Wed, 19 Jul 2023
တောအူးခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ဒေါ်ဖားခိုမြို့နယ်တွင် SAC မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိ ခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံး (၂၀၂၃ခုနှစ်၊ ဇွန်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၃ခုနှစ်၊ ဇွန်လအတွင်း တောအူး (တောင်ငူ)ခရိုင်၊ ဒေါ်ဖားခို (သံတောင်ကြီး) မြို့နယ်တွင် ဖြစ်ပွားခဲ့သည့်အဖြစ်အပျက်များကို ဖော်ပြထားသည်။ ၂၀၂၃ခုနှစ်၊ ဇွန်လ ၁၇ရက်နေ့တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) စစ်သားများသည် ‌ဒေါ်ဖားခိုမြို့နယ်၊ စည်ပင်ကြီးကျေးရွာအုပ်စု၊ အ---ကျေးရွာ အနီးရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်စခန်းတစ်ခုကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဦးနှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် SAC စစ်သားများသည် အ---ကျေးရွာသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ သည်။ ထိုသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အ---ရွာတွင်နေထိုင်သည့်အမျိုးသားတစ်ဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။ SAC မှ ထိခိုက်နစ်နာသူများနှင့် ၎င်းတို့၏မိသားစုဝင်များအတွက် မည်သည့် လျော်ကြေးငွေမျှပေးဆောင်ခြင်းမရှိခဲ့ပေ။ ယခုအချိန်တွင် လက်နက်ကြီးထိမှန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ရွာသား သည် မိသားစုစားဝတ်နေရေးအတွက်ထောက်ပံ့နိုင်ရန် အလုပ်မလုပ်နိုင်တော့ပေ။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ခုနှစ်၊ ဇွန်လ ၁၇ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ စည်ပင်ကြီးကျေးရွာအုပ်စု၊ အ---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောဘ---

နော်စ---

အသက်

၃၈နှစ်

၆၂နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

ကရင်

မိသားစုရှိ/မရှိ   

ရှိ

ရှိ

အလုပ်အကိုင်

တောင်ယာလုပ်ငန်း

တောင်ယာလုပ်ငန်း

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

ခရစ်ယာန်

ရာထူးအဆင့်

ရွာလုံခြုံရေး

ရွာသား

နေရပ် ရွာအမည်

အ---ကျေးရွာ

အ---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်          

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိ

မသိ

စစ်ကွပ်ကဲအခြေစိုက် (စကခ) အမှတ် (၂၀)လက် အောက်ခံ ခြေမြန်တပ်ရင်း (ခမရ)အမှတ် (၅၉၂)

အ---ကျေးရွာအနီး တပ်စခန်း

ဗိုလ်ကြီးစိုးဝင်း

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဤလက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ KHRG မှ ပို့ချခဲ့သောကျေးလက်စွမ်းရည်သင်တန်းတစ်ခုကို တက် ရောက်ခဲ့ဖူးသည့် တောအူးခရိုင်မှရွာသားတစ်ဦးသည် KHRG ဝန်ထမ်းတစ်ဦးကို ခေါ်ဆိုပြီးအသိပေးခဲ့သည်။ ထိုရွာ သားသည် လက်နက်ကြီးထိမှန်၍ ဒဏ်ရာရရှိခဲ့သူ (စောဘ---)၏ဆက်သွယ်ရန်ဖုန်းနံပါတ်ကို KHRG အား ပေးပို့ခဲ့သည်။ ထို့နောက် ဤလက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်သောအကြောင်းအရာများအသေးစိတ်ကို သိရှိရန်အတွက် KHRG ဝန်ထမ်းသည် စောဘ---အား ဖုန်းဖြင့်ဆယ်သွယ်၍ ၎င်းအားအင်တာဗျူးခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအချက်အလက်ကိုပြောပြသောသူသည် လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည့်ရွာသားတစ်ဦးဖြစ်သည်။ ၎င်းသည် လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူတစ်ဦးဖြစ်သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၃ခုနှစ်၊ ဇွန်လ ၁၇ရက်နေ့ မနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်သားများသည် တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ စည်ပင်ကြီးကျေးရွာအုပ်စု၊ အ---ကျေးရွာအနီးရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်စခန်းတစ်ခုကို သွားရောက်ပစ်ခတ်ခဲ့ပြီး နှစ်ဦးနှစ်ဖက်ကြားတိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကွပ်ကဲအခြေစိုက် (စကခ) အမှတ် (၂၀)လက်အောက်ခံဖြစ်သည့် ခြေမြန်တပ်ရင်း (ခမရ)အမှတ် (၅၉၂) သည် (အ---ကျေးရွာအနီးရှိ) အဆိုပါတပ်စခန်းတွင် အခြေစိုက်သည်။ ထိုသို့တိုက်ပွဲဖြစ်ပွားပြီး ပြန်လည်တုန့်ပြန်သည့်အနေဖြင့် ၂၀၂၃ခုနှစ်၊ ဇွန်လ ၁၇ရက်နေ့ မနက် (၈)နာရီဝန်းကျင်တွင် (ခမရ အမှတ် ၅၉၂ မှ) SAC စစ်သားများသည် အ---ကျေးရွာအတွင်းသို့ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခဲ့သည်။ ထိုသို့လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးပြင်းထန်စွာဒဏ်ရာ ရရှိခဲ့ပြီး သေဆုံးသွားသည့်ရွာသားတစ်ဦးလည်းရှိခဲ့သည်။ ထို့အပြင် လက်နက်ကြီးပစ်ခတ်ရာတွင် ဒဏ်ရာရရှိခဲ့သည့် ရွာသားတစ်ဦး၏အိမ်တစ်လုံးကိုလည်းထိမှန်၍ပျက်စီးခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ရွာသားသည် စောဘ---ဖြစ်ပြီး အသက် ၃၈နှစ်ရှိပြီးဖြစ်သည်။ စောဘ---မှာ ဇနီးနှင့်သမီးတစ်ဦးရှိသည်။ သေဆုံးသွား သည့် ရွာသားသည် နော်စ---ဖြစ်ပြီး အသက် ၆၂နှစ်ရှိပြီးဖြစ်သည်။ နော်စ---သည် စောဘ---၏ယောက္ခမဖြစ်သည်။

