Thu, 16 Sep 2021
မူတြော်ခရိုင်မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်ရှိ လမ်းတစ်လျှောက်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ရွာသားတစ်ဦးသေဆုံးခဲ့ ပြီး အခြားရွာသားနှစ်ဦးတို့မှ ထိခိုက်ဒဏ်ရာရရှိခဲ့ (၂၀၂၁ခုနှစ်၊ ဇူလိုင်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၁ခုနှစ်၊ ဇူလိုင်၌ မူတြော် (ဖာပွန်)ခရိုင်၊ ဘူးသိုမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အကြောင်းအရာကို ဖော်ပြထားပါသည်။ ၂၀၂၁ခုနှစ်၊ ဇူလိုင်လ၊ ၁၆ရက်နေ့ မနက်ပိုင်း ၈း၄၀မိနစ်ဝန်းကျင်တွင် ယ--- ကျေးရွာနှင့် န---ကျေးရွာတို့ကြားရှိလမ်းတစ်လျှောက်တွင်ထောင်ထားသည့်ဆွဲမိုင်းများ ပေါက်ကွဲမှုဖြစ်စဉ်နှစ်ခု ဖြစ်ပွား ခဲ့သည်။ ၎င်းဖြစ်စဉ်နှစ်ခုသည် မိနစ်ပိုင်းအနည်းငယ်သာခြား၍  ဖြစ်ပွားခဲ့သည်။ ပထမဖြစ်စဉ်တစ်ခုတွင် ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ ယ---ကျေးရွာသားတစ်ဦး သေဆုံးခဲ့ပြီး ဒုတိယဖြစ်စဉ်တစ်ခုတွင် မူတြော်ခရိုင်၊ ဘူးသို မြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ န---ကျေးရွာမှ ရွာသားနှစ်ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယခုအချိန် တွင် ဒေသခံရွာသားများ ၎င်းတို့ရွာမှထွက်၍ သွားလာလုပ်ကိုင်ရန် ကြောက်ရွံ့နေကြပါသည်။ [1]

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

မြေမြှုပ်မိုင်းပေါက်ကွဲမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်က‌လောကျေးရွာအုပ်စု, ယ---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စိုင်းလင်းနိုင်

စိုင်း တ---

စိုင်း ဟ---

အသက်

၄၆ နှစ်

၅၀ နှစ်

၄၅ နှစ်

ကျား/မ

ကျား

ကျား

ကျား

လူမျိုး

ရှမ်း

ရှမ်း

ရှမ်း

မိသားစုရှိ/မရှိ   

ရှိ

ရှိ

ရှိ

အလုပ်အကိုင်

မီးသွေးဖုတ်ရောင်း

မရှိ

မရှိ

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ  

ဗုဒ္ဓဘာသာ  

ဗုဒ္ဓဘာသာ  

ရာထူးအဆင့်

ရွာသား

ရွာသား

ရွာသား

နေရပ်ရွာအမည်

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်က‌လောကျေးရွာအုပ်စု, ယ---ကျေးရွာ

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်က‌လောကျေးရွာအုပ်စု, န---ကျေးရွာ

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်က‌လောကျေးရွာအုပ်စု,

န---ကျေးရွာ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

KHRG ရုံးဝန်ထမ်းတစ်ဦးမှ ဆွဲမိုင်းတိုက်ခဲ့မိသူတစ်ဦး၏အမျိုးသမီးကို ဖုန်းခေါ်ဆို၍ မေးမြန်းခဲ့သည်။ ဖြစ်စဉ်နှစ်ခုလုံး နှင့်ပတ်သတ်သည့် သတင်းအကြောင်းအရာများကို ထိုအမျိုးသမီးမှ ပြောပြခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအကြောင်းအရာများကို ဆွဲမိုင်းတိုက်ခဲ့မိသူ (သေဆုံးခဲ့သူ)၏ အမျိုးသမီးမှ ပြောပြမျှဝေခဲ့သည်။ သူမသည် အခြားသော ရွာသားနှစ်ဦးထဲမှ ဆွဲမိုင်းဖြတ်တိုက်မိသူတစ်ဦးနှင့်လည်း ဆွေမျိုးတော်စပ်ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

ပထမမြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်

၂၀၂၁ခုနှစ်၊ ဇူလိုင်လ၊ ၁၆ရက်နေ့ မနက် ၈း၄၀မိနစ်ဝန်းကျင်တွင် ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ ယ---ကျေးရွာတွင်နေထိုင်သော ၄၆နှစ်အရွယ် ရွာသားတစ်ဦးဖြစ်သူစိုင်းလင်းနိုင်သည် ယ---ရွာနှင့် န---ရွာတို့အကြားရှိ လမ်းဘေးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) တပ်ရင်းအမှတ် (၁၀၂)၊ တပ်ခွဲ (၁)မှ ထောင်ထား သည့်ဆွဲမိုင်းကို ဖြတ်တိုက်မိခဲ့သည်။ အခင်းဖြစ်ပွားသည့်နေရာသည် ခန့်မှန်းချက်အရ ယ---ရွာနှင့် ပေ (၂၀၀ မှ ၃၀၀အထိ) သို့မဟုတ် မီတာ (၆၁ မှ ၉၁ အထိ) အကွာအဝေးရှိသည်။

