ဒူးပလာယာခရိုင်ရှိ ကျေးရွာတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးများ ကျန်ရှိနေ

Mon, 28 Mar 2022

   

 

KNU နယ်မြေ၊ ဒူးပလာယာခရိုင်တွင် တိုက်ပွဲများ ဖြစ် ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာတွင် နေအိမ်များ ထိခိုက်ပျက်စီးမှု ရှိသည့်အပြင် မပေါက်ကွဲသေးသော လက်နက်ကြီးများ ကျေးရွာအတွင်း ရှိနေကြောင်း ကရင် လူ့အခွင့်အရေးအဖွဲ့ (KHRG) က သတင်းထုတ်ပြန်သည်။

မတ်လ ၁၁ ရက်နေ့မှ စတင်ပြီး ဒူးပလာယာခရိုင်၊ ကရူတူး(ကျုံဒိုး)မြို့နယ်၊ တောင်ကြာအင်း ကျေးရွာတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး မတ် ၂၃ ရက်နေ့၌ စစ်ကောင်စီတပ်က အဆိုပါ ရွာအတွင်းသို့ ၁၂၀ မမ များဖြင့် ပစ်ခတ်ခဲ့ရာ လက်နက်ကြီး ၁ လုံး ကျရောက်ပေါက်ကွဲပြီး လူနေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KHRG ထံမှ သိရသည်။

ထို့ပြင် အဆိုပါ ရွာထဲတွင် ကျန်လက်နက်ကြီး ၂ လုံး မပေါက်ကွဲသေးဘဲ ကျန်ရှိနေပြီး ယခုအချိန်ထိ မရှင်းလင်းရသေးကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲကြောင့် တောင်ကြာအင်းရွာခံများ တခြားရွာများသို့ ထွက်ပြေး တိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူပင် မတ်လ ၂၃ ရက်နေ့ စစ်ကောင်စီ ခြေမြန် တပ်မ အမှတ် ၂၂ နှင့် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၁၀ လုံး ထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ သံပုရာကျေးရွာရှိ ကိုယ်ဝန်သည် အမျိုးသမီး ၁ ဦးကို အရပ်ဝတ် လူ ၂ ဦးမှ မတ်လ ၂၄ ရက်နေ့တွင် သူမ၏ စျေးဆိုင်တွင် ပစ်ခတ်ခဲ့ပြီး အဆိုပါ ပစ်ခတ်မှုကြောင့် ဘယ်ဘက်ရင်ဘတ်နှင့် ညာဘက်လက်မောင်းတွင် ထိမှန်ကာ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်ကလည်း ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ထီးမူးထ (အပြင်ကွင်းကလေး)ရွာ အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက် မိန်းကလေး ၁ ဦး သေဆုံးခဲ့ပြီး ရွာသား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ- KHRG

Related Readings