အာဏာသိမ်းမှုအတွင်း ပစ်ချခံရတဲ့ စစ်လေယာဉ် ၆ စီးထက်မနည်းရှိလာ

Wed, 31 Jan 2024

  

 

စစ်တပ်အာဏာသိမ်းချိန်ကစလို့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် စစ်လေ ယာဉ် ၆ စီးထက်မနည်း ပျက်စီးထားပြီး ဗိုလ်မှူးချုပ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးထားတယ်လို့ သံလွင်တိုင်းမ်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ဇန်နဝါရီ ၂၉ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်မှာ စစ်ကောင်စီတပ်ရဲ့ ရ ဟတ်ယာဉ် ၂ စီးကို KNU တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ Eurocopter 365 ရဟတ်ယာဉ်တစ်စီး ထိမှန်ပျက်ကျသွားခဲ့တာပါ။

စစ်ရဟတ်ယာဉ်ပျက်ကျမှုမှာ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်အေမင်းနောင်အပါအဝင် ဗိုလ်မှူး ၃ ဦး၊ ဗိုလ် ၁ ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့ကာ ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အဲဒီစစ်ရဟတ်ယာဉ်တွေဟာ မော်လမြိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကနေတစ်ဆင့် ကရင် ပြည် နယ်သင်္ကန်းညီနောင်မှာရှိတဲ့ ခမရ ၃၅၆ တပ်ရင်းကို တာဝန်ချိန်းပြောင်းဖို့ ရောက်လာတဲ့အချိန်မှာ KNU တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၆ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာမှာ ကချင်လွတ် လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ဗုံးကြဲတိုက် ခိုက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေးလေယာဉ်ဂျက်ဖိုက်တာ ၁ စီးကို KIA က ပစ်ချခဲ့ရာ ပျက်ကျသွားခဲ့ပြီး လေယာဉ်မှူး ၂ ဦးစလုံး သေဆုံးသွားခဲ့ပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့ကလည်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စစ်ကောင်စီတပ်ရဲ့ နာဖော့တပ်စခန်းကို ရိက္ခာလာပို့တဲ့ ရဟတ်ယာဉ် ၁ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပစ်ချလိုက်ရာ ပျက်ကျသွားခဲ့ပြီး ၆ ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ၂၀၂၃ နိုဝင်ဘာလ ၁၁ ရက်နေ့က ကရင်နီပြည်နယ် ဒီမောဆိုမြို့နယ် ဘုရားဖြူတိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ရဲ့ အပေါ့စားတိုက်လေ ယာဉ် ၁ စီးကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုအဖွဲ့က ပစ်ချနိုင်ခဲ့တာပါ။

အဲ့ဒီတိုက်လေယာဉ်ဟာ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် မာယိုးဖိုးလီကျေးရွာနဲ့ ကမာဒီဖိုးလီးကျေးရွာကြားရှိ ဒေသအခေါ် ရုံးခီးမှာပျက်ကျသွားခဲ့တယ်လို့ KHRG ရဲ့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။

ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ပျက်ကျသွားခဲ့တဲ့ တိုက်လေယာဉ်ပေါ်ကနေ လေယာဉ်မှူး ၂ ဦးဟာ လေထီးနဲ့ ခုန်ချလာပြီး နိုဝင်ဘာ ၁၉ ရက်နေ့မှာ တောတောင်ထဲမှာ ပုန်း အောင်းနေတဲ့ စစ်တပ်လေယာဉ်မှူးဖြစ်သူ ဗိုလ်မှူးခိုင်သန့်မိုးကို တော်လှန်ရေးအဖွဲ့တွေက လက်ရ ဖမ်းဆီးရနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၃ ဇွန်လအတွင်းကလည်း ကရင်နီပြည်နယ် ရွာသစ်မြို့အနီး စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ရဲ့ အပေါ့စားတိုက်လေယာဉ် ၁ စီးကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့က ပစ်ချနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလအတွင်းကလည်း နှစ်ဖက်တိုက်ပွဲအတွင်း လာရောက်ဗုံးကြဲခဲ့တဲ့ ကချင် ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောရွာအနီးမှာ စစ်ကောင်စီတပ် ရဟတ်ယာဉ် ၁ စီးကို KIA က ပစ်ချခဲ့တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Related Readings