များက အဆိုပါမိန်းကလေးငယ်များ၏အလောင်းကို စစ်ဆေးပြီးနောက် ထိုမိန်းကလေးငယ်များသည် အသတ်မခံရခင်တွင် ရက်စက်ပြင်းထန်စွာ နှိပ်စက်ခံရပြီး မုဒိမ်းပြုကျင့်ခံရခဲ့ကြောင်း ကောက်ချက်ချခဲ့သည်။ ထိုမိန်းကလေးများ၏ မိသားစုဝင်များ၊ ရွာသားများ၊ ဒေသခံခေါင်းဆောင်များ၊ KNPF နှင့် KNLA တပ်ခွဲ (၂)တို့၏ အကူအညီများကြောင့် ၂၀၂၂ ခု နှစ်၊ မေလ ၂၆ ရက်နေ့တွင် ပြစ်မှုကျူးလွန်သူ (၄) ဦးကို ဖမ်းဆီရမိခဲ့ပြီး ၎င်းတို့က ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ ပြစ်မှုကျူးလွန်သူ (၄) ဦးသည် စောမောင်ချစ်စိုး၊ စောစိုးဝင်းသန်း၊ စောအယ်ဒိုထူးနှင့် စောဖားအယ်တီး (အကြမ်းဖက်ခံရသည့်မိန်းကလေးငယ်များ၏ဦးလေး) ဖြစ် သည်။ အဆိုပါပြစ်မှုကျူးလွန်သူ (၄) ဦးသည် တစ်ရွာထဲသားများဖြစ်ကြသည်။ ပြစ်မှုကျူး လွန်သူများသည် အခင်းမဖြစ်ပွားမီ လွန်ခဲ့သည့်တစ်ပတ်တွင် ဤဖြစ်စဉ်ကို ကျူး လွန်ရန်အစီအစဉ်ရှိခဲ့ကြောင်း ဝန်ခံခဲ့သည်။ ထို့နောက် ၎င်းတို့သည် ထိုမိန်းကလေးငယ်နှစ်ဦးအား ၎င်းတို့နှင့်အတူ အ ခင်းဖြစ်ပွားသောနေရာသို့ လိုက်သွားရန်ခေါ်ခဲ့ပြီး ထိုနေရာတွင် ပြစ်မှုကျူးလွန်သူသုံးဦးက မိန်းကလေးငယ်နှစ်ဦးကို ညှဉ်းပမ်းနှိပ်စက်၍ မုဒိမ်းပြုကျင့်ခဲ့သည်။ မိန်းကလေးငယ်နှစ်ဦး၏ဦးလေးဖြစ်သူသည် မုဒိမ်းပြုကျင့်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့ခြင်းမရှိခဲ့ပေ။ မုဒိမ်းပြုကျင့်ပြီးနောက် ထိုမိန်းကလေးငယ်နှစ်ဦးကို သတ်ပစ်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့၌ KNU ဒူးပလာယာခရိုင်တရားရုံးမှ ပြစ်မှုကျူး လွန်သူတစ်ယောက်စီတိုင်းကို ပြစ်ဒဏ်ချမှတ်ခဲ့သည်။ စောအယ်ဒိုထူးအား အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၁၀) နှစ်ကျစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ စောစိုးဝင်းသန်းအား အလုပ် ကြမ်း နှင့်ထောင်ဒဏ် (၁၇) နှစ်ကျစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ အခြားပြစ်မှုကျူးလွန်သူနှစ်ဦးအား သေဒဏ်ချမှတ် ခဲ့သည်။ သေဒဏ်ချမှတ်ခံရသည့် ပြစ်မှုကျူးလွန်သူနှစ်ဦးအား သေဒဏ်ပေးခဲ့ခြင်းရှိ၊ မရှိနှင့်ပတ်သက်၍ KHRG အနေ ဖြင့် သတင်းလက်ခံရရှိခြင်းမရှိခဲ့ပေ။[25]

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော အ ခြားလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ်တစ်ခုမှာလည်း တရားဥပဒေအရ အရေးယူဆောင်ရွက်မှုရှိခဲ့သည်။ ဒူးပလာ ယာခရိုင်၊ ဝေါ်ရေမြို့နယ်၊ အယ--- ကျေးရွာတွင် အသက် (၄၈)နှစ်ရှိပြီး အိမ်ထောင်သည်တစ်ဦးဖြစ်သည့် စောအက---သည် စိတ်ကျန်းမာရေးရောဂါခံစားရသော အသက် (၁၃)နှစ်အရွယ်သာရှိသည့် မိန်းကလေးငယ်တစ်ဦးအား အကြိမ် ကြိမ်အဓမ္မပြုကျင့်ခဲ့သည်။ အခင်းဖြစ်ပွားပြီး နှစ်လခန့်အကြာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အဆိုပါမိန်း ကလေးငယ်သည် သူမရင်းနှီးခင်မင်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးအား တိုင်ကြားခဲ့သည်။ ထိုမိန်းကလေးငယ်၏မိဘဖြစ်သူသည် တောထဲတွင် မျှစ်သွားရှာနေသည့် အချိန်တွင် အိမ်ထဲတွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကျေးရွာအနီးနားတွင် SAC တပ်စခန်းတည်ရှိသောကြောင့် ထိုမိန်းကလေးငယ်နှင့်သူမ၏မိသားစုသည် ရွာထဲတွင်မနေတော့ဘဲ လုံခြုံ ရေးနှင့်စားဝတ်နေရေးအတွက် စိုက်ပျိုးခြံထဲသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ဤအမှုကို KNU တရားစီရင်ရေးစနစ်အောက်တွင် အရေးယူဆောင်ရွက်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် KHRG လက်ခံရရှိသည့်သတင်းအရ ပြစ်မှုကျူးလွန်သူ စောအက---သည် ဖမ်းဆီးခံရပြီး ၎င်းအား ထောင်ဒဏ်နှစ် (၂၀) ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ထို့အပြင် ပြစ်မှုကျူးလွန်သူသည် ထိုမိန်းကလေးငယ်အ တွက် နစ်နာကြေးအဖြစ် ကျပ်ငွေ(၁,၅၀၀,၀၀၀)ပေးဆောင်ခဲ့ရသည်။

