Wed, 24 Jan 2024
ဒူးသထူခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ကျိုက်ထိုမြို့နယ်တွင် SAC မှ ရွာသားတစ်ဦးအား ဖမ်းဆီးပြီး ညှဉ်းပမ်းနှိပ်စက်၍သတ်ဖြတ် (၂၀၂၃ ခုနှစ်၊ ဇူလိုင်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ဒူးသထူ (သထုံ) ခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ဖြစ်ပွားခဲ့သည့်လူ့အခွင့်အရေးချိုး ဖောက်မှုကို ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ရက်နေ့တွင် စောအ---သည် ဆိုင်ကယ်ပေါ်တွင်ရှိနေစဉ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားတစ်ဦးစီးနှင်းလာသော ဆိုင်ကယ်တစ်စီးနှင့် မတော်တဆညှိ၍ လဲကျသွားသည်။ ထို့နောက် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၂၀၇)မှ SAC စစ်သားများသည် စောအ---အား ဖမ်းဆီး၍ အမြောက်တပ် (၃၁၀)တပ်စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ခမရ (၂၀၇) သည် ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သိမ် ဇရပ်မြို့တွင် အခြေစိုက်သည်။ စောအ---သည် ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် ၎င်း၏အိမ်သို့ ဘယ်တော့မှ မပြန်လာနိုင် ခဲ့ပေ။ စောအ---၏ မိသားစုသည် စိုးရိမ်လာ၍ ၎င်းအား ရှာဖွေခဲ့သည်။ နောက်တစ်နေ့တွင် မိခင်ဖြစ်သူသည် သိမ်ဇရပ် ပြည်သူ့ဆေးရုံတွင် စောအ---သေဆုံးနေကြောင်း သိရှိခဲ့ရသည်။ ဆေးရုံသို့လိုက်သွားကြည့်ရာတွင် စောအ---၏ရုပ်အ လောင်းမှာ ညိုမဲပြီး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ၎င်း၏မိခင်ဖြစ်သူမှ မြင်တွေ့ခဲ့ရသည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

ရွာသားတစ်ဦးအား မတရားဖမ်းဆီးပြီး သတ်ဖြတ်ခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သိမ်းဇရပ်မြို့

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောအ---

အသက်

၂၅ နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်လူမျိုး

အိမ်ထောင် ရှိ/မရှိ   

အိမ်ထောင်ရှိ

အလုပ်အကိုင်

ဈေးရောင်း

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

ကျိုက်ထိုမြို့နယ်၊ ဆောတုခီးကျေးရွာအုပ်စု၊ ဘ---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

တပ်မ (၄၄) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၂၀၇)

မသိရှိရ

မသိရှိရ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

KHRG ကွင်းဆင်းလုပ်သားတစ်ဦးသည် ဤဖြစ်စဉ်နှင့်ပတ်သက်သော သတင်းအကြောင်းအရာများကို ဘ---ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးထံမှ သိရှိခဲ့ရသည်။ ထို့နောက် KHRG ကွင်းဆင်းလုပ်သားသည် စောအ---၏အိမ်သို့သွားရောက် ၍ ၎င်း၏ဇနီးနှင့်မိခင်တို့အား တွေ့ဆုံပြီး အင်တာဗျူးလုပ်ခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းကို မျှဝေပြောပြသောသူသည် စောအ---၏မိခင်ဖြစ်သည်။ သူမသည် စောအ---၏ရုပ်အလောင်းကို ကိုယ် တိုင်မြင်တွေ့ခဲ့ရပြီး ၎င်းအား မြေမြှုပ်သင်္ဂြိုဟ်ပေးရန် စီစဉ်ပေးခဲ့သူလည်းဖြစ်သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

 