 

၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၁၅ရက်နေ့တွင် ထိုလမ်းပေါ်တွင် ခရီးသွားလာနေသည့်အခြားသောရွာသားများရှိသည်ဟု စိုင်းလင်းနိုင်သတိပြုမိခဲ့သည်။ ထို့ကြောင့် ၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၁၆ရက်နေ့တွင် ခရီးသွားလာရန်အဆင်ပြေမည်ဟု ၎င်းက ထင်မြင်ခဲ့သည်။ ထို့ကြောင့်လည်း သူက ခရီးထွက်ရန်ဆုံးဖြတ်ချက်ချခဲ့သည်။ ထိုမနက်ပိုင်းတွင် စိုင်းလင်းနိုင် ၏မိသားစုမှာ ငွေ ၇၀၀၀ ကျပ်သာ ကျန်တော့သည့်အတွက်ကြောင့် သူသည် မီးသွေးအိတ် (၇)အိတ် ရောင်းရရန်အ တွက် အခြားရွာများသို့သွားရန် ၎င်း၏အမျိုးသမီးကို ပြောပြခဲ့သည်။ စိုင်းလင်းနိုင်၏မိသားစုသည် မီးသွေးဖုတ်၍ ရောင်းရသည့်ငွေဖြင့် စားဝတ်နေရေးကို ဖြေရှင်းနေရပါသည်။ မီးသွေးအိတ်များသွားရောင်းရန်အတွက် စိုင်းလင်းနိုင်မှ လမ်းတွင် မော်တော်ဆိုင်ကယ်ဖြင့်မောင်းလာနေစဉ်တွင် ဆွဲမိုင်းကိုဖြတ်မိ၍ မြေမြှုပ်မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ စိုင်းလင်းနိုင်သည် ရွာမှထွက်ခွာလာပြီးမိနစ်ပိုင်းအနည်းငယ်တွင် ၎င်း၏ဇနီးမှ ပေါက်ကွဲသံကိုကြားခဲ့ပါသည်။

 

ဇနီးဖြစ်သူမှ ပေါက်ကွဲသံကိုကြားရပြီးနောက် သူမ၏အမျိုးသားထိခိုက်ဒဏ်ရာရမရသိရှိရန် စက်ဘီးစီး၍ တစ်ပြိုင် တည်း သွားရောက်ကြည့်ရှုခဲ့သည်။ အခင်းဖြစ်ပွားသည့်နေရာတွင် (ရွာနှင့် ပေ ၂၀၀မှ ၃၀၀အထိကွာဝေးသည်) သူမ ရောက်ရှိနေသည့်အချိန်တွင် သူမ၏အမျိုးသားမှ မြေပြင်ပေါ်တွင် သတိလစ်နေသည်ကို တွေ့ရှိခဲ့သည်။ အခင်းဖြစ်ပွား သည့်နေရာအတွင်း သွားရောက်ခဲ့သည့်အချိန်တွင် သူမသည် အခြားသောဆွဲမိုင်းအား ဖြတ်တိုက်မိခြင်းမရှိခဲ့သော ကြောင့် သူမကံကောင်းခဲ့သည်ဟု KHRG အား ရှင်းပြခဲ့သည်။ ဆွဲမိုင်းကြိုးသည် အလွန်သေးငယ်သည်။ ထို့ကြောင့် ၎င်းကြိုးကို အလွယ်တကူမမြင်နိုင်ပေ။ သူမသည် သူမအမျိုးသား၏ရင်ဘတ်ယာဖက်ခြမ်းတွင် ဒဏ်ရာရရှိပြီး သွေးအ လွန်ထွက်နေသည်ကို မြင်တွေ့ပြီးနောက်တွင် အကူအညီလှမ်းခေါ်ရန် ရွာသို့ပြန်လာခဲ့သည်။

 

ပထမတွင် သူမသည် ၎င်းအား ဖာပွန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ချင်ခဲ့သည်။ သို့သော် ကျေးရွာအုပ်ချုပ်ရေးမှူးမှ စိုင်းလင်းနိုင်၏ဒဏ်ရာအခြေအနေအရ ၎င်းအား ဖာပွန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရန်အချိန်မှီနိုင်မည် မဟုတ်ကြောင်း သူမအား ပြောပြခဲ့သည်။ သူမ၏ရွာတွင် ဆေးရုံနှင့် ဆေးခန်း မရှိပေ။ ထို့နောက်တွင် တစ်ချို့ရွာသားများသည် စိုင်းလင်း နိုင်အား ၎င်း၏အိမ်သို့ ပြန်လာသယ်ဆောင်ခဲ့သည်။ အိမ်သို့ရောက်ရှိသည့်အချိန်တွင် စိုင်းနိုင်လင်းသည် သေဆုံးသွား ပြီးဖြစ်သည်။

 

