Wed, 14 Feb 2024
တောအူးခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - ဒေါ်ဖားခိုမြို့နယ်တွင် SAC လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားနှစ်ဦးသေဆုံး၍ ကလေးသုံးဦး ဒဏ်ရာရရှိခဲ့ပြီး ရွာသားများ၏အိုးအိမ်ပိုင်ဆိုင်မှုများလည်း ထိခိုက်ပျက်စီး (၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း တောအူး (တောင်ငူ) ခရိုင်၊ ဒေါ်ဖားခို (သံတောင်ကြီး)မြို့နယ်တွင် ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုအကြောင်းကို ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်၊ စက် တင်ဘာလ ၁၀ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ဒေါ်ဖားခိုမြို့နယ်၊ ထီးသာစောကျေးရွာအုပ်စု၊ အ---ကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှု (၂)ကြိမ်ပြုလုပ်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုများကြောင့် အသက် (၁၂) အရွယ်ကလေးတစ်ဦးအပါအဝင် ရွာသား (၂)ဦးသေဆုံးခဲ့ပြီး အခြားရွာသား (၃)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုရားကျောင်း၊ စာသင်ကျောင်း၊ လူနေအိမ်များနှင့် စိုက်ခင်းခြံများအပါအဝင် ရွာသားများ၏ပိုင်ဆိုင်မှုပစ္စည်းများလည်း ထိခိုက်ပျက်စီးခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံရွာသားများ ကြောက်ရွံ့ကြ၍ လုံခြုံသောနေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ရွာသားများသည် တိမ်းရှောင်နေရစဉ်အတွင်း အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။ ယခုအချိန်တွင် ရွာသားများသည် ၎င်းတို့ရွာသို့ ပြန်လာနေထိုင်ကြပြီးဖြစ်သော်လည်း အနာဂတ်တွင် SAC မှ ၎င်းတို့ရွာတွင် လေကြောင်းတိုက်ခိုက်မှုများ နောက်ထပ်ပြုလုပ်မည်ကို စိုးရိမ်ကြောက်ရွံ့နေကြ သည်။ [1]

 

 

ထီးသာစောကျေးရွာအုပ်စုအား SAC မှ လေကြောင်းဖြင့်တိုက်ခိုက်ခြင်း

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၀ရက်နေ့ နေ့လယ် ၁၂း၂၀ မိနစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဂျက် လေယာဉ်တစ်စီးသည် တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ ထီးသာစောကျေးရွာအုပ်စု၊ အ---ကျေးရွာတွင် ပျံဝဲလာခဲ့သည်။ ပထမအကြိမ်တွင် SAC ဂျက်လေယာဉ်တစ်စီးသည် အ---ကျေးရွာ အနောက်ဖက်ရှိ အပေါ်ကုန်းကို ဗုံးကြဲခဲ့သည်။ ဗုံး တစ်လုံးမှာ အ---ကျေးရွာအပေါ်ကုန်းရှိ ဘုရားကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုရားကျောင်းခေါင်းလောင်း စင်၏သွပ်မိုးနှင့်မှန်နှစ်ချပ်ကို ထိမှန်ပျက်စီးခဲ့သည်။

