ဒီးမော့ဆိုတိုက်ခိုက်ခံရမှု နိုင်ငံတကာဥပဒေနဲ့ အရေးယူဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို

Wed, 07 Feb 2024

  

 

စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့က ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့က ကလေးငယ် နှစ်ရာကျော်စာသင်နေတဲ့ မူကြိုကျောင်းနဲ့ အလယ်တန်းစာသင်ကျောင်း နှစ်ကျောင်းကို တိုက်လေယာဉ်နှစ်စီးနဲ့ ၁၀ ကြိမ် ဗုံးကြဲခဲ့ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကလေးငယ် လေးဦးသေဆုံးခဲ့တယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီက ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒေါဆီအီရွာကို တိုက်ခိုက်ပြီး အဲ့ဒီနေ့မှာပဲ အနီးနားက လွိုင်နန်းဖကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ ကျောင်းဆရာမနှစ်ဦးနဲ့ အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့ရပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စာသင်ကျောင်းတွေကို လေကြောင်းကနေ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တာမို့ ဒီဖြစ်ရပ်ဟာ သုံးနှစ်အတွင်း ကရင်နီပြည်နယ်မှာ အဆိုးဝါးဆုံးပဲလို့ ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး -၂ ကိုဗညား ကပြောပါတယ်။

“ ကျောင်းတွေနဲ့ ကျောင်းရဲ့အနီးအနားပတ်ဝန်းကျင်ကို ၁၀ ကြိမ် သဲကြီးမဲကြီးကို လေယာဉ်ပျံနှစ်မျိုး SUU နဲ့ YAT ၁၀ ကြိမ်တိုင်တိုင် ပစ်ခတ်တာတွေ၊ ပေါင် ၅၀၀ ဗုံးတွေနဲ့ ကြဲတာတွေ၊ ပြီးရင် ဒရုန်းထောက်ပြီး ကြဲတယ်။ ကင်းထောက်လေယာဉ်နဲ့ ကြဲတယ်။ လက်နက်ကြီးနဲ့ ထပ်ဆင့်ထပ်ဆင့် ပစ်ခတ်တာက အင်မတန်မှ ဆိုးဝါးပြီး ရင်နာစရာ ကောင်းတဲ့ဖြစ်ရပ်တစ်ခုကို ကျွန်တော်တို့ ဒီသုံးနှစ်အတွင်းမှာ ခံခဲ့ရတာပါ။”

ဒေါဆီအီရွာတိုက်ခိုက်ခံရမှုမှာ သုံးနှစ်အောက်ကလေးငယ်တွေအပါဝင် စာသင်နေတဲ့ ကျောင်းသား၊ ကျောင်းသူ ၁၀ ယောက်ထက်မနည်း ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာတွေရခဲ့ပြီး လွိုင်နန်းဖရွာမှာတော့ အရပ်သားငါးဦး ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒီလုပ်ရပ်ဟာ စစ်ရာဇဝတ်မှုမြောက်လို့ စစ်ခေါင်းဆောင်အပါအဝင် အမိန့်ပေးစေခိုင်းသူတွေနဲ့ ကျူးလွန်သူ အဆင့်ဆင့်ကို နိုင်ငံတကာပြစ်မှု ဆိုင်ရာတရားရုံး ICC မှာအရေးယူဆောင်ရွက်ဖို့ တောင်းဆိုတဲ့အထဲမှာ ကိုစောနန္ဒဆူးတို့ရဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG လည်းပါဝင်ပါတယ်။

“ဘာမှမသိတဲ့ အပြစ်ကင်းစင်တဲ့ကလေးလေးတွေကို သတ်ဖြတ်နေတာဟာ အင်မတန်မှကို လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်။ လုံးဝလက်ခံနိုင်စရာမရှိတဲ့ ကျူးလွန်မှုပဲဖြစ်တယ်။ နိုင်ငံတကာဥပဒေမှာလည်း အတိအလင်းပြဋ္ဌာန်းထားတယ်။ ကလေးသူငယ်တွေဟာ ထိလွယ်ရှလွယ်တဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့တွေက အထူးအကာအကွယ်လိုသူတွေဖြစ်တယ်။ စစ်ကောင်စီဟာ သူတို့နိုင်ငံမှာရှိတဲ့ ကလေးငယ်တွေကို အကာအကွယ်ပေးမယ့်အစား တိုက်ခိုက်သတ်ဖြတ်နေတာ ဘယ်လိုမှကို ခွင့်လွှတ်စရာမရှိဘူး။ ကြီးလေးတဲ့ ကျူးလွန်မှုမှာ နိုင်ငံတကာ ဥပဒေရှုထောင့်အရသော်လည်းကောင်း၊ လူ့အခွင့်အရေးစံချိန်စံညွှန်းအရ သော်လည်းကောင်း ကျူးလွန်သူတွေကို အရေးယူဆောင်ရွက်မှုမဖြစ်မနေ လုပ်ဆောင်ရမှာ ဖြစ်တယ်။”

