"စကစရဲ့ မရပ်မနား တရစပ်လုပ်ဆောင်နေတဲ့ လေကြောင်းတိုက်ခိုက်မှုကတော့ စစ်ရာဇဝတ်မှုကို ပြောင်''တင်း'' ကျူးလွန်နေတယ်လို့ ပြောလို့ရပါတယ်။ တိုက်ခိုက်လို့ ရတဲ့ဟာနဲ့ မရတဲ့ဟာ မခွဲခြားပဲ ရောနှောပြီးတော့ တမင်ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာ ဒါက စစ်ရာဇဝတ်မှုမြောက်တယ်"

Mon, 29 Apr 2024

  

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နဲ့အမျှ ဆက်လက်ကျူးလွန်တာပါ။

အဲဒီထဲမှာ ကရင်ပြည်နယ် ကော့ကရိတ်နဲ့မြဝတီမြို့နယ်တို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အရပ်သားပြည် သူပိုင် အဆောက်အဦးတွေနဲ့ နေအိမ်တွေအပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေ ကျုးလွန်ခဲ့တဲ့ အတွက် အရပ်သားပြည်သူ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဒါကြောင့် KNU နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရှောင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ကရင်လူ့အခွင့်ရေးအဖွဲ့ KHRG စည်ရုံးလှုံ့ဆော်ရေး တာဝန်ခံ စောနန္ဒဆူးနဲ့ ဆက်သွယ်မေးမြန်းချက်။

သံလွင်တိုင်းမ် – မြဝတီမြို့ကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ် ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဒီစစ်ဆင်ရေးကြောင့် အရပ်သားတွေရဲ့ ထိခိုက်မှု၊ လူ့အခွင့်အရေးချိုး ဖောက်ခံနေရမှု၊ ထွက်ပြေးနေရမှုတွေ ဘယ်လိုတွေ ရှိနေပါသလဲ။

စောနန္ဒဆူး – ဒီဘက်မှာတော့ တိုက်ပွဲစဖြစ်ကတည်းက ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံတွေ၊ မြို့နေလူထု တွေ သူတို့နီးစပ်ရာ ဘေးကင်းလုံခြုံရာကို ထွက်ပြေးကြတာပေါ့။ တော်တော်များများက ထိုင်းဘက်ကို ထွက် ပြေးကြတာပေါ့လေ။ ဒါပေမဲ့ သူတို့က တစ်ရက်နှစ်ရက်လောက်ပဲနေပြီး ပြန်သွားနေကြတယ်။ သူတို့ရဲ့ အသိ ရွာ‌တွေမှာ ထွက်ပြေးတိမ်းရှောင်နေရတာတော့ ရှိတာပေါ့လေ။

သံလွင်တိုင်းမ် – မြဝတီမြို့တိုက်ပွဲကြောင့် အရပ်သားထိခိုက်မှု ဘယ်လောက်ထိရှိတယ်လို့ ကြားသိရလဲ။ နောက်ပြီး အရပ်သားပြည်သူတွေ နယ်စပ်နဲ့ အခြားနေရာဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေ ဘယ်လိုရှိသလဲ။ ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က မရပ်မနား တရစပ်လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

စောနန္ဒဆူး – သူတို့ရဲ့ မရပ်မနား တရစပ်လုပ်ဆောင်နေတဲ့ လေကြောင်းတိုက်ခိုက်မှုကတော့ ပြောရမယ်ဆိုရင် အထူးသဖြင့် ပြည်သူနဲ့ သက်ဆိုင်တဲ့အပေါ်မှာ ထိခိုက်ပျက်စီးမှုပေါ့။ ဒါကတော့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင် တင်းတင်း ကျူးလွန်နေတယ်လို့ ပြောလို့ရပါတယ်။ နောက်ဒီနိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေကို ချိုးဖောက်ရာ ရောက်တာပေါ့။ ဘာလို့လဲဆို ဒါက လက်နက်ကိုင်တပ်ဖွဲ့ဝင်တိုင်း လိုက်နာကျင့်သုံး ရမည့်စည်းမျည်းစည်းကမ်းတွေဖြစ်လို့ပေါ့။ တိုက်ခိုက်လို့ရတဲ့ဟာနဲ့ တိုက်ခိုက်လို့ မရတဲ့ဟာမခွဲခြားပဲ ရောနှော ပြီးတော့ တမင်ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာ ဒါက စစ်ရာဇဝတ်မှုမြောက်တယ်ပေါ့။

သံလွင်တိုင်းမ် – ဖာပွန်ဘက်မှာလည်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားတွေ ထိခိုက်သေဆုံး ရတာ၊ အရပ်သား ထောင်ဂဏန်းလောက် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ အဲဒီဘက်က အခြေအနေတွေ ဘယ်လိုရှိနေလဲ။

စောနန္ဒဆူး -တပ်မဟာ ၅ ဖာပွန် ဘက်အခြမ်းမှာလည်း ပြီးခဲ့တဲ့လတုန်းကတော့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်။ ဒီလိုမျိုး တိုက်ပွဲဖြစ်ပွားတဲ့အပေါ်မှာ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တယ်။ ဒီလိုမျိုး လေကြောင်းတိုက်ခိုက်မှုအပေါ်မှာ ဖြစ်ပွားမှုကြောင့် ပြည်သူတွေထိခိုက် သေဆုံးမှုရှိခဲ့ တယ်။ မြို့နယ်တစ်မြို့နယ်လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရတာတွေ ရှိပါတယ်။

