KNU နယ်မြေမှာ တစ်နှစ်အတွင်း အရပ်သား ၂၀၀ နီးပါး အသတ်ခံရ

Sat, 20 Jan 2024

   

 

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီ တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေကြောင့် အရပ်သားပြည်သူ ၂၀၀ နီးပါး သေဆုံးခဲ့ရတယ်လို့ KNU ဗဟိုကထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြည်သူလူထုအပေါ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မှု၊ မိုင်းထောင်မှု၊ ပေါ်တာနဲ့ လူသားဒိုင်းအဖြစ် အသုံးပြုမှု၊ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်မှုအပါ အဝင် လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးအစား ၁၈ မျိုး၊ အကြိမ်ပေါင်း ၃၀၀၀ ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုလို စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေကြောင့် တစ်နှစ်အတွင်း ဒေသခံအရပ်သားပြည်သူ ၁၉၅ ဦး သေဆုံးခဲ့ပြီး ၆၆၁ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ဒါ့အပြင် ဘုရားကျောင်း ၁၈ ကျောင်း၊ ဘုန်းကြီးကျောင်း ၂၅ ကျောင်း၊ ဗလီ ၁ ကျောင်း၊ စာသင် ကျောင်း ၁၆ ကျောင်း၊ ဆေးပေးခန်း ၂ ခု၊ ဆေးရုံ ၅ လုံး၊ ပြည်သူပိုင်အဆောက်အဦး ၉၁ လုံး၊ စိုက် ပျိုးခြံ ၁၁ ခြံနဲ့ အိမ် ၁၈၆၉ လုံးထက်မနည်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ပိုမိုပြင်းထန် များပြားလာနေသလို ၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲမှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေ ကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးက ပြောပါတယ်။

“၂၀၂၃ ခုနှစ်အတွင်းမှာတော့ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ လက်နက်ကြီးရမ်းသမ်း ပစ် ခတ်မှုနဲ့ လေကြောင်းပစ်ခတ်မှုကြောင့်ဆိုရင်တော့ မြန်မာပြည်အရှေ့တောင်ပိုင်း ကရင်ပြည်နယ်အတွင်းမှာဆိုလို့ရှိရင်တော့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးရတာတွေ အများအပြားရှိခဲ့တယ်။ ဒီ ၂၀၂၄ ခုနှစ်အတွင်းမှာတော့ ၂၀၂၃ ခုနှစ်ကာလတုန်းကလိုပဲ ဆက်လက်ပြီးတော့ အခြေ အနေက ဆိုးရွားနေတယ်။ အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်။ ဒေသခံပြည်သူလူထုတွေရဲ့ ဘေးကင်းလုံခြုံမှု၊ အသက်ရှင်သန်ခွင့်၊ အသက်မွေးဝမ်းကျောင်းပြုခွင့် ကျန်းမာရေးပညာရေးလက်လှမ်းမီနိုင်ခွင့်စတဲ့ အခြေခံလူ့အခွင့်အရေးတွေက ဆက်လက်ပြီးတော့မှ ချိုးဖောက်ခံနေရဆဲဖြစ်တယ်ပေ့ါလေ” လို့ စောနန္ဒဆူးက ဆိုပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲတွေထဲမှာ အဖက်ဖက်ကနေ ရှုံးနိမ့်လာနေတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူလူထုကို အညိုးကြီးစွာ ရန်သူသဖွယ်ပစ်မှတ်ထားပြီး လက်နက်ကြီးပစ် ခတ်တိုက်ခိုက်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၃ နှစ်တာကာလအတွင်း နေ့ရပ်စွန့်ခွာ ထွက်ပြေးတိမ်ရှောင်ရသူ ၇ သိန်းခွဲ ကျော်အထိ ရှိလာခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့တစ်နှစ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO အပါအဝင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲပေါင်း အကြိမ် ၄၆၀၀ ကျော်အထိ ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိအရာခံတွေအပါအဝင် တပ်သား ၅၀၀၀ ကျော် သေဆုံးခဲ့ပြီး ၃၃၀၀ ကျော် ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၁၅၄ ဦး သေဆုံးခဲ့သလို ၆၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KHRG

Related Readings