ဒိုက်ဦးမြို့နယ်တွင် စစ်မှုထမ်းတိမ်းရှောင်သည့် နေအိမ်များ ချိတ်ပိတ်ခံရ

Sun, 10 Mar 2024

  

 

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီထုတ်ပြန်သည့် စစ်မှုထမ်းဥပဒေမှ တိမ်း ရှောင်ရန် နေရပ်စွန့်ခွာထွက်ပြေးသည့် နေအိမ်အချို့ကို စစ်ကောင်စီတပ်က ချိတ်ပိတ်လိုက်ကြောင့် ဒေသခံများ ကပြောသည်။

ဒိုက်ဦးမြို့နယ်ရှိ ကျေးရွာများတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းကတည်းက စစ်တပ်က စစ်မှုထမ်းရန် ဒေသခံ အရပ်သားများအား ခြိမ်းခြောက်ဖိအားပေးခေါ်ယူလာသဖြင့် စစ်မှုမထမ်းလိုသူ အချို့ဒေသခံများက မိသားစု လိုက် နေအိမ်လုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့်အတွက် ယခုလို ချိတ်ပိတ်ခံလိုက်ရ ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံရွာသားတစ်ဦးက ပြောသည်။

“လုံးဝစစ်မှုထမ်းတဲ့အထဲမပါတဲ့ အိမ်‌တွေ စစ်တပ်လာချိတ်ပိတ်သွားတယ်။ ပါသွားတာ ၄, ၅ အိမ်ရှိပြီး။ အခု အိမ်အပိတ်ခံရမှာစိုးလို့ ဘယ်သူမှမပြေးရဲတော့ဘူး။ အိမ်ကတော်သေးတယ် လယ်တွေ ယာတွေပါ ချိတ်ပိတ် ခံရရင်မလွယ်ဘူးလေ။ အားလုံးနီးပါး စစ်မှုထမ်းလိုက်တဲ့ရွာတွေကတော့ အပိတ်မခံရဘူး” ဟု ကေအိုင်စီ သို့ ပြောသည်။

စစ်မှုထမ်းခေါ်ယူရာတွင်လည်း စစ်တပ်ကအသက်အရွယ် သတ်မှတ်ချက် ပြန်ဌာန်းထုတ်ပြန်ထားသော်လည်း လက်ရှိတွင် အသက် အရွယ်မရွေး စုဆောင်းခေါ်ယူနေခြင်းဖြစ်ပြီး စစ်မှုထမ်းမလိုက်သူများက လိုက်ပါသူများ အတွက် တစ်လလျှင် မြန်မာကျပ်ငွေ နှစ်သိန်း ထောက်ပံ့ပေးရသည်ဟုလည်း ဒေသခံများထံမှ သိရသည်။

“မလိုက်တဲ့သူက လိုက်တဲ့သူအတွက်ဆိုပြီး တစ်လနှစ်သိန်း ပိုက်ဆံပေးရတယ်။ အိမ်ချိတ်ပိတ်ခံရတဲ့အပြင် စစ်မှု မထမ်းရင် ရွာကိုမီးရှို့မယ်ဆိုပြီး စစ်တပ်ကပြောလာတာတွေလည်းရှိတော့ မပေးလို့မနေရဲဘူး” ဟု ဖော်ပြပါ ဒေသခံ က ဖြည့်စွက်ပြောသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး ရက်ပိုင်းအတွင်း ဒိုက်ဦးမြို့နယ်သာမက ပဲခူးတိုင်း ဒေသ ကြီးအတွင်းရှိ မြို့နယ်၊ ကျေးရွာများတွင် စစ်မှုထမ်းရန် လူစုဆောင်းမှုများ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်လာသဖြင့် ပြဌာန်းထားသည့် ဥပ‌ဒေအတွင်း အကျုံးဝင်သူ လူငယ်များမှာ နည်းမျိုးစုံဖြင့် နေရပ်စွန့်ခွာ ရှောင်တိမ်နေကြ ခြင်း ဖြစ်သည်။

ကရင်လူ့အခွင့်အရေးအဖွဲ့ -KHRG ၏ ပြောခွင့်ရ စောနန္ဒဆူးက “ပဲခူးဘက်ကလိုပဲ KNU နယ်မြေအတွင်းက တပ်မဟာတွေမှာလည်း ဒီလိုဖြစ်စဉ်တွေ ဖြစ်ခဲ့ပါတယ်။ ဒါက စစ်မှုထမ်းဥပဒေရဲ့နောက်ဆက်တွဲကြောင့်ပါ။ အခုနောက်ပိုင်းက အရင်ကထက် ပိုပြီး ပြောင်ပြောင် တင်းတင်း ကျူးလွန်လာတာဖြစ်တဲ့အတွက် ပြည်သူ တွေရဲ့လုံခြုံရေးကို ပိုပြီးထိပါးလာတာပေါ့။ ကရင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝှမ်းမှာ ဒီလိုအခြေ အနေ အပါအဝင် ဆက်ကြုံတွေ့နေရဦးမှာပါပဲ” ဟု မှတ်ချက်ပြုပြောဆိုသည်။

ထို့အပြင် လူ့အခွင့်အရေးရှုထောင့်အရ စစ်တပ်၏ အဆိုပါ ဥပဒေသည် လူငယ်များ၏အနာဂတ်မျှော်မှန်းချက်ကို ပျောက် ဆုံးစေသလို ကျန်ရှိမိသားစုဝင်များသည်လည်း အကြောက်တရားအောက် နေထိုင်နေရသည့်အတွက် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုဖြစ်သလို ကြီးလေးသောရာဇဝတ်မှုများ ကျူးလွန်စေရန် တွန်းပို့ရာလည်းရောက်ကြောင်း KHRG က မတ်လ (၆) ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြောဆိုထားသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တရားဝင် ထုတ်ပြန်လိုက်သည့် အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေ ကြောင့် နိုင်ငံတစ်ဝှမ်းရှိ လူငယ်အများအပြား နီးစပ်ရာ လွတ်မြောက်နယ်မြေများနှင့် အိမ်နီးချင်းတိုင်းပြည်များကို နည်းလမ်းပေါင်းစုံဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

Related Readings