ထိုနေ့နောက်ပိုင်း ဒုတိယအကြိမ်တွင် SAC ရဟတ်ယာဉ်တစ်စီးသည် အ---ကျေးရွာအရှ့ဖက်ရှိ ရွာအောက်ကုန်းကို ဗုံးကြဲ၍ စက်သေနတ်ဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အ---ကျေးရွာရှိ လူနေအိမ် (၁၅)လုံး ထိခိုက်ပျက်စီးခဲ့သည်။ ဘုရားကျောင်း၏နံရံကိုလည်း ပို၍ထိမှန်ပျက်စီးခဲ့သည်။ ကျေးရွာစာသင်ကျောင်း၏ နံရံလည်း ထိမှန်ပျက်စီးခဲ့သည်။ ထိမှန်ပျက်စီးသွားသည့် လူနေအိမ် (၁၅)လုံးထဲတွင် အိမ်တစ်လုံးမှာ ဗုံးသီးနှင့် စက်သေ နတ်ကျည်များဖြင့် ထိမှန်ပျက်စီးခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုအိမ်ထဲတွင် နေထိုင်ကြသော အမျိုးသမီး တစ်ဦးဖြစ်သူ နော်ဟ---၊ သူမ၏ကလေး (၃)ဦးနှင့် တူလေးတစ်ဦးတို့အား ထိမှန်ခဲ့သည်။ (အခင်းဖြစ်ပွားစဉ်အတွင်း နော်ဟ---၏အမျိုးသားသည် ရွာပြင်သို့ရောက်ရှိနေပြီး အိမ်ထဲတွင် မရှိပါ။) နော်ဟ---၏တူလေးဖြစ်သူ စောဘ---၏ ဦးခေါင်းအနောက်ဖက်တွင် ဗုံးအစအနများ ထိမှန်၍ ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်။ စောဘ---သည် အသက် (၁၂)နှစ်သာ ရှိသေးသည်။ ကျန်ရှိသော မိသားစုဝင် (၄)ဦးမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့သည်။ နော်ဟ--- (အသက် ၄၅နှစ်)ကို ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး (သူမ၏ဒဏ်ရာသည် ပြင်းထန်သောကြောင့်) ဆေးရုံတွင်သာ သေဆုံးခဲ့သည်။ သူမ၏ ကလေး (၃)ဦးမှာ စောစ--- (အသက် ၁၄နှစ်)၊ စောဒ--- (အသက် ၉နှစ်)နှင့် နော်ဖ--- (အသက် ၁၂နှစ်)တို့ဖြစ်ကြသည်။ စောစ---သည် ဝမ်းဗိုက်တွင် ဒဏ်ရာရရှိခဲ့သည်။ စောဒ---သည် ၎င်းခြေထောက်တွင် ကျည်စထိမှန်၍ ဒဏ်ရာရရှိခဲ့ သည်။ နော်ဖ---သည် သူမ၏ပုခုံးတွင် ကျည်စထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် နော်ဟ---၏အိမ်သည် ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးခဲ့သည်။ အဆိုပါအိမ်၏သွပ်မိုးနှင့် နံရံသစ်ပြားများပျက်စီးခဲ့သည်။ ထိခိုက်ပျက်စီးမှုကြောင့် ရွာသားများသည် အဆိုပါအိမ်တွင် နေထိုင်၍မရနိုင်တော့ပေ။ လေကြောင်းတိုက်ခိုက်မှု ကြောင့် အ---ကျေးရွာရှိ ရွာသားများပိုင်ဆိုင်သည့် ကွမ်းသီးပင်များ၊ ဖလာပင်များနှင့် အုန်းပင်များကိုလည်း ထိမှန်ပျက်စီးခဲ့သည်။

ဒေသခံရွာသားများသည် ကြောက်လန့်ကြပြီး မိမိလုံခြုံရေးအတွက် တောတောင်နှင့် ၎င်းတို့၏ဥယာဉ်ခြံများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားသည့်အချိန်တွင် တစ်ချို့သက်ကြီးရွယ်အိုများသည် မပြေးနိုင်ဘဲ အိမ်ထဲတွင်သာ ကျန်ရစ်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးများသည်လည်း ကျောင်းမတက် နိုင်တော့ဘဲ ၎င်းတို့မိဘများနှင့်အတူ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ နှစ်ပတ်ကြာပြီးနောက် ရွာသားများ သည် ၎င်းတို့၏ရွာသို့ ပြန်လာနေထိုင်ခဲ့သည်။ ရွာသို့ပြန်လာပြီးနောက် တစ်ချို့ကလေးများသည် ကျောင်းပြန်တက်ကြ ပြီး လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုဖြစ်ပွားမည်ကို ကြောက်ရွံ့ကြသောကြောင့် ကျောင်းပြန်မတက် သည့်အချို့ကလေးများလည်းရှိသည်။ တစ်ချို့ရွာသားများသည် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေစဉ်အတွင်း ရာသီတုပ်ကွေးရောဂါကူးစက်မှုကိုလည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

SAC မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်သည့်အချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်သားအချို့လည်း အ---ကျေးရွာတွင် ရှိနေခဲ့သည်။ အဆိုပါ PDF စစ်သားများသည် ထီးသာစောကျေးရွာအုပ်စုရှိ ယာဒိုကျေးရွာတွင် တိုက်ပွဲ ဝင်ပြီးနောက် အ---ကျေးရွာသို့ ပြန်လာကြသော PDF များဖြစ်ကြသည်။ အ---ကျေးရွာတွင် တိုက်ပွဲများ မဖြစ်ပွားခဲ့ပါ။ သို့သော်လည်း SAC သည် အ---ကျေးရွာကို လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဒေသခံရွာသားများသည် ၎င်းတို့ရွာသို့ ပြန်လာနေထိုင်ကြပြီးဖြစ်သည်။ သို့သော်လည်း SAC မှ ၎င်းတို့ရွာတွင် နောက် တဖန် လေကြောင်းတိုက်ခိုက်မှု သို့မဟုတ် လက်နက်ကြီးပစ်ခတ်မှုများ ထပ်မံပြုလုပ်မည်ကို ရွာသားများက ကြောက်ရွံ့ နေကြဆဲဖြစ်သည်။ SAC တပ်ဖွဲ့များအနေဖြင့် အ---ကျေးရွာအား ပစ်ခတ်တိုက်ခိုက်သည့်လုပ်ရပ်များ ထမ်မံမပြုလုပ် ကြရန် ရွာသားများက တောင်းဆိုကြသည်။

Wed, 14 Feb 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်