ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီ လက်နက်ကြီးထိမှန်ပြီး ကလေးငယ်တဦးသေဆုံး

Mon, 09 May 2022

    

 

ကရင်ပြည်နယ် ဖာပွန်ခရိုင် KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) ထိန်းချုပ်ရာဒေသအတွင်းက ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စုအတွင်းရှိ တဒွီးခိုကျေးရွာကို စစ်ကောင်စီတပ်တွေက ၆၀-မမ အမြောက်လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် ကလေးတဦးသေပြီး တဦးဒဏ်ရာရခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဧပြီလအထိ ၄ လအတွင်းမှာ ကလေး ၁၄ ဦးသေဆုံးပြီး ကလေး ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်ရေးအဖွဲ့KHRG ပြောပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲက KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) ထိန်းချုပ်ရာဒေသအတွင်း ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စုကို မေလ (၇) ရက်နေ့က စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ အသက်မပြည့်သေးတဲ့အရပ်သားကလေးတဦး သေဆုံးပြီး တဦးဒဏ်ရာရခဲ့ကြောင်း ကရင်လူ့အခွင့်ရေးအဖွဲ့ KHRG ရဲ့ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးကပြောပါတယ်။

“ကလေးပေါ့နော် ၂ ယောက် စလုံး။ နှစ်ယောက်ထိတယ်။ တယောက်ကတော့ ဆုံးသွားတယ်။ စစ်ကောင်စီ ကူးဆိပ် အခြေစိုက် ခမရ ၄၀၈၊ တပ်ရင်း ၂၀၈ ကနေ လက်နက်ကြီးနဲ့လှမ်းပစ်တာပေါ့။ လက်နက်ကြီးလေးလုံးပစ်တာ ဒေသခံတွေရဲ့ကလေး၂ ယောက်။ တဦးက ၁၆ နှစ်။ တဦးက ၁၂ ပေ့ါ။ ဗိုက်ကိုထိပြီး အငယ်မလေးကတော့ ဒဏ်ရာပိုပြင်းတော့ ကြိုးစားကုသပေမယ့် နောက်ရက်မှာဆုံးသွားတယ်။ ကလေးသူငယ်တွေ ထိခိုက်ဒဏ်ရာရ သေဆုံးမှုကတော့ ဧပြီလအထိကတော့ သေဆုံးသူကလေး ၁၄ ယောက်ရှိတယ်။ ဒဏ်ရာရသူအယောက် ၄၀ ကျော်ရှိတယ်။ ဒီလအတွင်းဖြစ်စဉ်နဲ့ဆို အရေအတွက်ပိုများလာတာပေါ့။”

စစ်ကောင်စီဘက်က ဒေသခံကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေဟာ လူ့အခွင့်ရေးချိုးဖောက်တာဖြစ်ကြောင်းပြောဆိုပါတယ်။

“ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးနဲ့ပစ်တာရှိတယ်။ ရမ်းသမ်းပစ်ခတ်မှုတွေရှိတယ်။ အဲဒီလို ပစ်ခတ်မှုကတော့ အကြီးမားဆုံး လူ့အခွင့်ရေးချိုးဖောက်မှုနဲ့ ပြည်သူလူထု အသက်ဘေးအန္တရာယ် ဘေးကင်းလုံခြုံမှု အခွင့်ရေးကို ချိုးဖောက်ခံနေရတာပေါ့။ နေ့စဉ်ဘဝမှာလည်း ဆောက်တည်ရာမဲ့နေနေရတာပေါ့။”

စစ်ကောင်စီတပ်တွေအနေနဲ့ KNU တပ်မဟာ (၅) ထိန်းချုပ်ရာဒေသတွင်းမှာ သူတို့ရဲ့ အခြေစိုက်တပ်စခန်းတွေအတွက် စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို ပို့ဆောင်နေတာပါ။

အဲဒီလို ပို့ဆောင်နေစဉ်အတွင်းမှာ KNU တပ်တွေနဲ့ထိတွေ့ပစ်ခတ်မှုတွေရှိနေပြီး အဲဒီဒေသတွင်းက သူတို့ ရိက္ခာသယ်တဲ့လမ်းကြောင်းနဲ့နီးတဲ့ ကတိုင်ထိနဲ့ ကူးဆိပ်ကားလမ်းမတလျှောက်က ကျေးရွာတွေကို အဓိက ထားပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။ ပြီးခဲ့တဲ့ဧပြီလအတွင်းမှာတော့ KNU တပ်မဟာ (၅) ထိန်းချုပ်ရာဒေသအတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ KNU ပူးပေါင်းတပ်ဖွဲတွေကြား တိုက်ပွဲပေါင်း ၃၈၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ တပ်မဟာ (၅) ဘက်က လချုပ်စာရင်းထုတ်ပြန်ခဲ့ပါတယ်ရှင်။

Related Readings