နိဒါန်း
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းသည့်အချိန်မှစ၍ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သည် အာဏာတည်တံ့ခိုင်မြဲရန်နှင့် အတိုက်အခံများအား နှိမ်နှင်းရန်ကြိုးပမ်းရာတွင် မြန်မာပြည်တစ်ဝှမ်းရှိ အရပ်သား များအပေါ် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျတိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ပါသည်။ ဤကြိုးပမ်းမှု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် SAC သည် ဒေသအလိုက်သတ်မှတ်ထားသော ကရင်ပြည် နယ်အတွင်းအပါအဝင် ဒေသအများအပြားတွင် လေ ကြောင်းတိုက်ခိုက်မှုများကို အားကိုးအားထားရာ အဖြစ် ပိုမိုအသုံးပြုလာခဲ့ပါသည်။ SAC မှ အရပ်သားများအပေါ် တိုက်ခိုက်မှုများအား ရပ်တန့်ရန် နိုင်ငံတကာမှတောင်းဆိုထားသော်လည်း မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ရွာ သားများနှင့် ၎င်းတို့၏ လူမှုအသိုက်အဝန်းအပေါ် လေ ကြောင်း တိုက်ခိုက်မှုများ၏ ဆိုးရွားသောသက်ရောက်မှု များသည် စိုးရိမ်စရာအတိုင်းအတာအထိ မြင့်တက်လာခဲ့ပါသည်။
လေကြောင်းတိုက်ခိုက်မှုအသုံးပြုခြင်းသည် မြန်မာစစ်တပ် မှ ကာလကြာရှည်စွာကျင့်သုံးလာခဲ့သည့် ခုခံတော်လှန် ရေးလှုပ်ရှားမှုများ လျော့ပါးလာစေရန်၊ အကြောက်တရားစိုးမိုးစေရန်နှင့် အရပ်သားများအား ၎င်းတို့၏ထိန်းချုပ်မှု အောက်သို့သွတ်သွင်းရန် အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းထုံးစံနှင့်ကိုက်ညီပါသည်။ မြေပြင်တိုက်ခိုက်မှုများအား ‘ဖြတ်လေးဖြတ်’(လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ အစားအစာ၊ တပ်သားသစ်စုဆောင်းရေး၊ ရန်ပုံငွေနှင့် ထောက်လှမ်းရေးဆိုင်ရာလမ်းကြောင်းများအား ဖြတ်တောက်ရန်ရည်ရွယ်၍ အရပ်သားများကို တိုက်ခိုက်ခြင်း)ဗျူဟာဖြင့်ပြုလုပ်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများသည် ယခင်စစ်ဆင်ရေးများထက် ပိုမိုအားကောင်းသည့်အပြင် ပို၍လည်းပြင်းထန်လာခဲ့ပါသည်။ လေကြောင်းတိုက်ခိုက်မှုများသည် ရုတ်တရက်ဖြစ်ပွား၍ ဖျက်အားပြင်းခြင်းနှင့် မှန်းဆရခက်ခဲခြင်းများကြောင့် ရွာသူရွာသားများသည် မိမိကိုယ်ကိုကာကွယ်မှုနည်းလမ်းများ နည်းပါးလာခြင်း၊ ရပ်ရွာများကို ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်ပျက်စီးစေခြင်းနှင့် နေ့စဉ်လူနေမှုဘဝ၏ကဏ္ဍအားလုံးအပေါ် ခြိမ်းခြောက်ခြင်းများကို ဖြစ်စေပါ သည်။ ကရင်ပြည်နယ်တွင် မည်သည့်နေရာမှ လုံခြုံမှုမရှိပါ။
