KNU ထိန်းချုပ်နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လူအခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်ကျူးလွန်နေမှုများ (ဆောင်းပါး)

Tue, 18 Oct 2022

   

 

ဟန်ထူးဇော်(မဇ္ဈိမ)

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်သည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အရပ်သားအစိုးရကို ဥပဒေမဲ့ဖြုတ်ချကာ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လက်နက် အားကိုးဖြင့် မတရားသိမ်းယူခဲ့သည်။

ထိုသို့ စစ်ခေါင်းဆောင်၏ အာဏာသိမ်းမှုကို လက်မခံသည့် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူလူထုနှင့် တိုင်းရင်းသားပေါင်းစုံက အေးချမ်းစွာဖြင့် ဆန္ဒထုတ်ဖော်ကန့်ကွက်မှုများပြုလုပ်ခဲ့ကြသလို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစု(EROs)အများစုကလည်း အာဏာသိမ်းမှုအပေါ် ကန့်ကွက် ကြောင်းထုတ်ပြန်ချက်များထုတ်ပြန်ခဲ့ကြသည်။

တစ်နိုင်ငံလုံးက စစ်တပ်၏အာဏာသိမ်းမှုအပေါ် လိုလားခြင်းမရှိသော်လည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်သည် ၎င်းကိုဆန့်ကျင်ကန့်ကွက်မည့်မည်သူကိုမဆို အမြစ်ပြတ်ချေမှုန်းရေးပုံစံဖြင့် ပြန်လည်တုံ့ပြန်သည်။

ထို့ပြင် စစ်ကောင်စီသည် ၎င်းတို့ အာဏာသိမ်းမှုကိုဆန့်ကျင်သည့် တိုင်းရင်းသားလက်နက်ကိုင် တော် လှန်ရေးအင်အားစု(EROs)များ ထိန်းချုပ်ရာနယ်မြေအတွင်းသို့ နယ်မြေကျူးကျော်ဝင်ရောက်လာသည့် အတွက် EROs များက စစ်ကောင်စီတပ်ကို ခုခံမှုများ ပြန်လည် ပြုလုပ်ခဲ့ရသည်။

ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းနေသည့် လက်နက်ကိုင်အင်အားစုများထဲမှ နှစ်ပေါင်း ၇၀ ကျော် စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ် နယ်မြေဖြစ်သည့် သထုံခရိုင်တပ်မဟာ(၁)၊ တောင်ငူခရိုင်တပ်မဟာ(၂)၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ ထားဝယ်ခရိုင်တပ်မဟာ(၄)၊ ဖာပွန်ခရိုင်တပ်မဟာ(၅)၊ ဒူပလာယာခရိုင်တပ်မဟာ(၆) နှင့် ဖားအံခရိုင် တပ်မဟာ(၇)နယ်မြေများတွင် ဖားအံခရိုင်တပ်မဟာ(၇)နယ်မြေမှလွဲ၍ ကျန်ရှိတပ်မဟာ ခြောက်ခုလုံး တွင် စစ်ကောင်စီတပ်မှ ကြည်းကြောင်း၊ လေကြောင်းတို့ကို အသုံးပြုကာ စစ်အင်အားအလုံးအရင်းဖြင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်လျက်ရှိနေသည်။

ယင်း တပ်မဟာနယ်မြေခြောက်ခုတွင် စစ်ကောင်စီတပ်သည် နယ်မြေရှင်းလင်းရေးအကြောင်းပြချက်ဖြင့် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးကာ နေအိမ်များမီးရှို့ခြင်း၊ ပစ္စည်းများဖောက်ထွင်းခိုးယူခြင်း၊ ဒေသခံများကို ပေါ်တာဆွဲခြင်း၊ လမ်းပြအဖြစ် အဓမ္မခေါ်ယူစေခိုင်းခြင်း၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းတို့ ပြုလုပ်လျက်ရှိကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က အောက်တိုဘာလ ၁၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

