ကျေးရွာနဲ့ ဘာသာရေးအဆာက်အဦတွေ မီးလောင်ပျက်စီးရမှု တာဝန်ယူသူမရှိ

Mon, 25 Apr 2022

    

 

စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကြောင့် မီးရှို့ခံရပြီး ပျက်စီးသွားတဲ့ လူနေအိမ်နဲ့ ဘာသာရေး အဆောက်အဦပေါင်း ၁၀,၀၀၀ ဝန်းကျင် ရှိသွားပါပြီ။ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ ပြုစုထားတဲ့ စာရင်း အချက်အလက်တွေမှာတော့ ဒါဟာ စစ်ကောင်စီတပ်တွေရဲ့လက်ချက် ဖြစ်တယ်လို့ ပြောထားပေမဲ့ စစ်ကောင်စီပြောခွင့်ရကတော့ ဒါကိုငြင်းပါတယ်။ အပြန်အလှန် စွပ်စွဲပြောဆိုမှုတွေကြားက မီးရှို့ပျက်စီးသွားလို့ အိုးအိမ်မဲ့ ဖြစ်ခဲ့ရသူတွေရဲ့ အခြေအနေတွေ၊ ဒေသတွင်း အနေအထားတွေနဲ့ ပတ်သက်လို့ ရန်ကုန်ကပေးပို့ထားတဲ့ သတင်းကို မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။

စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက မီးရှို့လို့ နေရာပေါင်း ၂၅၄ နေရာက လူနေအိမ်ခြေပေါင်း ၉,၁၈၇ လုံး ပျက်စီးခဲ့တယ်လို့ Data for Myanmar က ထုတ်ဖော်ရေးသားထားပါတယ်။ ဒါဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကစလို့ အခု ဧပြီလ ၁၃ ရက်နေ့အထိ သူတို့စုဆောင်းထားတဲ့ အချက်အလက်လို့ ပြောပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့တွေက ထုတ်ပြန်တဲ့ စာရင်းတွေကို အခြေခံထားတဲ့ ဒီအရေအတွက်ထက် လက်တွေ့ မြေပြင်မှာ စစ်ကောင်စီတပ်တွေက မီးရှို့လို့ ပျက်စီးသွားရတဲ့ စာရင်းက ပိုများနိုင်တယ်လို့လည်း ပြောထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့တွေကြား လက်နက်ကိုင် ပဋိပက္ခတွေ အများဆုံးဖြစ်နေတဲ့ စစ်ကိုင်းတိုင်းထဲမှာတော့ အခုထိ နေရပ်မပြန်နိုင်ဘဲ ရွာလုံးကျွတ် ထွက်ပြေးနေရတာတွေ ရှိနေပါတယ်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးလုပ်ရင်း တချို့နေရာတွေမှာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ကိုယ်ထူကိုယ်ထစနစ်နဲ့ ယာယီတဲထိုးပြီးနေဖို့ နေရပ်ပြန်လာသူတချို့ ရှိပေမဲ့ အများစုက အခုထိ ပြန်မလာနိုင်သေးဘူးလို့ သူကပြောပါတယ်။

"နဂိုက နေမြဲအတိုင်း လူတွေက အကုန်လုံး ပြန်လာမနေရဲတော့ဘူးပေါ့လေ။ သူတို့ လွတ်ရာကျွတ်ရာလေးတွေမှာ နေတယ်။ အိမ်ပြန်လာခဲ့ရင်လည်း တယောက်၊ နှစ်ယောက် လာကြည့်ပြီးတော့ ဘာမှကို သူတို့မှာ ယူစရာလည်း မရှိတော့ဘူး။ ပျက်စီးသွားကုန်ကြတော့ တော်တော်ကို အကြောက်တရားတွေ ဝင်ပြီးတော့ အကုန်လုံးနီးပါးက ပြန်မရောက်ကြဘူး။ တချို့တလေလောက်ပဲ ပြန်လာကြတာ။ အခု အခြေအနေကတော့ ပြန်လည်ထူထောင်ရေးတွေကတော့ လုပ်ကြပါတယ်။ လုပ်တယ်ဆိုတာက ကောင်းကောင်းမွန်မွန်ကြီးတော့ မဟုတ်ဘူးပေါ့လေ။ ယာယီ မိုးကာလေးတွေ၊ ထန်းရွက်တဲလေးတွေနဲ့ ပြန်ပြီးတော့ ဆောက်ပြီး နေကြရတာပေါ့။ ပြည်သူတွေဆိုတာက ဘာမှမဆိုင်တဲ့ အပြစ်မဲ့တဲ့လူတွေကို ဒီလောက်အထိ လုပ်ရတာကတော့ ဒါ လုံးဝလူမဆန်တဲ့လုပ်ရပ်ပဲ။"

စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီနဲ့ PDF တွေ အပြန်အလှန် ပစ်ခတ်နေတာတွေက နေ့တိုင်းနီးပါးရှိပြီး ဒီတိုက်ပွဲတွေကြောင့် ဒုက္ခရောက်ရတဲ့သူတွေ တဖြည်းဖြည်း များလာပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပျက်စီးသွားတဲ့အထဲမှာ လူနေအိမ်ခြေတွေအပြင် ဘာသာရေး အဆောက်အဦတွေလည်း ၁၀၀ နီးပါးလောက် ရှိပါတယ်။

အရပ်ဘက်အဖွဲ့တချို့ရဲ့ ခန့်မှန်းချက်အရဆိုရင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်မှာ ပျက်စီးသွားတဲ့ ဘာသာရေး အဆောက်အဦပေါင်း ၁၀၀ ကျော်အထိ ရှိနေတာပါ။ ကုလအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အချက်အလက်ကို ကိုးကားထားတဲ့ အာရှကက်သလစ်အသင်းတော်များ သတင်းလွှာ UCA ရဲ့ ထုတ်ပြန်ချက်မှာ ခရစ်ယာန်ဘာသာဝင် အများစုနေထိုင်တဲ့ ချင်းပြည်နယ် တခုတည်းမှာတင် ဘာသာရေးအဆောက်အဦ ၆၂ ခုလောက် မီးရှို့ဖျက်ဆီးခံရတယ်လို့ ဖော်ပြထားပါတယ်။ ချင်းပြည်နယ်၊ ထန်တလန်မြို့မှာတာ့ စစ်ကောင်စီတပ်နဲ့ PDF တွေကြားက တိုက်ပွဲအတွင်း အဆောက်အဦတွေ ရာနဲ့ချီပြီး မီးလောင်ပျက်စီးခဲ့ပါတယ်။ အဲဒီထဲမှာ ခရစ်ယာန်ဘုရားကျောင်းတွေလည်း ပါဝင်ပါတယ်။ ဒေသခံအများစုကတော့ ဒါဟာ စစ်ကောင်စီတပ်တွေ လုပ်ခဲ့တာလို့ ပြောပါတယ်။

ချင်းပြည်နယ်နဲ့ ချင်းလူမျိုးတွေအပေါ် စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို နိုင်ငံတကာက အရေးယူ အပြစ်ပေး ရှုတ်ချသင့်သလို ပြည်သူတွေ ပြန်လည်ထူထောင်နိုင်ဖို့ အတွက်လည်း အကူအညီ ပေးသင့်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇာအုပ်က ပြောပါတယ်။

