Tue, 15 Aug 2023
တောအူးခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - ဒေါ်ဖားခိုမြို့နယ်တွင်ဖြစ်ပွား ခဲ့သည့် လေကြောင်းပစ်ခတ်မှု၊ နေရပ်ရွှေ့ပြောင်းခံရမှုနှင့် အရပ်သားအိုးအိမ် ပိုင်ဆိုင်မှုများပျက်စီးခြင်း (၂၀၂၃ခုနှစ်၊ ဇူလှိုင်လ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၃ခုနှစ်၊ ဇူလှိုင်လအတွင်း တောအူး (တောင်ငူ)ခရိုင်၊ ဒေါ်ဖားခို (သံတောင် ကြီး)မြို့နယ်တွင် ဖြစ်ပွားခဲ့သည့်အဖြစ်အပျက်များကို ဖော်ပြထားသည်။  ၂၀၂၃ခုနှစ်၊ ဇူလှိုင်လတွင် နိုင်ငံတော်စီမံအုပ် ချုုပ်ရေးကောင်စီ (SAC) မှ ဒေါ်ဖားခိုမြို့နယ်၊ ထီးသာစောကျေးရွာအုပ်စုရှိ ကျေးရွာနှစ်ရွာတွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူနေအိမ်ခြောက်လုံး၊ ဘာသာရေးအဆောက်အဦးနှစ် လုံးနှင့် စပါးကျီတစ်လုံးပျက်စီးခဲ့သည်။ ထီးသာစောကျေးရွာအုပ်စုတွင် နေထိုင်ကြသည့်ရွာသားများနှစ်ထောင်ကျော် သည် အသက်လုံခြုံရေးအတွက် ၎င်းတို့ရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ အဆိုပါတိမ်းရှောင်နေရသည့်ရွာသားများ အတွက် စားစရာများ၊ နေရာထိုင်ခင်းများနှင့် ဆေးဝါးပစ္စည်းများ အရေးပေါ်လိုအပ်နေပါသည်။ [1]

 

 

က---ရွာတွင်ဖြစ်ပွားခဲ့သည့်လေကြောင်းပစ်ခတ်မှု

၂၀၂၃ခုနှစ်၊ ဇူလှိုင်လ ၁၈ရက်နေ့ မနက် (၁၀)နာရီဝန်းကျင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဂျက်လေ ယာဉ်နှစ်စီးသည် ဒေါ်ဖားခိုမြို့နယ်၊ ထီးသာစောကျေးရွာအုပ်စု၊ က---ကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပစ်ခတ်ခဲ့သည်။ ဤလေကြောင်းပစ်ခတ်မှုတွင် အရပ်သားနေအိမ်လေးလုံးနှင့် ဘုရားကျောင်းတစ်ကျောင်း ထိခိုက် ပျက်စီးခဲ့သည်။ က---ရွာတွင် ခန့်မှန်းချေ အိမ်ခြေပေါင်း (၁၂၀)ခန့်ရှိသည်။ လေကြောင်းပစ်ခတ်မှုကြောင့် ရွာသားများ ထိခိုက်ဒဏ်ရာရခြင်းနှင့်သေဆုံးခြင်းများ မရှိခဲ့ပေ။ အကြောင်းမှာ လေကြောင်းပစ်ခတ်မှုဖြစ်ပွားနေစဉ်အတွင်း ရွာသား များသည် ၎င်းတို့ရွာမှ ထွက်ပြေးတိမ်းရှောင်နေခဲ့ခြင်းဖြစ်သည်။ ထီးသာစောကျေးရွာအုပ်စုတွင်းရှိ က---ရွာနှင့် နီးစပ်ရာ ကျေးရွာများတွင် နေထိုင်ကြသည့်ရွာသားများနှစ်ထောင်ကျော်သည် SAC ၏လေကြောင်းပစ်ခတ်မှုကို ကြောက်ရွံ့သော ကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ တစ်ချို့ရွာသားများသည် ဒေါ်ဖားခိုမြို့နယ်၊ သောက်ရေခပ်ဒေသသို့ တိမ်း ရှောင်ခဲ့ပြီး တစ်ချို့သောရွာသားများမှာ တောင်ငူမြို့သို့ တိမ်းရှောင်ခဲ့ရသည်။ ဒေါ်ဖားခိုမြို့နယ်မှ ဒေသခံရွာသားတစ်ဦး ၏ပြောပြချက်အရ လေကြောင်းပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေစဉ်အတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီး လေးဦးသည် ၎င်းတို့၏ရင်သွေးများကို မွေးဖွားခဲ့ရသည်။