KNLA စစ်သားများသည် ဒေသအတွင်းမြေမြှုပ်မိုင်းများ ထောင်ထားသည့်အခါ ရွာသားများအား အဓိကကျသည့်လမ်း ကြောင်းပေါ်တွင် ခရီးသွားလာခြင်းမပြုလုပ်ရန် ပုံမှန်သတိပေးအကြောင်းကြားလေ့ရှိသည်။ သို့သော် ဤတစ်ကြိမ်တွင် KNLA စစ်သားများသည် ၎င်းတို့ထောင်ထားသည့်မြေမြှုပ်မိုင်းများအကြောင်းကို ရွာသားများအားအကြောင်းကြားရန် ပျက်ကွက်ခဲ့သည်။

 

စိုင်းနိုင်လင်း၏မိသားစုဝင်များသည် ၎င်းတို့၏စားဝတ်နေရေးအတွက် နေ့စဉ်ရုန်းကန်နေသဖြင့် ရွာတွင် လာ ရောက်ပို့ချသည့် မြေမြှုပ်မိုင်းအန္တရာယ်အသိပညာပေးသင်တန်းကို တစ်ခါမှတက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ၎င်းတို့ဖတ်ရန်အတွက် လက်ကမ်းစာစောင်များသာ လက်ခံရရှိခဲ့သည်။ (ဤအခြေအနေတွင် ရွာသားများ သည် လမ်းဘေးတွင်ထောင်ထားသည့်မြေမြှုပ်မိုင်းများကို သတိပြုကြိုတင်သိရှိခဲ့ခြင်းမရှိပါက ၎င်းတို့သည် မြေမြှုုပ်မိုင်းအန္တရာယ်အသိပညာပေးသင်တန်းကို လက်ခံရရှိခြင်းဖြစ်စေ၊ မရှိခြင်းဖြစ်စေ မြေမြှုပ်မိုင်းထောင် ထားသည့်ဒေသအတွင်း သွားလာရမည်ဆိုလျှင် ၎င်းတို့အတွက်အန္တရာယ်ရှိပါသည်။)

 

စိုင်းလင်းနိုင်မှာ သူ၏ဇနီး၊ သမီးသုံးဦးနှင့်သားတစ်ဦးကျန်ရစ်ခဲ့သည်။ သူ၏သားသမီးလေးဦးလုံးသည် ကျောင်း တက်နေပါသည်။ စိုင်းလင်းနိုင်၏ဇနီးသည် သူမ၏အမျိုးသားသေဆုံးနောက်ပိုင်းတွင် ဘာလုပ်ရမှန်းမသိဖြစ် နေပါသည်။ သူမ၏ရွာတွင် ဝင်ငွေအလုပ်ရရှိရန်အလွန်ခက်ခဲပါသည်။ သူမတို့မိသားစုသည် ယခုအချိန်တွင် ငွေကြေးအခက်အခဲများနှင့်ရင်ဆိုင်နေရပါသည်။ သူမ၏အမျိုးသားရုပ်ကလပ်ကို သဂြိုလ်ပေးရန်အတွက်ပင် ကုန်ကျငွေမတတ်နိုင်ကြပါ။ ဒေသခံဈာပနဝန်ဆောင်မှုအဖွဲ့မှ သူမ၏မိသားစုအား ငွေ ၂၀,၀၀၀ ကျပ် ကူညီ ထောက်ပံ့ခဲ့သည်။ ထို့နောက် KHRG လည်း သူမ၏မိသားစုအတွက် ငွေ ၅၅၅,၀၀၀ ကျပ် ကူညီထောက်ပံ့ခဲ့ သည်။

 

ဒုတိယမြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်

 

ထိုနေ့တစ်ရက်ထဲတွင် စိုင်းလင်းနိုင်မှ မြေမြှုုပ်မိုင်းထိမှန်ပြီးမိနစ်အနည်းငယ်ပြီးသည့်နောက်တွင် ဘူးသိုမြို့နယ်၊ မယ်က လောကျေးရွာအုပ်စု၊ န---ကျေးရွာသားနှစ်ဦးသည် ယ---ကျေးရွာသို့သွားရန် မော်တော်ဆိုင်ကယ်ဖြင့်မောင်းလာနေစဉ် ဆွဲမိုင်းကြိုးဖြတ်၍ မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ထိုရွာသားနှစ်ဦးမှာ အသက်၅၀အရွယ် စိုင်းတ---နှင့် အသက်၄၅နှစ်အရွယ် စိုင်းဟ---တို့ဖြစ်ကြသည်။ ဆိုင်ကယ်မောင်းနှင်ရာတွင် မြန်ဆန်သောကြောင့် ၎င်းတို့ဒဏ်ရာ အနည်းငယ်သာရရှိခဲ့ပြီး ဆေးကုသမှုခံယူရန် မလိုအပ်ပေ။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

မေးခွန်းဖြေကြားသူကိုယ်တိုင် ဤသတင်းအကြောင်းအရာကို အသုံးပြုရန် ခွင့်ပြုချက်ပေးခဲ့ပါသည်။

Thu, 16 Sep 2021

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၁ခုနှစ်၊ဇူလိုင်လ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထား ပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထား ခြင်း ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်