စစ်ကောင်စီရဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေကို ပြတ်ပြတ်သားသား အရေးယူပေးဖို့ ကရင်လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

Fri, 25 Mar 2022

   

 

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ လူ့အခွင့်အရေးတွေကို ဆိုးဆိုးရွားရွားချိုးဖောက်နေတဲ့ စစ်ကောင်စီနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ အပါအဝင် လက်တွဲလုပ်ကိုင်တဲ့ ဘယ်လူပုဂ္ဂိုလ်ကိုမဆို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ပေးဖို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က တောင်းဆိုလိုက်ပါတယ်။

မတ်လ ၂၄ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမှန်တရားရရှိရေးနေ့မှာ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)ကတော့ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာပြည်အရှေ့တောင်ပိုင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေ ပိုမိုပြင်းထန်လာခဲ့ပြီး လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာ၊ မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေနဲ့ အခြားသော အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် များစွာသောဒေသခံရွာသားတွေရဲ့ အသက်အိုးအိမ်ဆုံးရှုံးခဲ့ရသလို စစ်ကောင်စီက အရပ်သားတွေကို လူသားဒိုင်းအဖြစ် ရည်ရွယ်ချက်ရှိရှိ အသုံးပြုနေတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်တာ၊ ညှဉ်းပန်းနှိပ်စက်တာတွေအပြင် အရပ်သားပိုင်ပစ္စည်းတွေကို ဖျက်ဆီးနေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ဘယ်ကျူးလွန်မှုကိုမဆို အရေးယူတာမရှိတဲ့အတွက် နစ်နာရသူတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေဟာ ကျူးလွန်ခံရမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း ခံစားကြရတယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် အတိတ်ကဖြစ်ပွားခဲ့တဲ့ ကျူးလွန်မှုတွေအတွက် တရားမျှတမှုမရရှိသေးတဲ့အချိန်မှာ များစွာသောလူ့အခွင့်အရေးချိုးဖောက်မှုတွေကို စစ်ကောင်စီက ထပ်မံကျူးလွန်နေပြီး ထိခိုက်နစ်နာသူတွေကို ကူညီနိုင်ဖို့အတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ဖို့ လိုအပ်သလို တရားမျှတမှု ရရှိဖို့ အရေးတကြီး လိုအပ်နေတယ်လို့ KHRG က ဆိုထားပါတယ်။

မြန်မာပြည်အရှေ့တောင်ပိုင်း ဒေသမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေသလို အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်း - သံလွင်တိုင်းမ်

Related Readings