ခ---ကျေးရွာတွင်ဖြစ်ပွားခဲ့သည့်လေကြောင်းပစ်ခတ်မှု

၂၀၂၃ခုနှစ်၊ ဇူလှိုင်လ ၂၂ရက်နေ့တွင် SAC လေယာဉ်နှစ်စီးသည် ဒေါ်ဖားခိုမြို့နယ်၊ ထီးသာစောကျေးရွာအုပ်စု၊ က---ကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ်ပစ်ခတ်ခဲ့သည်။ ထိုလေကြောင်းပစ်ခတ်မှုကြောင့် ရိုမန်ကတ်သလစ် သီလရှင်ကျောင်းတစ်ကျောင်း၊ ရွာသားများပိုင်ဆိုင်သည့်စပါးကျီတစ်ခုနှင့် လူနေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့သည်။ SAC လေယာဉ်မှ ပစ်ချလိုက်သည့်ဗုံးနှစ်လုံးသည် ရိုမန်ကတ်သလစ်သီလရှင်ကျောင်းတွင်ကျရောက်ပေါက်ကွဲသွား၍ လုံးဝ ပျက်စီးသွားခဲ့သည်။ တဖန် ၂၀၂၃ခုနှစ်၊ ဇူလှိုင်လ ၂၃ရက်နေ့ နေ့လယ်နှစ်နာရီဝန်းကျင်တွင် SAC လေယာဉ်သုံးစီးသည် ထီးသာစောကျေးရွာအုပ်စု၊ ခ---ကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှု (၁၃)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်။ ဤလေ ကြောင်းပစ်ခတ်မှုတွင် အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်းနှင့်သေဆုံးခြင်းများ မရှိခဲ့ပေ။ သို့သော်လည်း အရပ်သားများ ၏အိုးအိမ်ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးခဲ့သည်။ ထို့အပြင် လေကြောင်းပစ်ခတ်မှုကြောင့် ရွာသားများပိုင်ဆိုင်သည့် ခွေး၊ ကြက်နှင့်ဘဲအစရှိသည့်တိရိစ္ဆာန်များကို ထိမှန်ပြီးသေဆုံးခြင်းများရှိခဲ့သည်။ ခ---ရွာသည် က---ရွာနှင့် ၁.၅ကီလိုမီ တာခန့်သာကွာဝေးသည်။ ထို့ကြောင့် ခ---ရွာသားများသည် ဇူလှိုင်လ ၁၈ရက်နေ့တွင် က---ရွာတွင်ဖြစ်ပွားခဲ့သည့် လေကြောင်းပစ်ခတ်မှုကြောင့် ၎င်းတို့ရွာမှ ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီးဖြစ်သည်။ လေကြောင်းပစ်ခတ်မှု၏ အန္တရာယ်ကို ကြောက်ရွံ့သောကြောင့် ထီးသာစောကျေးရွာအုပ်စုရှိ ခ---ရွာနှင့်နီးစပ်ရာအခြားသောရွာလေးရွာတွင် နေထိုင်ကြသည့်ရွာသားများသည် အသက်လုံခြုံရေးအတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထွက်ပြေးတိမ်းရှောင်နေသည့်ရွာသားများ၏အခြေအနေ

၂၀၂၃ခုနှစ်၊ သြဂုတ်လဝက်အထိ က---ရွာနှင့်ခ---ရွာမှ ထွက်ပြေးတိမ်းရှောင်ရသည့်ရွာသားများသည် ၎င်းတို့ရွာသို့ ပြန်လာနေထိုင်၍မရသေးဘဲ ရှိနေသည်။ အဆိုပါရွာသားများအတွက် စားစရာ၊ နေရာထိုင်ခင်းများနှင့် ဆေးဝါးပစ္စည်း များ အရေးပေါ်လိုအပ်နေပါသည်။ လက်ရှိအခြေအနေတွင် လူထုအခြေပြုအဖွဲ့အစည်း (၃)ဖွဲ့သည် (တောင်ငူမြို့တွင် ထွက်ပြေးတိမ်းရှောင်နေသည့်) ရွာသားများကို ထောက်ပံ့မှုများအနည်းငယ် ကူညီပေးခဲ့သည်။ ထိုလူထုအခြေပြုအဖွဲ့ အစည်း (၃)ဖွဲ့မှာ ဒေသခံလူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်း၊ ဘာသာရေးအဖွဲ့အစည်းနှင့် အမျိုးသမီးရေး ရာအဖွဲ့အစည်းများဖြစ်ကြသည်။ (လုံခြုံရေးအခြေအနေကြောင့် ထိုအဖွဲ့အစည်းများ၏နာမည်များကို မဖော်ပြပါ။) အဆိုပါအဖွဲ့အစည်းများသည် ရွာသားများအတွက် စားနပ်ရိက္ခာ (ဆန်) နှင့် ငွေကြေးအချို့ ကူညီထောက်ပံ့ခဲ့သည်။ သို့သော်လည်း ဒေါ်ဖားခိုမြို့နယ်မှ ဒေသခံရွာသားတစ်ဦး၏ပြောပြချက်အရ ရွာသားများလက်ခံရရှိသည့် ကူညီထောက် ပံ့မှုသည် ရေရှည်တွင် လုံလောက်မှုရှိမည်မဟုတ်ပါ။ လေကြောင်းပစ်ခတ်မှုပြီးနောက်တွင် SAC သည် လက်နက်များ၊ စစ်အင်အားများနှင့်အတူ က---ရွာနှင့်ခ---ရွာထဲသို့ ဝင်ရောက်လာပြီး ယာယီအခြေစိုက်နေထိုင်ခဲ့သည်။ SAC စစ်သား များသည် ကျေးရွာတွင် အခြေစိုက်နေထိုင်စဉ်အတွင်း ရွာသားများပိုင်ဆိုင်သည့်ဆန်နှင့်ပစ္စည်းများကို လုယူစားသောက် ခဲ့သည်။ ထိုသို့သောအခြေအနေကြောင့် တိမ်းရှောင်နေရသည့်ရွာသားများသည် ၎င်းတို့ရွာသို့ မပြန်လာရဲဘဲရှိနေသည်။

Tue, 15 Aug 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ ဇူလှိုင်လတွင် ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ဝန်ထမ်းတစ်ဦးမှ ရယူခဲ့သောအကြောင်းအရာ၌ အခြေခံပြု ပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ် အတွင်း ရေးသားထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်