ကျုံဒိုးမှာ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်တာကြောင့် ဒေသခံနေအိမ်‌တွေ ထိခိုက်ပျက်စီးခဲ့

Thu, 31 Mar 2022

   

 

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ ကျုံဒိုးမြို့နယ် တောင်ကြာအင်းကျေးရွာမှာ မတ်လ ၃၀ ညရက်နေ့ ညပိုင်းက စစ်ကောင်စီဘက်က ပစ်လိုက်တဲ့လက်နက်ကြီးကြောင့် ဒေသခံနေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ပြောပါတယ်။

တောင်ကြာအင်းကျေးရွာထဲမှာ မနေ့ညပိုင်းက KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့အဆက်မပြတ်ပစ်ခတ်လို့ ရွာအတွင်းက နေအိမ်တချို့ ထိမှန်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။

"ဟုတ်တယ် ညတုန်းကတော်တော်ပြင်းထန်တယ် တိုက်ပွဲဖြစ်တာ"လို့ KHRG ပြောခွင့်ရ စောနန္ဒဆူးက ဆိုပါတယ်။

တောင်ကြာအင်းကျေးရွာ ဒေသခံတစ်ဦးကလည်း " ညက အထိအခိုက်များတယ်လို့ ကြားတယ်။ အိမ်တချို့လည်း လက်နက်ကြီးမှန်ထားတယ်။ တောင်ကြာအင်းတောင်ပေါ်ကျောင်းကြီးလည်း လက်နက်ကြီးကျတယ်လို့ ကြားတယ်။ အတိအကျတော့ မသိရသေးဘူး"လို့ ပြောပါသေးတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က စစ်ကောင်စီတပ်ဟာ တောင်ကြာအင်းကျေးရွာထဲကို လက်နက်ကြီးပစ်ချခဲ့ပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားခဲ့သေးကာ ရွာအတွင်းမှာကျရောက်တဲ့ လက်နက်ကြီးနှစ်လုံးဟာလည်း မပေါက်ကွဲသေးပဲ ကျန်ရှိနေသေးတယ်လို့ KHRG က ဆိုထားပါတယ်။

ကေအဲန်ယူ-ကျုံဒိုးမြို့နယ် တောင်ကြာအင်းကျေးရွာမှာ မတ်လ ၁၁ ရက်နေ့က တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲကြောင့် တောင်ကြာအင်းကျေးရွာက ရွာသားတွေဟာ တခြားရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရကာ အကူအညီတွေလိုအပ်နေတယ်လို့ KHRG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း-သံလွင်တိုင်းမ်

Related Readings