Tue, 05 Mar 2024
တောအူးခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - ထောတထူမြို့နယ်တွင် SAC မှ လူနေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းနှင့် လေကြောင်းဖြင့်တိုက်ခိုက်ခြင်း (၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ နိုဝင်ဘာလအထိ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း တောအူး (တောင်ငူ) ခရိုင်၊ ထောတထူ (ထန်းတပင်) မြို့နယ်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်းကို ဖော်ပြထား သည်။ အဆိုပါလူ့အခွင့်အရေးချိုးဖောက်မှုုများမှာ လူနေအိမ်များ မီးရှို့ဖျက်ဆီးမှု၊ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှု နှင့်လေကြောင်းတိုက်ခိုက်မှုများအစရှိသည်တို့ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၌ ပြည်သူ့ကာကွယ်ရေးတပ်မ တော် (PDF) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့သည် ဒေသအတွင်း သူလျှိုအဖြစ်တာဝန် ထမ်းဆောင်နေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားတစ်ဦးအား သတ်ဖြတ်ခဲ့ပြီးနောက် ထောတထူ မြို့နယ်၊ ဒေးလိုမူနူကျေးရွာအုပ်စုအတွင်း SAC နှင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များတို့ကြား ပဋိပက္ခတင်းမာ မှုများ ပို၍မြင့်လာခဲ့သည်။  ဤကဲ့သို့သတ်ဖြတ်မှုဖြစ်ပွားပြီးနောက်တွင် SAC သည် ကျေးရွာ (၅)ရွာအတွင်းရှိ အနည်း ဆုံး လူနေအိမ်များ (၂၇)လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့အပြင် ကျေးရွာဒေသများတွင်လည်း SAC မှ လက်နက်ကြီးများ ပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုလည်း ပြုလုပ်ခဲ့သည်။ ကျေးရွာများအား ထိုကဲ့သို့ပစ်ခတ်တိုက်ခိုက်သော ကြောင့် ရွာသား(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသား(၁)ဦးအား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လူနေအိမ် (၅)လုံး၊ ဈေးဆိုင် (၁) ဆိုင်နှင့် စိုက်ပျိုးခြံများအား ထိမှန်ပျက်စီးခဲ့သည်။ ထို့အပြင် လက်နက်ကြီးပစ် ခတ်မှုတွင် နွား (၁)ကောင်လည်း ထိမှန်သေဆုံးခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသား (၂)ဦး ထိမှန် ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် (၁)လုံးလည်း ထိမှန်ပျက်စီးခဲ့သည်။ [1]

 

 

ဒေးလိုမူနူကျေးရွာအုပ်စုရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးမှု

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ဒုတိယအပတ်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များသည် တောအူး (တောင်ငူ) ခရိုင်၊ ထောတထူ (ထန်းတပင်) မြို့နယ်၊ ဒေးလိုမူနူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအားလုံးတွင် စစ်ရေးလှုပ်ရှားမှုများ ပို၍လုပ်ဆောင်လာခဲ့သည်။