 

SAC စစ်သားများမှ လက်နက်ကြီးပစ်ခတ်သည့်အချိန်တွင် စောဘ---နှင့်နော်စ---သည် အိမ်တွင်အတူရှိနေခဲ့သည်။ ထိုအချိန်တွင် စောဘ---၏ဇနီးနှင့်သမီးတို့သည် ဒေါ်ဖားခိုမြို့နယ်၊ တောင်ငူမြို့တွင် ရှိနေခဲ့သည်။ SAC စစ်သားများ သည် ကျေးရွာအတွင်းသို့ လက်နက်ကြီးများ (၁၀)လုံးကျော်ပစ်ခတ်ခဲ့သည်။ စောဘ---၏ပြောပြချက်အရ SAC စစ်သားများသည် ၄၀ မမ သို့မဟုတ် ၆၀ မမ လက်နက်ကြီးများပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ လက်နက်ကြီးကျည်ဆံများ သည် စောဘ---၏အိမ်အနားဝန်းကျင်တွင်ကျရောက်ပြီး ပေါက်ကွဲခဲ့သည်။ လက်နက်ကြီးတစ်လုံးမှာမူ စောဘ---၏ အိမ်နောက်ဖေးမီးဖိုးချောင်တွင် ကျပြီးပေါက်ကွဲခဲ့သည်။ မီးဖိုးချောင်တွင်ပေါက်ကွဲသွားသည့်လက်နက်ကြီးကျည်ဆံ အစအနများသည် စောဘ---နှင့်သူ၏ယောက္ခမဖြစ်သူနှစ်ဦးကိုထိမှန်ခဲ့သည်။ လက်နက်ကြီးကျည်ဆံအစအနသည် နော်စ---၏ဦးခေါင်းနှင့်ရင်ဘတ်ကိုထိမှန်ပြီး ထိုနေရာတွင်သေဆုံးခဲ့သည်။ စောဘ---၏ကိုယ်ခန္ဓာအနှံ့အပြားတွင် ကျည်ဆံအစအနထိမှန်ပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။  လက်နက်ကြီးကျည်ဆံအစအနများသည် စောဘ---၏ ခြေထောက်၊ ပေါင်နှင့်လက်အပါအဝင် ကိုယ်ခန္ဓာအနှံ့အပြားတွင်စိုက်ဝင်ခဲ့သည်။ သေးငယ်သည့်လက်နက်ကြီး ကျည်ဆံအစနှစ်ခုသည် စောဘ---၏ဘယ်မျက်လုံးတွင် စိုက်ဝင်ခဲ့သည်။ မျက်လုံးဒဏ်ရာကြောင့် အာရုံကြောထိခိုက် သွားသည့်အတွက် စောဘ---သည် ကောင်းစွာမြင်နိုင်စွမ်းမရှိတော့ပါ။

 