SAC ၏လေကြောင်းတိုက်ခိုက်မှုများသည် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် SAC အကြား တိုက်ပွဲများဖြစ်ပွားနေသည့်အခြေအနေတွင် အရပ်သားများအပေါ် ခွဲခြားမှုများမရှိပဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမရှိသည့်နေရာများ၊ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဝေးကွာသည့်နေရာများတွင် ရွာသားများအား တိုက်ရိုက်ပစ်မှတ်ထားတိုက်ခိုက်သည့် ဖြစ်စဉ်များစွာလည်းရှိပါသည်။ ဤကဲ့သို့အရပ်သားများ အပေါ် တိုက်ခိုက်မှုများ၏ သဘောသဘာဝမှာ ကွဲပြားမှုများရှိပါသည်။ အချို့သောတိုက်ခိုက်မှုများတွင် ကျေးရွာတစ်ရွာ သို့မဟုတ် ရပ်ရွာအဆောက် အဦးတစ်ခုခုအား ပစ်မှတ်ထားခြင်းဖြစ်ပြီး အချို့သောတိုက်ခိုက်မှုများမှာ အချိန်ကြာမြင့်စွာ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သဖြင့် ရွာအများအပြားအပေါ်သက်ရောက်မှုရှိပါသည်။ ဤအခြေအနေများနှင့် မြန်မာစစ်တပ်မှ ရွာသားများအား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်သည့်အမြင်နှင့်အတူ ခြုံငုံဆန်းစစ်ကြည့်ရာတွင် ကရင်ပြည်နယ်အတွင်းပြုလုပ်သည့် လေကြောင်းတိုက်ခိုက်မှုများသည် စုပေါင်းပြစ်ဒဏ်ပေးသည့်ပုံစံအဖြစ် ပြု လုပ်သည်ဟုသုံးသပ်နိုင်ပါသည်။ မြန်မာပြည်အရှေ့တောင်ပိုင်းတစ်ဝှမ်းတွင်ကျူးလွန်သည့် ဤတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှုမြောက်ပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုလည်းမြောက်နိုင်သောကြောင့် ဤကဲ့သို့သော ရာဇဝတ်မှုများကို ကာကွယ်တားဆီးရန်နှင့် အရပ်သားများ၏ လိုအပ်သည့်အရေးပေါ်အကာအကွယ်များကို ကူညီဆောင် ရွက်ပေးရန် နိုင်ငံတကာအသိုက်အဝန်းမှ တာဝန်ရှိပါသည်။
နိုင်ငံတကာအသိုက်အဝန်းမှ တစ်စုံတစ်ရာလုပ်ဆောင်ခြင်းမရှိဖြစ်နေစဥ်တွင် SAC ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ များပြားလာခြင်း၊ ကျေးရွာများနှင့် လူမှုအသိုက်အဝန်းတစ်ခုလုံးပျက်စီးခြင်း၊ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာရခြင်း၊ စားနပ်ရိက္ခာမလုံလောက်ခြင်း၊ ကျန်းမာရေးဆိုင်ရာစိုးရိမ်မှုများ တိုးမြင့်လာခြင်းနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ပြင်းထန်လာခြင်းများ ဆက်လက်ရင်ဆိုင်ကြုံတွေ့နေကြရပါသည်။ SAC သည် ပြစ်ဒဏ်ကင်းလွတ်ခွင့်ဆက်လက်ရရှိနေသဖြင့် ဤအကျိုးဆက်များသည် ပိုမိုဆိုးရွားလာကာ ဒေသတွင်းရှိ ပါဝင်ပတ်သက် သူများသည် နိုင်ငံတကာမှ ပံ့ပိုးကူညီမှုမရှိပဲ လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခအတွင်းတွင် စိန်ခေါ်မှုများအား လျော့နည်းလာစေရန်အတွက် ရုန်းကန်နေကြရပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်းမှ အရပ်သားများအပေါ် SAC ၏တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် လိုအပ်သည့်အရေးပေါ်ကာကွယ်မှုများကို ထိရောက်စွာကူညီပေးရန်အတွက် မြေပြင်အခြေအနေများကို ပိုမိုရှင်းလင်းစွာ ပုံဖော်ရန်လိုအပ်ပါသည်။
