အရပ်သားများအား လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကို အပြင်းအထန်ရှုတ်ချကြောင်း ကရင် လူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်

Wed, 07 Feb 2024

  

 

ကရင်နီပြည်နယ်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၅)ရက်နေ့က စစ်ကောင်စီ၏လေကြောင်း ပစ်ခတ် တိုက်ခိုက်မှုကြောင့် အရပ်သားနှင့် ကလေးသူငယ်များ ထိခိုက်သေဆုံးခဲ့သည့်အပေါ် အပြင်းအထန်ရှုတ် ချကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုလိုက်သည်။

ဖေဖော်ဝါရီလ(၅)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီမှ ဒီးမော့ဆို မြို့နယ်အတွင်းရှိ လွိုင်နန်းဖကျေး ရွာ နှင့် ဒေါအီဆီကျေးရွာအတွင်းသို့ လေယာဉ်မှ တဆင့် (၁၀)ကြိမ်နှင့် လက်နက်ကြီး(၆)လုံး ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် အရပ်သား(၇)ဦးသေဆုံးခဲ့ပြီး (၂၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အများစုမှာ အသက် (၁၂)နှစ်မှ (၁၃)နှစ်အောက် ကလေးငယ်များပါဝင်သည့်အပေါ် ယခုလို ကန့်ကွတ်ရှုတ်ချရခြင်းဖြစ်သည်ဟု KHRG က ပြောသည်။

KHRG ပြောရေးခွင့်ရ စောနန္ဒဆူးက “ဒါက စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာ ဝတ်မှု ကျူးလွန်တာဖြစ်တယ်။ ဒီကျူးလွန်မှုကနေ ဘယ်လိုမှ အပြစ်ကင်းလွတ်ခွင့် ပေးလို့မရဘူး။ အဲဒါကြောင့် ဒီစစ်ကောင်စီ အပြစ်ပေးအရေး ယူနိုင်ဖို့အတွက် ဖိအားပေးဖို့က နိုင်ငံတကာအနေနဲ့လည်းပဲ တာဝန်ရှိပါတယ်။ အဲဒါမှသာ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လျော့ကျသွားမှာဖြစ်ပါတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ အရပ်သားထိခိုက်သေဆုံးမှုများအပြင် လေကြောင်းမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ကြောင့် စာသင်ကျောင်းနှစ်ကျောင်း၊ ဘုရားကျောင်းတစ်ကျောင်းနှင့် အရပ်သားအဆောက်အအုံ ၆ လုံး ပျက်စီးခဲ့ကြောင်းလည်း KHRG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယခုလို စစ်ကောင်စီမှ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို KHRG အနေဖြင့် အပြင်းအထန် ရှုတ်ချထားသလို ပြစ်မှုကျူးလွန်သူများကိုလည်း ပြတ်ပြတ်သားသား အရေးယူရန် နိုင်ငံတကာ အသိုင်းအဝိုင်းများကို တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် အရပ်သားများ၏ အရာဝတ္ထုများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦးများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး(ICC)ရောမ ဥပဒေအောက်တွင် အကာအကွယ်ပြုထားသည့် စစ်ရာဇဝတ်မှုနှင့်လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ကြောင်းလည်း KHRG က ဆိုထားသည်။

နိုင်ငံတကာအနေဖြင့် စစ်ရာဇဝတ်မှုကျူးလွန်သည့် စစ်ကောင်စီအရာရှိများထံ လက်နက်နှင့်လောင် စာဆီများထောက်ပံ့မှု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရောင်းချပေးပို့မှုများအပေါ် ပစ်မှတ်ထားပိတ်ဆို့ အရေးယူမှုများ တိုးမြှင့်လုပ်ဆောင်ရန် စသည့်အချက်(၃)ချက်ပါ အကြံပြုတောင်းဆိုမှုများပြုလုပ်ထား ကြောင်းလည်း KHRG၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

Related Readings