“ကာလရှည်ကြာ စစ်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိနေတာလည်း တွေ့ရတယ်”

Fri, 02 Feb 2024

  

 

ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေထဲမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အ ရေး ချိုးဖောက်မှုတွေကြောင့် အရပ်သား ၁၉၅ ဦး သေဆုံးပြီး ၆၆၁ ဦး ထိခိုက်ဒဏ်ရာရရှိထားသလို စစ်ရှောင် ဒုက္ခသည် ၇ သိန်းခွဲအထိ တိုးလာခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ၂၀၂၄ ခုနှစ် နှစ်အစမှာပဲ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲကို လက်နက် ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာသလို အရပ်သားထိခိုက်သေဆုံးမှုတွေ ထပ်မံမြင့်တက် လာတာပါ။

စစ်ကောင်စီတပ်ဘက်က ထပ်မံကျုးလွန်လာတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်မှုတွေ၊ စစ်ရှောင်ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကရင်လူ့အခွင့် ရေး အဖွဲ့ KHRG စည်ရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးနဲ့ ဆက်သွယ်မေးမြန်းချက်။

သံလွင်တိုင်းမ် – အခုနှစ် ၂၀၂၄ ခုနှစ် နှစ်စမှာ KNU နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေ ဘယ်လိုတွေဆက်တွေ့နေရလဲ။ အရပ်သား ထိခိုက်သေဆုံးမှု အခြေအနေ ဘယ်လိုရှိနေလဲ။

စောနန္ဒဆူး – ဒီ ၂၀၂၄ ခုနှစ် ပထမလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေ ပစ်တာက ကျွန်တော်တို့ ကရင်ပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေကလည်း ဆက်လက်ဖြစ်ပွားနေပါ တယ်။ KNU ထိန်းချုပ်နယ်မြေ ခရိုင်ခုနှစ်ခုအတွင်းမှာ စစ်ဘေးဒဏ်သင့်တုန်းပဲ။ စစ်ပြေးရှောင်ရမှုတွေ ဆက် လက်ရှိနေတုန်းပဲ။ တိုက်ပွဲကြောင့် လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ လက်ရှိအရေအတွက်အားဖြင့် လော လောဆယ်တော့ ကျွန်တော်တို့အနေနဲ့ အတည်ပြုလို့တော့ မရသေးဘူး။

 သံလွင်တိုင်းမ် – KNU  နယ်မြေထဲမှာ နှစ်ဖက်တိုက်ပွဲတွေ ဘယ်လိုရှိနေလဲ။ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူဦးရေ ဘယ်လောက်အထိ အရှိလာပြီလဲ။

စောနန္ဒဆူး – တိုက်ပွဲကတော့ ကျွန်တော် ပြောခဲ့သလိုပဲ။ အထူးသဖြင့် တပ်မဟာ (၁)၊ (၂) ရယ် (၅)၊ (၆) ရယ် (၄) မှာလည်း တိုက်ပွဲ ဖြစ်ပွားမှုတွေရှိတယ်။ တပ်မဟာတိုင်းလိုလိုတော့ တိုက်ပွဲတွေဆက်လက် တည်ရှိနေ တုန်းပဲ။ ထွက်ပြေးတိမ်းရှောင်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲပဲ။ ကျွန်တော်တို့ ခန့်မှန်းခြေအရ စစ်ဘေးရှောင်ဦး ရေ က လက်ရှိအချိန်မှာ ခုနှစ်သိန်းခွဲအထက် ဆက်လက်ရှိနေပါတယ်။

 သံလွင်တိုင်းမ် – စစ်ဘေးရှောင်တွေရဲ့ လတ်တလော ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ နေရပ်မပြန်နိုင်သေး တဲ့ အခြေအနေတွေလည်းပြောပြပေးပါဦး။ စစ်ရှောင်နေရတဲ့အချိန် အလုပ်အကိုင်အခွင့်အလမ်းလည်း မရှိ ကြတော့ သူတို့ဘယ်လိုနေထိုင်စားသောက် ရုန်းကန်နေရတာလဲ။

