စစ်ကောင်စီလက်နက်ကြီးကြောင့် ဇွန်လအတွင်း ကရင်အရပ်သား၁၂ဦးသေဆုံး

Tue, 05 Jul 2022

    

 

ကရင်ပြည်နယ် KNU ထိန်းချုပ်ဒေသတွေမှာ စစ်ကောင်စီနဲ့ နယ်ခြားစောင့် BGF တပ်တွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဇွန်လ တလတည်းမှာတင် အရပ်သား ၁၂ယောက်သေဆုံးပြီး၊ ၁၅ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ပြောပါတယ်။ ဒီပစ်ခတ်မှုတွေကြောင့် အရပ်သားနေအိမ် အများအပြားလည်း မီးလောင်၊ ပျက်စီးခဲ့တာပါ။ အလားတူပဲ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာလည်း ပြီးခဲ့တဲ့ ဇွန်လတလတည်းမှာတင် နှစ်ဘက်ပစ်ခတ်မှုတွေကြားမှာ အရပ်သားထိခိုက်၊ သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့ ဒီသတင်း ကိုသိန်းထိုက်ဦး ပြောပြပါမယ်။

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေဖြစ်တဲ့ သထုံခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဘိတ်ထားဝယ်ခရိုင်၊ မူတြော်ခရိုင်၊ ဒူးပလာယာခရိုင်တွေမှာ ပြီးခဲ့တဲ့ဇွန်လကနေ အခုဇူလိုင်လအထိ တိုက်ပွဲတွေဆက်တိုက်ရှိနေပြီး အရပ်သားထိခိုက်၊ သေဆုံးမှုတွေ ရှိနေတယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။

ဒီနယ်မြေတွေမှာ စစ်ကောင်စီနဲ့ BGF တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဇွန်လတလတည်းမှာတင် အရပ်သား ၁၂ယောက်သေဆုံးပြီး၊ ၁၅ယောက်ဒဏ်ရာရခဲ့တယ်လို့ KNU ဘက်ကပြောပါတယ်။ ဒါ့အပြင် အရပ်သားနေအိမ် ၇၅လုံး လက်နက်ကြီး ထိမှန်ခဲ့ပြီး နေအိမ် ၆၁ လုံးကိုလည်း စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေက မီးရှို့ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒီရက်ပိုင်းထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီဘက်က ပိုလုပ်လာတဲ့အတွက် သေဆုံးမှုတွေလည်း ထပ်ပြီးရှိလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောခွင့်ရ စောနန္ဒဆူးက ဗွီအိုအေကို ပြောပါတယ်။ နေရာအနှံ့မှာ တိုက်ပွဲတွေရှိနေတဲ့အတွက် အရပ်သား ထိခိုက်၊ သေဆုံးရတဲ့ အရေအတွက် အတိအကျကို ဆန်းစစ်ဖို့က ခက်ခဲနေတယ်လို့ သူကပြောပါတယ်။

" ဇူလိုင် ၁ရက်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ပြီးဖြစ်ပွားတယ်ပေါ့ အဲဒီမှာ ဒေသခံ၂ယောက် သေဆုံးသွားတယ်၊ သုံးယောက် ဒဏ်ရာရတယ်။ နောက်ဇူလိုင်၂ရက်မှာလည်း ဒေသခံနောက်ထပ် ၄ယောက် ကလေးငယ်လည်း ပါတယ်ပေါ့ ဒဏ်ရာရတယ်။ ဆိုတော့ အခုအချိန်မှာတော့ (ကရင်ပြည်နယ်ထဲမှာ) စစ်ရေးတင်းမှာမှုတွေက ဆက်ပြီးဖြစ်ပွားနေတုန်းပဲ။ ရွာသားတွေလည်း ရွာလုံးကျွတ် အခုဆိုရင် ထောင်သောင်းချီတဲ့ဒေသခံတွေ ထွက်ပြေး၊ တိမ်းရှောင်နေရတာပေါ့။"

