စစ်ကောင်စီ ကန့်သတ်ချက်တွေနဲ့ကုန်ဈေးကြောင့် ကရင်စစ်ရှောင်တွေ အခက်ကြုံ

Wed, 07 Feb 2024

  

 

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်လာမှုနဲ့အတူ ကုန်ဈေး နှုန်းကြီးမြင့်မှုတွေကြောင့် လူသားချင်းစာနာမှုအကူအညီတွေအပေါ် အားထားမှီခိုပြုနေရတဲ့ စစ်ရှောင်ဒုက္ခတွေ အခက်အခဲတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောပါတယ်။

စစ်ရေးတိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ အရပ်သားလူထုအပေါ် ပစ်မှတ်ထားပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူ ၇၅၀,၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေခဲ့ရတာပါ။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအ ညီတွေ ဆက်လက်လိုအပ်လျက်ရှိနေတယ်လို့ ကရင်အမျိူးသားအစည်းအရုံး KNU နဲ့ ကရင်အရပ်ဖက်အဖွဲ့ အစည်းတွေက ထုတ်ပြန်ပြောဆိုထားပါတယ်။

လက်ရှိမှာတော့ ဆန်၊ စက်သုံးဆီ အပါအဝင် အထွေထွေကုန်ဈေးနှုန်းတွေ မြင့်တက်လာမှုတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရတယ်လို့ KHRG စည်း ရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကုန်ဈေးနှုန်းမြင့်တက်မှုကလည်း အာဏာသိမ်းမှုပြီးတဲ့နောက်ပိုင်းမှာ စီးပွားရေးယိုယွင်းကျဆင်းလာမှုနောက်ပိုင်း ဆက်လက်ဖြစ်ပွားနေတဲ့ အရာတွေပေါ့နော်။ ဒါဟာ အာဏာသိမ်းမှု ဆိုးကျိုးတစ်ခုအတွက် တိုင်းပြည်ရဲ့စီးပွားရေးပျက်စီးမှု အရာရာချွတ်ခြုံယိုယွင်းပျက်စီးမှုကြောင့်မို့ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပဲဖြစ်တယ်” လို့ သူက ဆိုပါတယ်။

ကုန်ဈေးနှုန်းမြင့်တက်မှုတွေအပြင် ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်က စားနပ်ရိက္ခာသယ်ယူခွင့်ကို တင်းကျပ်ကန့်သတ်တားဆီးပိတ်ပင်တာ၊ ဖျက်ဆီးတာမျိုးတွေကို ဆက်လက်ပြုလုပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တဖက်မှာတော့ လူသားချင်းစာနာမှု အကူအညီတွေကို စစ်ကောင်စီဘက်က ကန့်သတ်မှုတွေ ဆက် လက်လုပ်ဆောင်နေတဲ့အတွက် စစ်ရှောင်ပြည်သူတွေဟာ အစာရေစာ ခေါင်းပါးမှုနဲ့ ကြုံနေရတယ်လို့ စောနန္ဒဆူးက ဆိုပါတယ်။

“စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီကို အချိန်နဲ့တပြေးညီ လုံလောက်စွာမရရှိတဲ့အပေါ်၊ တဖက်ကလည်း သူတို့ရဲ့ တားဆီးပိတ်ပင်မှုတွေ နောက်တခါမြင့်တက်နေတဲ့ ဆန်ဈေးနဲ့ကုန်ဈေးနှုန်းမြင့်တက်မှုတွေကျတော့ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေအတွက် အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုပဲ မှီခိုရပ်တည်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက်ကျတော့ အစာရေစာ ခေါင်းပါးမှုငတ်ပြတ်မှုအထိကိုပါ ဖြစ်ပေါ်စေတယ်ပေါ့” လို့ သူက ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာမလုံလောက်တာအပြင် အခုလတ်တလောမှာ ရာသီဥ တုအေးတဲ့ဒဏ်ကြောင့် စစ်ရှောင်သက်ကြီးပိုင်းတချို့ဟာ ဖျားနာပြီး ဆေးဝါးကုသခွင့်နဲ့ လုံလောက်မှုမရှိတာတွေကြောင့် အသက်ဆုံးရှုံးရတာတွေ ရှိနေတယ်လို့ စစ်ရှောင်တွေက ပြောဆိုပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA Myanmar ရဲ့ ဇန်နဝါရီ ၁၂ ရက်နေ့ထုတ် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အကူ အညီလိုအပ်သူ ၁၈ ဒသမ ၆ သန်းအထိ စံချိန်တင် မြင့်တက်လာတယ်လို့ အသိပေးထားပါတယ်။

အခုလိုအခြေအနေမှာ လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေအား စစ်ကောင်စီက ဝင်ရောက်ကူ ညီခွင့်ကန့်သတ်ချက်တွေနဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ အဟန့်အတားတွေကို ကြီးမားစွာ ရင်ဆိုင်နေရတယ်လို့ UNOCHA Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Related Readings