ရည်မှန်းချက်ကိုရှေးရှု၍ ဤအစီရင်ခံစာမှ SAC လေကြောင်းတိုက်ခိုက်မှု၏ ကျယ်ပြန့်၍ပြင်းထန်သော အကျိုးသက် ရောက်မှုများကို မီးမောင်းထိုးပြရန်ရည်ရွယ်ထားပြီး တိုက်ရိုက်သက်ရောက်မှုများဖြစ်သည့် ထိခိုက်သေဆုံးခြင်း၊ ထိခိုက်ပျက်စီးခြင်းနှင့် နေရပ်စွန့်ခွာရခြင်းများကိုသာမက နောက်ဆက်တွဲသက်ရောက်မှုများဖြစ်သည့် အသက်မွေးဝမ်းကြောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး စိန်ခေါ်မှုများကိုလည်း မီးမောင်းထိုးပြလိုပါသည်။ ဤသက် ရောက်မှုများအား လျော့နည်းလာစေရန် ရွာသားများမှအသုံးပြုသည့် ကျေးလက်စွမ်းရည်မြင့်တင်ရေးနည်းလမ်းများအားဖော်ပြရန်၊ ရရှိနိုင်သော ပြည်တွင်းနှင့် နိုင်ငံတကာအထောက်အပံ့များကို ဖော်ထုတ်ရန်နှင့် အလွန်အရေးကြီးသည့်ကာကွယ်မှုတွင် ကွာဟချက်များကို ဖော်ထုတ်ရန် ရည်ရွယ်ပါသည်။ ဤအချက်အလက်များကိုရရှိရန် KHRG မှ ၂၀၂၁ စစ်အာဏာသိမ်းမှု (နှင့် ၂၀၂၄ ခုနှစ်၊ ဇွန်လအ ထိ) SAC လေကြောင်းတိုက်ခိုက်မှုများကို ကြုံတွေ့ခဲ့ရသော ရွာသားများထံမှ အချက်အလက်များကို စုဆောင်းခဲ့ပါသည်။ ဤရွာသားများ၏ အမြင်များသည် ဤအစီရင်ခံစာ၏အခြေခံဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ အလေးပေးမှုကို ချက်ချင်းလိုအပ်နေပါသည်။ ၎င်းတို့၏အတွေ့အကြုံများအား အစီရင်ခံ စာတစောင်လုံးတွင် ထည့်သွင်းဖော်ပြထားပြီး SAC ၏ လေကြောင်းတိုက်ခိုက်မှုများ အဆုံးသတ်ရေး၊ ရပ်ရွာလူထုများနေရပ်ပြန်နိုင်ရေးနှင့် ပြန်လည်ပေါင်းစည်းနိုင်ရေး၊ ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် တရားမျှတမှုပြီးမြောက် အောင်မြင်ရေး စသည့် ၎င်းတို့၏တောင်းဆိုချက်များကို နောက်ဆုံးအခန်းတွင် တွေ့မြင်ရမည်ဖြစ်ပါသည်။
အစီရင်ခံစာရေးသားပြုစုပုံနည်းစနစ်
KHRG သည် ဒေသအလိုက် သတ်မှတ်ထားသော ကရင်ပြည်နယ်၏ ခရိုင်ခုနှစ်စ်ခုမှ (ကျေးရွာအုပ်ချုပ်ရေးမှုး ခြောက်ဦးအပါအဝင်) ရွာသား (၂၂) ဦးအား ၂၀၂၄ ခုနှစ်၊ မေလတွင် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ တွေ့ဆုံမေးမြန်းမှုများသည် သီးသန့်တွေ့ဆုံမေးမြန်းမှု ပုံစံဖြစ်ပြီး KHRG ကွင်းဆင်းဝန်ထမ်းများအတွက် လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ပြင်ဆင် ထားသည့် မေးခွန်းလွှာအပေါ်အခြေခံ၍ မေးမြန်းခဲ့ခြင်းဖြစ်ပါသည်။ ဒေသတွင်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးတွင်ပါဝင်သည့် ဒေသဆိုင်ရာလူမှုအဖွဲ့အစည်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းအဖွဲ့ဝင်များနှင့် ၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် တွေ့ဆုံမေးမြန်းမှုသုံးခုကို ထပ်မံပြုလုပ်ခဲ့ပါသည်။ KHRG သည် မှတ်တမ်းပြုစုထားသည့်အချက်အလက်မှတ်တမ်းများအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအထိ ပြုလုပ်ခဲ့သော လေ ကြောင်းတိုက်ခိုက်မှုများနှင့်စပ်လျဉ်း၍ ဒေသခံရွာသားများနှင့် တွေ့ဆုံမေးမြန်းမှု ၁၄၁ ခု (နှင့် ဒေသခံတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ဝင်နှစ်ဦးနှင့် တွေ့ဆုံမေးမြန်းမှု နှစ်ခု) ကို ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့ပါသည်။ တွေ့ဆုံမေးမြန်းမှုများနှင့် ကွင်းဆင်းအစီရင်ခံစာများသည် KHRG ၏ လုပ်ငန်းဆောင်ရွက်မှုနယ်မြေအတွင်းရှိ ခရိုင် (၇)ခုလုံးဖြစ်သည့် ဒူးသထူ(သထုံ)၊ တောအူး(တောင်ငူ)၊ခလယ်လွီထူ(ညောင်လေးပင်)၊မြိတ်-ထားဝယ်၊ မူတြော် (ဖာပွန်)၊ ဒူးပလာယာနှင့် ဘားအံခရိုင်အား လုံးမှ အချက်အလက်များပါဝင်ပါသည်။
ဒေသတွင်းမလုံခြုံမှုများကြောင့် တွေ့ဆုံမေးမြန်းမှုဖြေဆိုသူနှင့် ကွင်းဆင်းအစီရင်ခံစာများကို လက်ခံရရှိသည့်အရေအ တွက်မှာ ခရိုင်(၇) ခုစလုံးတွင် တူညီမှုမရှိပါ။ မရှိပေ။ တွေ့ဆုံမေးမြန်းမှုအများစုကို ဒူးပလာယာနှင့် မူတြော်ခရိုင်များတွင် ပြုလုပ်ခဲ့ပြီး ကွင်းဆင်းအစီရင်ခံစာအများစုမှာ ဒူးပလာယာ၊ မူတြော်နှင့် မြိတ်-ထားဝယ်ခရိုင်များမှ ရရှိခဲ့ပါသည်။ ကိုယ်စားပြုမှု မညီမျှမှုသည် ကရင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ရာတွင် KHRG ကွင်း ဆင်းဝန်ထမ်းများကြုံတွေ့နေရသော လုံခြုံရေးပြဿနာများ၊ ခရီးသွားလာရေး အခက်အခဲများနှင့် အန္တရာယ်များ၏ ရလဒ်ဖြစ်သည်။
အလားတူပင် အစီရင်ခံခြင်းနှင့် မှတ်တမ်းပြုစုခြင်းတွင် ရပ်ရွာအဖွဲ့ဝင်များ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကြောင့် ဤအစီရင်ခံစာတွင် ပါဝင်သော SAC လေကြောင်းတိုက်ခိုက်မှု အရေအတွက်သည် ဖြစ်ပွားခဲ့သောအရေအတွက် အစစ်အမှန်ထက် အလွန်နည်းပါးပါသည်။ ဆင်ဆာဖြတ်ထားသော အမည်များနှင့် တည်နေရာအားလုံးသည် KHRG မှ တည်းဖြတ် ထားသော အမည်အရင်းများ၊ တည်နေရာများနှင့်သာ ဆက်စပ်ပါသည်။
အဓိကရှာဖွေတွေ့ရှိချက်များ
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးသည့်အချိန်မှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)သည် ‘ဖြတ်လေးဖြတ်’ ဗျူဟာ ၏ အစိတ်အပိုင်းတစ်ခုအဖြစ် လေကြောင်းတိုက်ခိုက်မှုများအား မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသူရွာသားများနှင့် လူမှုအသိုက်အဝန်းများအပေါ် မကြာခဏနှင့်ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာခဲ့ပါသည်။ ဤတိုက်ခိုက်မှုများအား ပြစ် ဒဏ်ကင်းလွတ်ခွင့်အပြည့်အဝဖြင့် ကျူးလွန်နေပါသည်။ ဤတရားမ၀င်တိုက်ခိုက်မှုများအား စုပေါင်းပြစ်ဒဏ်ပေးသည့်ပုံစံဖြင့် အရပ်သားများအပေါ် ခွဲခြားမှုမရှိပဲ တိုက်ရိုက်ပစ်မှတ်ထားလုပ်ဆောင်ခြင်းဖြစ်ပြီး အရပ်သားသေဆုံးမှုနှင့် လူထုအခြေခံအဆောက်အဦးများ ပျက်စီးဆုံးရှုံးမှုများစွာဖြစ်စေသည်။ ဤတိုက်ခိုက်မှုများသည် စစ်ရာဇ၀တ်မှုမြောက်ပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုလည်းမြောက်နိုင်သည်။
