KNU ထိန်းချုပ်နယ်မြေမှာ အရပ်သားပြည်သူတွေ ပစ်မှတ်ထားတိုက်ခိုက်ခံနေရ

Fri, 26 Jan 2024

   

 

ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းက ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့တွေအားကောင်းတဲ့ နယ်မြေတွေမှာ စစ်ကောင်စီတပ်တွေက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

သထုံ၊ တောင်ငူ၊ ညောင်လေးပင်၊ ထားဝယ်၊ ဖာပွန်၊ ဒူးပလာယာနဲ့ ဘားအံ ခရိုင်တွေမှာ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီက အရပ်သား ၁၉၅ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ KNU ကလည်း ဇန်နဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

"အားလုံးပဲ စစ်ပွဲမြန်မြန်ပြီးဖို့ပဲ အရေးကြီးတာပေါ့နော်"

အရပ်သားပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကရင်လူ့အခွင့် အရေးအဖွဲ့ (KHRG) ပြောခွင့်ရသူ ကိုစောနန္ဒဆူးက RFA ကို ပြောပါတယ်။

“စစ်တပ်ကကျတော့ တိုက်ပွဲဖြစ်ပွားတဲ့အခါမှာ တွေ့ရှိရလေ့ရှိတဲ့ ပြည်သူလူထုကို ပစ်မှတ်ထားပြီးတော့မှ တိုက်ခိုက်တာမျိုးတွေ လုပ်ဆောင်နေတာပေါ့နော်။ ဒါတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုသာမကဘဲနဲ့ စစ်ရာဇဝတ်မှုလည်း မြောက်သလိုမျိုး လူသားမျိုးနွယ်စုအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုလည်းဖြစ်တယ်။ နောက် လူသားချင်းစာနာထောက်ထားမှု ဥပဒေကိုလည်း ချိုးဖောက်ရာရောက်တယ်ပေါ့နော်”

KNU ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်း KNU ထိန်းချုပ်ဧရိယာထဲမှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာ အကြိမ် ၈၀၀ နီးပါးရှိပြီး၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ အကြိမ် နှစ်ထောင်ကျော်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်းတွေ ထိခိုက်ပျက်စီးခဲ့သလို အိမ် ၁၈,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သထုံခရိုင်က အမည်မဖော်လိုတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကလည်း စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲမဖြစ်လည်း လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာကြောင့် ဒေသခံပြည်သူတွေ အသေအပျောက်များနေတယ်လို့ ပြောပါတယ်။

“အခုပစ်တယ်ဆိုတဲ့ အခြေအနေတွေက စစ်ကြောင်းထိုးပြီးဖြစ်တာ မဟုတ်ဘူး။ ရွာတွေကို သူတို့ (စစ်ကောင်စီ) တပ်အထိုင်တွေကနေ လက်နက်ကြီးတွေပဲ လှမ်းပစ်တဲ့ဟာတွေ၊ ပြီးတော့ ကျွန်တော်တို့ဆီက မြို့သိမ်းတိုက်တဲ့အခါမှာ လေယာဉ်တွေနဲ့ ပစ်တာတွေ၊ တိုက်ပွဲမရှိပေမဲ့လည်း လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာတွေ အဲဒါတွေက အကြိမ်ရေများတာပါ။ လက်ရှိ အပစ်အခတ်တွေကြောင့် ရွာသား အသေအပျောက်တွေကလည်း တအားများတယ်”

ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကလည်း စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်တွန်းလှန်ရေးမှာ လက်ရှိဆောင်ရွက်နေတဲ့ နည်းလမ်းတစ်ခုတည်းပဲ ကျန်တော့တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့က ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ နှုတ်ခွန်းဆက်စကားမှာ ထည့်သွင်းပြောဆိုထားပါတယ်။

