ကာကွယ်ရေးအဖွဲ့များပစ်လို့ပျက်ကျခဲ့တဲ့ ဂျက်လေယာဉ်ကို စစ်ကောင်စီတပ်ဖွဲ့များ မီးရှို့ဖျက်ဆီးသွား

Tue, 16 Jan 2024

  

 

BVJ/မိုနာ_နိုဝင်ဘာ ၁၆၊ ၂၀၂၄

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့က ကရင်ပြည်နယ်မှာပျက်ကျခဲ့တဲ့ စစ်ကောင်စီရဲ့ K-8W ဂျက်လေယာဉ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးလာရှို့ ဖျက်ဆီးသွားတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့အစည်း KHRG က ဒီနေ့ ဇန်နဝါရီ ၁၆ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စစ်ကောင်စီရဲ့ဂျက်လေယာဥ်တစ်စီးဟာ ကရင်ပြည်နယ် သံတောင်မြို့အနီးက မာယိုးဖိုးလီကျေးရွာနဲ့ ကမာဒီဖိုးလီကျေးရွာကြားရှိ (ဒေသအခေါ် ရုံးခီး)မှာ ပျက်ကျခဲ့တာဖြစ်ပြီး အဲ့ဒီပျက်ကျတဲ့တိုက်လေယာဉ်ဆီကို ဒီဇင်ဘာ ၁၅ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ကအရောက်သွားပြီး မီးရှို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မီးရှို့မဖျက်ဆီးခင် ဒီဇင်ဘာ၁၄ရက်မှာ ကမာဒီဖိုးလီကျေးရွာ လယ်ကွင်းကို စစ်ကောင်စီတပ်ဖွဲ့ကစစ်ကြောင်းချီတက်လာနေချိန်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး နောက်ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဂျက်လေယာဥ်ကိုမီးရှို့ပစ်ခဲ့သလို အနီးမှာရှိတဲ့ ရွာသားတစ်ဦးရဲ့ စပါးကျီတစ်လုံးနဲ့ တဲတစ်လုံးကိုပါ မီးရှို့ဖျက်ဆီးပစ်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

ပျက်ကျခဲ့တဲ့ K-8W တိုက်ခိုက်ရေးယာဉ်ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ပစ်ချနိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီလေယာဉ်ကိုမောင်းခဲ့တဲ့ တိုက်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို ကရင်နီအဖွဲ့တွေကဖမ်းဆီးရမိထားကြောင်း ဖမ်းဆီးရမိတဲ့လေယာဉ်မှူးရဲ့ ကိုယ်တိုင်ဝန်ခံချက်နဲ့အတူ ကရင်နီကြားကာလအတိုင်ပင်ခံကောင်စီIECက ထုတ်ပြန်ထားပါတယ်။

အဲ့ဒီလေယာဉ်မှူးရဲ့ ထုတ်ဖော်ဝန်ခံချက်အရ ကချင်နဲ့ကယား(ကရင်နီ)ပြည်နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၄၀ နီးပါးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Related Readings