စောနန္ဒဆူး – လက်ရှိ စစ်ဘေးရှောင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲကတော့ အမြဲတမ်းလိုလို ဖြစ်နေတဲ့ အခက်အခဲဖြစ်တဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီ လုံလောက်မှုမရှိတာ၊ အထူးသဖြင့် အခြေခံ စားနပ်ရိက္ခာတွေ၊ နေရာထိုင်ခင်းတွေကလည်း ဆက်လက်လိုအပ်နေဆဲပဲ။ နောက်ထပ်ဆေးဝါးတွေ လိုအပ်နေ တာတွေလည်းရှိတယ်။ လူသားချင်း စာနာထောက်ထားမှု အကူအညီကို လုပ်ဆောင်ပေးနေတဲ့ ဒေသခံလူထု အခြေပြု အဖွဲ့အစည်းတွေလည်းပဲ ပြည့်စုံလုံလောက်စွာ အချိန်နဲ့တပြေးညီ လုပ်ဆောင်ပေးဖို့ကတော့ အခက် အခဲတွေရှိတယ်။ အထူးသဖြင့် ငွေကြေးဆိုင်ရာ လုံလောက်မှု မရှိကြသေးတော့ အကူညီပေးနေတဲ့ အဖွဲ့အ စည်းတွေမှာလည်း စိန်ခေါ်မှုတစ်ရပ် ဖြစ်နေတာပေါ့။ နောက်တစ်ခါ စစ်ဘေးရှောင် ပြည်သူတွေမှာ လုံခြုံမှု အခက်အခဲတွေရှိတယ်။ နေ့စဉ်တိုက်ပွဲတွေ ဖြစ်နေတာကြောင့်  စစ်ဘေးရှောင်ပြည်သူတွေမှာ အခြေခံ  လို အပ်ချက်တွေ ပြည့်စုံမှုမရှိတာ၊ ကာလရှည်ကြာ ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက်  အသက်မွေးဝမ်း ကြောင်း လုပ်ငန်းတွေ ဆုံးရှုံးတာတွေ၊ ပညာရေး လက်လှမ်မမီနိုင်တဲ့ အခက်အခဲတွေလည်း ဖြစ်နေတာတွေ၊ နောက်တစ်ခုက ကာလရှည်ကြာ စစ်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ရှိနေတာ တွေ့ရပါတယ်။

သံလွင်တိုင်းမ် –  လက်ရှိ ဖြစ်ပွားနေဆဲဖြစ်နေတဲ့ ကော့ကရိတ်မြို့ တိုက်ပွဲမှာ အရပ်သား ထိခိုက်မှု၊ နေအိမ်အ ဆောက်အဦး မီးလောင်ပျက်စီးမှုတွေ ဘယ်လိုဆက်တွေ့နေရလဲ။ ကော့ကရိတ်စစ်ဘေးရှောင်တွေရဲ့ အခြေအ နေလေးလည်း ပြောပြပေးပါဦး။

စောနနန္ဒဆူး – ဒီဇင်ဘာလ ၂၈ ရက် ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်။ ဒီတောင်ကြားအင်းရွာမှာ တိုက်ပွဲဖြစ်နေတဲ့ကာလအတွင်း စစ်ကောင်စီက လေ ကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်။ အရပ်သား ပြည်သူတွေရဲ့ အိမ် ၂၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်။ အိမ်တွေအပြင် ဘုန်းကြီးကျောင်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာတွေရှိတယ်။ ခမရ ၅၄၅ ကနေပြီးတော့ ညဘက် ကိုးနာရီဝန်းကျင်မှာ လက်နှက်ကြီးပစ်ခတ်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်။ ဒေသခံ ပြည်သူလူထုတွေရှိနေတဲ့ အချိန်မှာ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာပေါ့။ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၁ နှစ်အရွယ် ယော ကျာ်းလေးတစ်ဉီး အသက်ဆုံးရှုံးခဲ့ရတယ်။

