မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုတိုးမြှင့်လာကြောင်း KHRG အစီရင်ခံစာ ထုတ်ပြန်

Thu, 31 Mar 2022

   

 

မြန်မာပြည်အရှေ့တောင်ပိုင်းဒေသများတွင် အာဏာသိမ်းယူမှုနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခ တိုးများလာသည်နှင့်အတူ စစ်ကောင်စီဘက်က အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်သည့် လူ့ အခွင့်အရေး ချိုးဖောက်မှုများတိုးမြှင့်လာကြောင်း ယနေ့ မတ်လ ၁၃ရက်နေ့တွင် ထုတ်ပြန်သည့် ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာပြည်၏ အရှေ့တောင်ပိုင်းဒေသဖြစ်သည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသ အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီ၏ မြေပြင်၊ ဝေဟင်တိုက်ခိုက်မှုများ ပိုတိုးလုပ်ဆောင်လာပြီးအရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများနှင့် လူသားဒိုင်းလုပ်ဆောင်မှုများတွင် ပိုတိုးလုပ်ဆောင်လာသလို စစ်ပြေးရှောင် ဦးရေလည်းတိုးများလာကြောင်း KHRG ၏ အစီရင်ခံစာက မီးမောင်းထိုးပြထားသည်။

KHRG ဒါရိုက်တာ နော်ထူးထူးက “စစ်ကောင်စီက PDF ကို ရှင်းချင်တာကနေ တိုက်ပွဲတွေ ပိုပြင်းထန် လာတယ်လို့ ပြောလို့ရတယ်။ သူတို့ကို ဆန့်ကျင်တဲ့ ဘယ်သူမဆို ဖမ်းမယ်၊ ဆီးမယ်။ အဲ့ဒါတွေ ကနေ လူ့အခွင့်အရေး ချိုးဖောက်မှုက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတယ်။ သူတို့(စစ်ကောင်စီ)လည်း အထိနာ နေပြီးဆိုတော့ ကြွက်မနိုင်ကျီမီးရှို့တဲ့သဘောနဲ့ ရွာသားတွေကို ကြောက်အောင် ကေအဲန်ယူကို ကူညီပေး လို့မရအောင် လုပ်တာပေါ့။ အခု အကုန်လုံးက သူ့ကိုဆန့်ကျင်နေကြတော့ အကုန်လုံးရမ်းသမ်းပြီး အကြမ်းဖက်တဲ့ နည်းလမ်းကိုသုံးပြီး လုပ်နေတာကို တွေ့ရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ ပြုစုထားသည့် KHRG ၏ အစီရင်ခံစာအရ အရပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ဖြစ်စဉ်များတွင် ပေါ်တာဆွဲခေါ်ခြင်း၊ လူသားဒိုင်းပြုလုပ်ခြင်း၊ ရိုက်နှက် ဖမ်းဆီးခြင်း၊ စစ်ပြေးရှောင်နေအိမ်များကို ဖျက်ဆီးခြင်း၊ တန်ဖိုးရှိပစ္စည်းများကို ခိုးယူခြင်း၊ ပြည်သူများ၏ စားနပ်ရိက္ခာနှင့် အိမ်မွေးတိရိစ္ဆာန်များကို ခိုးယူသတ်ဖြတ်ခြင်းအပြင် နေ့စဉ်လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် အပြစ်မဲ့အရပ်သားအများအပြား ထိခိုက်သေဆုံးနေရသလို အဆိုပါ ကျူးလွန်ခံရ သူများတွင် အမျိုးသားများထက် အမျိုးသမီးနှင့် အမျိုးသမီးငယ်များ၊ ကလေးသူငယ်များမှာ ပို၍ခံစားကြရကြောင်း ဖော်ပြထားသည်။

