ကရင်ပြည်နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ် ပိုမိုကြီးထွားလာ

Thu, 01 Feb 2024

  

 

ကရင်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း မြေမြှုပ်မိုင်းအန္တရာယ် တစ်စထက်တစ်စ ပိုမိုကြီးထွားလာပြီး အရပ်သားပြည်သူတွေရဲ့ အသက်အန္တရာယ်နဲ့ မိသားစုစားဝတ်နေရေးအပေါ် ဆိုးရွားစွာ ခြိမ်းခြောက်လာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့က ကရင် ပြည်နယ်၊ ဖာပွန်ခရိုင်၊ ထီးခယ်ခီးရွာသား အမျိုးသားတစ်ဦးဟာ မိုင်းနင်းမိပြီး မိုင်းပေါက်ကွဲမှုကြောင့် ဘယ်ခြေထောက်ထိမှန်ဒဏ်ရာရခဲ့ကာ ဒေသန္တရဆေးခန်းမှာ ဆေးကုသမှုခံယူနေခဲ့ရတယ်လို့ သိရပါတယ်။

မိုင်းနင်းမိပြီး ဒဏ်ရာရသွားတဲ့ အမျိုးသားဟာ ကလေးနှစ်ယောက်ဖခင် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ဒဏ်ရာရရှိမှုကြောင့် သူ့ရဲ့ မိသားစုဟာ ရေရှည်မှာ စားဝတ်နေရေးအတွက် စိန်ခေါ်မှုတွေနေနဲ့ ရင်ဆိုင်နေရတယ်လို့ KHRG က ဆိုပါတယ်။

အလားတူအဲဒီနေ့မှာပဲ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီး ကော့ဝါလဲကျေးရွာမှာ ဒေသခံအမျိုးသမီးတစ်ဦးဟာ ရွာအပြင်ဘက်တစ်နေရာမှာ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ခြေထောက်တစ်ဖက် ဖြတ်တောက်ခဲ့ရတာပါ။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက်ပြုစုထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ကရင်ပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် အရပ်သားပြည်သူ ၃၀ ထက်မနည်း ထိခိုက်သေဆုံးဒဏ်ရာရတာတွေရှိခဲ့ပြီး မြေပြင်မှာဒီထက်အများကြီး ပိုနိုင်ပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးက မြေမြှုပ်မိုင်းကြောင့် ထိခိုက်နစ်နာသူ မိသားစုဝင်တွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနဲ့ စားဝတ်နေရေးအပေါ်မှာ နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်မှု များစွာဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။

“မြေမြှုပ်မိုင်းကြောင့် ထိခိုက်တဲ့လူဟာဆိုလို့ရှိရင် အိမ်ထောင်ဦးစီးဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ ဒါမိသားစုတစ်စုရဲ့ အသက်မွေးဝမ်းကျောင်းအပေါ်မှာ ဆိုးဆိုးရွားရွား ထိခိုက်မှုကို ဖြစ်စေတယ်ပေါ့နော်။ ဥပမာ ကိုယ်လက်အင်္ဂါ ဆုံးရှုံးတာမျိုးပေါ့နော်။ ခြေလက်ပြတ်တာ၊ မျက်လုံးပျက်စီးတာ၊ ဒါတွေဟာဆိုလို့ရှိရင် သူတို့ရဲ့အသက်မွေးဝမ်း ကျောင်းပြုနိုင်စွမ်းအပေါ်မှာ ဆိုးဆိုးရွားရွားကို ဆိုးကျိုးသက်ရောက်မှုဖြစ်စေတယ်ပေါ့။ အထူးသဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို မှီခိုနေတဲ့ ရွာသူရွာ သားတွေအနေနဲ့ မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရခဲ့မယ် အသက်ဆုံး ရှုံးခဲ့မယ်ဆိုလို့ရှိရင်တော့ ဒါကျန်ရှိနေတဲ့မိသားစုဝင်တွေရဲ့ စားဝတ်နေရေးအပေါ်မှာ ဆိုးဆိုးရွားရွား ဆိုးကျိုးသက်ရောက်မှုဖြစ်စေတယ်” လို့ သူကဆိုပါတယ်။

KNU နယ်မြေထဲမှာ အရပ်သားပြည်သူလူထုအပေါ် ဦးတည်ပစ်မှတ်ထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ်အဖြစ် ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်းမှာ စစ်ကောင်စီတပ်က ပြည်သူလူထုအသုံးပြုတဲ့ လမ်းတွေမှာ မိုင်းထောင်မှု အကြိမ် ၄၀ ကြိမ် ရှိခဲ့တယ်လို့ KNU ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းကာလအတွင်း ကရင်ပြည်နယ် ပြည်ထောင်စုလမ်းမကြီးတွေရဲ့ လမ်းတံတားတွေမှာပါ ပေါ်ပေါ်တင်တင် မြေမြှုပ်မိုင်းထောင်တာနဲ့ တပ်ရင်း၊ တပ်စခန်းအနီးပတ်ဝန်းကျင်တွေမှာ မြေမြှုပ်မိုင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတာ ဖြစ်ပါတယ်။

မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေး နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ ICBL ရဲ့ အဆိုအရ လူသေစေဖို့ ရည် ရွယ်တဲ့ anti-personnel နင်းမိုင်းတွေကို အသုံးပြုနေသေးတာ ကမ္ဘာမှာ မြန်မာနဲ့ရုရှား နှစ်နိုင်ငံသာ ကျန်ရှိတော့တယ်လို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရံပုံငွေအဖွဲ့ UNICEF ရဲ့ ပြီးခဲ့တဲ့နှစ်ဝက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် အရပ် သား ၆၀၀ နီးပါး ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Related Readings