ညောင်လေးပင်ခရိုင်အတွင်းက ဒေသခံ တောင်သူတစ်ဦးကတော့ သူတို့နယ်မှာ လက်နက်ကြီးတွေ မကြာခဏ ကျနေပေမယ့် မရှောင်တိမ်းနိုင်ဘဲ ဗုံးခိုကျင်းတူးပြီး ဆက်နေရတယ်လို့ ပြောပါတယ်။

“ဗုံးကျင်းတွေထဲ နေတာပေါ့။ ရှောင်တဲ့သူတွေလည်း ရွှေကျင် (မြို့)တွေ၊ မဒေါက် (မြို့) တွေ အဲလို ငှားပြီးနေကြတယ်။ လုပ်စားနေကြရတယ်။ လူတွေကလည်း လုပ်မှစားရတော့ ကိုင်းတွေလုပ်၊ ပဲလေးတွေရှိတာရိတ် အဲလိုမျိုးလေး လုပ်ကိုင်နေကြတာပဲ။ အဲဒါ (လက်နက်ကြီးရန်) ကျတော့ နည်းနည်းရှောင်တိမ်းပြီး နေရတာပေါ့။ ဟို မလုပ်ရင်လည်း ငတ်ကုန်မှာပဲလေ။ လုပ်မှစားရတဲ့ တောင်သူတွေဆိုတော့လည်း လုပ်နေကြရတာပါပဲ”

စစ်ကောင်စီတပ်က စစ်ရေးမြှင့်တိုက်ခိုက်တာတွေကြောင့် KNU ထိန်းချုပ်နယ်မြေအတွင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ခုနစ်သိန်းခွဲကျော် (၇၅၁,၆၆၉ ဦး) ရှိလာပြီလို့ KNU က ထုတ်ပြန်ထားပါတယ်။

အဲဒီအထဲမှာ ခလယ်လွီထူးခရိုင်မှာ အများဆုံးရှိနေပြီး ဒုက္ခသည် နှစ်သိန်းခွဲနီးပါး (၂၄၈,၁၆၀) ဦး ရှိပါတယ်။ ဒုတိယအများဆုံးက ဒူးပလာယာခရိုင်ဖြစ်ပြီး ဒုက္ခသည် တစ်သိန်းခွဲနီးပါး (၁၄၉,၉၆၉) ဦး ရှိပါတယ်။

ဒူးပလာယာခရိုင်မှာ ဒုက္ခသည်အရေးဆောင်ရွက်ပေးနေတဲ့ အမည်မဖော်လိုသူ တစ်ယောက်တော့ စစ်ပွဲတွေ အမြန်ဆုံးပြီးဆုံးစေချင်တယ်လို့ ပြောပါတယ်။

“ကျွန်မက ပြည်သူလူထုကိုပဲ ကူညီတာဖြစ်တဲ့အတွက်ကြောင့်မို့လေ အားလုံးပဲ စစ်ပွဲမြန်မြန်ပြီးဖို့ပဲ အရေးကြီးတာပေါ့နော်။ ကျွန်မအနေနဲ့ပေါ့နော်။ ဘာပဲဖြစ်ဖြစ် အားလုံးက ဒုက္ခရောက်ကြတယ်။ စားဝတ်နေရေးအတွက်သော် လည်းကောင်း၊ အလုပ်အကိုင်အတွက်သော် လည်းကောင်း အားလုံးဒုက္ခရောက်တဲ့အတွက်လေ ဒီဟာကြီး မြန်မြန်ပြီးမှာပဲ အားလုံးအဆင်ပြေမယ်လေနော်”

KNU ထိန်းချုပ်နယ်မြေတွင်း အရပ်သားတွေ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတယ်လို့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့အထိ သုံးနှစ်အတွင်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း သေဆုံးရတဲ့ အရပ်သား ၁၂၅၄ ယောက်ရှိပြီး၊ ဒဏ်ရာရတဲ့သူက ၂၃၂၆ ယောက်ရှိပါတယ်။ လက်တွေ့ မှာ အခုထက်ပိုများနိုင်ပါတယ်။

Related Readings