ဒေသခံရွာသားများ၏ပြောပြချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၃၉)မှ စစ်သားတစ်ဦးဖြစ်သူ မောင်ကျော်ထွန်းသည် ၎င်း၏မိဘရှိရာကျေးရွာသို့ ပြန်လာနေထိုင်ပြီး အရပ်သားတစ်ဦး အနေဖြင့် KNLA နှင့် PDF တို့၏စစ်ရေးလှုပ်ရှားမှုများကို စုံစမ်းထောက်လှမ်းရန်အတွက် အထက်အရာရှိမှ ၎င်းအား အမိန့်ပေးခိုင်းစေခဲ့သည်။ မောင်ကျော်ထွန်း၏မိဘရှိရာကျေးရွာသည် ဒေးလိုမူနူကျေးရွာအုပ်စု၊ အ--- ကျေးရွာဖြစ်သည်။ ဤကိစ္စကို KNLA နှင့် PDF စစ်သားများက သိနေခဲ့ကြသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ရက်နေ့တွင် KNLA နှင့် PDF စစ်သားများသည် မောင်ကျော်ထွန်း၏မိဘအိမ်သို့သွား၍ မောင်ကျော်ထွန်းအား ဖမ်းဆီးခဲ့ပြီး ရွာအပြင်သို့ခေါ် ဆောင်၍ ၎င်းအား သတ်ဖြတ်ခဲ့သည်။ မောင်ကျော်ထွန်း၏မိသားစုများသည် မောင်ကျော်ထွန်းအသတ်ခံရသည့်ကိစ္စကို သိရှိခဲ့ပြီးနောက် ချက်ချင်း SAC ခလရ (၃၉) တပ်စခန်းသို့သွား၍ SAC အား ဖြစ်ကြောင်းကုန်စင်ပြောပြခဲ့သည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ရက်နေ့ မနက် (၆)နာရီတွင် ဒေးလိုမူနူကျေးရွာအုပ်စု၊ လေးမိုင်ကျေးရွာတွင် အခြေစိုက်သော ခလရ (၃၉) တပ်ရင်း အပါအဝင် SAC ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကား (၅)စီးနှင့် အမြောက်ကား (၂)စီးတို့ဖြင့် ဒေးလိုမူနူကျေးရွာအုပ်စု၊ အ---၊ ဘ---နှင့် စ---ကျေးရွာများသို့ စစ်ကြောင်းထိုးလာခဲ့သည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၄ရက်နေ့ မနက် (၁၀)နာရီခန့်တွင် အဆိုပါ SAC ပူးပေါင်းတပ်ဖွဲ့များသည် ဘ---ကျေးရွာရှိ လူနေအိမ် (၄)လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ မီးရှို့ခံရသည့်အိမ်များ၏ပိုင်ရှင်များသည် စောဒ---၊ စောန---၊ စောဖ---နှင့် စောဂ---တို့ဖြစ်ကြသည်။ စက်တင်ဘာလ ၁၄ရက်နေ့တွင်လည်း SAC ပူးပေါင်းတပ်ဖွဲ့များသည် စ---ကျေးရွာရှိ လူနေ အိမ် (၇)လုံးကို မီးရှို့ခဲ့ပြန်သည်။ မီးရှို့ခံရသည့်အိမ်များ၏ပိုင်ရှင်များသည် ကိုဟ---၊ ကိုင---၊ ကိုဇ---၊ ကိုက---၊ ကိုက---၏သမီး၊ ဒေါ်လ---နှင့် ဒေါ်မ---တို့ဖြစ်ကြသည်။ SAC