SAC လေကြောင်းတိုက်ခိုက်မှုများသည် အသုံးပြုသည့် လက်နက်အမျိုးအစားများနှင့် တိုက်ခိုက်သည့်နည်းလမ်းများ သည် ကွဲပြားမှုများရှိနေသော်လည်း ရွာများနှင့် ရွာသားများကို ပစ်မှတ်ထားလေ့ရှိခြင်း၊ အရပ်သားများအား အန္တရာယ်မဖြစ်စေရန် SAC မှ သတိပေးချက် သို့မဟုတ် အခြားသောကြိုတင်သတိပေးခြင်းများ ပြုလုပ်မှုမရှိခြင်း၊ လေကြောင်းတိုက်ခိုက်မှုများမပြုလုပ်မီ ကင်းထောက်ခြင်းများအား လုပ်ဆောင်လေ့ရှိခြင်း၊ တစ်ခါတစ်ရံတွင် တိုက်ခိုက်မှုများသည် ညဘက်တွင်ဖြစ်ပွားခြင်း စသည်တို့ဖြင့် အချို့သောလက္ခဏာများကို ဖော်ထုတ်နိုင်ပါသည်။ ဤ SAC လေကြောင်းတိုက်ခိုက်မှုများမှ ဖြစ်ပေါ်လာသော သက်ရောက်မှုများသည် ဘက်ပေါင်းစုံ၊ ကျယ်ပြန့်ပြင်းထန်ပြီး ကရင်ပြည်နယ်ရှိ လူနေမှုဘဝကဏ္ဍအားလုံးကို ထိခိုက်စေပါသည်။
ကရင်ပြည်နယ်အတွင်း ရွာသားများအပေါ် အရပ်သားနှင့်စစ်ရေးပစ်မှတ်ခွဲခြားမှုမရှိခြင်းနှင့်ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ထိခိုက်သေဆုံးမှုများအပါအဝင် ရွာသားများ အသက်ဆုံးရှုံး ရမှုနှင့် ပြင်းထန်စွာဒဏ်ရာရရှိမှုများ အများအပြားရှိခဲ့ပါသည်။ ဤကဲ့သို့သောလေကြောင်းတိုက်ခိုက်မှုများ၏ ရုတ်တရက်ဖြစ်ခြင်း၊ ဖျက်အားပြင်းထန်ခြင်းနှင့် မှန်းဆရခက်ခဲခြင်းများကြောင့် ရွာသားများသည် ထိရောက်သောကာကွယ်ရေးနည်းလမ်းများအား အကောင်အထည်ဖော်နိုင်ခြင်းမရှိပဲ ထိခိုက်သေဆုံးမှုများစွာ ဖြစ်စေပါသည်။ ထို့အပြင် SAC မှ ဆေးခန်းများနှင့် ကျန်းမာရေးလုပ်သားများအပေါ် တိုက်ခိုက်မှုများနှင့် လက်နက်ကိုင် ပဋိပက္ခအတွင်း သယ်ယူပို့ဆောင်ရေးဆိုင်ရာစိန်ခေါ်မှုများကြောင့် အရေးပေါ်ကုသမှုများနှင့် လုံလောက်သော ထောက်ပံ့မှုမရှိခြင်း အခြေအနေများကိုလည်း ဖြည့်လောင်းဖြစ်ပေါ်စေပါသည်။
လေကြောင်းတိုက်ခိုက်မှုများကြောင့် ကရင်ပြည်နယ်ရှိ နေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးခန်းများ၊ ဘုန်းကြီး ကျောင်းများ၊ ဘုရားကျောင်းများ၊ အစားအသောက်သိုလှောင်သည့်နေရာများနှင့် အခြားအရပ်သားအဆောက်အဦးများ ပျက်စီးဆုံးရှုံးခဲ့ပါသည်။ ရပ်ရွာအဆောက်အဦးများအား တိုက်ခိုက်မှုများသည် ရွာသားများအား ကျန်းမာရေးစောင့် ရှောက်မှု၊ ပညာရေးနှင့် ဝတ်ပြုရာနေရာများသို့ လက်လှမ်းမီနိုင်ခွင့်များကို အဟန့်အတားဖြစ်စေပါသည်။ စိုက်ခင်းများနှင့် လယ်မြေများပျက်စီးမှု၊ ငွေကြေးဖောင်းပွမှုနှင့် ကုန်ကျစရိတ်များ မြင့်တက်လာမှုများကြောင့် ရွာသားများသည် အသက်မွေးဝမ်းကျောင်းဆိုင်ရာစိန်ခေါ်မှုများနှင့် စားနပ်ရိက္ခာ မဖူလှုံမှုများအား ဆိုးရွားစွာရင်ဆိုင်နေကြရပါသည်။