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီဟာ ဒရုန်းတွေနဲ့ ကင်းထောက်ပြီး ကလေးငယ်တွေရှိနေတဲ့ စာသင်ကျောင်းမှန်းသိလျက်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်တာကာလအတွင်း လေကြောင်းကတိုက်ခိုက်တဲ့အတွက် စာသင်ကျောင်း ၅၂ ကျောင်းပျက်စီးခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ၁၉၉ ကျောင်း ပျက်စီးတယ်လို့ ပြောပါတယ်။ စစ်ကောင်စီလက်ချက်နဲ့ အသက် ၁၈ နှစ်အောက် ကလေးငယ် စုစုပေါင်း ၆၃၀ သေဆုံးရပြီလို့လည်း NUG က ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ ဒီအဖြစ်အပျက်ကို နိုင်ငံတကာသိအောင်လုပ်ဆောင်နေတယ်လို့ RFA ကိုပြောပါတယ်။

“ NUG နဲ့ ကြားကာလကရင်နီပြည်အုပ်ချုပ်ရေးကောင်စီနဲ့ ပေါင်းပြီးတော့ သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ဖို့ပြင်ဆင်နေတာရှိပါတယ်။ အခုကတော့ အချက်အလက်ကောက်ခံတဲ့ကိစ္စတွေ၊ နောက်ပြီးတော့ ကွယ်လွန်သူတွေရဲ့ မိသားစုတွေကို ထောက်ပံ့တဲ့ကိစ္စတွေ၊ နောက်ပြီးတော့ ဒဏ်ရာရရှိသူတွေကို ကုသတဲ့ ကိစ္စတွေ၊ ဒါတွေကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ ပူးပေါင်းပြီးလုပ်နေတာတွေရှိပါတယ်။ နိုင်ငံတကာ Diplomat တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း Diplomatic briefing သဘောမျိုးလေးလုပ်သွားဖို့ရှိပါတယ်။”

စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ ကလေးငယ်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုမြောက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကလေးငယ်တွေ ပညာသင်ကြားခွင့် ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံရမှုအပေါ်မှာ တရားမျှတမှုရအောင် ပံ့ပိုးပေးဖို့ တာဝန်ရှိတယ်လို့ NUG က တိုက်တွန်းပါတယ်။

ဒီလို ကျူးလွန်မှုတွေမှာ အဓိကတာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေအပါအဝင် ကိုယ်တိုင်ပါဝင်ခဲ့သူတွေကို ပြည်တွင်း တရားရုံးတွေသာမကဘဲ နိုင်ငံတကာတရားရုံးတွေမှာပါ တရားစွဲဆိုနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်မယ်လို့လည်း NUG က ဆိုပါတယ်။

စစ်ကောင်စီကတော့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ်အတွင်း လေကြောင်းပျံသန်းမှုမရှိကြောင်းနဲ့ ဒီးမော့ဆိုမှာ လေကြောင်းက ပစ်ခတ်တဲ့အတွက် ကလေးငယ်တွေသေဆုံးခဲ့ရတယ်ဆိုတာဟာ သတင်းအမှား သာဖြစ်တယ်လို့ အဲ့ဒီနေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ဒီဖြစ်ရပ်ကို သက်သေနဲ့တကွတင်ပြနိုင်မယ်ဆိုရင် စစ်ရာဇဝတ်မှုကျူးလွန်သူတွေကို သေဒဏ်ပေးတဲ့အထိ အရေးယူနိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ထောက်ပြပါတယ်။

“ သူတို့ကတော့ ငြင်းတော့နေတယ်။ သူတို့အဲ့နားကို လေယာဉ်တောင်ပျံဝဲတာမရှိပါဘူးတဲ့။ သူတို့လုပ်တာ ဓာတ်ပုံအထောက်အထားတွေ၊ ဗီဒီယိုအထောက်အထားတွေလည်းရှိနေတယ်။ သူတို့ငြင်းလို့မရဘူး။ စစ်ရေးပစ်မှတ်မဟုတ်တာတွေကို သူတို့အမိန့်မပေးဘဲ လုပ်တယ်ဆိုရင် စစ်ခုံရုံးတင်ပြီးတော့ လူသေတယ်ဆိုရင် သေဒဏ်ပေးရမှာ။ ဒါမှမဟုတ် အမိန့်ပေးတယ်ဆိုရင် အမိန့်ပေးတဲ့အဆင့်ကိုလည်း ခုံရုံးတင်ရမယ်။ ဒါက စစ်ရာဇဝတ်မှုကျူးလွန်တာပဲ။”

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဝါရှင်တန်ဒီစီရုံးက ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ဒီးမော့ဆိုမြို့နယ်က စာသင်ကျောင်းနဲ့ ကျေးရွာတွေ တိုက်ခိုက်ခံရမှုတွေနဲ့ပတ်သက်ပြီး ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IECနဲ့ NUG တို့ပူးပေါင်းပြီး ရရှိထားတဲ့ သက်သေတွေနဲ့တကွ သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေပိုင်းမှာ ကျင်းပမယ်လို့ IEC က ပြောပါတယ်။

Related Readings