ပူးပေါင်းတပ်ဖွဲ့များမှ အဆိုပါကျေးရွာ (၂)ရွာရှိ ရွာသားအိမ်များ အား မီးရှို့ခဲ့ပြီးနောက် ဘ---ကျေးရွာတွင် (၃)ရက်ကြာ နေထိုင်ခဲ့သည်။ (၃)ရက်မြောက်နေ့ ဖြစ်သော စက်တင်ဘာလ ၁၆ရက်နေ့ မနက် (၆)နာရီတွင် SAC ပူးပေါင်းတပ်ဖွဲ့များသည် ဘ---ကျေးရွာမှ ဆုတ်ခွာလာ၍ ၎င်းတို့တပ်စခန်းသို့ ပြန်သွားခဲ့သည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ရက်နေ့ မွန်းလွဲပိုင်းတွင် KNLA နှင့် PDF စစ်သားများသည် မောင်ကျော်ထွန်း၏ မိဘအိမ်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ဤလုပ်ရပ်ကြောင့် ဒေးလိုမူနူကျေးရွာအုပ်စု အတွင်း ဒေသခံလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် SAC တပ်ဖွဲ့များတို့ကြား ပဋိပက္ခတင်းမာမှုများ ပို၍မြင့် တက်လာခဲ့သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ရက်နေ့တွင် ခလရ (၃၉) တပ်ရင်းအပါအဝင် SAC ပူးပေါင်းတပ်ဖွဲ့များသည် ဒေးလိုမူနူ ကျေးရွာအုပ်စု၊ ည---ကျေးရွာသို့သွားရောက်၍ လူနေအိမ် (၃)လုံးကို မီးရှို့ခဲ့သည်။ မီးရှို့ခံရသည့်အိမ်များ၏ ပိုင်ရှင်များ သည် စောဝ---၊ စောပ---နှင့် စောဗ---တို့ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ရက်နေ့၌ နေ့လယ် (၁း၃၀)မိနစ်တွင် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များသည် ဒေးလိုမူနူ ကျေးရွာအုပ်စု၊ အ---ကျေးရွာနှင့် ည---ကျေးရွာကြားရှိ တစ်နေရာတွင် ဆွဲမိုင်းဖြင့် SAC ပူးပေါင်းတပ်ဖွဲ့များကို တိုက် ခိုက်ခဲ့ပြီးနောက် နှစ်ဖက်တပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ရက်နေ့ ညနေပိုင်းတွင် SAC တပ်ဖွဲ့များသည် ဒေးလိုမူနူကျေးရွာအုပ်စု၊ ဘ---ကျေးရွာရှိ လူနေအိမ် (၉)လုံးနှင့် အ---ကျေးရွာရှိ လူနေအိမ် (၄) လုံးကို မီးရှို့ခဲ့သည်။ ဘ---ကျေးရွာ၌ မီးရှို့ခံရသည့်အိမ်များ၏ပိုင်ရှင်များသည် စောရ---၊ စောဆ---၊ စောတ---၊ စောဥ---၊ မောင်ဌ---၊ နော်ဃ---၊ နော်ဠ---၊ စောသ---နှင့် စောထ---တို့ဖြစ်ကြသည်။ အ---ကျေးရွာ၌ မီးရှို့ခံရသည့်အိမ်များ၏ ပိုင်ရှင်များသည် အအ---၊ ကိုအဘ---၊ ကိုအစ---နှင့် ကိုအဒ---တို့ဖြစ်ကြသည်။

