Fri, 22 Dec 2023
ဒူးသထူခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ဘားအံမြို့နယ်တွင် SAC လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားတစ်ဦးသေဆုံးပြီး အရပ်သားပိုင်ဆိုင် မှုများ ထိခိုက်ပျက်စီး (၂၀၂၃ခုနှစ်၊ မတ်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၃ခုနှစ်၊ မတ်လအတွင်း ဒူးသထူ(သထုံ)ခရိုင်၊ ဘားအံမြို့နယ်တွင် ဖြစ်ပွားခဲ့ သောလူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ပြထားသည်။ ၂၀၂၃ခုနှစ်၊ မတ်လ ၂၂ရက်နေ့တွင် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) နှင့် ၎င်းပူးပေါင်းတပ်ဖွဲ့များသည် ဘားအံမြို့နယ်၊ ကျုံခနကျေးရွာအုပ်စု၊ ညောင်ကုန်း ကျေးရွာရှိ နယ်ခြားစောင့်တပ် (BGF) တပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဂျက်လေယာဉ်နှစ်စီးသည် ဘားအံမြို့နယ်၊ တကောဘိုးကျေးရွာအုပ်စုအတွင်း ဗုံး (၄)လုံးပစ်ချခဲ့သည်။ ဤလေ ကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားတစ်ဦးသေဆုံးခဲ့ပြီး အခြားရွာသားတစ်ဦး၏ပိုင်ဆိုင်မှုပစ္စည်းများနှင့် စိုက်ပျိုးခြံအား ထိမှန်ပျက်စီးခဲ့သည်။ ထို့ပြင် SAC တပ်ဖွဲ့များသည် ညောင်ကုန်းကျေးရွာတွင်းသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ သည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

လေကြောင်းတိုက်ခိုက်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ခုနှစ်၊ မတ်လ ၂၂ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ တကောဘိုးကျေးရွာအုပ်စု၊ စ---ကျေးရွာအနီး အ---နေရာ နှင့် ဘ---နေရာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောဒ---

အသက်

၅၅နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

မိသားစုရှိ/မရှိ   

အိမ်ထောင်ရှိ

အလုပ်အကိုင်

ခြံလုပ်ငန်း

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ တကောဘိုးကျေးရွာအုပ်စု၊ က---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