အခြားဖြစ်စဉ်တစ်ခုတွင်လည်း KNU တရားစီရင်ရေးအောက်ရှိ တရားရုံးတွင် အရေးယူဆောင်ရွက်မှုရှိခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း အသက် (၆၀)နှစ်အရွယ်ရှိသော စောအန---သည် အသက် (၁၂)နှစ်အရွယ်သာရှိသည့် မိန်းကလေးငယ်နှစ်ဦးအား အကြိမ်ကြိမ်မုဒိမ်းပြုကျင့်ခဲ့သည်။ စောအန---နှင့်ထိုမိန်းကလေးငယ်နှစ်ဦးသည် ဒူးပ လာယာခရိုင်၊ ကရုတူးမြို့နယ်၊ ဝေးသလွဲကျေးရွာအုပ်စု၊ အဝ--- ကျေးရွာတွင် နေထိုင်ကြသည့်တစ်ရွာထဲသားများ ဖြစ်ကြသည်။ ပထမဖြစ်စဉ်မှာ စောအန---သည် ၎င်းအိမ်တွင်ရှိနေသည့်ထိုမိန်းကလေးငယ်နှစ်ဦးအား သောက်သုံး ရေတိုက်ကျွေးခဲ့ပြီး မိန်းကလေးများအနေဖြင့် လည်ချောင်းနာလာ၍မူးဝေသည့်အချိန်တွင် ၎င်းတို့အား မုဒိမ်းပြုကျင့်ခဲ့သည်။ အခင်းဖြစ်ပွားပြီး ရက်အနည်းငယ်အကြာတွင် ထိုမိန်းကလေးငယ်တစ်ဦးသည် ရွာ၏အပြင်ဘက်ရှိ စားကျက် မြေတွင် နွားသွားကျောင်းနေသည့်အချိန်တွင် စောအန---က သူမအား ထပ်မံ၍ မုဒိမ်းပြုကျင့်ခဲ့သည်။ အမှုကို ဒေသခံ KNU အာဏာပိုင်များထံသို့ တိုင်ကြားခဲ့ပြီးနောက် KNPF သည် ပြစ်မှုကျူးလွန်သူကို သွားရောက်ဖမ်းဆီးခဲ့သည်။ ဒေ သခံ KNPF မှတဆင့် KNU ဒူးပလာယာခရိုင်တရားရုံးသို့ အမှုဖွင့်တိုင်ကြား၍ တရားစွဲဆိုနေစဉ် အတွင်း KWO သည် ထိုမိန်းကလေးငယ်နှစ်ဦးကို ကာကွယ်စောင့်ရှောက်၍ နှစ် သိမ့်အားပေးခဲ့သည်။[26] ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပြစ်မှုကျူးလွန်သူသည် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး ၎င်းအား သေဒဏ်ချမှတ်ခဲ့သည်။ သို့ရာတွင် ပြစ်မှုကျူး လွန်သူသည် KNU ဥက္ကဌဆီသို့ အသနားခံတောင်းဆိုပြီးနောက် သေဒဏ်အမိန့်ကိုပြောင်း၍ ၎င်းအား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။

(၃.၃)။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှ အမျိုးသမီးများနှင့်မိန်းကလေးငယ်များကို ကာကွယ်ရန် ရွာသားများကျင့် သုံးသော နည်းလမ်းများ

လွန်ခဲ့သည့်အတိတ်ကာလများတွင် စစ်ပဋိပက္ခများအတွင်း မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများအနေဖြင့် မြန်မာစစ်တပ်၏လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို နှစ်ပေါင်းများစွာ ကြုံတွေ့ခံစားခဲ့ရပြီးဖြစ်သည့်အတွက်ကြောင့် အမျိုး သမီးများနှင့် မိန်းကလေးငယ်များ၏စိတ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများနှင့် စိတ်ဒဏ်ရာများ ကိန်းအောင်းနေလျက်ရှိသည်။[27] ထိုစိုးရိမ်ကြောက်ရွံ့မှုများသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင် ပို၍မြင့်တက်လာခဲ့သည်။ ထို့ ကြောင့် ဒေသခံရွာသားများ အထူးသဖြင့် အမျိုးသမီးများနှင့်မိန်းကလေးငယ်များသည် လက်နက်ကိုင်စစ်သားများ သို့မဟုတ် အခြားသူများ၏ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ရှောင်ရှားနိုင်ရန်အတွက် အဓိကဦးစားပေးမှု တစ်ခုအ ဖြစ် မိမိကိုယ့်ကိုကာကွယ်သည့်နည်းလမ်းများကို ရှာဖွေကျင့်သုံးခဲ့သည်။ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားတော်တော်များများသည် မည်သည့်အခြေအနေတွင်ဖြစ်စေ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှ မိမိကိုယ့်ကိုကာကွယ်ရန်အတွက် မြန်မာစစ်တပ်မှ စစ်သားများနှင့်၎င်းတို့ပူးပေါင်းတပ်ဖွဲ့များအပါအဝင် စစ်ဆေးရေးဂိတ်များ သို့မဟုတ် စစ်ဖက်ဆိုင်ရာနယ်မြေများကို ကြိုးစား၍ရှောင်ကျဉ်သွားလာကြသည်။[28]

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှ ကာကွယ်ရန်အတွက် မြန် မာစစ်တပ်မှ စစ်သားများနှင့်၎င်းတို့ပူးပေါင်းတပ်သားများကို ထိပ်တိုက်မဆုံတွေ့စေရန် နေရပ်ရွှေ့ပြောင်းခြင်းသည် ဒေသခံရွာသားများအနေဖြင့် အသုံးပြုသော အဓိကကျသည့်နည်းလမ်းတစ်ခုဖြစ်ကြောင်း တွေ့ရှိရသည်။ ဥပမာဖြစ်စဉ်တစ်ခုမှာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၀ ရက် နေ့တွင် လေးကေ့တပ်စခန်းတွင်အခြေစိုက်သော SAC နှင့် BGF စစ်သားများသည် ယိုကလားတပ်စခန်းသို့ သွားရာတွင် ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ ထီးဖာဒို့ထကျေးရွာအုပ်စုရှိ အပ--- ကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ အဆိုပါစစ်သားများသည် ကျေးရွာဘုန်းကြီးကျောင်းတွင် ယာယီစခန်းချ၍နေထိုင်သည့်အတွက်ကြောင့် အပ--- ကျေးရွာမှ ရွာသားတစ်ဦးဖြစ်သူ နော်အခ---က အတိတ်ကကြုံတွေ့ခဲ့ရသည့်အတွေ့အကြုံများအပေါ် အခြေခံ၍ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအား ကြုံတွေ့ရမည်ကို စိုးရိမ်ကြောက်ရွံ့နေရကြောင်း တင်ပြခဲ့သည်။  အထူးသဖြင့် SAC နှင့် BGF စစ် သားများသည် ကျေးရွာအတွင်း လာရောက်နေထိုင်သည့်အခြေအနေတွင် အမျိုးသားများဖြစ်ကြသော ရွာသားများ သည် ပေါ်တာဆွဲခံရ၍ လမ်းပြအဖြစ်ခိုင်းစေခံရမည်ကို ကြောက်ရွံ့သောကြောင့် ရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ နော်အခ---က အခြေအနေကို ဤသို့ရှင်းပြသည်။

“အရင်တုန်းက အမျိုးသမီးအများ စုဟာ အဲဒါကို (လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု) ကြုံတွေ့ခဲ့ရတယ်။ (…) သူတို့က (SAC သို့မဟုတ် BGF စစ် သားများ) မူးလာရင် အမျိုးသမီးတွေကို အဓမ္မပြုကျင့်မှာကို ကျွန်မတို့စိုးရိမ်တယ်။ အဲဒါကြောင့် ကျွန်မတို့က ဆယ်ကျော် သက်မိန်းကလေးတွေကို (စစ်သားတွေနေထိုင်သည့်ဘုန်းကြီးကျောင်းနှင့်ဝေးသောရွာ၏အနောက်ဖက်ခြင်း) အနောက်ဖက်ခြင်းမှာ သွားနေခိုင်းလိုက်တယ်။”[29] 

