စစ်တပ်ဟာဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်တိုက်ကျူးလွန်နေတယ်လို့ KHRG ပြော

Thu, 15 Dec 2022

  

မြန်မာပြည်အရှေ့တောင်ပိုင်းမှာ စစ်ကောင်စီတပ်က ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့ပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အပြည့်အဝခံစားခွင့်ရရှိခဲ့ကာ အဲဒီပြစ်ဒဏ်ကင်းလွတ်ခွင့်ဟာ (၂၀၂၁)ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ဆက်လက်တည်ရှိနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ဆိုပါတယ်။

"ငြင်းဆို၍မရနိုင်တော့သော"ဆိုတဲ့ အစီရင်ခံစာခံတစ်စောင်ကို ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ဒီဇင်ဘာ(၁၃)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။

အဲဒီအစီရင်ခံစာမှာ လွန်ခဲ့တဲ့ဆယ်စုနှစ်သုံးခုအတွင်း ရွာသားတွေကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် နှုတ်ထွက်သက်သေခံချက်တွေကို အခြေခံပြီး လေ့လာဆန်းစစ်ရေးသားထားကာ လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို ကြုံတွေ့ခံစားနေရတဲ့ ဒေသခံရွာသားတွေရဲ့ ဘဝအခြေအ နေကိုလည်း ဖော်ပြထားတယ်လို့ KHRG က ဆိုထားပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုတွေအတွင်း မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေရဲ့ တိကျခိုင်လုံတဲ့ သက်သေအထောက်အထားတွေကို တင်ပြထားပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းတွေက လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့ အကြိမ်ကြိမ်ပျက်ကွက်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြည်တွင်းပြည်ပ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ပြစ်မှုကျူးလွန်သူတွေကို တာဝန်ခံမှုရှိစေဖို့ မည်ကဲ့သို့ပံ့ပိုးမှုတွေပေးနိုင်ပြီး ဆိုးရွားတဲ့အကြမ်းဖက်မှုတွေကို ခံစားရတဲ့သူတွေအတွက် တရားမျှတမှုကို မည်ကဲ့သို့ဆောင်ကြဉ်းပေးနိုင်ဖို့နဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ အခြားသောအကြမ်းဖက်မှုတွေ မဖြစ်ပွားစေဖို့ မည်ကဲ့သို့ တားဆီးကာကွယ်နိုင်ဖို့အတွက် KHRG က အကြုံပြုချက်ပေးထားပါတယ်။

အဲဒီအကြံပြုချက်တွေထဲမှာ မြန်မာစစ်တပ်ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ လူသားချင်းစာနာထောက်ထားမှု အကြပ်အတည်းတို့ရဲ့ အဓိကတရားခံဖြစ်တာကို လက်ခံအသိအ မှတ်ပြုပြီး စစ်ကောင်စီနဲ့ သဘောတူညီမှုတွေ လက်မှတ်ရေးထိုးတာ၊ အထောက်အပံ့ပေးတာအပါအဝင် စစ်ကောင်စီကို တရားဝင်မှုပေးခြင်းကနေ ရပ်တန့်ရမှာဖြစ်တယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်း၊ အရပ်ဖက်အဖွဲ့အစည်း၊ ပြည်တွင်းပြည်ပ သက်ဆိုင်ရာအစိုးရဌာနတွေနဲ့ အလှူရှင်အဖွဲ့အစည်းတွေကို KHRG က အကြံပြုထားပါတယ်။

လူ့အခွင့်အရေး စုံစမ်းစစ်ဆေးမှုတွေနဲ့ တရားစွဲဆိုမှုတွေမှာ အခြားတိုင်းရင်းသားတွေနဲ့ ဘာသာရေးလူနည်းစုတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေမပါဝင်သေးတဲ့အတွက်ကြောင့် အားလုံးပါဝင်နိုင်အောင် စုံစမ်းစစ်ဆေးရေးတာဝန်ခံမှု အခန်းကဏ္ဍကို ပိုမိုချဲ့ထွင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအဖွဲ့အစည်းတွေကို KHRG က အကြံပြုထားပါသေးတယ်။

ဒါအပြင် လေကြောင်းလောင်စာဆီတင်ပို့မှုကို ဆိုင်းငံထားပြီး တင်ပို့မှုလမ်းစဉ်တွေမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်လို့ဖြစ်စေ ပါဝင်ကူညီပေးတာမရှိဖို့ လက်တွေ့အကောင်အထည်ဖော်ဆောင်ရမှာဖြစ်ပြီး လက်နက်ခဲယမ်းတွေ၊ ထောက်လှမ်းရေးနည်းပညာတွေနဲ့ အခြားစစ်ဘက်ဆိုင်ရာ လုံခြုံရေးကိရိယာတွေ၊ စစ်လေ့ကျင့်သင်ကြားရေးနဲ့ အခြားသောစစ်ရေး လုံခြုံရေးအကူအညီတွေ အပါအဝင် မြန်မာနိုင်ငံကို လက်နက်လွှဲပြောင်းမှုအားလုံးကို ရပ်ဆိုင်းဖို့ KHRG က နိုင်ငံတကာအသိုင်းအဝိုင်း အဖွဲ့အစည်းတွေအားလုံးကို အကြုံပြုချက်ပေးထားပါတယ်။

သတင်း - သံလွင်တိုင်းမ်

Related Readings