SAC ဂျက်လေယာဉ်

မသိရှိရ

မသိရှိရ

မသိရှိရ

မသိရှိရ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဤဖြစ်စဉ်နှင့်ပတ်သက်၍ ၂၀၂၃ခုနှစ်၊ မတ်လ ၂၃ရက်နေ့တွင် တကောဘိုးကျေးရွာအုပ်စုရှိ ဒေသခံခေါင်းဆောင်တစ်ဦး သည် KHRG သတင်းစုဆောင်းသူတစ်ဦးအား ဖုန်းဖြင့်ခေါ်ဆို၍ အကြောင်းကြားပြောပြခဲ့သည်။ ထိုနေ့တွင်လည်း KHRG သတင်းစုဆောင်းသူသည် စောဒ--- ၏ဇနီးနှင့် စောဖ--- တို့အား တွေ့ဆုံ၍ အင်တာဗျူးခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအကြောင်းအရာများ မျှဝေပြောပြသူများမှာ စောဒ--- ၏ဇနီးနှင့် စောဖ--- ဖြစ်ကြသည်။ စောဒ--- သည် SAC လေကြောင်းတိုက်ခိုက်မှုကြောင့် ထိမှန်ပြီးသေဆုံးသွားခဲ့သူဖြစ်သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် စောဖ---၏စိုက် ပျိုးခြံနှင့် အခြားပိုင်ဆိုင်မှုပစ္စည်းများ ပျက်စီးသွားခဲ့သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၃ခုနှစ်၊ မတ်လ ၂၂ရက်နေ့ ည (၁၁)နာရီဝန်းကျင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဂျက်လေယာဉ် တစ်စီးသည် ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ တကောဘိုးကျေးရွာအုပ်စု၊ စ---ကျေးရွာအနီး ဘ---နေရာတွင် ဗုံး (၂)လုံး ကြဲချခဲ့သည်။ ဗုံးပေါက်ကွဲမှုကြောင့် တကောဘိုးကျေးရွာအုပ်စု၊ က---ကျေးရွာမှ အသက် (၅၅)နှစ်အရွယ်ရှိသော စောဒ ---အား ထိမှန်၍ချက်ချင်းသေဆုံးခဲ့သည်။ စောဒ---သည် ၎င်း၏ဒူးရင်းသီးခြံထဲရှိတဲအိမ်သို့ သွားအိပ်နေစဉ်အတွင်း ဗုံးထိမှန်ပြီး ထိုနေရာတွင်သေဆုံးခဲ့ခြင်းဖြစ်သည်။ သူ၏ညာဖက်ရင်အုံတွင်ဗုံးအစထိမှန်ခဲ့ခြင်းဖြစ်သည်။ စောဒ---သည် ၎င်း၏ဒူးရင်းသီးခြံထဲတွင် ညသွားအိပ်ခဲ့ရသည့်အကြောင်းရင်းမှာ ၎င်း၏ခြံအား မီးမလောင်စေရန်အတွက် မီးတားသွား လုပ်ရန်ဖြစ်သည်။ တောင်ယာလုပ်ကိုင်သူအများစုသည် မြေဆီလွှာကောင်းရရှိစေရန်အတွက် တစ်နှစ်တစ်ခါ ၎င်းတို့ခြံ မြေကိုမီးရှို့လေ့ရှိသည်။ ထိုနေ့တွင် (မတ်လ ၂၂ရက်နေ့) စောဒ---သည် ၎င်း၏တဲအိမ်သို့ တစ်ဦးတည်းသွားအိပ်ခဲ့ သည်။ စောဒ--- မှာ ဇနီးနှင့် သား (၃) ဦးရှိသည်။ စောဒ--- သည် သေဆုံးခဲ့ပြီးဖြစ်သော်လည်း ၎င်း၏ဇနီးအနေဖြင့် စားဝတ်နေရေး အခက်အခဲစိန်ခေါ်မှုများ မကြုံတွေ့ခဲ့ရပါ။ အကြောင်းရင်းမှာ သူမ၏သားများသည် အရွယ်ရောက်သည့် သူများဖြစ်ကြပြီး သူမအား ငွေကြေးထောက်ပံ့မှုပေးနိုင်ခြင်းဖြစ်သည်။ သို့သော်လည်း သူမ၏အမျိုးသားသေဆုံးသွား သည့်အတွက် အထီးကျန်သည့်ဘဝကို ခံစားနေရသည်။

 

ထိုညအတွင်းတွင် (မတ်လ ၂၂ရက်နေ့ည) SAC ဂျက်လေယာဉ်တစ်စီးသည် ဘားအံမြို့နယ်၊ တကောဘိုးကျေးရွာအုပ်စု၊ စ--- ကျေးရွာအနီး အ--- နေရာတွင် ဗုံး(၂)လုံးကြဲချခဲ့ပြန်သည်။ ဤဗုံးများပေါက်ကွဲမှုကြောင့် စ--- ကျေးရွာတွင် နေထိုင် သော စောဖ--- ၏ခြံထဲရှိဂျပန်ကျွန်းပင်များနှင့်တဲအိမ်တစ်လုံးပျက်စီးခဲ့ရသည်။ စောဖ--- သည် ပုံမှန်အားဖြင့် ၎င်း၏ခြံထဲရှိတဲအိမ်တွင် သွားရောက်အိပ်လေ့ရှိသည်။ သို့သော်လည်း ၂၀၂၃ခုနှစ်၊ မတ်လ ၂၂ရက်နေ့တွင် စောဖ---သည် သူ၏ တဲအိမ်သို့မသွားအိပ်ဖြစ်ခဲ့၍ သူ့ရွာသို့ပြန်လာ၍အိပ်ခဲ့ပါသည်။ ထို့ကြောင့် ဤလေကြောင်းတိုက်ခိုက်မှုတွင် စောဖ--- အား ထိမှန်ခဲ့ခြင်းမရှိခဲ့ပေ။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် စောဖ---၏တဲအိမ်တွင်ရှိသော အိုးခွက် ပန်ကန်များ အပါအဝင် အိမ်ပစ္စည်းအများစုပျက်စီးခဲ့သည်။ စောဖ---သည် သူ၏ခြံထဲတွင် ဂျပန်ကျွန်းပင်များ အပင် ပေါင်း (၂၅၀၀)ခန့်စိုက်ပျိုးထားခဲ့သည်။ ဤလေကြောင်းတိုက်ခိုက်မှုကြောင့် ၎င်း၏ဂျပန်ကျွန်းပင်များ အပင် (၁၀၀၀) ကျော်ပျက်စီးခဲ့ရသည်။

 