ဘီးလင်းမြို့နယ်၊ ပရာယောကျေးရွာအုပ်စု၊ အစ--- ကျေးရွာတွင်နေထိုင်သည့်ရွာသားများကလည်း SAC နှင့် BGF စစ် သားများက ကျေးရွာအတွင်းသို့မရောက်လာခင်တွင် ၎င်းတို့နှင့်ထိပ်တိုက်ရင်ဆိုင်၍မဆုံတွေ့ဖြစ်အောင် ရှောင်ရှားခဲ့ရကြောင်း တင်ပြခဲ့သည်။ လေးကေ့တပ်စခန်းတွင် တိုက်ပွဲများမဖြစ်ပွားမီ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် ရွာသားများသည် ၎င်းတို့ရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထို့နောက် SAC နှင့် BGF စစ်သား အများအပြားသည် လေးကေ့ဒေသသို့ ရောက်ရှိလာခဲ့သည်။ တစ်ချို့သောစစ်သားများသည် အစ--- ကျေးရွာတွင် ဝင်ရောက်လာပြီး ၂၀၂၂ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် စစ်ပြေးရှောင်ရွာသားများကို ၎င်းတို့ရွာသို့ပြန်လာရန် အဓမ္မခိုင်းစေခဲ့သည်။ မိဘများနှင့်အတူ ရွာသို့ပြန်လာရသည့်မိန်းကလေးငယ်များသည် BGF နှင့် SAC စစ်သားများက ၎င်းတို့အား လိင်ပိုင်းဆိုင်ရာနှင့်ဆိုင်သော နောက်ပြောင်ကျီစယ်မှုများနှင့် နှုတ်ဖြင့်စော်ကားမှုများ ပြောဆိုဆက်ဆံခဲ့သည်။ ထို့ကြောင့် မိဘဖြစ်သူများသည် ၎င်းတို့သမီးငယ်များကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှ ကာကွယ်ရန်အတွက် ရွာနှင့်ဝေးသောနေရာများတွင် ပို့၍ပုန်းရှောင်ခိုင်းခဲ့သည်။ အစ---ရွာမှ နော်အတ---က ယခုလို ရှင်းပြသည်။

“ကျွန်မ ညီမကို ရွာကိုမပြန်လာခိုင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ (သူမကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှာကို) ကျွန်မအရမ်း ကြောက်တယ်။ အခြေအနေကို အဝေးကနေပဲ (ပုန်းရှောင်သည့်နေရာ) စောင့်ကြည့်လေ့ရမယ်။”[30] 

၄။ လုံခြုံရေးနှင့်ဥပဒေဆိုင်ရာလေ့လာဆန်းစစ်ခြင်း - (နိုင်ငံအတွင်း) ယိုယွင်းနေသော တရားစီရင်ရေးစနစ်များ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်အရှေ့ တောင်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ် ပွားနေခြင်းသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ပြစ်ဒဏ်ကင်းလွတ်မှုဖြင့် ကျူးလွန်ခွင့်ရနိုင်သည့် ပတ်ဝန်းကျင်တရပ်ကို ဖန်တီးပေးစေသည်။ လက်နက်ကိုင်စစ်သားများနှင့် အရပ်သားဖြစ်သည့်ကျူးလွန်သူများ နှစ်ဖက်စလုံးသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် ၎င်းတို့အိမ်တွင်ဖြစ်စေ၊ စိုက်ပျိုးခြံတွင်ဖြစ်စေ၊ ရွာထဲတွင်ဖြစ်စေ ပစ် မှတ်ထား၍ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ကျူးလွန်လေ့ရှိသည်။ ဤအခြေအနေသည် အမျိုးသမီးများနှင့် မိန်း ကလေးငယ်များအတွက် မည်သည့်နေရာတွင်မဆို လုံခြုံမှုမရှိကြောင်း ပြသနေသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း KHRG အနေဖြင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်မှုဖြစ်စဉ်များကို နှစ်စဉ်နှစ်တိုင်း သတင်းလက်ခံရရှိနေဆဲဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ် (၇) ခု လက်ခံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်အ တွင်း ဖြစ်စဉ် (၆) ခု လက်ခံရရှိခဲ့သည်။ ဆိုလိုသည်မှာ ဤနှစ်အတွင်း လက်ခံရရှိသည့်ဖြစ်စဉ်များသည် သတ်မှတ်ထားသည့်အစီရင်ခံစာကာလအတွင်း ဖြစ်ပွားသည့် ဖြစ်စဉ်များအားလုံး၏ (၇၀) ရာခိုင်နှုန်းရှိသည်။ ၂၀၂၄ ခုနှစ်အတွင်းတွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို လက်နက် ကိုင်စစ်သားများမှ ကျူးလွန်ခဲ့သည့်ဖြစ်စဉ်များကို KHRG မှ သတင်းလက်ခံရရှိခဲ့သည်။ ၎င်းအခြေအနေသည် အတိတ် က မြန်မာပြည်အရှေ့တောင်ပိုင်းတွင် မြန်မာစစ်တပ်မှ စစ် သားများသည် မုဒိမ်းမှုကို ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်ခဲ့ သည့် ဆိုးရွားသည့်အခြေအနေကို ပြန်လည်ဖော်ပြနေလျက်ရှိကြောင်း တွေ့ရှိရသည်။ လက်နက်ကိုင်ပဋိပက္ခများ ဆက် လက်ဖြစ်ပွားနေပြီး တရားဥပဒေစိုးမိုးမှုလည်း ပို၍အားနည်းလာသည့်အခြေအနေတွင် လိင်ပိုင်းဆိုင်ရာအကြမ်းမှုများကို ပြစ်ဒဏ်ကင်းလွတ်မှုဖြင့် ပြောင်ပြောင်တင်းတင်းကျူးလွန်ခွင့်ရနိုင်သည့်အခြေအနေကို မီးမောင်းထိုးပြနေလျက်ရှိသည်။ ရွာသားများအနေဖြင့် လိင်ပိုင်းဆိုင်ရာအကြမ်းမှုမှ ကာကွယ်ရန်အတွက် စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းသွားလာခြင်းများမပြုလုပ်ဘဲ လက်နက်ကိုင်စစ်သားများကို ရှောင်ရှား၍ နေရပ်ရွှေ့ပြောင်းရမည့် နည်းလမ်းကို အသုံးပြုကျင့်သုံးလာကြသည်။