လေးမိုင်ကျေးရွာတွင် အခြေစိုက်သော ခလရ (၃၉) တပ်ရင်းအပါအဝင် SAC ပူးပေါင်းတပ်ဖွဲ့များသည် တိုက်ပွဲဖြစ်ပွား သည်ရှိသော်၊ မရှိသော် KNLA နှင့် PDF စစ်သားများရှိနေနိုင်သည့်နေရာဟု ထင်မြင်ယူဆ၍ ကျေးရွာများအတွင်းနှင့် ဘေးပတ်လည်နေရာများတွင် လက်နက်ကြီးများ မကြာခဏ ပစ်ခတ်လေ့ရှိသည်။ ဤအစီရင်ခံစာကို ရေးသားပြုစု နေစဉ်အတွင်း SAC မှ ထိုဒေသတွင် လေကြောင်းဖြင့်လည်း တိုက်ခိုက်ခဲ့သည်။

ဒေးလိုမူနူကျေးရွာအုပ်စုအတွင်း လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်း

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၉ရက်နေ့ နေ့လယ် (၁)နာရီခန့်တွင် လေးမိုင်ကျေးရွာ၌ အခြေစိုက်သော ခလရ (၃၉) တပ်ရင်းအပါအဝင် SAC ပူးပေါင်းတပ်ဖွဲ့များသည် ဒေးလိုမူနူကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်း လက်နက်ကြီး များ ရမ်းသမ်းပစ်ခတ်ခဲ့သည်။ လက်နက်ကြီးများ ပစ်ခတ်ခံရသည့်ကျေးရွာများသည် အ---၊ ဘ---၊ စ---၊ ည---၊ အဖ---၊ အန---နှင့် အဟ---ကျေးရွာများဖြစ်သည်။ ပစ်ခတ်လိုက်သည့်လက်နက်ကြီးတစ်လုံးသည် စ---ကျေးရွာရှိ ဦးအင---၏ ဈေးဆိုင်တစ်ဆိုင်သို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဆိုင်တစ်လုံးပျက်စီးသွားခဲ့သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ရက်နေ့တွင် SAC တပ်ဖွဲ့များသည် ဒေးလိုမူနူကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်။ ထိုသို့ပစ်ခတ်လိုက်သည့်လက်နက်ကြီးတစ်လုံးသည် အဇ---ကျေးရွာအနီးရှိ လယ်ယာထဲတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ထိုသို့ပေါက်ကွဲသွား၍ လက်နက်ကြီးအစအနများသည် စောအဌ---ပိုင်ဆိုင်သည့်နွားတစ်ကောင်အား ထိမှန်၍သေဆုံးသွားခဲ့သည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ရက်နေ့တွင်လည်း SAC တပ်ဖွဲ့များသည် ဒေးလိုမူနူကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ပြန်သည်။ ပစ်ခတ်လိုက်သည့်လက်နက်ကြီးတစ်လုံးသည် ည---ကျေးရွာရှိ ရွာသားတစ်ဦး၏အိမ်တွင် ကျရောက်ပေါက်ကွဲ၍ အိမ် ခေါင်မိုးပျက်စီးသွားခဲ့သည်။ ထိုအိမ်သည် အက---၏အိမ်ဖြစ်သည်။ ထိုသို့ပေါက်သွားသည့် လက်နက်ကြီး၏အစအန များသည် နီးစပ်ရာ အခြားအိမ် (၃)လုံးကိုလည်း ထိမှန်ပျက်စီးခဲ့သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၇ရက်နေ့တွင် SAC တပ်ဖွဲ့များသည် ဒေးလိုမူနူကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်။ ထိုသို့ပစ်ခတ်လိုက်သည့်လက်နက်ကြီးတစ်လုံးသည် အဖ---ကျေးရွာအနီးရှိ ရွာသားတစ်ဦးပိုင် ဆိုင်သည့်ရော်ဘာခြံထဲတွင် ကျရောက်ပေါက်ကွဲ၍ ရော်ဘာပင်များ ပျက်စီးသွားခဲ့သည်။ ဤလက်နက်ကြီးပစ်ခတ်မှု တွင် ကျေးရွာရှိရွာသားများအား ထိမှန်ဒဏ်ရာရရှိခြင်းမရှိခဲ့ပေ။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၇ရက်နေ့ ည (၉း၀၄)မိနစ်တွင်လည်း လေးမိုင်တပ်စခန်းနှင့် (၇)မိုင်တပ်စခန်းတွင် အခြေစိုက် သော SAC ပူးပေါင်းတပ်ရင်းများသည် ဒေးလိုမူနူကျေးရွာအုပ်စု၊ အဃ---ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်။ လက်နက်ကြီးများသည် ရွာသားတစ်ဦးပိုင်ဆိုင်သည့်ရော်ဘာခြံထဲတွင် ကျရောက်ပေါက်ကွဲ၍ ရော်ဘာပင်များ ပျက်စီးခဲ့သည်။ လက်နက်ကြီးတစ်လုံး၏အစအနများသည် အသက် (၃၄)နှစ်အရွယ် နော်အင---၏ အိမ်ကို ထိမှန်ပျက်စီးခဲ့ပြီး သူမကိုလည်း ထိမှန်၍ သူမ၏လက်တံတောင်ဆစ်တွင် ဒဏ်ရာရရှိခဲ့သည်။

ဒေးလိုမူနူကျေးရွာအုပ်စုအတွင်းဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၇ရက်နေ့ ညနေ (၃း၁၇)မိနစ်တွင် SAC သည် ဒေးလိုမူနူကျေးရွာအုပ်စုရှိ အဟ--- ကျေးရွာ တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ထိုလေကြောင်းတိုက်ခိုက်မှုတွင် ရွာသား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။ တစ်ဦးမှာ ဆိုးဆိုးရွားရွားဒဏ်ရာရရှိခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားတစ်ဦး၏အိမ်တစ်လုံး လည်းထိမှန်ပျက်စီးခဲ့သည်။    

Tue, 05 Mar 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြ ထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ် အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်