သံတောင်ကြီးတိုက်ပွဲအတွင်း အရပ်သား ၅ ဦး သေဆုံး ၈ ဦးဒဏ်ရာရ

Sat, 03 Feb 2024

  

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ မိုင်းလွန်ကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ က ရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ အ ချိန် ၂ နာရီကျော်အကြာ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်းမှာ ဇလဲစစ်ကောင်စီတပ်စခန်းနဲ့ လိပ်သိုမြို့အနီး စစ်ကောင်စီတပ်စခန်းတွေကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ကူးပေးခဲ့တဲ့အတွက် မိုင်းလွန်နဲ့ကော်ပတ်ခြံကျေးရွာတွေထဲ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကော်ပတ်ခြံကျေးရွာနေ အသက် ၆ နှစ်အရွယ် က လေးငယ်တစ်ဦးအပါအဝင် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့သလို မိုင်းလွန်ကျေးရွာ ဒေသခံ ၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သံတောင်ကြီးတိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီအပြင် ကရင်အ မျိုးသားအစည်းအရုံး KNU ဘက်ကလည်း တစ်စုံတစ်ရာ အသိပေးထုတ်ပြန်တာ မရှိသေးပေမယ့် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း နေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးထားပြီး ဒေသခံ ၁၀၀၀ ဝန်းကျင်ဟာ ဘေးလွတ်ရာနေရာတွေနဲ့ လိပ်သိုမြို့ဘက် စစ်ရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံတောင်ကြီးမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း မကြာခဏ တိုက်ပွဲတွေဖြစ်ပွားတာ၊ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံတစ်သောင်းဝန်ကျင်ဟာ အချိန်တစ်နှစ်ကျော်ကြာတဲ့အထိ နေရပ်မပြန်နိုင်သေးပါဘူး။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KHRG

Related Readings