"ကျနော်တို့ ချင်းပြည်နယ်မှာ လူဦးရေက မြန်မာနိုင်ငံတခုလုံးရဲ့ လူဦးရေရဲ့ ၁ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ အဲဒီ ၁ ရာခိုင်နှုန်းလောက်ဖြစ်တဲ့ လူဦးရေကို ပစ်မှတ်ထားပြီးတော့ သူတို့လုပ်တဲ့အချိန်မှာ အဆောက်အဦတွေ မီးရှို့ဖျက်ဆီးတာဆိုရင် ၁၇ ရာခိုင်နှုန်းလောက်က ချင်းပြည်နယ်မှာ ဖြစ်ပျက်တဲ့ဟာတွေပဲ ဖြစ်တယ်။ ဒီလိုမျိုး ကျနော်တို့ ချင်းလူမျိုးတွေကို၊ ချင်းဒေသတွေကို ပစ်မှတ်ထားပြီးတော့ စစ်တပ်က ဒီလိုမျိုးလုပ်တာဟာ တော်တော်လေး ကျနော်တို့ ခံစားရတာပေါ့နော်။ စစ်တပ်အာဏာသိမ်းပြီး တနှစ်အတွင်းမှာ ချင်းပြည်နယ်ကနေ အိမ်တွေကို စွန့်ခွာပြီးတော့ ထွက်ပြေးသွားရတဲ့ လူတွေလည်း ရှိသလို ချင်းပြည်နယ်အတွင်းမှာ ဒုက္ခရောက်နေတဲ့ IDP တွေလည်း များတယ်။ ဒါမျိုးကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဒါကိုကြည့်လိုက်လို့ရှိရင် သူတို့ ဘယ်လောက်ထိ ချင်းလူမျိုးကို လူမျိုးရေးအရ နာလန်မထူနိုင်အောင် ချိုးဖောက်ခံနေရသလဲဆိုတာ တော်တော်လေး မြင်သာမှုရှိတယ်။"

လူဦးရေ ၄၇၈,၀၀၀ ကျော်ရှိတဲ့ ချင်းပြည်နယ်မှာ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ပါတယ်။ လူဦးရေ ၃၅၀,၀၀၀ ကျော်ပဲရှိတဲ့ ကယားပြည်နယ် (ကရင်နီ) မှာတော့ ရိုမန်ကက်သလစ် ဘာသာဝင်ပေါင်း ၉၀,၀၀၀ ကျော် ရှိပါတယ်။ စစ်အာဏာသိမ်းပြီး တနှစ်ကျော်ကြာလာချိန်အထိ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာရှိတဲ့ ဘာသာရေး အဆောက်အဦတွေ၊ စာသင်ကျောင်းတွေနဲ့ ဈေးတွေ အပါအဝင် လူနေအိမ်ခြေပေါင်း ၈,၂၆၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ထုတ်ပြန်ထားပါတယ်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောခွင့်ရ စောနန္ဒဆူးက တနိုင်ငံလုံးမှာ အဆောက်အဦပေါင်း သောင်းနဲ့ချီ မီးရှို့ဖျက်ဆီးခံနေရတာဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာ ဖြစ်တယ်လို့ ပြောပါတယ်။

"စစ်အာဏာသိမ်းပြီးကတည်းက တနိုင်ငံလုံး အတိုင်းအတာအရ ဒီလိုမျိုး ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျနော်တို့က နေ့စဉ်နီးပါး မြင်တွေ့နေရတာပေါ့လေ။ တခြားတိုင်းရင်းသားဒေသ နယ်မြေတွေက ချင်းပြည်နယ်တို့၊ ကရင်နီတို့၊ ကရင်တို့ ... နောက် တခြားဒေသတွေမှာလည်းပဲ သူတို့က ဆက်လက်ပြီးတော့ လုပ်ဆောင်လာတာကို ကျနော်တို့တွေ့ရတယ်။ ဆိုတော့ ဒီလိုလုပ်ဆောင်ခြင်းက ပထမဆုံးအနေနဲ့ ဒါ ကြီးလေးတဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်ရာ ရောက်တယ်ပေါ့နော်။ ၂ အချက်ကတော့ ဒါ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်ရာရောက်တယ်။ ၃ အချက်အရဆိုရင်တော့ ဒါ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် အခွင့်အရေးကို ချိုးဖောက်ရာ ရောက်တယ်ပေါ့။"

အရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းအရ ကယားပြည်နယ် (ကရင်နီ) က ဒုတိယအများဆုံး မီးရှို့ဖျက်ဆီးခံရတဲ့အထဲမှာ ပါဝင်ပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ် တကြောမှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့လို့ လူနေအိမ်တွေ မီးလောင်ပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။ လွိုင်ကော်နဲ့ အနီးတဝိုက်က ကျေးရွာတချို့ဆိုရင် ရှမ်းပြည်နယ်ဘက်ကို ရွာလုံးကျွတ် ထွက်ပြေး ခိုလှုံနေရပါတယ်။