၂၀၂၃ခုနှစ်၊ ဇွန်လ ၁၇ရက်နေ့ လက်နက်ကြီးပစ်ခတ်ပြီးနောက် ဆေးကုသမှုခံယူရန်အတွက် စောဘ---ကို တောင်ငူမြို့ရှိ တောင်ငူဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ သွားလာရေးစရိတ်အပါအဝင် ဆေးကုသမှုကုန်ကျငွေ စုစုပေါင်း သိန်း (၂၀) ကျော် ကုန်ကျခဲ့သည်။ စောဘ---သည် ငွေကြေးထောက်ပံ့မှုတစ်စုံတစ်ရာ မရရှိခဲ့ဘဲ ထိုဆေးကုသမှုကုန်ကျငွေကို သူကိုယ် တိုင်သာပေးဆောင်ခဲ့ရသည်။ တောင်ငူဆေးရုံရှိ ဆရာဝန်တစ်ဦးသည် စောဘ---၏ခန္ဓာကိုယ်တွင် စိုက်ဝင်နေသည့် လက်နက်ကြီးအစအနများကို ခွဲစိတ်၍ဖယ်ရှားရန်အတွက် စွမ်းဆောင်ရည်မရှိခဲ့ပေ။ ထို့ကြောင့် ရန်ကုန်ဆေးရုံသို့သွား၍ ခွဲစိတ်မှုခံယူရမည်ဟု ၎င်းဆရာဝန်မှ စောဘ--- အားအကြံပေးခဲ့သည်။ သေဆုံးသွားသည့် စောဘ---၏ယောက္ခမကို ၂၀၂၃ခုနှစ်၊ ဇွန်လ ၁၈ရက်နေ့တွင် မြေမြှုပ်သင်္ဂြိုလ်ခဲ့သည်။ သူမ၏အသုဘကို စောဘ---မှ မလာနိုင်ခဲ့ပေ။ အကြောင်း မှာ ၎င်း၏ယောက္ခမကို အသုဘချသည့်အချိန်တွင် စောဘ---သည် တောင်ငူဆေးရုံတွင် ဆေးကုသမှုခံယူနေရသော ကြောင့်ဖြစ်သည်။

 

အ---ကျေးရွာအနီးရှိ SAC တပ်စခန်းတွင်အခြေစိုက်သည့် ဗိုလ်ကြီးစိုးဝင်းသည် ၎င်း၏စစ်သားများရွာထဲသို့ လက်နက် ကြီးပစ်ခတ်နေသည့်အချိန်တွင် ၎င်းသည် ရွာထဲရှိဘာသာရေးဆုတောင်းပွဲတစ်ခုသို့ တက်ရောက်နေခဲ့သည်။ ထို့နောက် လက်နက်ကြီးပစ်ခတ်မှုကြောင့် စောဘ---ဒဏ်ရာရရှိခဲ့ပြီး သူ၏ယောက္ခမလည်း သေဆုံးခဲ့ရကြောင်း ဗိုလ်ကြီး စိုးဝင်းမှ သိရှိခဲ့ရသည်။ ၂၀၂၃ခုနှစ်၊ ဇွန်လ ၁၈ရက်နေ့တွင် ဗိုလ်ကြီးစိုးဝင်းသည် အ---ကျေးရွာအုပ်ချုပ်ရေးမှူးကို သွားရောက်တွေ့ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုနှင့်ပတ်သက်၍ ၎င်း၏စစ်သားများမှာ အမှားပြုလုပ်ခဲ့ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးကို ပြောပြခဲ့သည်။ ထို့ကြောင့် ဗိုလ်ကြီးစိုးဝင်းသည် ၎င်း၏စစ်သားများပြုလုပ်ခဲ့သည့်အမှားကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးကို တောင်းပန်စကားပြောခဲ့သည်။ သို့သော်လည်း ဗိုလ်ကြီးစိုးဝင်းသည် လက်နက်ကြီးပစ်ခတ် မှုကြောင့် ထိမှန်နစ်နာသူများနှင့် ၎င်းတို့မိသားစုဝင်များအတွက် မည်သည့်လျော်ကြေးငွေမျှ မပေးခဲ့ပေ။ ထို့အပြင် ၎င်း၏စစ်သားများကိုလည်း အရေးယူအပြစ်ပေးခြင်း တစ်စုံတစ်ရာမရှိခဲ့ပေ။

 

လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာထဲတွင် စောဘ---၏အိမ်တစ်လုံးသာပျက်စီးသွားခဲ့သည်။ မီးဖိုးချောင်နှင့် အိမ်ခေါင် မိုးပျက်စီးသွားခဲ့သည်။ ၂၀၂၃ခုနှစ်၊ ဇူလှိုင်လအတွင်းတွင် ပျက်စီးသွားသည့်မီးဖိုးချောင်နှင့် အိမ်ခေါင်မိုးကို အခြားရွာ သားများမှ ပြန်လည်ပြုပြင်ပေးခဲ့သည်။