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ရက်နေ့ မနက် (၇)နာရီဝန်းကျင်တွင် စောအ---သည် ၎င်း၏ဆိုင်မှ ကုန်ပစ္စည်းများပြတ်လပ် နေပြီးဖြစ်၍ ကုန်ပစ္စည်းများဝယ်ယူရန်အတွက် ဆိုင်ကယ်တစ်စီးဖြင့် ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့သို့ သွားခဲ့သည်။ မနက် (၁၁)နာရီခန့်တွင် ဈေးဝယ်ပြီးနောက် စောအ---သည် ကုန်ပစ္စည်းများအား စုဆောင်းကာ ဆိုင်ကယ် ပေါ်တွင်တင်ရန်ပြင်ဆင်နေချိန်တွင် သူ၏ဆိုင်ကယ်သည် အရပ်သားအဝတ်အစားဖြင့် ခရီးသွားလာသော နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားတစ်ဦး၏ဆိုင်ကယ်နှင့်ညှိပြီး လဲကျသွားသည်။ ဤကိစ္စကိုဖြေရှင်းပေးရန်အတွက် စောအ---သည် ထို SAC စစ်သား၏ဆိုင်ကယ်ကို ဆိုင်ကယ်ပြင်ဆိုင်သို့ပို့၍ ပြုပြင်ပေးခဲ့ပြီး ပြေလည်မှုရရှိခဲ့သည်။ ဆိုင်ကယ်ပြင်ပေးပြီးနောက် အဆိုပါ SAC စစ်သားသည် မပြန်ခင်အချိန်တွင် (တစ်စုံတစ်ဦးကို) ဖုန်းဖြင့်ဆယ်သွယ် ခဲ့သည်။ ဖုန်းခေါ်ဆိုပြီးနောက် ခဏကြာမှပြန်သွားခဲ့သည်။ (၁၀)မိနစ်ခန့်အကြာတွင် အဆိုပါ SAC စစ်သားသည် စစ်သားယူနီဖောင်းဖြင့် ၎င်း၏အဖော်စစ်သားအချို့နှင့်အတူ စောအ---ဆီသို့ ပြန်လာခဲ့သည်။ (ဆိုင်တွင်ဈေးရောင်း နေသည့် ဈေးသည်တစ်ဦး၏ပြောပြချက်အရ) SAC စစ်သားများသည် စောအ---အား ၎င်းတို့နောက်သို့ ခဏလိုက်ခဲ့ပါဟု ပြော၍ အမြောက်တပ် (၃၁၀) တပ်စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ စောအ--- သည် ဆိုင်ကယ်ပေါ်တွင်တင်ဆောင် ထားသောကုန်ပစ္စည်းများကို အနီးအနားဈေးဆိုင်တွင်ထားခဲ့ပြီး ၎င်းတို့နောက်သို့ လိုက်ပါသွားခဲ့သည်။ ထိုနေ့တွင် မိုးချုပ်သည့်အထိ စောအ---သည် အိမ်မပြန်လာသောကြောင့် ၎င်း၏ဇနီးသည် နီးစပ်ရာတွင်လိုက်စုံစမ်းခဲ့ သည်။ သို့သော်လည်း စောအ---၏သတင်း အစအနကိုမရရှိခဲ့ပေ။

 

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့ မနက်ပိုင်းတွင် စောအ---၏မိခင်သည် သိမ်ဇရပ်မြို့သို့သွား၍ စောအ---အား လိုက် လံရှာဖွေခဲ့သည်။ ထို့နောက် မိခင်ဖြစ်သူသည် စောအ---ဝယ်နေကျကုန်စုံဆိုင်၏ဈေးသည်တစ်ဦးအား အကျိုးအ ကြောင်းမေးမြန်းရာတွင် သူမ၏သားကို အမြောက်တပ် (၃၁၀) တပ်စခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိခဲ့ရသည်။ ထို့ကြောင့် သူမသည် အမြောက်တပ် (၃၁၀)တပ်စခန်းသို့ သွား၍မေးမြန်းစုံစမ်းခဲ့သည်။ သို့သော်လည်း စောအ---၏ သတင်းအစအနကို မရရှိခဲ့ပေ။ အကြောင်းမှာ (အမြောက်တပ်စခန်းမှ SAC စစ်သားများသည်) ဘာမျှမသိဘူးဟုသာ သူမအား ပြန်လည်ပြောခဲ့ခြင်းဖြစ်သည်။ (ထို့နောက် သူမသည် ရဲစခန်းသို့ သွားရောက်စုံစမ်းခဲ့သည်။)