SAC ၏ လေကြောင်းတိုက်ခိုက်မှုများသည် ရွာသူရွာသားများ၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ် ပြင်းထန်သော သက်ရောက်မှုများ ဖြစ်စေပါသည်။ လေကြောင်းတိုက်ခိုက်မှုများသည် လူမှုအသိုက်အဝိုင်းအတွင်း ခိုင်မာသည့် အကြောက်တရားကိုဖြစ်ပေါ်စေပြီး ရွာသားများ၏ ဘဝကဏ္ဍတိုင်းအပေါ်သက်ရောက်မှုရှိစေသည့်အပြင် ရွာသားများအနေဖြင့် တိုက်ခိုက်မှုများကို အမြဲသတိထားနေရအခြေအနေအထိ ဖြစ်လာစေခဲ့ပါသည်။ အိပ်ရေးပျက်ခြင်း၊ တုန်လှုပ်ခြင်း၊ ငိုကြွေးခြင်းနှင့် ထိတ်လန့်ခြင်းအပါအဝင် ရွာသားများ၏ ပြင်းထန်သောရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများမှတစ်ဆင့် လေကြောင်းတိုက်ခိုက်မှု၏ စိတ်ဆင်းရဲဖွယ်ရာ သဘောသဘာဝကို သိသာထင်ရှားစေပါသည်။ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်လုံးပန်းနေရသည့်ကြားမှ လေကြောင်းတိုက်ခိုက်မှုများသည် ကျယ်ပြန့်သော စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာနှင့် ဆင်းရဲဒုက္ခပေါင်းများစွာကိုလည်း ဖြစ်ပေါ်စေခဲ့သည်။
SAC ၏လေကြောင်းတိုက်ခိုက်မှုများသည် အစုလိုက်အပြုံလိုက်နှင့် အချိန်ကြာမြင့်စွာ နေရပ်စွန့်ခွာရမှုများ ဖြစ်ပေါ် စေခဲ့သည်။ သတိပေးချက်များမရှိခြင်းတို့ကြောင့် မိသားစုများသည် မကြာခဏကွဲကွာနေရပြီး ရွာသူရွာသားများသည် ၎င်းတို့လိုအပ်သည့်အရာများမသယ်ယူနိုင်ပဲ နေရပ်စွန့်ခွာရလေ့ရှိပါသည်။ နေရပ်စွန့်ခွာနေရသည့် ရွာသားများသည် စားနပ်ရိက္ခာမလုံလောက်မှု၊ အသက်အန္တရာယ်ဖြစ်စေနိုင်သော ကျန်းမာရေးပြဿနာများ၊ အမိုးအကာမလုံလောက်မှုနှင့် ပညာရေးအပေါ်သက်ရောက်မှုများအပါအဝင် သိသာထင်ရှားသော စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရပါသည်။ ရွာသားများသည် ၎င်းတို့ပုန်းခိုနေသည့်နေရာများအား သတိမထားမိစေရန် ပြင်ဆင်မှုများလုပ်ဆောင်ရန်လိုအပ်ပြီး ရွာသားအများအပြားသည် တိုက်ခိုက်မှုများကိုရှောင်ရှားရန် တစ်နေရာမှတစ်နေရာသို့ ဆက်လက်ပြောင်းရွေ့နေရပါ သည်။
ရွာသားများ၊ ဒေသခံအရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံခေါင်းဆောင်များသည် ဆိုးရွားသောအခြေအနေများ အတွင်း SAC လေကြောင်းတိုက်ခိုက်မှုများ၏သက်ရောက်မှုများအား လျော့ချရန် မရပ်မနားလုပ်ဆောင်နေကြပါ သည်။ ၎င်းတို့သည် လက်နက်ကိုင်ပဋိပက္ခများ၊ အရင်းအမြစ်အကန့်အသတ်များ၊ SAC မှ အကူအညီများအား ပိတ် ဆို့ထားမှုများ၊ တိုက်ခိုက်မှုများနှင့် နိုင်ငံတကာ၏ပံ့ပိုးကူညီမှု ပျက်ပြယ်နေသည့်ကြားတွင် ဆက်လက်လုပ်ဆောင်နေရပါသည်။ ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာဖူလုံမှု၊ ပညာရေးနှင့် သီးခြား ကျား၊မဆိုင်ရာလိုအပ်မှုများအပါအဝင် သိသာသောအကာအကွယ်ဆိုင်ရာလိုအပ်ချက်များ ရှိနေသေးသည်။ ကလေးများ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများသည် အထူးစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။