၂၀၁၀ ခုနှစ် မတိုင်မီ စစ်တပ်အာဏာသိမ်းယူထားစဉ်က စစ်သားများသည် ၎င်းတို့၏ စစ်အုပ်ချုပ်ရေး အောက်တွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို လိင်အကြမ်းဖက်ခြင်း၊ အုပ်စုလိုက် အဓမ္မပြုကျင့် ခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့သည်များ ရှိခဲ့သည်။

ထို့ကြောင့် ၂၀၂၁ ခုနှစ်တွင် စစ်တပ်က အဓမ္မအာဏာသိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများက ကျေးရွာအတွင်းနှင့် ကျေးရွာအနီးတို့တွင် စခန်းချမည်ဆိုပါက အမျိုးသမီးများကို ပုန်းခိုသည့်နေရာများသို့ ပို့ဆောင်ခဲ့ရကြောင်း KHRG ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ကရင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်ခံရမှုမှာ အရင်ဖြတ်လေးဖြတ်တုန်းကလို ပြန်ရောက် သွား ပါတယ်။ အခုဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေခံနေရတယ်။ အထူးသဖြင့် အသက်ရှင်သန်ခွင့်၊ လုံခြုံခွင့်၊ အသက်မွေးဝမ်းကျောင်းပြုခွင့်၊ လွတ်လပ်စွာသွားလာနေထိုင်ခွင့်၊ ကျန်းမာရေး၊ ပညာရေး လက်လှမ်းမီနိုင်ခွင့် အဲ့ဒီအခြေခံ လူ့အခွင့် အရေးအားလုံးကို ချိုးဖောက်ခံနေရပါတယ်။

ကရင်ပြည်နယ် မှာရှိတဲ့ ပြည်သူတွေအနေနဲ့ နေ့စဉ်နီးပါး တိုက်ပွဲတွေနဲ့ကြုံတွေ့နေရပါတယ်။ တိုက်ပွဲတွေဖြစ်တယ်။ စစ်တပ်ရဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် သေကြေပျက်စီးမှုတွေနဲ့ကြုံနေရပါတယ်။ အဲ့ဒါကြောင့် အကြောက် တရားနဲ့ နေနေရတယ်။ တိုက်ပွဲရှောင်နေရတယ်” ဟုကရင်လူ့ အခွင့်အရေး အဖွဲ့(KHRG)မှ ပြောရေး ဆိုခွင့်ရှိသူ စောနန္ဒဆူးက ပြောသည်။

စစ်ကောင်စီတပ်သည် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုအပြင် ကြည်းကြောင်း၊ လေကြောင်းမှ ပစ်ခတ်မှုများကြောင့် နေအိမ်များ၊ ဘာသာရေးအဆောက်အဦးများ ထိမှန် ပျက်စီးမှုများရှိနေသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများ၏ နေအိမ်များအတွင်းသို့ဝင်ရောက်၍ ခိုးယူမှု၊ လုယုမှုများ ပြုလုပ်နေသည်ကို ကြုံတွေ့နေရသလို နေအိမ် ပြန်လာသည့် ဒေသခံများအား ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်လျက်ရှိကြောင်း ကရင်လူ့ အခွင့် အရေးအဖွဲ့(KHRG) ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် တပ်မဟာ(၁) သထုံခရိုင်တွင် ဒေသခံရွာသား အယောက် ၄၀၀ ကျော်ကို ပေါ်တာထမ်းခိုင်းခြင်း၊ လူသားဒိုင်းပြုလုပ်ခြင်းများကို စစ်ကောင်စီတပ်က ကျူးလွန်ခဲ့ကြောင်း သိရသည်။

