ပျက်ကျခဲ့တဲ့ K-8W တိုက်လေယာဉ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမီးရှို့

Tue, 16 Jan 2024

  

၁၁၁၁ စစ်ဆင်ရေးစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာပဲ ကရင်ပြည်နယ်မှာ ပျက်ကျခဲ့တဲ့ တိုက်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးမောင်းနှင်တဲ့ စစ်တပ်ပိုင် K-8W တိုက်လေယာဉ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မနေ့ ဇန်နဝါရီ ၁၅ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့အစည်းကနေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့မှာ ကရင်ပြည်နယ် သံတောင်မြို့အနီးက လယ်ကွင်းတွေနားမှာ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နောက်တစ်နေ့ ဇန်နဝါရီ ၁၅ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လေယာဉ်ပျက်ကျတဲ့နေရာကို သွားပြီးမီးရှို့ခဲ့တာလို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

ဒါအပြင် လေယာဉ်ပျက်ကျတဲ့နေရာနားက အရပ်သားတစ်ဦးရဲ့ စပါးကျီနဲ့ တဲတစ်လုံးကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

K-8W တိုက်ခိုက်ရေးယာဉ်ကို ကရင်နီတော်လှန်ရေးအင်အား စုတွေဘက်က ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ ညနေပိုင်းမှာ ပစ်ချနိုင်ခဲ့တာလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ဒုတိယဥက္ကဋ္ဌ ခွန်းဘီထူးက ဘီဘီစီကို အဲဒီအချိန်က ပြောခဲ့ပါတယ်။

K-8W တိုက်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးက ကချင်နဲ့ကယားမှာ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၄၀ နီးပါးလုပ်ဆောင်ခဲ့တယ်လို့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကထုတ်ပြန်တဲ့ သူ့ရဲ့ ကိုယ်တိုင်ဝန်ခံချက်ဗီဒီယိုဖိုင်မှာပြောထားပါတယ်။

စစ်ကောင်စီကတော့ ဒီဖြစ်စဉ်ဟာ လေယာဉ်စက်ချို့ယွင်းတာလို့ အစောပိုင်းကတည်းက ထုတ်ပြောထားပြီး ‌လေယာဉ်မှူးနှစ်ဦးနဲ့အဆက်အသွယ်ရထားပြီလို့ ပြောထားခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်မှူးခိုင်သန့်မိုး ဖမ်းဆီးခံရပြီးနောက်ပိုင်းတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီက တစုံတရာထုတ်ပြောတာမရှိပါဘူး။

Related Readings