SAC မှ အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများပြုခြင်းနှင့်ပတ်သက်၍ နိုင်ငံတကာမှ အရေးယူဆောင်ရွက်မှု အားနည်းနေပါသည်။ ရွာသားများမှ ဤတိုက်ခိုက်မှုများအား ရပ်တန့်ရန်နှင့် လိုအပ်သည့်အကာအကွယ်နှင့် ပံ့ပိုးကူညီမှုများပေးရန် တောင်းဆိုထားပါသည်။ ၎င်းတို့သည် ရွာသို့ပြန်လည်နေထိုင်ရန်၊ ငြိမ်းချမ်းစွာနေထိုင်နိုင်ရန်နှင့် မြန်မာစစ်တပ်၏ ဖိနှိပ်မှုမှလွတ်မြောက်ရန် တောင့်တနေကြပါသည်။
အကြံပြုချက်များ
နိုင်ငံတကာတာဝန်ရှိသူများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ(NGO)နှင့် ဒေသဆိုင်ရာနှင့် နိုင်ငံခြားအစိုးရများ
- မြန်မာပြည်အပေါ် ပြည့်စုံသည့် လက်နက်ရောင်းချမှု တားမြစ်ချက်ချမှတ်ပြီး လေကြောင်းလောင်စာဆီ၊ လေယာဉ်၊ လေယာဉ်အစိတ်အပိုင်းများ၊ ပြုပြင်ထိန်းသိမ်းရေးအထောက်အပံ့များ၊ ခဲယမ်းများ၊ နည်းပညာများ၊ လေ့ကျင့်ရေး သို့ မဟုတ် အခြားသောနည်းပညာပိုင်းဆိုင်ရာအကူအညီများ သို့မဟုတ် ဝန်ဆောင်မှုများအပါအဝင် မြန်မာစစ်တပ်သို့ လက်နက်နှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများ ထောက်ပံ့မှုအပေါ် လုံလောက်သည့်ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ရန်။
- ရေနံနှင့်သဘာဝဓာတ်ငွေ့ ဝင်ငွေများအပေါ် ထပ်မံ၍ ညှိနှိုင်းပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ အကောင်အထည်ဖော်ရန်နှင့် အရပ်သားများအပေါ် တိုက်ခိုက်မှုများလုပ်ဆောင်ရာတွင် ငွေကြေးထောက်ပံ့နိုင်မှု အားနည်းလာစေရန် စစ်ကောင်စီအရာရှိများအား ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ လေကြောင်းတိုက်ခိုက်မှုများ၏ ပြင်းထန်သောသက်ရောက်မှုဒဏ်မှ ပြန်လည်တည်ဆောက်ရန်နှင့် ရင်ဆိုင်ဖြေရှင်းရန် ရွာသားများအား ကူညီဆောင်ရွက်ပေးနေသော ဒေသခံအရပ်ဘက်အဖွဲ့အစည်း (CSOs)၊ လူထုအခြေပြုအဖွဲ့အစည်းများ (CBOs) နှင့် တိုင်းရင်းသားဝန်ဆောင်မှုပေးသူများထံသို့ ကူညီထောက်ပံ့မှုများအား တိုးမြင့်၍ပေးဆောင်ရန်။ ထိခိုက်ခံစားရသော လူမှုအသိုက်အဝန်းများအတွက် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုအပါအဝင် ဘက်စုံပံ့ပိုးကူညီမှုယန္တရားများ ဖွဲ့စည်းကူညီဆောင်ရွက်ပေးရန်။
- အထူးသဖြင့် ကုန်းတွင်းနယ်နိမိတ်မှတစ်ဆင့် နယ်စပ်ဖြတ်ကျော်အကူအညီပေးရေးအဖွဲ့အစည်းများနှင့် ဒေသအတွင်းလှုပ်ရှားနေသော ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများမှတဆင့် မြန်မာပြည်သို့ အကူအညီများ ထိရောက်စွာဖြတ် သန်းနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် ထိတွေ့ဆက်ဆံရန်။