ကယားပြည်နယ်၊ နန်းမယ်ခုံမြို့ကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသူတဦးကတော့ လက်နက်ကြီးကျပြီး သူ့ရဲ့နေအိမ် မီးထဲပါသွားတယ်လို့ အသိတွေက ပြောပေမဲ့ သူကိုယ်တိုင် သွားကြည့်ဖို့ကလည်း အခုချိန်ထိ နယ်မြေမလုံခြုံသေးလို့ ခက်ခဲနေတယ်လို့ ပြောပါတယ်။

"ရွာမှာနေတုန်းက လေယာဉ်က ဆက်တိုက်ကြဲတဲ့ အခြေအနေမျိုးပေါ့နော်။ နေလို့လည်း မဖြစ်တဲ့အခါကျတော့ ကျနော့်အိမ်က မိန်းလမ်းဘေးဆိုတဲ့ အခါကျတော့ လမ်းတောက်လျှောက်ကို ကြဲတဲ့အခါကျတော့ မိမယ်လို့တော့ ထင်တာပဲ။ နောက်တခုက အခု အဆက်အသွယ် တဆင့်ပြီးတဆင့်ပေါ့နော်၊ မိတယ်လို့တော့ သူကပြောတာပဲ။ ဒါပေမဲ့ ဘယ်လိုဖြစ်တယ်ဆိုတဲ့ အတိုင်းအတာကို အတည်ပြုဖို့က နည်းနည်းခက်တယ်။ အိမ်တလုံးဖြစ်ဖို့ဆိုတာက ကျနော်တို့ တသက်တာအနေနဲ့ စုဆောင်းပြီးတော့မှ ဖြစ်လာတဲ့အိမ်လေ။ အဲဒါကြောင့်မို့လို့ ရှင်းရှင်းပြောရရင် ပြန်ထူထောင်ဖို့ဆိုတာတော့ မလွယ်တဲ့အတွက် ဘယ်လိုမှ ပြောမပြနိုင်လောက်အောင်ပါပဲ။"

တိုက်ပွဲအတွင်း နေအိမ်နဲ့ ဘာသာရေး အဆောက်အဦတွေ မီးလောင်ပျက်စီးတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ PDF အကြား အပြန်အလှန် စွပ်စွဲ ပြောဆိုတာတွေ ရှိနေပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အာဏာမသိမ်းခင်နဲ့ သိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်ဘက်က အခုလို ကျူးလွန်တာတွေ မရှိခဲ့ဘူးလို့ တုံ့ပြန်ထားပါတယ်။

"တကယ့်လက်တွေ့ ဖြစ်နေတာပဲ ကျနော်ပြောချင်တယ်ဗျ။ ဥပမာ စစ်ကိုင်းတိုင်းဒေသကြီးမှာဆိုရင် ပြည်သူပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးစနစ်ကို ကျနော်တို့ လုပ်မယ်လို့ ပြောခဲ့တယ်။ အဲလိုလုပ်ဆောင်တဲ့အခါမှာ တချို့နေရာတွေမှာ ကျေးရွာနေ ပြည်သူလူထုရဲ့ တောင်းဆိုချက်အရ ပြည်သူ့စစ်တွေ ဖွဲ့စည်းပေးလိုက်ရတယ်။ PDF များ အနေနဲ့ကတော့ အဲဒီ ပြည်သူ့စစ်ဖွဲ့စည်းတဲ့ ရွာတွေကို ဝိုင်းတိုက်တာမျိုးရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ မီးရှို့ဖျက်ဆီးတာတွေရှိတယ်။ သူတို့ မီးရှို့ဖျက်ဆီးပြီး ထွက်ပြေးတယ်။ နောက်ပိုင်းမှာတော့ သူက တချို့သော မီဒီယာတွေကို သတင်းမှားပေးပြီးတော့ တပ်မတော်ကပဲ မီးရှို့သယောင် ပြောတယ်။ ကျနော်ပြောချင်တာကတော့ ပြည်သူလူထု ဒုက္ခရောက်တယ်ဖြစ်ဖြစ်၊ အိုးမဲ့အိမ်မဲ့ဖြစ်တယ်ဖြစ်ဖြစ်၊ တိုက်ပွဲစွန့်ခွာ ထွက်ပြေးတယ်ဖြစ်ဖြစ် ကူညီစောင့်ရှောက်ရတာက ကျနော်တို့အစိုးရပဲ ဖြစ်ပါတယ်။ ကျနော်တို့အစိုးရ အနေနဲ့ကော၊ တပ်မတော်အနေနဲ့ကော ကိုယ့်အစိုးရကို ဒုက္ခဖြစ်မယ့်လုပ်ရပ်မျိုး ကျနော်တို့ ဘယ်တော့မှ လုပ်မှာလည်းမဟုတ်ဘူး။ လုပ်ရိုးလုပ်စဉ်လည်း မရှိဘူး။ လုပ်လေ့လုပ်ထလည်း မရှိဘူး။ ဒီစွပ်စွဲချက်တွေသည် လုပ်ကြံဖန်တီးနေတဲ့ စွပ်စွဲချက်တွေလို့ပဲ ကျနော်ပြောလိုပါတယ်။"