သံလွင်တိုင်းမ် – သထုံခရိုင် တပ်မဟာ ၁ ဘက်မှာ တိုက်ပွဲတွေ မရှိဘဲနဲ့ စစ်ကောင်စီက လေကြောင်းလာရောက် ပစ်ခတ်မှုကြောင့် စာသင်ကျောင်း ပျက်စီးခဲ့တယ်လို့ သိရတယ်။ အဲဒီဒေသက အခြေအနေလေးလည်း ပြောပြ ပေးပါဦး။

စောနန္ဒဆူး – သထုံတပ်မဟာ ၁ ဘက်ခြမ်းမှာကျတော့ ဒီလက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှု ဆို ရင် တိုက်ပွဲတွေမဖြစ်ပဲ လုပ်ဆောင်တာရှိပါတယ်။ ပြီးခဲ့တဲ့ မတ်လ၂၃ ရက်နေ့ကဆိုရင် ဘီးလင်းမြို့နယ်မှာ လေ ကြောင်းတိုက်ခိုက်မှု သုံးကြိမ်လုပ်ခဲ့တာပေါ့နော်။ အဲဒီမှာ ဗုံးဆယ့်နှစ်လုံးပစ်ချပြီး ဆယ်လုံးပေါက်ကွဲခဲ့တယ်။ လေကြောင်း တိုက်ခိုက်မှုကြောင့် ကျောင်းနှစ်ကျောင်းနဲ့ အိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်။ လေယာဉ်က ပစ်ချ တဲ့ ဗုံးစတွေကြောင့် ဘုန်းကြီးကျောင်းနဲ အခြားအိမ်ကိုးလုံးပါ ထိခိုက်ပျက်စီးတယ်။ အသက်ခြောက့်ဆယ့်ငါး နှစ်အရွယ် ရွာသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်။ အစောကပြောသလို ဘာတိုက်ပွဲမှ ဖြစ်ပွားချင်းမရှိဘဲ ကျေးရွာတွေပေါ်မှာ ပစ်မှတ်ထား ဗုံးလာကြဲတာဖြစ်တယ်။ လေကြောင်း တိုက်ခိုက်မှုကြောင့် အဲဒီရွာတစ်ရွာလုံး ရွာသူရွာသားတွေမှာ နေထိုင်မရဲပဲ ထွက်ပြေးတိမ်းရှောင်နေရတာပေါ့။

သံလွင်တိုင်းမ် – KNU နယ်မြေအတွင်းက စစ်ဘေးရှောင်တွေရဲ့ အခြေအနေ အခက်အခဲတွေ ဘယ်လိုဆက်ရှိ နေလဲ၊ KHRG အနေနဲ့ ဘယ်လိုကြားသိနေရလဲ။

စောနန္ဒဆူး – စစ်ဘေးရှောင်တွေရဲ့ အခက်အခဲကတော့ ပုံမှန်အတိုင်းလိုပဲ။ လူသားချင်းစာနာ ထောက်ထားမှု အကူအညီ ပြည့်စုံလုံလောက်စွာ မရရှိဘူး။ အချိန်နဲ့တပြေးညီ ဝန်ဆောင်မှုတွေ မရရှိဘူး။ နောက်ထပ်တိုး မြင့်လာတဲ့ စစ်ဘေးရှောင်ဦးရေ အရေအတွက်ကြောင့် ပိုပြီးစားနပ်ရိက္ခာ မလုံလောက်မှုတွေ တိုးလာတယ်။ ဒီလို ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အကူအညီပေးတဲ့ အစုအဖွဲ့တွေက လျင်လျင်မြန်မြန် စစ်ဘေး ရှောင်တွေကို မပံ့ပိုးနိုင်ခဲ့ကြဘူး။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာ ကျန်းမာရေးဆိုင်ရာ ကူညီထောက်ပံ့ပေး မှုတွေ လိုအပ်နေပါတယ်။

သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဘာများပြောချင်တာ ရှိမလဲ။

စောနန္ဒဆူး – နောက်ဆုံးအနေနဲ့ အာဏာသိမ်းပြီးကတည်းက ယခုအချိန်ထိ စစ်ကောင်စီက တောက်လျှာက် ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု၊ နိုင်ငံတကာ လူသားမျိုးနွယ်အပေါ် နိုင်ငံတကာ စာနာ ထောက်ထားခြင်း ဥပဒေကို ချိုးဖောက်ကျူးလွန်တယ်။ သူတို့ အာဏာသိမ်းပြီးကတည်းက တောက်လျှောက် လုပ်ဆောင် လာခဲ့တယ်။ ဆက်လက်ပြီးတော့ လုပ်ဆောင်နေဦးမှာလည်း ဖြစ်တယ်။ ဒါကြောင့် အလျင်အမြန် အဆုံးသတ်ဖို့ အရေးကြီးပါတယ်။ ဒီစစ်အာဏာရှင်စနစ်ကို အဆုံးမသတ်နိုင်ရင် အခြေအနေက တစ်နိုင်ငံလုံး ယိုယွင်းပျက်စီးလာမှာဖြစ်သလို ပြည်သူလူထုတွေအနေနဲ့လည်း တရားမျှတမှုမရှိပဲ လူ့အခွင့်ရေး ချိုးဖောက်ခံရ ဦးမှာဖြစ်ပါတယ်။

Footnotes: 

  

Related Readings