- စစ်ကောင်စီသည် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းများအား အဓိကဖြစ်ပေါ်စေသည့်အဖွဲ့ဖြစ်ကြောင်း၊ အရပ်သားများအပေါ် ကျယ်ကျယ်ပြန့်ပြန့်၊ အရပ်သားနှင့်စစ်ရေး ပစ်မှတ်ခွဲခြားမှုမရှိပဲ ပစ်မှတ်ထားတိုက်ခိုက်မှုများအား ကျူးလွန်နေသည့်အဖွဲ့ဖြစ်ကြောင်းနှင့် မြန်မာပြည်တွင် အစုလိုက်အပြုံလိုက်နေရပ်စွန့်ခွာရခြင်း၏ ဖြစ်စေသည့်အဖွဲ့ဖြစ်ကြောင်း အသိအမှတ်ပြုရန်။ SAC သည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအား ကျူးလွန်ကြောင်း အသိအမှတ်ပြုရန်။
- SAC နှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်းနှင့် တရားဝင်မှုပေးခြင်အပါအဝင် SAC အား တရားဝင်အသိ အမှတ်ပြုမှုတစ်စုံတစ်ရာပေးခြင်းမှ ရှောင်ကြဉ်ရန်။ အလားတူစွာပင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အရပ်သားများအပေါ် ဥပဒေမဲ့တိုက်ခိုက်မှုများအား ဆက်လက်ကျူးလွန်ရန် အထောက်အပံ့ဖြစ်စေမည့် စစ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအပါအဝင် မည်သည့်ပုံစံဖြင့်မဆို SAC နှင့် ပူးပေါင်းဆောင်ရွက်မှုများအား ရှောင်ကြဉ်ရန်။
- နိုင်ငံတကာရာဇဝတ်တရားရုံး(ICC)ကဲ့သို့သော နိုင်ငံတကာတရားရုံးများတွင် SAC ခေါင်းဆောင်များအား တရားစွဲဆို ခြင်းနှင့် အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးဆိုင်ရာ တရားစီရင်မှုများမှတစ်ဆင့် မြန်မာပြည်ရှိအရပ်သားများအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် SAC မှ တာဝန်ခံရန် နိုင်ငံတကာစုံစမ်းစစ်ဆေးမှုများအား ပံ့ပိုးကူညီရန်။
- ကရင်ပြည်နယ်အတွင်း နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေများအား စနစ်တကျချိုးဖောက်မှုများ၊ အထူးသဖြင့် ရွာသားများအား အကြမ်းဖက်ရန်နှင့် ဆင်းရဲဒုက္ခဖြစ်စေရန် လေကြောင်းတိုက်ခိုက်မှုများ အသုံးပြုခြင်းများအား နိုင်ငံတကာစုံစမ်းစစ်ဆေးမှုများအတွင်း ပါဝင်လာစေရန် စုံစမ်းစစ်ဆေးမှုနယ်ပယ်အား ကျယ်ပြန့်အောင်လုပ်ဆောင်ရန်။
- မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုများအား မှတ်တမ်းတင်ရန်၊ ခံစားရသူများ၏ အခွင့်အရေးအတွက် စည်းရုံးလှုံဆော်ရန်နှင့် ၎င်းတို့၏ဘေးကင်းရေးအတွက် ပြည့်စုံသည့်ပံ့ပိုးကူညီမှုများ ပေးရန်ကြိုးစားနေသည့် ပြည်တွင်းနှင့်အရပ်ဘက်အဖွဲ့အစည်းများ၏ ကြိုးပမ်းမှုများအား ပံ့ပိုးကူညီပြီး ၎င်းတို့၏အသံအားနားထောင်ရန်။
-
SAC ၏လေကြောင်းတိုက်ခိုက်မှုကြောင့် အပြီးအပိုင် အိုးမဲ့အိမ်မဲ့ဖြစ်သွားရသည့် ရွာသားအရေအတွက် တိုးလာသည့်အခြေအနေတွင် ထိုင်းနိုင်ငံတွင်ခိုလှုံခွင့်ရှာဖွေနေသူများ၏ သုခချမ်းသာ၊ အသက်မွေးဝမ်းကျောင်းမှုနှင့် လွတ်လပ်ခွင့်များတိုးတက်ကောင်းမွန်လာစေရန် ထိုင်းနိုင်ငံရှိ တရားဝင်ဒုက္ခသည်စခန်းများတွင် လုပ်ငန်းလုပ်ဆောင်နေသော အာ ဏာပိုင်များနှင့် အဖွဲ့အစည်းများအား ပံ့ပိုးကူညီရန်။