ရွာသားများသည် တရားမျှတမှုရရှိရန် အခက်အခဲ၊ စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသည်။ KHRG လက်ခံရရှိသည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ် (၁၉) ခုအနက် ဖြစ်စဉ် (၄)ခုသည်သာ တရားဥပဒေအရ အရေးယူဆောင် ရွက်မှုများရှိခဲ့သည်။ ထိုဖြစ်စဉ်(၄)ခုတွင် ပြစ်မှုကျူးလွန်သူများသည် အ ရပ်သားများဖြစ်ကြပြီး အကြမ်းဖက်ခံသူများသည် အသက်မပြည့်သေးသည့် မိန်းကလေးငယ်များဖြစ်၍ အမှုများကို KNU တရားစီရင်ရေးစနစ်အောက်တွင် အရေးယူဆောင် ရွက်နိုင်ခဲ့သည်။ အသက်ပြည့်သည့် အကြမ်းဖက်ခံရသူ အ မျိုးသမီးများသည် အမှုဖြစ်စဉ်အတွက် တရားမျှတမှုရရှိခြင်းမရှိခဲ့ပေ။ ပြစ်မှုကျူးလွန်သည့်လက်နက်ကိုင်စစ်သားများကိုလည်း စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် တရားစွဲဆိုနိုင်ခြင်းမရှိခဲ့ပေ။ ထိုအခြေအနေသည် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုရရှိသည့်ဓလေ့တစ်ခု ဖြစ်လာသည်။ ဖြစ်စဉ်အများစုသည် စုံ စမ်းစစ်ဆေးနေဆဲဖြစ်ပြီး သို့မဟုတ် တရားစွဲဆိုနေဆဲအခြေ အနေတွင် ရှိနေသည်။ ထို့အပြင် ရွာသားများသည် တရားမျှတမှုရရှိရန်ကြိုးပမ်းရာတွင် အချိန်ကုန်၊ လူပင်ပန်း၍ အချည်းနှီးသာ ဖြစ်သွားကြောင်း တွေ့ရှိရသည်။

တရားမျှတမှုရရှိခြင်းသည် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှု၏အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂမှ အတည်ပြုခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) တွင် လူတိုင်းလူတိုင်းသည် “တရားဥပဒေရှေ့မှောက်တွင် ထိရောက်သောကုစားမှု” ရရှိသည့် အခွင့်အရေးကို ပြဌာန်းထားပါသည်။[31] လူ့အခွင့်အရေးချိုးဖောက်မှုကိုရပ်တန့်ရန်အတွက် နိုင်ငံအတွင်းရှိသည့် တရားရုံးများသည် တရားဥပဒေစိုးမိုးမှုရရှိရန် လွတ်လပ်၍ပွင့်လင်းမြင်သာမှုရှိပြီး ဘက်မလိုက်သော တရားရုံးများဖြစ်ရမည်။ သို့ရာတွင် မြန် မာနိုင်ငံတွင် လက်တွေ့မြေပြင်အခြေအနေတွင် ဆန့်ကျင် ဘက်ဖြစ်နေသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမဖြစ်ပွားမီ အရပ်သားတရားရုံးများတွင် မြန်မာစစ်တပ်ကို အရေးယူတရားစွဲနိုင်ခြင်းမရှိသည့်အတွက်ကြောင့် မြန်မာစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့သည်။ ဤအခြေအနေသည် ယနေ့အချိန်ထိ ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတွင်း တရားဥပဒေဆိုင်ရာလုပ်ငန်းစဉ်များသည် တည်မြဲမှုမရှိတော့ဘဲ ရပ်တန့်သွားခဲ့သည်။ လက်ခံရရှိသည့်အစီရင် ခံစာများအရ ရွာ သားများသည် တရားမျှတမှုရရှိရန်ကြိုးပမ်းရာတွင် တရားစီရင်ရေးစနစ်သည် ငွေကြေးကုန်ကျများခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ တရားစီရင်ရေးလုပ်ငန်းစဉ်များ သို့မဟုတ် နစ်နာကြေးများရရှိသည့်အခွင့်အရေးများနှင့်ပတ် သက်၍ အသိပညာနည်းပါးခြင်း စသည့်စိန်ခေါ်မှုများနှင့်ကြုံ တွေ့ရသည်။

နိုင်ငံအတွင်း ဥပဒေပြုပြင်ပြောင်းလဲရေးတွင် လိင်ပိုင်းဆိုင် ရာအကြမ်းဖက်မှုမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ကာကွယ်စောင့်ရှောက်ရန် စိန်ခေါ်မှုအများအပြားရှိနေ သည်။ မြန်မာနိုင်ငံတွင် ပြဌာန်းထားသည့် ရာဇသတ်ကြီးပုဒ်မများတွင် မုဒိမ်းမှုကို(လိင်ဆက်ဆံခြင်းဟုဆို၍ အဓိပ္ပါယ်ဖွင့်ဆိုထားသည်)။ သို့ရာတွင် ခင်ပွန်းဖြစ် သူများသည် ၎င်းတို့၏ဇနီးများအပေါ် မုဒိမ်းပြုကျင့်လျှင် မြန်မာနိုင်ငံ၏ဥပဒေအရ ထိုအမှုသည် အိမ်ထောင်ရေး ပြဿနာဟုသတ်မှတ်၍ မုဒိမ်းမှုမမြောက်ဘဲ ပြစ်မှုကင်းလွတ်ကြောင်း ဖော်ပြနေ သည်။[32] ဤသို့အမှုဖြစ်စဉ်များအား အစီရင်ခံတင်ပြမှုနည်းပါးခြင်းသည် ထိုအမှုများအတွက် တရားဝင်ပြဌာန်းထားသော ရာဇဝတ်မှုမရှိခြင်းကြောင့် ဖြစ်နိုင်ပါသည်။ အသက် (၁၂) နှစ် ပြည့်လျှင် အရွယ်ရောက်သူများဟု သတ် မှတ်ထားကြသည်။[33] မြန်မာနိုင်ငံ၏ ရာဇသတ်ကြီးပုဒ်မများတွင် ကိုယ်ဝန်ဖျက်ချခြင်းကို ရာဇဝတ်မှုဟု ဖော်ပြထားပြီး မိခင်၏အသက်ကိုကယ်တင်ရ မည့်အခြေအနေတွင် ကိုယ် ဝန်ဖျက်ချလျှင် ခြွင်းချက်အနေဖြင့် ရာဇဝတ်မှုမမြောက်ဟု ပြဌာန်းထားသည်။[34] သို့ရာတွင် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် မုဒိမ်းပြုကျင့်ခံရခြင်းကြောင့် ကိုယ်ဝန်ရသွားလျှင် ကိုယ်ဝန်ဖျက်ချနိုင်သည့်အခြေအနေကို ဓလေ့ထုံးတမ်းအရ လက်ခံခွင့်ပြုထားပါသည်။[35]