“ တပ်မဟာ(၁) သထုံခရိုင်ထဲမှာ ရှိတဲ့ ဒေသခံရွာသားတွေကို စစ်ကောင်စီတပ်က ပေါ်တာထမ်းခိုင်းတယ်။ အဲ့ဒီထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေပါသလို ကိုဗစ်ရောဂါလက္ခဏာပြတဲ့ လူနာတွေ လည်း ပါတယ်။ အသက်အရွယ်ကြီးရင့်ပြီဖြစ်တဲ့ အသက် ၆၀ အထက်လူကြီးတွေ လည်းပါတယ်။ တပ်မဟာ(၆) နဲ့ တပ်မဟာ(၅) မှာလည်း အမျိုးသမီးတွေကို လူသားဒိုင်းအနေနဲ့ အသုံးပြုခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်” ဟု စောနန္ဒဆူးက ဆိုသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများနှင့် ထိုးစစ်ဆင်မှုများ ကြောင့် ကရင်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်ရသူ ၃၅၀,၀၀၀ ကျော်အထိရှိလာပြီဖြစ်သည်။

အမျိုးသမီးများသည် နေရပ်ရွှေ့ပြောင်းနေထိုင်ရာတွင် မတူကွဲပြားမှုများစွာရင်ဆိုင်နေရပြီး ထွက်ပြေး တိမ်းရှောင် နေရသူထက်ဝက်ခန့်သည် ကလေးသူငယ်များ ဖြစ်ကြသည်။

အဆိုပါကလေးငယ်များအနက် ထက်ဝက်ကျော်မှာ မိန်းကလေးငယ်များဖြစ်နေကြပြန်သည်။ ထို့ပြင် ထွက်ပြေးတိမ်းရှောင်နေရသူများ သည် ထိခိုက်ဒဏ်ရာရရှိမှု၊ မြေမြှုပ်မိုင်းပေါက်ကွဲမှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး အန္တရာယ် များကိုပါ ရင်ဆိုင်နေကြရသည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင်နေရချိန်တွင်လည်း ဆင်းရဲကြမ်းတမ်းမှုများကို ရင်ဆိုင်ကြုံတွေ့နေရသည့် အပြင် စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် မကြာခဏဆိုသလို အလျှင်အမြန် ရှောင်တိမ်းနေရပြန်သည်။

စစ်ဘေးရှောင်နေရသူများသည် သောက်ရေသန့်၊ အစားအစာ၊ ပညာရေး၊ ရေဆိုးစွန့်ပစ်မှုစနစ်များအပြင် မိခင်နှင့်ကလေးကျန်းမာရေးကဲ့သို့သော ကျန်းမာရေးစောင့်ရှောက်မှု စသည်များကို လက်လှမ်းမီနိုင်ခြင်း မရှိခဲ့ကြပါ။

ကရင်လူ့အခွင့်အရေးအဖွဲ၏ အစီရင်ခံစာတစ်ခုထဲတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သံသယရှိသူ အမျိုးသား၏အကြောင်းကိုသိရှိရန် စစ်ကောင်စီစစ်သားများမှ ထိုအမျိုးသား၏ ဇနီးနှင့်ကလေးကို ညှဉ်းပန်းနှိပ်စက်ခဲ့သည်။