 

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ စောဘ---သည် ၎င်း၏ဇနီးကိုအသိပေးပြောပြခဲ့သည်။ သို့သော်လည်း ၎င်း၏သမီး ငယ်ဖြစ်သူကိုမပြောပြခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏သမီးသည် မွေးရာပါနှလုံးရောဂါအခံရှိသည့်အတွက် အကယ်၍ သူ့သမီးသိသွားခဲ့လျှင် နှလုံးရောဂါဖောက်မည်စိုးသောကြောင့် သူ့သမီးအားမပြောပြခဲ့ခြင်းဖြစ်သည်။ စောဘ---မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့်အတွက် အလုပ်မလုပ်နိုင်တော့ဘဲ ၎င်း၏မိသားစုစားဝတ်နေရေးအတွက် ထောက်ပံ့ရန် အခက်အခဲများကြုံတွေ့နေရသည်။ ဤကိစ္စနှင့်ပတ်သက်၍ စောဘ---မှ KHRG အား ယခုလိုပြောပြခဲ့ သည်။ “ကျွန်တော်အရင်လို အလုပ်မလုပ်နိုင်တော့ဘူးထင်တယ်။ ကျွန်တော့်ခြေထောက်တစ်ဖက် ဒဏ်ရာရနေတယ်။ လမ်းကောင်းကောင်းလျှောက်လို့မရဘူး။ ကျွန်တော့်ရဲ့တင်ပါးနဲ့လက်တွေမှာလည်း ကျည်ဆံအစအနတွေ စိုက်ဝင်နေ တယ်။ ဆရာဝန်ပြောတာကတော့ အဲဒီကျည်ဆံအစအနတွေကို ဖယ်ရှားလို့မလွယ်ဘူးတဲ့။ ကျွန်တော်က စိုက်ပျိုးရေး အလုပ်သမားဖြစ်တဲ့အတွက် အရင်လိုအလုပ်ပြန်မလုပ်နိုင်တော့ဘူးလို့ထင်တယ်။ ကျွန်တော့်ရဲ့မျက်လုံးတစ်ဖက်က လည်း ဒဏ်ရာရနေတဲ့အတွက် ကောင်းကောင်းမမြင်နိုင်တော့ဘူး။ ကျွန်တော့်ရဲ့ခြေထောက်နဲ့လက်တွေလည်း ဒဏ်ရာ တွေကြီးဘဲ။ အရင်လိုမျိုး ကျွန်တော်အလုပ်ကောင်းကောင်း ဘယ်လုပ်လို့ရမှာလဲ။ အရင်လိုမျိုး အလုပ်ကြမ်းတွေကို မလုပ်နိုင်တော့ဘူး ထင်တယ်။”

 

(၂၀၂၃ခုနှစ်၊ ဇွန်လ ၁၃ရက်နေ့တွင် စောဘ---သည် မျက်လုံးခွဲစိတ်မှုခံယူရန်အတွက် ရန်ကုန်မြို့သို့ သွားခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ရက်နေ့အထိ သူသည် မျက်လုံးခွဲစိတ်မှုခံယူရန် စောင့်နေရဆဲပင်ဖြစ်သည်။ ထိုမျက်လုံးခွဲစိတ်မှုအတွက် အနည်းဆုံး သိန်း (၃၀) ကျပ်ကုန်ကျမည်ဟု မျက်လုံးအထူးကုဆရာဝန်က ၎င်းအားရှင်းပြခဲ့သည်။ ထို့အပြင် ခန္ဓာကိုယ်တွင်ကျန်ရှိနေသောလက်နက်ကြီးကျည်ဆံအစအနများကို ဖယ်ရှားနိုင်ရန်အတွက် အခြားဆေးရုံသို့သွား၍ ခွဲစိတ်မှုရယူရန် လိုအပ်နေသေးသည်။) 

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ထိခိုက်ဒဏ်ရာရရှိခဲ့သူ စောဘ---သည် ဤသတင်းအကြောင်းအရာများအား ရေးသားဖြန့်ဝေရန်အတွက် KHRG အား ခွင့်ပြုချက်ပေးခဲ့သည်။

Wed, 19 Jul 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ ဇူလှိုင်လတွင် ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ဝန်ထမ်းတစ်ဦးမှရယူခဲ့သောအကြောင်းအရာ၌ အခြေခံပြုပါ သည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်