မြန်မာ့နိုင်ငံရေးအကျဉ်းသားများအတွက် Blue Shirt Day Campaign တွင် ပါဝင်ကြရန် Burma Campaign - UK တိုက်တွန်းနိုးဆော်

Wed, 20 Apr 2022

   

 

(Blue Shirt Day Campaign) ရှပ်အပြာရောင်နေ့ သို့မဟုတ် အပြာရောင် အဝတ်အစားများကို လာမည့် ဧပြီလ ၂၁ရက်နေ့တွင် ဝတ်ဆင်ခြင်းဖြင့် မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသည့် မြန်မာ့နိုင်ငံရေး အကျဉ်းသားများအ တွက် အသံထုတ်ဖော်ပေးကြရန် Burma Campaign UK က ဧပြီလ ၁၈ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန် တိုက် တွန်းလိုက်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနောက်ပိုင်း မတရားဖမ်းဆီးခံရမှု၊ နှိပ်စက်ခံရမှုနှင့် ပျောက်ဆုံးမှုများ နေ့စဉ်ဖြစ်ပွားနေပြီး လူပေါင်း ၁၃,၀၀၀ ကျော်မှာ အဖမ်းဆီးခံခဲ့ရသလို ၎င်းထဲတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၉,၉၀၀ အကျဉ်းကျခံနေရပြီး ၎င်းတို့အတွက် နိုင်ငံတကာ၏ အာရုံစူးစိုက်မှု ပြန်လည်ရရှိလာစေရေးအတွက် Blue Shirt Campaign တွင် ပါဝင်ကြရန် Burma Campaign UKက ယခုလို တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

အဖွဲ့၏ ပြောခွင့်ရ ဝေနှင်းပွင့်သုန်က “မြန်မာပြည်မှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ ကြောက်စရာ ကောင်း တဲ့ နှိပ်စက်မှု ၊ အနှောင့်အယှက်ခံရမှု နဲ့ ခြိမ်းခြောက်ခံရမှုတွေကို ကြုံတွေ့နေကြရပေမဲ့ နိုင်ငံတကာ အသိုင်း အဝိုင်းအနေနဲ့ ဒီကိစ္စတွေကို ထုတ်ဖော်ပြောရုံလောက်ပဲရှိတယ်။ အဲ့ဒီတက်ကြွလှုပ်ရှားသူတွေဟာ စစ်အာဏာ သိမ်းမှုကို ရဲရဲဝံ့ဝံ့ ရပ်တည်ဆန့်ကျင်ခဲ့တဲ့သူတွေဖြစ်တယ်။ ဒါပေမဲ့ ကမ္ဘာကြီးကတော့ သူတို့နဲ့ ပတ်သက်ပြီး မေ့သွားပုံပေါ်နေပြီး” ဟု သတင်းထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ထို့အပြင် နံနက်ဖြန်တွင် ကျရောက်မည့် Blue Shirt Day တွင် အပြာရောင် ဝတ်စုံများ ဝတ်ဆင်ခြင်းနှင့် ရုပ်ပုံ များကို ဆိုရှယ်မီဒီယာပေါ်တွင် တင်ခြင်းဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားအရေအတွက် ပိုမိုတိုးများ လာ ကြောင်းနှင့် ၎င်းတို့ကို ချက်ချင်းလွှတ်ပေးရမည်ဖြစ်ကြောင်းကို ကမ္ဘာကြီးကို ပြောပြကြရန်လည်း Burma Campaign UK က ဆက်လက်တိုက်တွန်းထားသည်။

Burma Campaign UK အပါအဝင် ကမ္ဘာတလွှားရှိ အခြားသော အဖွဲ့အစည်းများအနေဖြင့် ဧပြီလ ၂၁ရက်နေ့တွင် ပြုလုပ်လေ့ရှိသည့် အဆိုပါ Blue Shirt Day အစီအစဉ်ကို ထောက်ခံအားပေးနေပြီး ၎င်းကိုလည်း မြန်မာပြည် အတွင်းရှိ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများမှ နှစ်စဉ် ကျင်းပလေ့ရှိကြောင်းလည်း သတင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ လတ်တလော စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ပွဲဝင်နေကြသည့် လူငယ်များ ၊ သပိတ်များ၊ သမဂ္ဂများအနေဖြင့် တိုင်းပြည်အပေါ်စစ်တပ်ကျေးဇူး မူးလို့တောင် ရှုစရာမရှိ ခေါင်းစဉ်ဖြင့် ရှပ်အ ပြာရောင်နေ့ ကမ်ပိန်း (Blue Shirt Day Campaign) ကို တတိုင်းပြည်လုံး ပါဝင်သွားကြရန်လည်း အသီးသီး တိုက်တွန်း နိုးဆော်ထားသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့-KHRGမှ ပြောခွင့်ရ စောနန္ဒဆူးကလည်း " စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်တွေ လွှတ်လိုက်တိုင်းမှာ လွတ်မြောက်သင့်တဲ့သူတွေ (နိုင်ငံရေးအကျဉ်းသား)က တခါမှ မပါဘူး။ ဒါကြောင့် လူအများက တိုက်တွန်းနိုးဆော်မှ ဒီကမ်ပိန်းထဲမှာ ဝိုင်းဝန်းပြီးတော့မှ တောင်းဆိုကြဖို့လိုပါတယ်။ ဒါကတော့ ခက်ခဲတဲ့ အရာမဟုတ်ဘူးပေါ့နော်။ မနက်ဖြန်ကျလို့ရှိရင်အပြာရောင်နဲ့သက်ဆိုင်တဲ့အမှတ်အသားတစ်ခုခု သော်လည်းကောင်း၊ ကိုယ်တောင်းဆိုချင်တဲ့ မတရားအဖမ်းဆီးခံရတဲ့သူတွေ လွတ်မြောက်ဖို့အတွက် တင်လိုက်ရုံနဲ့ရတယ်ပေါ့နော်။"ဟု ပြောသည်။

ဧပြီလ ၂၁ ရက်သည် "နိုင်ငံရေးအကျဉ်းသားများ အားလုံး မလွှတ်မချင်း ထောင်အင်္ကျီအပြာရောင် ကိုမချွတ်ဘူး " ဟုကတိပြုခဲ့သည့် သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်း ၈ နှစ်ပြည့်သည့်နေ့ လည်းဖြစ်သည်။

Related Readings