၁၉၉၇ ခုနှစ်တွင် မြန်မာအစိုးရသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားဆက်ဆံမှု ပပျောက်ရေးသဘောတူစာ ချုပ် (CEDAW) ကို လက်မှတ်ရေးထိုးခဲ့သည်။ ဤသဘောတူစာချုပ်တွင် ပို၍ကျယ်ပြန့်သောခွဲခြားဆက်ဆံမှုများအောက် တွင်ရှိသော ကျားမရေးရာ အခြေပြုအကြမ်းဖက်မှုများကိုလည်း ထည့်သွင်းဖော်ပြထားပြီး အစိုးရတရပ်အနေဖြင့် လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးများ တန်းတူအခွင့်အရေးများအား ရရှိရန်ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကို ဖော်ပြထားသည်။ လိုအပ်ပါက ဥပဒေပြုရေးဆိုင်ရာ အ ပြောင်းအလဲများပြုလုပ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာနှင့် ကျားမရေးရာအခြေပြုအကြမ်းဖက်မှုများ (SGBV) ကို ကျူးလွန်သည့်သူများကို စုံစမ်းစစ် ဆေးခြင်းနှင့်တရားစွဲဆိုခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။[36] ဤအနှစ်ချုပ်စာတမ်းတွင် ဖော်ပြထားသည့်အတိုင်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် KHRG လက်ခံရရှိသည့် SGBV ဖြစ်စဉ်များတွင် မြန်မာအစိုးရ၏တရားစီရင်ရေးစနစ်အောက်တွင် အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ပေ။ မြန်မာအ စိုးရသည် တရားဥပဒေအရ အရေးယူဆောင်ရွက်မှုများ လုပ် ဆောင်ရမည့်တာဝန်ဝတ္တရားရှိသော်လည်း ဘာတစ်ခုမျှ ဆောင်ရွက်ခြင်း မရှိခဲ့ပေ။ မြန်မာအစိုးရအနေဖြင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူများအတွက် ကာကွယ်စောင့် ရှောက်ပေးမှုများ ပို၍တိုးတက်လာအောင် တရားစီရင်ရေးဌာနများနှင့် ဥပဒေပြုရေးတာဝန်ရှိသူများကို ကျားမရေးရာ အခြေပြုအသိ ပညာပေးသင်တန်းများအား ပို့ချရန်တာဝန်ရှိကြောင်း CEDAW အဖွဲ့မှ တိုက်တွန်းလှုံ့ဆော်ခဲ့သည်။ မြန် မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သ ဘောတူစာချုပ် (CRC) ကိုလည်း လက်မှတ်ရေးထိုးထားသော နိုင်ငံဖြစ်သည်။ ဤသဘောတူစာချုပ်တွင် အစိုးရများအနေဖြင့် “ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပုံစံများအားလုံး” ကို တားဆီးကာကွယ်ပေးမှုများအပါအဝင် ကလေးသူငယ်များ၏လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်ရမည့်တာဝန်ဝတ္တရားများရှိကြောင်း ဖော်ပြထားသည်။[37] အစီရင်ခံစာကာလအတွင်း KHRG မှတ်တမ်းပြုစုခဲ့သည့်ဖြစ်စဉ်များတွင် အနည်းဆုံး အသက်မပြည့်သေးသည့်မိန်းကလေးငယ် (၁၅) ဦးသည် လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုကို ကြုံတွေ့ခဲ့ရသည်။ ဤအခြေအနေမှာ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရန် လို အပ်နေပြီးဖြစ်၍ ပြစ်မှုကျူးလွန်သူများကို အစိုးရအဆင့် အရေးယူဆောင်ရွက်မှုများ အရေးကြီးလိုအပ်နေကြောင်း ဖော်ပြနေသည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) အောက်တွင် လက်နက်ကိုင်စစ်သားများသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကျူးလွန်ရန် တားမြစ်ထားပါ သည်။ ၁၉၉၇ ခုနှစ်တွင် ပြဌာန်းထားသော ဂျီနီဗာကွန်ဗင်းရှင်း၏ ထပ်တိုးသဘောတူစာချုပ်(၂)တွင် ပြည်တွင်းလက် နက်ကိုင်ပဋိပက္ခအတွင်း မုဒိမ်းမှုနှင့် အခြားသော ‘အရှက်ရစေသော၊ ဂုဏ်သိက္ခာကျဆင်းစေသော ဆက်ဆံမှုများ’ ကို လုပ်ဆောင်ရန် တားမြစ်ထားပါသည်။[38] မြန်မာအစိုးရသည် အဆိုပါထပ်တိုးသဘောတူစာချုပ် (၂)ကို လက်မှတ်ရေးထိုးထားခြင်းမရှိသော်လည်း ၎င်းသဘောတူစာချုပ်တွင်ပြဌာန်းထားသည့်အပိုဒ်များသည် နိုင်ငံတကာဓလေ့ထုံးတမ်းဥပဒေတွင် ဖော်ပြထားပြီး မုဒိမ်းမှုကိုကျူးလွန်ရန် တားမြစ်ထားသည့်အပိုဒ်လည်း ပါဝင်ပါသည်။ လက်နက်ကိုင်စစ်သားများမှ အရပ်သားများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူး လွန်ခဲ့သည့်ဖြစ်စဉ်များတွင် SAC အုပ်ချုပ်မှုတွင်ရှိသော မြန် မာစစ်တပ်မှ စစ်သားများကျူးလွန်သည့် ဖြစ်စဉ်သုံးခုပါဝင်ပြီး ယင်းလုပ်ရပ်များသည် IHL ဥပဒေကို ချိုးဖောက်နေကြောင်း သိသာထင်ရှားနေပါသည်။
နိုင်ငံတကာရာဇဝတ်မှုဥပဒေအောက်တွင် အရပ်သားများအပေါ် စနစ်တကျနှင့်ကျယ်ကျယ်ပြန့်ပြန့်အကြမ်းဖက်၍ မု ဒိမ်းပြုကျင့်သည့်လုပ်ရပ်သည် လူသားမျိုးနွယ်စုအား ဆန့် ကျင်သည့်ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုမြောက်သည်။ ဂျီနီဗာကွန်ဗင်းရှင်းတွင် ပဋိပက္ခအတွင်း အရပ်သားများကို ကာကွယ်ပေးရမည်ဟု အတိအလင်းကြေညာထားပါသည်။[39] သမိုင်းတစ်လျှောက်တွင် မြန်မာစစ်တပ်သည် မုဒိမ်းမှုကို စစ်လက်နက်တစ်ခုသဖွယ် အသုံးပြုခြင်းသည် အရပ်သားများအပေါ် ကျယ်ကျယ်ပြန့်ပြန့်အကြမ်းဖက်ပြီး ပြစ်ဒဏ်ကင်း လွတ်ခွင့်ရရှိနေသည့်အခြေအနေကို တွေ့ရှိရသည်။[40] ဤအနှစ်ချုပ်စာတမ်းတွင် ဖော်ပြထားသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ်များတွင် မြန်မာစစ်တပ်မှ ပဋိပက္ခကိုအကြောင်းပြု၍ ရွာသားများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုကျူးလွန်နေသည့်အခြေအနေကို လေ့လာဆန်းစစ်ထားပါသည်။ ဤသို့လုပ်ရပ်များသည် စစ်ရာဇဝတ်မှုနှင့်လူသားမျိုးနွယ်စုအား ဆန့်ကျင်သည့် ရာဇဝတ်မှုမြောက်ပါသည်။

