စစ်မှုထမ်းဥပဒေသည် အရပ်သားများကို စစ်ရာဇဝတ်မှု ကျူးလွန်ရန် တွန်းပို့ခြင်းဖြစ်ဟု KHRG ပြော

Fri, 08 Mar 2024

  

 

စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းပြီး အရပ်သားများကို စစ်မှုထမ်းစေခြင်းသည် စစ်ရာဇဝတ်မှု ဆိုင်ရာ မူဝါဒကို ကျူးလွန်ရန် အရပ်သားပြည်သူများကို အသုံးချနေခြင်းဖြစ်သည့်အတွက် ကန့်ကွက် ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG မတ်လ ၆ ရက်နေ့တွင် ကြေညာချက်ထုတ်ကာ ပြောဆိုခဲ့သည်။

အရပ်သားပြည်သူများကို စစ်မှုထမ်းစေခြင်းသည် နိုင်ငံသားများအပေါ် ကြီးလေးသောရာဇဝတ်မှုများနှင့် ပြင်းထန်သောလူ့အခွင့်အရေးချိုးဖောက်မှုကြီးများကို ကျူးလွန်ရန် တွန်းပို့နေခြင်းဖြစ်သလို စစ်မှုထမ်း ဥပဒေပြဌာန်းပြီးသည့်နောက်တွင် ရာနှင့်ချီသောလူငယ်များသည် စစ်မှုမထမ်းလိုသည့်အတွက် နီးစပ်ရာ ထိုင်းနယ်စပ်ဒေသတွင် တိမ်းရှောင်နေကြကြောင်းလည်း KHRGက ပြောသည်။

အဆိုပါ စစ်မှုထမ်းဥပဒေကို မြန်မာ့နှစ်သစ်ကူး ဧပြီလသင်္ကြန်ပွဲတော်ပြီးမှသာလျှင် စတင်အကောင်အထည်ဖော်မည်ဟု စစ်ကောင်စီက ကြေငြာထားခဲ့သော်ငြားလည်း မြေပြင်တွင် ကျေးရွာအတွင်းရှိ လူငယ်များ၏ နာမည်စာရင်းများကို ကောက်ယူခြင်း၊ လူငယ်များကို မတရားဖမ်းဆီးခြင်းနှင့် လိုက်လံစည်းရုံးခြင်းများ လုပ်ဆောင်နေပြီဟု KHRG အဖွဲ့က ပြောသည်။

KHRG အဖွဲ့၏ စည်းရုံးလှုံ့ဆော်ရေးအရာရှိ နော်ဖောလားက “ ဒီဥပဒေထုတ်ပြန်တဲ့နောက်မှာ ကရင်ပြည် နယ်မကဘဲ နေရာတိုင်းမှာရှိတဲ့လူငယ်တွေက နိုင်ငံအတွင်းမှာ နေထိုင်မရဲကြတော့ဘူး၊ ရှောင်နေရတယ်။ တချို့လူငယ်တွေကတော့ ဘယ်သွားဘယ်လာရမှန်းမသိတော့ဘူး။ အနာဂတ်မဲ့သွားတယ်။ ပြီးတော့ လွှတ်မြောက်သွားတဲ့လူငယ်တွေရဲ့ ကျန်ရှိတဲ့ မိသားစုဝင်တွေကလည်း အနောက်မှာ အကြောက် တရားတွေနဲ့ နေခဲ့ရတယ်။ ဒီဥပဒေဟာ မြန်မာနိုင်ငံလူထုအတွက် တကယ်လူအခွင့်အရေးတွေကို ချိုးဖောက်လိုက်တာဖြစ်တယ်လို့မြင်တယ်”ဟု ကေအိုင်စီသို့ပြောသည်။

စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းခြင်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်မှုမထမ်းမနေရ ဥပဒေ မပြဌာန်းခင်ကတည်းက စတင်ခဲ့သလို ပြီးခဲ့သည့် ဇန်နဝါရီလထဲတွင် တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ဒေလိုမူနူကျေးရွာအုပ်စုထဲတွင် လူထုများကို ခေါ်ယူကာ မဲနှိုက်ခိုင်းစေပြီး မဲပေါက်သူများကို စစ်ကောင်စီမှ ခေါ်ဆောင်သွားခြင်းရှိခဲ့ကြောင်း KHRG အဖွဲ့ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ဥပဒေအထောက်အကူပြုကွန်ရက် (LAN) တည်ထောင်သူ လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူးက လည်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေသည် နိုင်ငံအတွင်းရှိ ပြည်သူများသည် အစအန ပျောက်ဆုံးစေနိုင်ပြီး လူသားမျိုးနွယ်စုကို ဆန့်ကျင်သည့် ပြစ်မှုအင်္ဂါရပ်ထဲတွင် တိုက်ရိုက်အကြုံသည်ဟု ထောက်ပြသည်။

ရှေ့နေဦးအောင်ထူးက “ ပြည်သူ့ စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံအတွင်းရှိ တရားဝင်နေထိုင်တဲ့ နိုင်ငံသား အရပ်သားတွေကို နိုင်ငံတကာဥပဒေနဲ့ဆန့်ကျင်ပြီးတော့ အတင်းအဓမ္မ မောင်းနှင်ထုတ်လိုက်တယ် ။ ဒါကို လူထု အများအပြားကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ အတင်းအကြပ်ပြောင်းရွှေ့စေတယ်။ ပြီးတော့မှ အစအနမရှိ ပျောက်ဆုံးသွားစေတယ်။ လူတွေဟာ စစ်သားစုဆောင်းခံရမှာကြောက်လို့ ဟိုပြေးဒီပြေး ၊ ဟိုသွားဒီသွား တောထဲကိုရောက် ဒီကြားထဲမှာ အသတ်ဖြတ်တွေခံရ၊ အဲလိုနည်းနဲ့ အစအနမရှိပျောက်ဆုံးသွားစေတယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့ကြောင့် နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို တရားဝင်ပြုခြင်းအား ရှောင်ကြဉ် ရန်၊ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများမလုပ်ဆောင်ရန်၊ အိမ်နီးနားချင်းနိုင်ငံများအနေဖြင့် ခိုလှုံခွင့်တောင်းပြီး နယ်စပ်ဖြတ်ကျော်သူများကို ငြင်းပယ်ခြင်းမပြုဘဲ အထောက်အပံ့ အကာအကွယ်ပေးရန်၊ ထောက်ပံ့မှု အားကောင်းစေရန် နယ်စပ်ဖြတ်ကျော်အဖွဲ့များနှင့် လက်တွဲရန်အပြင် နယ်စပ်တစ်လျှောက်လှုပ်ရှားနေသည့် ဒေသခံအဖွဲ့အစည်းများအတွက် ငွေကြေးထောက်ပံ့မှု တိုးမြှင့်သွားစေရန်အတွက်လည်း KHRG အဖွဲ့ ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးသည့်နောက်ပိုင်းတွင် နိုင်ငံအတွင်းရှိ လူငယ်များအပြားသည် အိမ်နီးချင်း နိုင်ငံများထဲသို့ တရားမဝင်လမ်းကြောင်းများနှင့် နေ့စဉ် ဝင်ရောက်လျက်သလို နီးစပ်ရာ တိုင်းရင်းသား လက်နက်တော်လှန်ရေးအဖွဲ့ကိုင်ထိန်းချုပ်သည့် နယ်မြေထဲတွင်လည်း လူငယ်အများအပြား ဝင်ရောက်ခိုလှုံနေလျက်ရှိကြောင်း သိရသည်။

Related Readings