မြေမြှုပ်မိုင်းကြောင့်လည်း ကယားပြည်နယ်ထဲမှာ အရပ်သားထိခိုက်၊ သေဆုံးမှုတွေ ရှိနေတာပါ။ ဇွန်လ ၂၁ရက်က ဥခူးရီကျေးရွာ တခုတည်းမှာတင် စစ်ကောင်စီထောင်ထားတဲ့ မိုင်း ၁၈လုံးကို တွေ့ခဲ့ရတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဘက်က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်တွေ စွန့်ခွာသွားတဲ့ ကျေးရွာတွေမှာ မြေမြှုပ်မိုင်းတွေရှိနေတဲ့အတွက် ဒီကျေးရွာတွေကို ပြန်သွားတဲ့ ဒေသခံတွေက မြေမြှုပ်မိုင်းကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိနေပါတယ်။ မြေမြှုပ်မိုင်းတွေနဲ့ပတ်သက်လို့ နယ်မြေတပ်ခွဲတွေကတဆင့် လူထုကိုအသိ ပေးနေရတယ်လို့ KNDF ရဲ့ သတင်းပြန်ကြားရေး တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

" စစ်ရှောင်ရတာ ကာလအရမ်း ကြာလာတဲ့အခါမှာ တချို့က တိုက်ပွဲနည်းနည်းငြိမ်နေတယ် ဒါပေမဲ့ စကစကတော့ ရှိတော့ရှိနေတယ်ပေါ့ သူတို့ရွာတွေနားမှာ ခြေကုပ်ယူထားတယ် ဒါပေမဲ့ အရဲစွန့်ပြီးတော့ အိမ်ကိုရိက္ခာပြန်ယူတာမျိုး၊ ပြီးရင် ခဏပြန်တာမျိုးပေါ့ အဲလိုမျိုး လုပ်တဲ့အခါမျိုးမှာ စကစရဲ့မိုင်းတွေ ထိသွားတာများတယ်ပေါ့။ သူတို့ခြေကုပ်ယူထားတဲ့ နေရာတွေ အကုန်လုံးနီးပါးလောက်မှာ မိုင်းကွင်းတွေ ဖြစ်နေတယ်။"

ကယားပြည်နယ် (ကရင်နီဒေသ) မှာတော့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်ကနေ အခုနှစ်ဇွန်လ ၃၁ရက်အထိ တိုက်ပွဲပေါင်း ၃၆၀ကျော်ဖြစ်ပွားခဲ့ပြီး အရပ်သား ၂၄၁ယောက် သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု PKPF ကထုတ်ပြန်ထားပါတယ်။ ဘာသာရေးအဆောက်အဦ ၂၂လုံး၊ အိမ်ခြေ ၁,၁၂၁လုံး ပျက်စီးခဲ့ပြီး ဖမ်းဆီခံရတဲ့အရပ်သားက ၂၅၃ယောက်ရှိတယ်လို့ PKPF ရဲ့သတင်းပြန်ကြားရေးဘက်က ထုတ်ပြန်ထားတာပါ။

ဒီရက်ပိုင်းထဲမှာပဲ ချင်းပြည်နယ်၊ မင်းတပ်နဲ့ မတူပီမြို့ကြားက ကျေးရွာတချို့ကို စစ်ကောင်စီက လေကြောင်းကနေပစ်ခတ်ခဲ့လို့ အရပ်သား ၃ဦးသေဆုံးခဲ့တယ်လို့ ချင်းအရပ်ဘက်အဖွဲ့တချို့က ထုတ်ပြန်ထားပါတယ်။ အဲဒီကျေးရွာက စစ်ရှောင်စခန်းတွေမှာ ကလေးနဲ့သက်ကြီးရွယ်အိုတွေ အပါအဝင် လူဦးရေ ၇၀၀ လောက် ခိုလှုံနေကြတာပါ။

လေယာဉ်ပေါ်ကနေ ဒုံးကျည်၁၁လုံး ပစ်ခတ်ခဲ့တယ်လို့ ကျေးရွာဒေသခံတွေကို ကိုးကားပြီး ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ်ပြန်ထားပါတယ်။

Related Readings