၅။ အကြံပြုချက်များ

နိုင်ငံတကာတာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGO) ၊ ဒေသခံအာဏာပိုင်များနှင့် ပြည်တွင်း၊ ပြည်ပသက်ဆိုင်ရာအစိုးရများအနေနှင့် - 

  • SAC သည် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားလျက်ရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများ၏ အဓိကတရားခံဖြစ် ကြောင်း အသိအမှတ်ပြုရန်နှင့် ၎င်းတို့အား နိုင်ငံရေးအရ တရားဝင်အသိအမှတ်ပြုခြင်းကို ရှောင်ကြဉ်ရန်။
  • တရားမျှတမှုရရှိရန် မြန်မာပြည်တွင် လိင်ပိုင်းဆိုင်ရာနှင့် ကျားမရေးရာအခြေပြု အကြမ်းဖက်မှုများ (SBGV) ကို ကျူး လွန်ခွင့်ပေးသည့် စစ်ခေါင်းဆောင်များအား အပြည်ပြည်ဆိုင်ရာတရားခုံရုံးများတွင် တရားစွဲဆို၍ ချက်ချင်းအရေးယူဆောင်ရွက်ပေးရန်။
  • တရားစွဲဆိုသည့်လုပ်ငန်းစဉ်များတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသည့် နစ်နာသူများ ထပ်မံ၍အကြမ်းဖက်မခံရအောင် ၎င်းတို့၏လုံခြုံရေးနှင့်ကိုယ်ရေးအကျဉ်းများကို ကာကွယ်ပေးရန်အတွက် နစ်နာသူများအား ဗဟိုပြု၍ တရားစွဲဆိုမှုများ ပြောင်းလဲကျင့်သုံးရန်။
  • လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ကျူးလွန်သော စစ်သားများ၊ ရဲအရာရှိများနှင့်ရွာသားများအား အရေးယူအပြစ် ပေးရန်အတွက် သင့်လျော်မှန်ကန်သော စီမံဆောင်ရွက်မှုများ လုပ်ဆောင်ပေးရန်။
  • လက်ရှိနိုင်ငံရေးအခြေအနေနှင့်ပဋိပက္ခအခြေအနေအောက်တွင် တရားမျှတမှုရှာဖွေနေသော အကြမ်းဖက်ခံရသည့်နစ်နာသူများ ကြုံတွေ့ရသောအခက်အခဲ၊ စိန်ခေါ်မှုများကို အသိအမှတ်ပြုရန်နှင့် လိုအပ်သောဝန်ဆောင်မှုများနှင့်ကူညီထောက်ပံ့မှုများကို စီစဉ်ဆောင်ရွက်ပေးရန်။
  • SGBV နှင့် အခြားသောအကြမ်းဖက်မှုများကို ကြုံတွေ့ရသည့် နစ်နာသူများအတွက် အကာအကွယ်ပေးရေး ဝန်ဆောင် မှုများရရှိရန် မြေပြင်တွင် ကူညီလုပ်ဆောင်ပေးနေသော (ပြည်တွင်းနှင့် အိမ်နီးနားချင်းနိုင်ငံများမှ) CSO ၊ CBO များကို ငွေကြေးထောက်ပံ့မှုများ တိုက်ရိုက်ပေးရန်။ သို့မှသာ ၎င်းတို့အနေဖြင့် ကလေးများအတွက် အကာအကွယ်ပေးရေးဝန်ဆောင်မှုများအပါအဝင် ပို၍ကောင်းမွန်သော စီမံကိန်းများနှင့်ဝန်ဆောင်များ ပေးဆောင်နိုင်မည်ဖြစ်သည်။
  • ပြည်တွင်းနှင့်နယ်စပ်တစ်လျှောက်တွင် လိင်ပိုင်းဆိုင်ရာနှင့် ကျားမရေးရာအခြေပြု အကြမ်းဖက်မှုများကို ကြုံတွေ့ခံစားရသည့်နစ်နာသူများအတွက် လုံခြုံစိတ်ချသည့်ပတ်ဝန်းကျင်တရပ် ဖန်တီးရာတွင် ကူညီပံ့ပိုးပေးရန်။
  • ကျားမရေးရာနှင့်ပတ်သက်၍ ရှေးရိုစွဲအမြင်သဘောများအပါအဝင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ဖြစ်ပေါ်စေသည့်အဓိကအကြောင်းရင်းများကို ကိုင်တွယ်ဖြေရှင်းပေးရန်။
  • နယ်ပယ်ဒေသအသီးသီးတွင် ကျားမရေးရာ အခြေပြုအသိပညာပေးသင်တန်းများကို ပို၍ပို့ချပေးရန်။


အရှေ့မျက်နှာဖုံးဓာတ်ပုံမှတ်တမ်း

ဤပုံကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဘားအံခရိုင်တွင် KHRG မှ စီစဉ်ကျင်းပခဲ့သော (၇၅) ကြိမ်မြောက် လူ့အခွင့်အရေးနေ့တွင် ရိုက်ယူခဲ့သည်။ ပုံတွင် ကရင်အမျိုးသမီးများက ကရင်ရိုးရာဝါးညှပ်အကကို ဖျော်ဖြေတင် ဆက်နေသောအခြေအနေကို ဖော်ပြထားသည်။ (ဓာတ်ပုံ - KHRG)

Mon, 23 Dec 2024

Footnotes: 

[1] KHRG မှ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ဝေသော “ငြင်းဆို၍မရနိုင်တော့သော မြန်မာပြည်အရှေ့တောင်ပိုင်းရှိကျေးလက်ဒေသများ တွင် ဖြစ်ပွားခဲ့သောစစ်ရာဇဝတ်မှု၊လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုနှင့်ဆယ်စုနှစ်သုံးခုအတွင်းဒေသခံပြည်သူတို့၏ သက်သေခံချက်များ” တွင် ကြည့်ပါ။

[2] အထက်တွင်ဖော်ပြထားသော KHRG မှ ထုတ်ဝေသော “ငြင်းဆို၍မရနိုင်တော့သော” နှင့် UN General Assembly မှ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် ထုတ်ဝေသော “Report of the Independent International Fact-Finding Mission on Myanmar” တွင် ကြည့်ပါ။ Human Rights Watch ၂၀၁၈ ခုနှစ်၊ ဇူလှိုင်လတွင် ထုတ်ဝေသော “Sexual Violence by the Burmese Military Against Ethnic Minorities: Testimony of Skye Wheeler at the Tom Lantos Human Rights Commission” တွင် ကြည့်ပါ။

[3] အထက်တွင်ဖော်ပြထားသော KHRG မှ ထုတ်ဝေသော “ငြင်းဆို၍မရနိုင်တော့သော”  နှင့် ကရင်အမျိုးသမီးအစည်းအရုံး (KWO) မှ ၂၀၀၄ ခုနှစ်၊ ဧပြီလတွင်ထုတ်ဝေသော “Shattering Silences: Karen Women speak out about the Burmese Military Regime’s use of Rape as a Strategy of War in Karen State” တွင် ကြည့်ပါ။