၎င်းအပြင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူ နေ့စဉ်တိုးလာပြီး တဖက်ထိုင်းနိုင်ငံ၏ နယ်ခြားဖြတ်ကျော်ခိုလှုံခွင့်ယာယီပေးအပ်ထားသော်လည်း နေရပ်ပြန်ရေး ဖိအားပေးခံကြရမှုများ လည်းရှိကြောင်း၊ နယ်စပ်သောင်ရင်းမြစ်တစ်လျှောက်တွင် ယာယီနေအိမ်တဲများဖြင့် လုံခြုံမှုမရှိ ပြေးလွှားပုန်းရှောင်နေကြရကြောင်းနှင့် စားနပ်ရိက္ခာ မလုံလောက်မှုများလည်း ကြုံတွေ့နေကြရပြီး နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုများလည်း နည်းပါးလာကြောင်း အစီရင်ခံစာက ဆိုထားသည်။

ထိုသို့ စစ်ဘေးရှောင်များအတွက် လိုအပ်သည့် နိုင်ငံတကာ၏ လူသားချင်းစာနာထောက်ထားမှု အကူအ ညီများအတွက် အိမ်နီးချင်းတိုင်းပြည်များအနေဖြင့် နယ်စပ်ဖြတ်ကျော်ကူညီပေးမှုကို တရားဝင် ခွင့်ပြုပေးရန် KHRG က တောင်းဆိုထားသည်။

တဆက်တည်းတွင် စစ်ကောင်စီ၏ ဝေဟင်တိုက်ခိုက်မှုများကို ဟန့်တားနိုင်မည့် လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးရေး၊ လေယာဉ်ဆီတင်သွင်းမှုကို ဟန့်တားပိတ်ပင်ခြင်းအပြင် အရပ်သားများအတွက် လုံခြုံစိတ်ချရသည့် နေရာများသတ်မှတ်ပေးရန်နှင့် ကမ္ဘာကုလသမဂ္ဂ အေဂျင်စီများအနေဖြင့်လည်း ပြတ်ပြတ်သားသားရပ်တည်၍ စစ်ကောင်စီ၏ ကျူးလွန်မှုများကို တတ်နိုင်သမျှ တားဆီးပေးရန်ကိုပါ တောင်းဆိုထားသည်။

စစ်အာဏာသိမ်းပြီးနောက် လအနည်းငယ်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်း ချုပ်နယ်မြေများဖြစ်သော မူတြော်ခရိုင် (တပ်မဟာ -၅)၊ သထုံခရိုင်(တပ်မဟာ -၁)၊ ညောင်လေးပင်ခရိုင် (တပ်မဟာ -၃) နယ်မြေများတွင် နေ့စဉ်လိုလိုတိုက်ပွဲများပွားလာခဲ့ပြီး ယခင်နှစ် ဒီဇင်ဘာလမှစ၍ ကေအဲန်ယူ တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်နယ်မြေတွင်လည်း တိုက်ပွဲများ စတင်ပြင်းထန် လာခဲ့ရာမှာ ယခုအချိန်ထိ ဖြစ်သည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီက စစ်လေယာဉ်များ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများ အကြိမ် ပေါင်းများစွာ ပြုလုပ်ခဲ့သလို လတ်တလောအချိန်ထိ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ၍ စစ်ဘေး ရှောင်ရသူ ဦးရေလည်း နေ့စဉ်တိုးလာလျက်ရှိကြောင်း စစ်ဘေးရှောင်များအား ကူညီဆောင်ရွက်ပေးသူများက ဆိုသည်။

ကေအဲန်ယူ ဒူးပလာယာခရိုင် (တပ်မဟာ ၆)နယ်မြေထဲတွင်ရှိသည့် မြဝတီမြို့နယ်၊ ကော့ကရိတ်မြို့ နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် စစ်ရှောင် ဦးရေပိုတိုးလာသလို အဆိုပါ မြို့နယ်ထဲတွင် ရှိသည့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင်လည်း စစ်ရှောင်များနေ့စဉ်တိုးလာသည်ဟု Free Burma Ranger အဖွဲ့ဝင် စစ်ရှောင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“တိုက်ပွဲအသံကြားတော့ မနေ့ (မတ် ၂၉)က ထွက်ပြေးလာတာရှိတယ်။ တချို့ရက်တွေက ထောင်ဂ ဏန်းလောက်ရှိတယ်။ မနေ့တုန်းကလည်း ကျမတို့ ရောက်တဲ့နေရာမှာ လူဦးရေ ၅၀ ကျော် လောက် ထပ်ရောက်တာရှိတယ်။ အခုနေ့တိုင်းထပ်များလာတယ်။ ထိုင်းဘက် ပိုင်ခလန်ရွာဘက်သွား ထွက်ပြေးတိမ်းရှောင်တာရှိတယ်။ အဇင်းရွာ တွေဘက်မှာလည်း သွားတာရှိတယ်။” ဟု ပြောသည်။