 

(ရဲစခန်းတွင်) စောအ---၏မိခင်သည် သိမ်ဇရပ်ပြည်သူ့ဆေးရုံတွင် ပိုင်ရှင်မဲ့အလောင်းတစ်လောင်းရှိသည်ဟု သတင်းကြားခဲ့ပြီး ဆေးရုံသို့ လိုက်သွားကြည့်ခဲ့သည်။ သူမသည် ဆေးရုံတွင် စောအ---၏အလောင်းကို တွေ့ရှိခဲ့သည်။ စောအ---၏အလောင်းသည် ညိုမဲပြီး ဒဏ်ရာများဖြင့်သေဆုံးနေကြောင်း တွေ့ရှိခဲ့သည်။ စောအ---၏အဝတ်အစား မှာလည်း စုတ်ပြဲနေသည်။ မိခင်ဖြစ်သူမှာ စောအ---၏အလောင်းကို အိမ်သို့ပြန်သယ်လာရန် စီစဉ်နေသည့်အချိန်တွင် သိမ်ဇရပ်ရဲစခန်းမှ စခန်းမှူးသည် စောအ---၏အလောင်းကို ဆေးရုံတွင်သင်္ဂြိုဟ်၍ရကြောင်း သို့မဟုတ် ရွာသို့ပြန် သယ်ယူလိုလျှင်လည်း ပြန်သယ်ယူ၍ရကြောင်း စောအ---၏မိခင်အား အသိပေးပြောပြခဲ့သည်။

 

 

ထို့နောက် သိမ်ဇရပ်ရဲစခန်းမှ ရဲများကလည်း စောအ---သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အား ထောက်ပံ့ပေး နေသူတစ်ဦးဖြစ်ကြောင်း စွပ်စွဲ၍ပြောကြားခဲ့သည်။ စောအ---သည် သာမန်ရွာသားတစ်ဦးသာဖြစ်ပြီး ကုန်စုံဆိုင်ငယ် လေးတစ်ဆိုင်ဖွင့်၍ စားဝတ်နေရေးအတွက် ရုန်းကန်နေရသူတစ်ဦးဖြစ်သည်။ စောအ---မှာ ကလေးနှစ်ဦးရှိပြီး အငယ် ဆုံးကလေးသည် (၃)လသာရှိသေးသည်။ (အငယ်ဆုံးကလေးသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် (၃)လရှိပြီးဖြစ်သည်။) စောအ--- သေဆုံးသွားခဲ့ပြီးသော်လည်း ၎င်း၏ဇနီးမှာ တတိယမြောက်ကိုယ်ဝန်လွယ်ထားနေရပြီးဖြစ်ကြောင်း စောအ---အနေဖြင့် မသိရှိခဲ့ရပေ။ (တတိယမြောက်ကလေးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် မွေးဖွားခဲ့သည်။) SAC ရဲမှူးသည် စောအ---၏သေဆုံးမှုအတွက် နစ်နာကြေးအဖြစ် စောအ---၏မိခင်အား ငွေကျပ် (၂၀၀,၀၀၀) ပေးဆောင်ခဲ့သည်။ မိခင် ဖြစ်သူသည် မယူချင်သော်လည်း တစ်ခုခုဖြစ်မည်ကို စိုးရိမ်ကြောက်သည့်အတွက်ကြောင့် ထိုငွေကျပ် (၂၀၀၀၀၀)အား လက်ခံယူခဲ့ရသည်။ ထိုနေ့တွင် စောအ---၏ရုပ်အလောင်းအား ဆေးရုံတွင်သာ  သင်္ဂြိုဟ် ရန် သဘောတူခဲ့သည်။ သိမ်ဇရပ်မြို့မှ ဒေသခံ SAC ရဲမှူးများသည် စောအ---အား ဇီးပြောင်းရွာသားတစ်ဦးဖြစ်ပြီး PDF အား ထောက်ပံ့ပေးသူ တစ်ဦးဖြစ်ကြောင်း လုပ်ကြံ၍စွပ်စွဲခဲ့သည်။ (ထိုအတွက်ကြောင့်) သိမ်ဇရပ်ပြည်သူ့ဆေးရုံမှ စောအ---အား (၁) ဇီးပြောင်းရွာသားတစ်ဦးအဖြစ် ဆေးမှတ်တမ်းတွင် ရေးမှတ်ခဲ့သည်။      