အသက်ဆယ့်ကိုးနှစ်နဲ့ ဆယ့်သုံးနှစ်အရွယ်၊ ကလေးနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရတာပေါ့။ သူတို့ရဲ့ ပစ်ခတ်မှု ကြောင့် တခြားပြည်သူတစ်ဦးနဲ့ ဘုန်းကြီးတစ်ပါး ထိခိုက်ဒဏ်ရာရတာကိုတော့ ကျွန်တော်တို့ရဲ့ မှတ်တမ်းအရ သိရှိရပါတယ်။ ကော့ကရိတ်မြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ လူ‌ထု တွေက ဘေးကင်းလုံခြုံမှုကို စိတ်မချဖြစ်ပြီး အကြောက်တရားနဲ့ ဆက်လက်ရှင်သန်နေထိုင်နေရတာပေါ့။

သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ မြေမြုပ်မိုင်းကြောင့် အရပ်သားတွေရဲ့ ထိခိုက်မှုအခြေအနေ နောက်ဆက်တွဲ ကြုံလာရတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။

စောနနန္ဒဆူး – ဒီမြေမြုပ်မိုင်းပြဿနာက ကရင်ပြည်နယ်အတွင်းမှာ တိုက်ပွဲဖြစ်နေတဲ့ ဆယ်စုနှစ်နှစ်ခုအတွင်း မှာ ကြုံတွေ့ရတဲ့ ပြဿနာပေါ့။ ကရင်ပြည်နယ်မှာ မြေမြုပ်မိုင်းရှိနေတာတွေကလည်း ဒီလက်နက်ကိုင် တိုက်ပွဲ တွေ ဖြစ်နေတဲ့အချိန်ကတည်းက ယခုအချိန်ထိ ဆက်လက်ဖြစ်ပေါ်နေတယ်။ မြေမြုပ်မိုင်းကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်သေဆုံးနေရတာတွေမက သူတို့ရဲ့မိသားစုဝင်တွေပါ နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက် မှုကိုကြုံတွေ့ရတယ်။ အထူးသဖြင့် မြေမြုပ်မိုင်းကြောင့် ထိခိုက်သူဟာ အိမ်ထောင်ဦးစီး ဖြစ်ခဲ့မယ်ဆိုရင် မိသား စု တစ်စုရဲ့ အသက်မွေးဝမ်းကြောင်းပေါ်မှာ ဆိုးဆိုးရွားရွား ထိခိုက်မှုကို ဖြစ်ပေါ်စေတယ်။

ဥပမာ – ကိုယ်လက်အင်္ဂါ ဆုံးရှုံးတာမျိူး၊ ခြေပြတ်၊ လက်ပြတ်၊ မျက်စိထိခိုက်ပျက်စီးတာမျိုးဆိုရင် သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းပြုနိုင်တဲ့အပေါ်မှာ ဆိုးကျိုးသက်ရောက်မှုကိုဖြစ်စေတယ်။ အထူးသဖြင့် စိုက်ပျိုးမွေးမြူ ရေလုပ်ငန်းကို မှီခိုနေရတဲ့ ရွာသူရွာသားတွေအနေနဲ့ မြေမြုပ်မိုင်းကြောင့် အသက်အန္တရာယ် ထိခိုက်ပျက်စီးမယ် ဆိုရင်ကျန်ရှိနေတဲ့ မိသားစုဝင်တွေရဲ့ စီးပွားရေးအပေါ်မှာ ဆိုးကျိုးဖြစ်ပေါ်စေတယ်။ သူတို့ရဲ့ ဝင်ငွေရှာဖွေ နိုင် စွမ်းအပေါ်မှာလည်း ဆိုးကျိုးသက်ရောက်မှု ဖြစ်တယ်။ မြေမြုပ်မိုင်းတွေဟာ ရွာသူရွာသားတွေမက အိမ်မွေးတိ ရစ္ဆာန်တွေဖြစ်တဲ့ ဝက်၊ နွား ၊ကျွဲ တွေကိုလည်း ထိခိုက်ဒဏ်ရာရတာတွေ၊ သေဆုံးမှုတွေကိုလည်း ဖြစ်ပေါ်စေ တာပေါ့။

Related Readings