သို့ဖြစ်ပါ၍ ၂၀၂၃ခုနှစ်၊ မတ်လ ၂၂ရက်နေ့ညတွင် SAC သည် မတူညီသည့်နေရာနှစ်ခုတွင် လေကြောင်းတိုက်ခိုက်မှုပြု လုပ်ခဲ့ပြီး နေရာတစ်ခုစီတွင် ဗုံးနှစ်လုံးပစ်ချခဲ့သည်။ SAC သည် ထိုဒေသတွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ အကြောင်းရင်းမှာ ၂၀၂၃ခုနှစ်၊မတ်လ ၂၂ရက်နေ့မနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်းအမှတ် (၁)နှင့် ၎င်းပူးပေါင်းတပ်ဖွဲ့များသည် ဘားအံမြို့နယ်၊ ကျုံခနကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာတွင် တည်ရှိသော SAC လက်အောက်ခံနယ်ခြားစောင့်တပ် (BGF) တပ်ရင်းအမှတ် (၁၀၁၄) တပ်စခန်းကို ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်သောကြောင့်ဖြစ်သည်။ BGF တပ်စခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် KNLA နှင့်၎င်းပူးပေါင်းတပ်ဖွဲ့များ သည် ထိုတစ်နေရာမှ ပြန်လည်ဆုတ်ခွာခဲ့သည်။ ထို့ကြောင့် ပြန်လည်တုန့်ပြန်သည့်အနေဖြင့် SAC သည် KNLA နှင့် ၎င်းပူးပေါင်းတပ်ဖွဲ့များရှိနေထိုင်ကြသည်ဟု ယူဆ၍ရသောနေရာများတွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ (အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း) SAC လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားတစ်ဦးသေဆုံးခဲ့ပြီး အခြားရွာသား တစ်ဦး၏ပိုင်ဆိုင်မှုပစ္စည်းများ ပျက်စီးခဲ့ရသည်။

 

ထို့အပြင် (ကျုံခနကျေးရွာအုပ်စုမှ) တစ်ချို့သောရွာသားများ၏အိမ်များသည်လည် ပျက်စီးခဲ့ရသည်။ အဘယ်ကြောင့် ဆိုသော် ဒူးသထူခရိုင်၊သထုံမြို့နယ်၊ပိန္နဲတောကျေးရွာ၊ ပိန္နဲတောတပ်စခန်းမှ SAC စစ်ကွပ်ကဲအခြေစိုက် (စကခ) အမှတ် (၈)သည် (အတိုက်ခိုက်ခံရသည့်) ညောင်ကုန်းတပ်စခန်းရှိ ၎င်းတို့၏တပ်ဖွဲ့သားများကိုကူညီပေးရန်အတွက်ဒေသတွင်း (၁၂၀)မမ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ SAC စကခ (၈) သည် ညောင်ကုန်းတပ်စခန်းအား KNLA မှ နောက်တစ်ဖန် တိုက်ခိုက်၍မရအောင် မျှော်လင့်ချက်ဖြင့် ထိုတပ်စခန်းအနီးတစ်ဝိုက်တွင် လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထို့မျှမက ညောင်ကုန်းကျေးရွာနှင့် အနီးနားကျေးရွာများမှ တစ်ချို့သောလူနေအိမ်များနှင့် ပိုင် ဆိုင်မှု ပစ္စည်းများလည်း ပျက်စီးခဲ့သည်။ အကြောင်းမှာ ညောကုန်းတပ်စခန်းမှ BGF နှင့် SAC ပူးပေါင်းတပ်ဖွဲ့များသည် ညောင်ကုန်းကျေးရွာအတွင်းနှင့်အနီးတစ်ဝိုက်တွင် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ (ဤသို့လက် နက်ကြီးပစ်ခတ်မှုမှာ ညောင်ကုန်းတပ်စခန်းသည် အပစ်ခတ်တိုက်ခိုက်ခြင်းမခံရမီအချိန်နှင့် တိုက်ခိုက်ခံရပြီးအချိန်တွင် လည်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။) ဤသို့လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ညောင်ကုန်းကျေးရွာနှင့် ၎င်းပတ် ဝန်းကျင်ကျေးရွာများတွင်နေထိုင်ကြသောရွာသားများသည် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤသတင်းအချက်အလက်များအား ရေးသားဖြန့်ဝေရန်အတွက် စောဒ---၏ဇနီးနှင့် စောဖ---တို့မှ ခွင့်ပြုချက်ပေးထား ပါသည်။

Fri, 22 Dec 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ ဇူလှိုင်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးသထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအားဖော်ပြထားပါသည်။ ချိုးဖောက် ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထား သော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်