စစ်ရေးပဋိ့ပက္ခကြောင့် ပျက်စီးသွားတဲ့ ဘာသာရေး အဆောက်အဦတွေကို အရင်ကတည်းက ကူညီဆောက်လုပ်ပေးတာတွေ ရှိခဲ့ပြီး အခုလို ပဋိပက္ခ ဖြစ်ပွားချိန်မှာတော့ လုံခြုံရေး အခြေအနေကြောင့် ချွင်းချက်တွေ ရှိနိုင်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

"တချို့နေရာတွေမှာတော့ ဘုန်းကြီးကျောင်းတွေမှာ သင်တန်းတွေပေးနေတာ ရှိတယ်။ ဘုရားကျောင်းတွေမှာ လက်နက်ခဲယမ်း သိုဝှက်ထားတာရှိတယ်။ ဒါတွေကတော့ ကျနော်တို့ သတင်းရရင် မဖြစ်မနေကို ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ငဲ့ညှာ ကာကွယ်ပြီးတော့ ကျနော်တို့ ဝင်ရောက်ပြီး လုံခြုံရေးအရ ဆောင်ရွက်ရတာတွေ ရှိပါတယ်။ အဲလို လုံခြုံရေးအရ ဆောင်ရွက်တဲ့အခါမှာလည်း ကျနော်တို့အနေနဲ့ကတော့ Rules of Engagement ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းတွေအတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်လျက်ရှိကြောင်း ပြောလိုပါတယ်။"

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ် (ကရင်နီ)၊ ရှမ်းပြည်တောင်ပိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေး၊ ပဲခူး၊ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်ထဲက နေရာ ၂၅၀ ကျော်မှာ စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့လို့ လူနေအိမ်ပေါင်း ၉,၁၀၀ ကျော် ပျက်စီးခဲ့တယ်လို့ အရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းထဲမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် နယ်မြေရှင်းလင်းရေးအတွင်း ကျူးလွန်သူမပေါ်တဲ့ မီးရှို့သတ်ဖြတ်ခံရတာတွေကလည်း ရှိနေပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒါဟာ PDF အဖွဲ့တွေရဲ့လက်ချက် ဖြစ်တယ်လို့ ပြောထားသလို ဒေသခံ ကာကွယ်ရေး PDF တွေဘက်ကလည်း စစ်ကောင်စီတပ်တွေရဲ့လက်ချက် ဖြစ်တယ်ဆိုတဲ့ အပြန်အလှန် စွပ်စွဲမှုတွေက ရှိနေတာပါ။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာ ဒေသတွင်း ပဋိပက္ခတွေကြောင့် လူဦးရေ ၅၆၆,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ထုတ်ပြန်ထားပါတယ်။

#MyanmarMilitary #MyanmarMilitaryCoup #မြန်မာစစ်တပ် #စစ်ကောင်စီ #စစ်အာဏာသိမ်း #ဘာသာရေးအဆောက်အဦ #PDF #VOABurmese

Related Readings