 

စောအ---၏မိခင်သည်  စောအ--- ကုန်ပစ္စည်းများဝယ်နေကျဆိုင်မှ ဈေးသည်တစ်ဦးအား မေးမြန်းစုံစမ်းရာတွင် (SAC စစ်သားများမှ စောအ---အား ခေါ်ဆောင်သွားသည့်အချိန်တွင်) စောအ---မှာ ဖုန်းတစ်လုံးနှင့် ငွေကျပ် (၆) သိန်း၊ (၇) သိန်းဝန်းကျင်ပါသွားသည်ဟု ထိုဈေးသည်ထံမှ သိရှိခဲ့ရသည်။

 

ဤဖြစ်စဉ်နှင့်ပတ်သက်၍ စောအ---၏မိခင်သည် ဆေးရုံမှတာဝန်ရှိသူများကို ထပ်ပြီးမေးမြန်းစုံစမ်းရာတွင် ဆေးရုံမှ သူမ၏သားသေဆုံးမှုနှင့်ပတ်သက်သော သေဆုံးမှုထောက်ခံချက်စာရွက်နှင့် ဆေးမှတ်တမ်းများကို သူမအား ထုတ်ပေး ခဲ့သည်။ မှတ်တမ်းများအရ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ရက်နေ့ ညအချိန်တွင် စောအ---သည် ဆိုင်ကယ်မှောက်၍ အမည်မသိသည့်လူတစ်ချို့က စောအ---အား ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ရေးမှတ်ထားသည်။ (ဆေးရုံမှ သူနာပြု တစ်ဦးက) စောအ---သည် ဆေးရုံသို့ရောက်ရှိသည့်အချိန်တွင် သေဆုံးနေပြီးဖြစ်ကြောင်း စောအ---၏မိခင်ကို ပြောပြခဲ့ သည်။

 

စောအ---အား  သင်္ဂြိုဟ် ပြီးနောက် (၃)ရက်မြောက်နေ့တွင် အမြောက်တပ် (၃၁၀)မှ SAC စစ်သားများသည် စောအ---၏ဆိုင်ကယ်အား ပြန်လိုချင်ပါက တပ်စခန်းသို့လာပြီး ပြန်ယူသွား၍ရကြောင်း စောအ---၏မိခင်ကို အကြောင်းကြားခဲ့ သည်။ သို့သော်လည်း စောအ---၏မိခင်သည် သူမ၏သားဆိုင်ကယ်ကို သွားမယူခဲ့ပါ။ အကြောင်းမှာ သားတစ်ဦးအား ဆုံးရှုံးရခြင်းနှင့်ဆိုင်လျှင် ဆိုင်ကယ်သည် ဘာမှမဟုတ်ဟုဆို၍ သွားမယူခဲ့ခြင်းဖြစ်သည်။ (ဆိုင်ကယ်သည် သူမအတွက် အရေးမကြီးကြောင်းဆိုလိုခြင်းဖြစ်သည်။)

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

စောအ---၏မိခင်နှင့်ဇနီးဖြစ်သူတို့သည် ဤသတင်းအချက်အလက်များအား ရေးသားဖြန့်ဝေရန်အတွက် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။

Wed, 24 Jan 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးသထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်