“စစ်ကောင်စီက သူတို့ရဲ့အကျိုးစီးပွားအတွက် အခုလို စစ်ကြောင်းထိုးတိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ကရင်ပြည်နယ်တစ်ခုတည်းမှာပဲ လုပ်ဆောင်နေတာမဟုတ်ပါဘူး။ တခြားတစ်ဖက် မှာလည်း အဲဒီလိုတွေလုပ်နေတာပါ။ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်မှာဆိုရင် ပြီးခဲ့တဲ့လ (စက်တင် ဘာလ) ထုတ်ပြန်ချက်အရဆိုရင် အဲ့ဒီခရိုင်တခုတည်းမှာ စစ်ရှောင်ပြည်သူ သိန်းချီရှိနေပါပြီ။ ဒါဟာ ခရိုင်တစ်ခုပဲရှိပါသေးတယ်။ ကျန်ခရိုင်ခုနစ်ခုမှာဆိုရင် စစ်ရှောင်ပြည်သူ ၃၇၀,၀၀၀ ကျော်ရှိပြီ။ ဒါဟာ ကျွန်တော်တို့ KNU ထုတ်ပြန်ထားတဲ့ စာရင်းအရပါ။ စစ်ကောင်စီက သူတို့အကျိုးစီးပွားကို ထိခိုက်မယ် ဆိုရင် ဘယ်နေရာကိုမှ ညှာမှာမဟုတ်ပါဘူး။ သူတို့ အဓိကပစ်မှတ်ထားတာက ပြည်သူလူထုကိုပဲ သက် သက်ပစ်မှတ်ထားတာ” ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး က ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်နေ့က တပ်မဟာ(၆)နယ်မြေ ဒူပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ မက္ကသကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းကို ဂျက်လေယာဉ် သုံးစင်းဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့သည်။ အဆိုပါကျောင်းတိုက်သည် စာသင်သားကိုရင် အပါး ၅၀ ကျော်နှင့် ကျောင်းထိုင်ဦးဇင်းအပါအဝင် သံဃာအပါး ၆၀ သီတင်းသုံးနေသည့်ကျောင်းတိုက်ဖြစ်ပြီး စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင့် သာသနိက အဆောက်အအုံများပျက်စီးကာ ကျောင်းတွင်နေထိုင်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရ သည်။

“တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်မှာဆိုရင် တိုက်ပွဲနည်းနည်းပါးပါးသာ ဖြစ်တယ်ဆိုပေမယ့် စစ်ကောင်စီတပ်က ရွာသားတွေကိုပါ အကုန်ပြဿနာရှာတာ။ အဲဒီမှာတောင် ဒေသခံသိန်းနဲ့ချီပြီး ပြေးနေ ရတယ်ဆိုတော့ ဒါဟာ စစ်ကောင်စီက တိုက်ပွဲလုံးဝမဖြစ်တဲ့နေရာတွေက ရွာသားတွေကို သေချာလိုက်ပြီး နှိပ်ကွပ်နေတာ။ သူတို့(စစ်ကောင်စီတပ်)စခန်းထဲကနေပြီးတော့ ရွာထဲကို လက်နက်ကြီး တွေနဲ့ကော လေယာဉ်တွေနဲ့ပါ ပစ်ချနေတော့ ရွာသားတွေက ဘယ်နေရဲမလဲ” ဟု ပဒိုစောတောနီးက ဆိုသည်။

စစ်ကောင်စီတပ်၏ ထိုးစစ်များကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံများသည် စစ်ဘေးရှောင်စခန်း (IDPs Camp) ကဲ့သို့ စခန်းအတည်တကျရှိသည့်နေရာမျိုးတွင် နေထိုင်ရန်ခက်ခဲနေပြီး တောင်ယာများ၊ တောတွင်းနေရာများ၊ လျှိုများ၊ မြစ်ဘေးသောင်ပြင်များတွင် အမိုးအကာမရှိ ခက်ခဲစွာနေထိုင်နေရသည်။

ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှုမရရှိသည့်အတွက် ကလေးငယ်များတွင် အဟာရချို့တဲ့သည့် ရောဂါ ခံစားနေရခြင်း၊ ကိုယ်ဝန်မိခင်များ မီးဖွားရန်ခက်ခဲနေခြင်း၊ အသက်ကြီးရင့်သူများ၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းသူများ၏ ကျန်းမာရေးဆိုင်ရာပြဿနာများဆိုးဝါးလာနေပြီး သေဆုံးမှုများရှိနေသည်။

