ကရင် BGF ခေါင်းဆောင်တချို့ ငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်ဟု စွပ်စွဲခံရ

Thu, 25 Apr 2024

  

 

ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ခေါင်းဆောင်များ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ တရုတ်ငွေလိမ်ဂိုဏ်းများနှင့် ဆက်နွှယ်နေသည်ဟု အမေရိကန်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးအင်စတီကျု (USIP) အဖွဲ့၏ အင်တာနက်စာမျက်နှာရှိ ဧပြီ ၂၂ ရက်နေ့ ရက်စွဲတပ် သုံးသပ်ချက်ဆောင်းပါးတစ်စောင်တွင် စွပ်စွဲ ရေးသားထားသည်။

ငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်နေသူများမှာ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ဒုတိယဗိုလ်မှူးကြီး စောမုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းတို့ ဖြစ်သည်ဟု ထိုဆောင်းပါးက ဆိုသည်။

ထိုဆောင်းပါးပါ ဖော်ပြချက်များနှင့် ပတ်သက်ပြီး BGFခေါင်းဆောင်များကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ဗိုလ်မှူးကြီးစောချစ်သူကမူ ကျားဖြန့်လုပ်ငန်းများ၊ ငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ်နေသည့် နိုင်ငံခြားသားများကို ပြန်လည် ပို့ဆောင်ပေးနေကြောင်း သတင်းဌာနများကို ပြောဆိုခဲ့ဖူးသည်။

မြဝတီမြို့နယ် ရွှေကုက္ကိုမြို့တွင် အဆိုပါ ရာဇဝတ်ဂိုဏ်းများကို လက်ခံနေရာချထားပေးခြင်း၊ လုံခြုံရေးယူပေးခြင်းအပြင် လုပ်ငန်းများလည်ပတ်နိုင်ရန် လျှပ်စစ်မီးနှင့် အင်တာနက်ရရှိရေးအတွက် BGF ခေါင်းဆောင်တို့က စီစဉ်ပေးထားသည်ဟု ထိုဆောင်းပါးတွင် ဖော်ပြသည်။

ကရင်ပြည်နယ်အတွင်းရှိ ငွေလိမ်ဂိုဏ်းအများအပြားသည် စောချစ်သူဦးဆောင်သည့် BGF ထိန်းချုပ်နယ်မြေအတွင်း လည်ပတ်နေခြင်းဖြစ်သည်၊ အကျိုးအမြတ်များစွာရရန် အာရုံစိုက်လုပ်နေကြသည်ဟု ထိုဆောင်းပါးတွင် ဖော်ပြထားသည်။

ထောင်နှင့်ချီသည့် ငွေလိမ်လုပ်ငန်းများတည်ရှိရာ ရွှေကုက္ကိုစီမံကိန်းမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၉၂ သန်း BGF က ရရှိသည်၊ ထိုငွေ ထက်ဝက် ၅၀ ရာခိုင်နှုန်းကို စစ်တပ်က ရရှိနေသည်ဟု ရေးသားထားသည်။

ဆောင်းပါးကို ရေးသားသူတို့မှာ USIP တွင် မြန်မာပြည်ဆိုင်ရာ ညွှန်ကြားရေးမှူးတာဝန်ယူထားသော Jason Tower နှင့် အကြီးတန်းအကြံပေး Priscilla A. Clapp တို့ ဖြစ်သည်။ ဆောင်းပါးတွင် ပါဝင်သော အာဘော်မှာ ဆောင်းပါးရှင်တို့၏ အာဘော်သာဖြစ်သည်ဟု USIP ဆောင်းပါးအဆုံးတွင် ဖော်ပြထားသည်။

နာမည်ဆိုးဖြင့် ကျော်ကြားသည့် KK Park Project က အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားပြီး အကြီးအကျယ် လိမ်လည်လှည့်ဖြားနေသည်၊ BGF ဗိုလ်မှူးတင်ဝင်းသည် Huanya Project တွင် KNLA တပ်မဟာ (၇) အဆင့်မြင့်အရာရှိ စောရော်ဂျာခင်နှင့်အတူ ပါဝင်ပတ်သက်နေသည်ဟု ဆောင်းပါးတွင် စွပ်စွဲထားသည်။

