စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်တာကြောင့် ၁၀ တန်း ကျောင်းသူ တစ်ဦး သေဆုံးပြီး သုံးဦး ပြင်းထန် ဒဏ်ရာရ

Thu, 24 Mar 2022

  

 

မြ၀တီမြို့နယ် ထီးမူးထကျေးရွာမှာ ဒီကနေ့ မတ်လ ၂၄ မနက်ပိုင်းက စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၀ တန်းကျောင်းသူ တစ်ဦး သေဆုံးပြီး သုံးဦးအပြင်းအထန် ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့မနက် ၅ နာရီကျော်အချိန်က ကေအဲန်ယူထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် ထီးမူးထနို့ဖိုးကျေးရွာထဲကို သင်္ကန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အချက်ပေါင်း ၂၀ ခန့် ပစ်ခတ်ခဲ့ပြီး အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးသွားခဲ့ကာ သုံးဦးအပြင်းအထန်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးနဲ့ ရွာတွေအပေါ် ရမ်းသမ်းပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

သေဆုံးသွားတဲ့ အသက် ၁၇ နှစ်အရွယ် ကျောင်းသူဟာ ဘားအံမြို့ အခြေခံပညာအထက်တန်းကျောင်း တစ်ခု မှာ ပညာသင်ကြားနေတဲ့ ၁၀ တန်း ကျောင်းသူတစ်ဦး ဖြစ်ပါတယ်။

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲမှာ အခုရက်ပိုင်းတွေအတွင်း ထိတွေ့ပစ်ခတ်မှုတွေရှိနေသလို စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်မှုတွေရှိနေတာကြောင့် ဒေသခံပြည်သူလူထုတွေဟာ ကြောက်ရွံ့ထိတ်လန့်ပြီး တိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Related Readings