“စစ်ကောင်စီက စစ်ရာဇဝတ်မှုကိုလည်း ကျူးလွန်တယ်။ လူမျိုးသုန်းသတ်ဖြတ်မှုတွေကိုလည်း ကျူးလွန် တယ်။ လူသားတွေအပေါ် ကျူးလွန်လို့ရတဲ့အရာတွေ အကုန်ကျူးလွန်နေတယ်။ ဒီလိုလူထုကို မညှာ မတာ နှိပ်စက်သတ်ဖြတ်မှုကို နေ့စဉ်ပြုလုပ်နေတယ်။ အဲ့ဒီလို လူမျိုးသုန်းသတ်ဖြတ်မှုအပေါ် ကျွန်တော် တို့ ခွင့်လွှတ်လို့မရဘူး။ အဲဒီအတွက် ရှိတဲ့နည်းနဲ့ ကျွန်တော်တို့ တက်နိုင်တဲ့နည်းနဲ့ နည်းမျိုးစုံကို သုံးပြီး တော့ ပြန်လည်လုပ်ဆောင်မှာဖြစ်တယ်” ဟု ပဒိုစောတောနီးက ဆက်လက် ပြောကြားသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ လပေါင်း ၂၀ အတွင်း ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)တပ်များနှင့် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်၊ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တပ်များအကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ် နှင့် ပြောက်ကျားတိုက်ပွဲ စုစုပေါင်းပေါင်း ၆,၃၅၆ ကြိမ် ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) တပ်များဘက်မှ ၅,၁၂၅ ဦး သေဆုံးခဲ့ပြီး ၄,၁၇၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ထုတ်ပြန်ထားသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ဖွဲ့များဘက်မှ ၁၃၇ ဦး ကျဆုံးခဲ့ပြီး ၃၅၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ဖွဲ့များသည် စစ်ကောင်စီတပ်များ၏ အခြေစိုက်စခန်းကြီး ကိုးခုကို တိုက်ခိုက်ဖျက် ဆီးနိုင်ခဲ့ ကြောင်း သိရသည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်များသည် ဒေသခံပြည်သူလူထုနေထိုင်သည့် ကျေးရွာများနှင့် အလုပ်လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်း ခွင်များအတွင်းသို့ လက်နက်ကြီး စုစုပေါင်း ၄,၄၅၆ လုံး ကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ တပ်များသည် ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များဖြင့် ပြည်သူလူထု နေထိုင် သည့် ကျေးရွာများနှင့် လုပ်ငန်းခွင်များအတွင်းသို့ လေကြောင်းမှပစ်မှတ်ထား တိုက်ခိုက်မှု စုစုပေါင်း ၁၁၇ ကြိမ် ပြုလုပ်ခဲ့သည်။

စစ်ကောင်စီတပ်များမှ လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်းတို့ ကြောင့် အပြစ်မဲ့ပြည်သူ ၁၃၁ ဦး သေဆုံးခဲ့ပြီး ၂၉၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် စစ်ကောင်စီ တပ်နှင့် နယ်ခြားစောင့်တပ် (BGF) တပ်များသည် အပြစ်မဲ့ပြည်သူလူထု ၄၁၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီး ခဲ့ပြီး ခြိမ်းခြောက် စစ်ဆေးခြင်း၊ ပေါ်တာအဖြစ်အသုံးပြုခြင်းများနှင့် လူသားဒိုင်းကာအဖြစ် အသုံးပြု ခြင်းများကို ပြုလုပ်ခဲ့သည်။

အထက်ပါ အကြောင်းအရာများသည် စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောင်ခံ နယ်ခြားစောင့်တပ် (BGF)တို့မှ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတစ်ခုတည်းတွင် ကျူးလွန်ခဲ့သည့် လုပ်ရပ်များဖြစ်သည်။

စစ်ကောင်စီတပ်သည် အဓမ္မအာဏာသိမ်းယူပြီးနောက် စစ်ကိုင်းတိုင်းအပါအဝင် အညာဒေသနှင့် အခြား တိုင်းရင်းသားနယ်မြေဒေသများတွင်လည်း လူအခွင့်ရေး ချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်ကျူးလွန်မှုများ ကို ကြိမ်ဖန်များစွာ လုပ်ဆောင်လျက်ရှိသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။စောဖေ

Related Readings