[4] ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မှ ၂၀၀၈ ခုနှစ်တွင် ထုတ်ပြန်သော Constitution of the Republic of the Union of Myanmar တွင် ကြည့်ပါ။

[5] Women’s League of Burma မှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ဝေသော “Barriers at Every Turn. Gender-based violence against ethnic women in Burma” တွင် ကြည့်ပါ။

[6] KHRG မှ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ဝေသော “တိတ်တဆိတ်ခံစားခြင်းလော။ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ခံစားနေရသည့် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု”  နှင့် KHRG မှ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ဝေသော “အကြောက်တရား၏ အုတ်မြစ်-၂၅နှစ်အတွင်းမှတ်တမ်းတင်ထားသော မြန်မာပြည်အရှေ့တောင်ပိုင်းမှရွာသားများ၏အသံများ” တွင် ကြည့်ပါ။

[7] KHRG မှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ဝေသော “လက်လှမ်းမမှီနိုင်သေးသောအမှန်တရားများ-မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ငြိမ်းချမ်းရေး၊တရားမျှတမှုနှင့်တာဝန်ယူမှုတာဝန်ခံမှုအပေါ်ဒေသခံများ၏အမြင်သဘောထားများ”တွင် ကြည့်ပါ။

[8] အထက်တွင်ဖော်ပြထားသော KHRG မှ ထုတ်ဝေသော“လက်လှမ်းမမှီနိုင်သေးသောအမှန်တရားများ” တွင်ကြည့်ပါ။

[9] Danish Institute for International Studies မှ ၂၀၁၇ ခုနှစ်၊ မတ်လတွင် ထုတ်ဝေသော “Justice Provision in Myanmar” တွင် ကြည့်ပါ။

[10] အထက်တွင်ဖော်ပြထားသော KHRG မှ ထုတ်ဝေသော“လက်လှမ်းမမှီနိုင်သေးသောအမှန်တရားများ” တွင်ကြည့်ပါ။

[11] REDRESS and Global Survivors Fund မှ ၂၀၂၃ ခုနှစ်၊ မတ်လတွင် ထုတ်ဝေသော “MYANMAR STUDY ON OPPORTUNITIES FOR REPARATIONS FOR SURVIVORS OF CONFLICTRELATED SEXUAL VIOLENCE - Beyond Survival” တွင် ကြည့်ပါ။

[12] REDRESS and Global Survivors Fund မှ ၂၀၂၃ ခုနှစ်၊ မတ်လတွင် ထုတ်ဝေသော “MYANMAR STUDY ON OPPORTUNITIES FOR REPARATIONS FOR SURVIVORS OF CONFLICTRELATED SEXUAL VIOLENCE - Beyond Survival” တွင် ကြည့်ပါ။

[13] KHRG မှ ၂၀၂၃ခုနှစ်၊ ဇွန်လတွင် ထုတ်ဝေသော“ကျွန်တော်တို့ကိုဘာကြောင့်ပစ်မှတ်ထားရတာလဲ? မြန်မာစစ်တပ်မှမြန်မာပြည် အရှေ့တောင်ပိုင်းရှိ ရွာသားများအပေါ် ပစ်မှတ်ထားအကြမ်းဖက်မှုပုံစံများကို ဖော်ထုတ်ခြင်း” တွင် ကြည့်ပါ။

[14] ကရင်အမျိုးသမီးအစည်းအရုံး (KWO) မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ထုတ်ဝေသော “Stop Violence Against Women in Burma”  တွင် ကြည့်ပါ။ ထို့အပြင် UNDP and UN Women မှ ၂၀၂၂ ခုနှစ်၊ မတ်လတွင် ထုတ်ဝေသော “Regressing Gender Equality in Myanmar: Women living under the pandemic and military rule” တွင် ကြည့်ပါ။  Women’s League of Burma မှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ဝေသော “Barriers at Every Turn. Gender-based violence against ethnic women in Burma.”   တွင် ကြည့်ပါ။

[15] UNDP and UN Women မှ ၂၀၂၂ ခုနှစ်၊ မတ်လတွင် ထုတ်ဝေသော “Regressing Gender Equality in Myanmar: Women living under the pandemic and military rule” တွင် ကြည့်ပါ။

[16] Women’s League of Burma မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ဝေသော “July - December 2023 Situation Update of Burma/Myanmar” တွင် ကြည့်ပါ။ ရှေ့ပြေးအသံ (PV) မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ဝေသော “Voices of Resilience, Calls for Justice” တွင် ကြည့်ပါ။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ၂၀၂၂ ခုနှစ်၊ ဇူလှိုင်လတွင် ထုတ်ဝေသော  “‘Accountability for the Junta Criminals’: Evidence of Crimes Against Humanity Perpetrated by the Armed Wing of the Junta in Burma Since the 2021 Coup” တွင် ကြည့်ပါ။

[17] AAPP မှ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ထုတ်ဝေသော “Women Subjected to Sexual Violence during the Spring Revolution under the Military Coup” တွင် ကြည့်ပါ။ AAPP မှ ၂၀၂၂ ခုနှစ်၊ ဇူလှိုင်လတွင် ထုတ်ဝေသော “‘Accountability for the Junta Criminals’: Evidence of Crimes Against Humanity Perpetrated by the Armed Wing of the Junta in Burma Since the 2021 Coup” တွင် ကြည့်ပါ။

[18] KHRG and KWO မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ဝေသော “Girl’s rights and protection challenges in Southeast Burma” တွင် ကြည့်ပါ။

[19] KHRG မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ တွင်ထုတ်ဝေသော “ မူတြော်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - SAC တပ်ကြပ်ကြီးတစ်ဦးမှ အသက် (၇) နှစ် အရွယ်ရှိ အမျိုးသမီးငယ်တ‌စ်ဦးကို စစ်တပ်စခန်းတွင်းလိင် ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှု (၂၀၂၃ ခုနှစ်၊ မတ်လ)” တွင် ကြည့်ပါ။

[20] KHRG မှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင်ထုတ်ဝေသော “ တောအူးခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ဒေါ်ဖားခိုမြို့နယ်တွင် SAC စစ် သားတစ်ဦးက ပဋိပက္ခအတွင်း အသက် (၉၀) အရွယ်ရှိသောအမျိုးသမီးတစ်ဦး အပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း (၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ)” တွင် ကြည့်ပါ။

[21] KHRG မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ လတွင်ထုတ်ဝေသော “ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ကရူတူးမြို့နယ်တွင် KNU/KNLA-PC စစ်သားတစ်ဦးက မိန်းကလေးငယ်တစ်ဦးကို မုဒိမ်းပြုကျင့်ခဲ့ပြီး အခြားမိန်းကလေးငယ်တစ်ဦးကိုလည်း မုဒိမ်းပြုကျင့်ရန်ကြိုးပမ်းမှု (၂၀၂၃ ခုနှစ်၊ ဧပြီလ နှင့်စက်တင်ဘာလ)” တွင် ကြည့်ပါ။