သို့သော်လည်း KNU သည် ရာဇဝတ်မှုလုပ်ငန်းများနှင့် ကင်းရှင်းပြီး ကာစီနို၊ မူးယစ်ဆေးနှင့် အခြားတရားမဝင်လုပ်ငန်းများနှင့် ပတ်သက်လျှင် စည်းကမ်းတင်းကျပ်ထားသည်ဟု ဆောင်းပါးက ဆိုသည်။

စောရော်ဂျာခင်သည် ထိုလုပ်ငန်းများနှင့် ဆက်စပ်နေကြောင်း ၂၀၂၃ ဖေဖော်ဝါရီတွင် သတင်းထွက်ခဲ့ရာ KNU က ၎င်းတို့၏ အဖွဲ့ဝင်များကို ရာဇဝတ်မှုများနှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ခြင်း မပြုရန် တားမြစ်ထားသည်ဟု ကြေညာချက်ထုတ်ပြီး တုံ့ပြန်ခဲ့ဖူးသည်။

စောရော်ဂျာခင်သည် ၂၀၂၃ တွင် အာဏာသိမ်းခေါင်းဆောင်ကို သွားရောက်တွေ့ဆုံရာတွင် ပါဝင်သူတစ်ဦးလည်း ဖြစ်သည်။

KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ပဒိုစောရော်ဂျာခင်၊ ပဒိုစောရွှေမောင်တို့သည် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း၊ အဆိုပါ တွေ့ဆုံမှုသည် KNU နှင့် ပတ်သက်မှုမရှိကြောင်း KNU က ၂၀၂၃ အောက်တိုဘာတွင် ထုတ်ပြန် ကြေညာခဲ့သည်။

ဒေသပြောင်းသည့် ကျားဖြန့်

USIP ဆောင်းပါး၏ အဓိကဖော်ပြချက်မှာ ကျားဖြန့်လုပ်ငန်း တရုတ်နယ်စပ်မှ ထွက်ခွာပြီး ကရင်ပြည်နယ်အတွင်း ရောက်ရှိနေသည်ဆိုသော အချက်ဖြစ်သည်။

တရုတ်နှင့် ထိုင်းတို့က ထိုဒေသရှိ ကျားဖြန့်လုပ်ငန်းကို နှိပ်ကွပ်လိုဟန်မရှိ၊ ကရင်လက်နက်ကိုင်အဖွဲ့များက ထိုလုပ်ငန်းကို အကာအကွယ်ပေးထားသည်ဟု ဆောင်းပါးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ နှစ်လယ်မှစ၍ တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ရှိ ငွေလိမ်ဂိုဏ်းများ အရှိန်အဟုန်ဖြင့် နှိမ်နင်းခံခဲ့ရသည်။ ငွေလိမ်ဂိုဏ်းခေါင်းဆောင်တချို့အပါအဝင် သံသယတရားခံပေါင်း ၄၅၀၀၀ ခန့် ဖမ်းဆီးခဲ့သည်။

လောက်ကိုင်ဒေသရှိ ငွေလိမ်ဂိုဏ်းများသည် လာအို၊ ကမ္ဘောဒီးယားနိုင်ငံများသို့ ပြောင်းရွှေ့သွားသည်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်၊ ဝဒေသနှင့် မိုင်းလားဒေသတို့တွင် ဆက်လက်လုပ်ကိုင်နေသလို ကရင်ပြည်နယ်သို့ အလုံးအရင်းဖြင့် ပြောင်းရွှေ့လာကာ အကြီးအကျယ်လုပ်ကိုင်လျက်ရှိသည်ဟု ဖော်ပြထားသည်။

ယခု ငွေလိမ်ဂိုဏ်းများတွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံရသည့် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနှင့် ဗိုလ်မှူးတင်ဝင်းတို့သည် မြဝတီ၊ ရွှေကုက္ကိုရှိ ငွေလိမ်လုပ်ငန်းများအပြင် တရုတ်က စီးနင်းခံလိုက်ရသည့် ကိုးကန့် BGF ပိုင်ဆိုင်သည့် Fully Light Group ၏ Jinxin, Hengsheng and Dongfanghui အမည်ရ ငွေလိမ်ဂိုဏ်းများကို ပံ့ပိုးကူညီပေးထားကာ အကျိုးအမြတ်များလည်း ရနေသည်ဟု ဆိုသည်။