ကေအဲန်ယူ ဒူးပလာယာခရိုင် (တပ်မဟာ-၆)နယ်မြေအတွင်းရှိ စစ်ရှောင်များ အိမ်ပြန်နိုင်ရန်အတွက် နယ်မြေကျူးကျော်တပ်စွဲနေသည့် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာပေးရန် ပြီးခဲ့သည့် မတ်လ (၇)ရက်နေ့က အရှေ့တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူးထံ ခရိုင်အတွင်းရေးမှူးက သတိပေး အကြောင်းကြားစာပို့ခဲ့သည်။

ဒူးပလာယာခရိုင်အတွင်းရေးမှူးက ထိုသို့ အသိပေးစာပေးပို့ခဲ့သော်လည်းတွင် စစ်ကောင်စီတပ်ဘက်က နောက်မဆုတ်သည့်အပြင် နယ်မြေတိုးချဲ့လာပြီး လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး အသုံးပြု တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာသည့်အတွက် ဒေသခံပြည်သူလူထုများမှာ ထပ်မံထွက်ပြေးတိမ်း ရှောင်နေရကြသည်ဟု သိရသည်။

“ လောလောဆယ် ကျမတို့စာရင်း အချို့ရတာက လေးကေကော်ဒေသဘက်က စစ်ရှောင်နှစ်သောင်း ကျော်ရှိတယ်။ ကော့ကရိတ်ဘက်မှာ နှစ်သောင်းကျော်ရှိတယ်။ အခုတချို့က ထိုင်းဘက်မှာ စစ်ရှောင် တာရှိတယ်။ ပြည်တွင်းဘက်မှာလည်း လိုက်ပုန်းနေတာတွေလည်း ရှိတယ်။ အကယ်၍ တိုက်ပွဲမဖြစ်ဘူး။ ဘာသေနတ်သံမှ မကြားရင်တော့ ထိုင်းဘက်အာဏာပိုင်တွေက ပေးမဝင်ဘူး ။ တိုက်ပွဲဖြစ်ရင် ခဏတာခိုလှုံခွင့်ပေးတာတွေ တော့ရှိတယ်” ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်(KPSN) ပြောခွင့်ရ နော်ဝါးခူရှီးက ပြောသည်။

တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်းဘက်တွင် စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုများကြောင့် ယခုလအတွင်း နေအိမ်စွန့်ခွာထွက်ပြေးရသည့် အိမ်ထောင်စုပေါင်း(၂,၂၉၇)စုမှ လူဦး‌ရေ (၁၂,၁၇၇)ဦးအထိရှိကြောင်း ဒေသတွင်းပြုစုထားသည့်မှတ်တမ်းများကို အခြေခံ၍ ကော့ကရိတ် မြို့နယ်အခြေစိုက် ကော့ကရိတ်ပွင့်လင်းသတင်းစဉ်က ယနေ့ မတ်လ ၃၁ရက်နေ့တွင် သတင်းရေးသားဖော်ပြထားသည်။

ကရင်အမျိုးသမီးအစည်းအရုံ-KWO ၏ ယခုမတ်လ ဆန်းပိုင်းက ပြုစုထားသည့်စာရင်းအရ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ သထုံ၊ တောင်ငူ၊ ညောင်လေးပင်၊ ဘိတ်-ထားဝယ်၊ မူတြော်(ဖာပွန်)၊ ဒူးပလာယာနှင့် ဖားအံစသည့် ခရိုင် ၇ ခုတွင် စစ်ဘေးရှောင် ပြည်သူဦးရေ ၁၄၀,၀၀၀ ကျော်ရှိသည်ဟု သိရှိရသည်။

#KIC

Photo_KHRG

Related Readings