[22] KHRG မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင်ထုတ်ဝေသော “ဒူးပလာယာခရိုင်မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ- ကော်တရီမြို့နယ်တွင် အမျိုး သားတစ်ဦးမှ အသက် (၁၉) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို သူမ၏နေအိမ်၌ လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်ရန် ကြိုးပမ်းမှု (၂၀၂၃ခုနှစ်၊ ဧပြီလ)” တွင် ကြည့်ပါ။

[23] KHRG မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ တွင်ထုတ်ဝေသော “ ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ- ဒူးပလာယာခရိုင်၊ နို့တ‌ကော (ကြာအင်းဆိပ်ကြီး) မြို့နယ်တွင် ကျောင်းကော်မတီတစ်ဦးမှ အသက် ၁၅နှစ် အရွယ် ကျောင်းသူတစ်ဦးအား လိင်ပိုင်းဆိုင်ရာစော်ကားမှု ကျူးလွန် (၂၀၂၂ခု နှစ်၊ နိုဝင်ဘာလ)” တွင် ကြည့်ပါ။

[24] KHRG မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ တွင်ထုတ်ဝေသော “ ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ- ဒူးပလာယာခရိုင်၊ နို့တ‌ကော (ကြာအင်းဆိပ်ကြီး) မြို့နယ်တွင် ကျောင်းကော်မတီတစ်ဦးမှ အသက် ၁၅နှစ် အရွယ် ကျောင်းသူတစ်ဦးအား လိင်ပိုင်းဆိုင်ရာစော်ကားမှု ကျူးလွန် (၂၀၂၂ခု နှစ်၊ နိုဝင်ဘာလ)” တွင် ကြည့်ပါ။

[25] KHRG မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ တွင်ထုတ်ဝေသော “ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ဝေါ်ရေမြို့နယ်အတွင်း ဆယ်ကျော်သက်ညီအမနှစ်ယောက်အား အဓမ္မပြုသတ်ပစ်ခြင်း (၂၀၂၂ ခုနှစ်၊ ဧပြီလ) ” တွင် ကြည့်ပါ။

[26] KHRG မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ တွင်ထုတ်ဝေသော “ ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ကရူတူးမြို့နယ်တွင် အသက် ၆၀နှစ်အရွယ်ရှိအမျိုးသားတစ်ဦးသည် မိန်းကလေးငယ်နှစ်ဦးအား အဓမ္မပြုကျင့် (၂၀၂၃ခုနှစ်၊ ဧပြီလ) ” တွင် ကြည့်ပါ။

[27] အထက်တွင်ဖော်ပြထားသော KHRG မှထုတ်ဝေသော“ငြင်းဆို၍မရနိုင်တော့သော”  တွင် ကြည့်ပါ။

[28] KHRG မှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ တွင်ထုတ်ဝေသော “ခံနိုင်ရည်ရှိခြင်းနှင့်ခုခံတွန်းလှန်ခြင်း - ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှစ၍ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ (HRDs) များ ကြုံတွေ့ရသော စိန်ခေါ်မှုများနှင့်ခြိမ်းခြောက်မှုများ” တွင် ကြည့်ပါ။

[29] KHRG မှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ တွင်ထုတ်ဝေသော “ ဒူးသထူခရိုင်နောက်ဆုံးရဒေသတွင်းသတင်းတို - အတင်းအဓမ္မခိုင်းစေမှု၊ လုယက်မှုနှင့် SAC နှင့် KNLA တို့ကြား ပစ်ခတ်တိုက်ခိုက်မှုများ (၂၀၂၁ခုနှစ်၊ သြဂုတ်လ) ” တွင် ကြည့်ပါ။

[30] KHRG မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ တွင်ထုတ်ဝေသော “လူသည်လူသားဒိုင်းသဖွယ်ပြုရန်မဟုတ် - ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်တွင် အရပ်သားများအပေါ် အကြမ်းဖက်တိုက်ခိုက်ခြင်း (၂၀၂၂ခုနှစ်၊ ဧပြီလ ၂၂ရက်နေ့မှ မေလ ၂၂ရက်နေ့အထိ)” တွင် ကြည့်ပါ။

[31] ၁၉၄၈ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂမှ အတည်ပြုခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) ရှိ အပိုဒ် (၈)ကို ဖတ်ပါ။

[32] ၁၈၆၁ ခုနှစ်တွင် ပြဌာန်းခဲ့သော မြန်မာနိုင်ငံရာဇသတ်ကြီးပုဒ်မ (၂၀၁၆ ခုနှစ်တွင် ပြန်လည်ပြုပြင်မွမ်းမံသည်) ကို ကြည့်ပါ။ HRC မှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ဝေသော “Sexual and gender-based violence in Myanmar and the gendered impact of its ethnic conflicts”  တွင် ကြည့်ပါ။

[33] ၁၈၆၁ ခုနှစ်တွင် ပြဌာန်းခဲ့သော မြန်မာနိုင်ငံရာဇသတ်ကြီးပုဒ်မ (၂၀၁၆ ခုနှစ်တွင် ပြန်လည်ပြုပြင်မွမ်းမံသည်) ကို ကြည့်ပါ။

[34] ၁၈၆၁ ခုနှစ်တွင် ပြဌာန်းခဲ့သော မြန်မာနိုင်ငံရာဇသတ်ကြီးပုဒ်မ (၂၀၁၆ ခုနှစ်တွင် ပြန်လည်ပြုပြင်မွမ်းမံသည်) ကို ကြည့်ပါ။

[35] KHRG မှ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ဝေသော “အကြောက်တရား၏အုတ်မြစ်-၂၅နှစ်အတွင်းမှတ်တမ်းတင်ထားသော မြန်မာပြည်အရှေ့တောင်ပိုင်းမှရွာသားများ၏အသံများ” တွင် ကြည့်ပါ။

[36] အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားဆက်ဆံမှု ပပျောက်ရေးသဘောတူစာချုပ် (CEDAW) တွင် ကြည့်ပါ။

[37] ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ရက်နေ့တွင် Geneva မှ ထုတ်ပြန်ထားသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာသဘောတူ စာချုပ် (CRC) အပိုဒ် (၁၉) (၁) ကိုကြည့်ပါ။

[38] ၁၉၉၇ ခုနှစ်တွင် ပြဌာန်းထားသော ဂျီနီဗာကွန်ဗင်းရှင်း၏ထပ်တိုးသဘောတူစာချုပ် (၂) ကို ကြည့်ပါ။

[39] ၁၉၉၈ ခုနှစ်တွင် ပြဌာန်းထားသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)  ကိုကြည့်ပါ။

[40] ဟားဗတ်ဥပဒေကျောင်းမှ International Human Rights Clinic ၂၀၁၉ ခုနှစ်တွင် ပြဌာန်းထားသော “Crimes in Burma,” ကို ကြည့််ပါ။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်