အလားတူ ဒုတိယဗိုလ်မှူးကြီး မုတ်သုန်၏ ကြီးကြပ်မှုအောက်ရှိ ငွေလိမ်လုပ်ငန်းများတွင်လည်း သွားကျိုး ခေါ် Wan Kuok-Koi ဆိုသူ တရုတ်လုပ်ငန်းရှင်၏ Dongmei Zone အမည်ရ ငွေလိမ်လုပ်ငန်းလည်း ပါဝင်သည်။ ထို့ပြင် ဗိုလ်မုတ်သုန်သည် KK Park စီမံကိန်းတွင်လည်း ပါဝင်ပတ်သက်နေသည်ဟု ဆောင်းပါးတွင် ဖော်ပြထားသည်။

နယ်စပ်ဒေသ ရာဇဝတ်လုပ်ငန်းများ၌ နောက်ထပ်ပါဝင်ဆက်နွှယ်နေသူတစ်ဦးမှာ DKBA မှ စိုင်းကျော်လှဆိုသူဖြစ်သည်။ စိုင်းကျော်လှသည် ရှမ်းပြည်မြောက်ပိုင်းမှ ဖြစ်ကာ ၎င်းဒေသတွင် ရာဇဝတ်မှုကျူးလွန်ခဲ့သည့်မှတ်တမ်းရှိသူဟုလည်း ရေးသားသည်။

စိုင်းကျော်လှသည် DKBA ထိန်းချုပ်နယ်မြေအတွင်းရှိ ကျောက်ခက်ရွာတွင် the Taichang Zone (သို့) Ko Sai Casino (သို့) Kyauk Khat Casino ဟူသော လောင်းကစားလုပ်ငန်းကို တရုတ်မာဖီယားဂိုဏ်းတစ်ခုဖြစ်သည့် TransAsia International Company နှင့် အကျိူးတူပူးပေါင်း၍ ၂၀၂၀ တွင် အကောင်အထည်ဖော်ခဲ့သည်။ ထိုစီမံကိန်းသည် ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းပေါ်တွင် တည်ရှိသည်။

ထို့စီမံကိန်းမှာ ၂၀၂၃ ခုနှစ်ကုန်ပိုင်းမှာ တစ်ဟုန်ထိုးချဲ့ထွင်လာခဲ့ပြီး ကိုးကန့်ဒေသတွင် ပိတ်သိမ်းခဲ့ရသော လုပ်ငန်းများအတွက် အားထားရာနေရာဖြစ်လာခဲ့သည်ဟု ဆိုသည်။

ထို့ပြင် DKBA ထိန်းချုပ်နယ်မြေ ဝေါလေဒေသတွင်လည်း ဒုတိယစီမံကိန်းဇုန်အသစ် တည်ဆောက်လုပ်ကိုင်နေသည်ဟု ဆိုသည်။

ကရင်ပြည်နယ်အတွင်း စောချစ်သူဦးဆောင်သည့် BGF ထိန်းချုပ်နယ်မြေအတွင်း ပေါ်ပေါ်ထင်ထင်လုပ်ကိုင်နေသည့် ငွေလိမ်ဂိုဏ်းများမှာ ဒေသခံလူထုအပေါ်မှာလည်း ရိုက်ခတ်မှုများရှိသည်ဟု ဒေသအခြေစိုက် ကရင်လူ့အခွင့်အရေးအဖွဲ့ (Karen Human Rights Group) က ပြောသည်။

“ဒီငွေလိမ်ဂိုဏ်းအပါအဝင် လောင်းကစားလုပ်ငန်းတွေကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုအပါအဝင် တခြားနောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်မှု အများအပြားဖြစ်စေပါတယ်။ ပြည်သူလူထုတွေ ဘဝလုံခြုံမှုနဲ့ လူမှုစီးပွားအပေါ်မှာလည်း အကျိုးသက်ရောက်မှုရှိတယ်။ ဒီလုပ်ငန်းတွေကြောင့် ရာဇဝတ်မှု ခိုးမှု လုယက်မှု အိမ်တွင်းအကြမ်းဖက်မှု လူကုန်ကူးမှု အစရှိသဖြင့် နောက်ဆက်တွဲ ဆိုးကျိုးဖြစ်ပေါ်စေပါတယ်” ဟု ကရင်လူ့အခွင့်အရေးအဖွဲ့မှ စည်းရုံးလှုံ့‌ဆော်‌ရေးတာဝန်ခံ စောနန္ဒစူးက ပြောသည်။

Related Readings