Fri, 17 Feb 2023
ဒူးသထူခရိုင်မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ဘီးလင်းမြို့နယ်တွင် SAC လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ရွာသားများ သေဆုံးခဲ့ရ (၂၀၂၂ခုနှစ်၊ ဇွန်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ဒူးသထူ (သထုံ)ခရိုင်၊ ဘီးလင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက် များကို ဖော်ပြထားသည်။ ၂၀၂၂ခုနှစ်၊ ဇွန်လ ၂၃ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများမှ ဘီးလင်းမြို့နယ်၊ အေးစူခီး (အစုချောင်း) ကျေးရွာအုပ်စု၊ ဝါကတဲ (ဝင်းကတိုင်) ကျေးရွာတွင် ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ၁၂၀ မမ သုံးလုံးပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ်လုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးနှင့် သူမ၏သမီးငယ်လေးတစ်ဦး သေဆုံးခဲ့သည်။ ထိုအမျိုးသမီးသည် အသက် ၂၅နှစ်ရှိပြီး သူမ၏သမီးသည် အသက် တစ်နှစ်သာရှိသေးသည်။ ထိုလက်နက်ကြီးတစ်လုံးသည် သူမ၏အိမ်ဘေးနားတွင် ကျပြီးပေါက်ကွဲသွား၍ သူမနှင့် သူမ၏သမီးအား ထိမှန်ခဲ့ခြင်းဖြစ်သည်။ သူမ၏သမီးသည် လက်နက်ကြီးထိမှန်ပြီး ထိုနေရာပင် သေဆုံးခဲ့သည်။ သူမကိုလည်း လက်နက်ကြီးထိမှန်ခဲ့ပြီး ချက်ချင်းမသေသေးသော်လည်း သူမ၏အိမ်နီးနားချင်းများက သူမကို ဘီးလင်းမြို့ဆေးရုံသို့ ခေါ်ဆောင်သွားနေသည့်အချိန်တွင်သာ သေဆုံးခဲ့သည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ရွာသားများ သေဆုံးခဲ့ရ

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၂ခုနှစ်၊ ဇွန်လ ၂၃ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ဒူးသထူ (သထုံ)ခရိုင်၊ ဘီးလင်းမြို့နယ်၊ အေးစူခီး (အစုချောင်း)ကျေးရွာအုပ်စု၊ ဝါကတဲ (ဝင်းကတိုင်) ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်ဆန်းဆန်းဝင်း (သို့မဟုတ်) နော်အေး

နော်ဝင်းစုလား

အသက်

၂၅နှစ်

၁နှစ်

ကျား/မ

လူမျိုး

ကရင်

ကရင်

မိသားစုရှိ/မရှိ   

ရှိ

မရှိ

အလုပ်အကိုင်

ကျောင်းဆရာမ

-

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

-

နေရပ် ရွာအမည်

ဘီးလင်းမြို့နယ်၊ အေးစူခီး ကျေးရွာအုပ်စု၊ ဝါကတဲကျေးရွာ

ဘီးလင်းမြို့နယ်၊ အေးစူခီး ကျေးရွာအုပ်စု၊ ဝါကတဲကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိ

မသိ

SAC တပ်မ (၄၄) နှင့် ခမရ (၄၀၄)

ဘီးလင်းမြို့နယ်၊ ရွှေလောင်အေး ကျေးရွာအုပ်စု၊ နတ်ကြီးကျေးရွာ

မသိ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

KHRG သတင်းစုဆောင်းသူတစ်ဦးသည် ဒေသခံကျေးရွာခေါင်းဆောင်နှစ်ဦးအား တွေ့ဆုံမေးမြန်း၍ ဤသတင်း အကြောင်းအရာကို မှတ်တမ်းတင်ခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

KHRG သတင်းစုဆောင်းသူမှ တွေ့ဆုံမေးမြန်းခဲ့သည့် ဒေသခံကျေးရွာခေါင်းဆောင်နှစ်ဦးသည် ဤဖြစ်စဉ်ကို မျက်မြင် ကိုယ်တွေ့ခဲ့သောသူများဖြစ်သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၂ခုနှစ်၊ ဇွန်လ ၂၃ရက်နေ့ နေ့လည် ၁း၃၀မိနစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန် တပ်ရင်း (ခမရ)အမှတ် (၄၀၄)နှင့် တပ်မ (၄၄)တို့မှ စစ်သားများသည် ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ အေးစူခီး (အစုချောင်း) ကျေးရွာအုပ်စု၊ ဝါကတဲ (ဝင်းကတိုင်) ကျေးရွာတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ၁၂၀ မမ သုံးလုံးပစ်ခတ်ခဲ့ သည်။ အဆိုပါ SAC စစ်သားများသည် ဘီးလင်းမြို့နယ်၊ ရွှေလောင်အေး ကျေးရွာအုပ်စု၊ နတ်ကြီးကျေးရွာရှိ တပ်စခန်းတစ်ခုတွင် အခြေစိုက်နေထိုင်သည်။ လက်နက်ကြီးများပစ်ခတ်ခြင်းကြောင့် ဒေသခံရွာသားပိုင်ဆိုင်သော ဆိတ်သုံးကောင်ကို ထိမှန်ခဲ့ပြီး ဒဏ်ရာရရှိခဲ့သည်။ နောက်ဆုံးပစ်လိုက်သည့်လက်နက်ကြီးတစ်လုံးသည် ကျောင်း ဆရာမတစ်ဦး၏အိမ်ဘေးနားတွင် ကျပြီးပေါက်ခဲ့သည်။ ထိုလက်နက်ကြီးပေါက်ကွဲမှုကြောင့် အဆိုပါကျောင်း ဆရာမနှင့်သူမ၏သမီးငယ်တစ်ဦးကိုလည်း ထိမှန်ခဲ့သည်။ ကျောင်းဆရာမသည် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး သူမ၏သမီးငယ်သည် အသက်တစ်နှစ်သာရှိပြီး ထိုနေရာတွင်ပင် သေဆုံးခဲ့သည်။ ၎င်းကျောင်းဆရာမ၏နာမည်သည် နော်ဆန်းဆန်းဝင်း (ခေါ်) နော်အေးဖြစ်ပြီး သူမသမီး၏နာမည်မှာ နော်ဝင်းစုလားဖြစ်သည်။

 

နော်ဆန်းဆန်းဝင်းသည် ဝါကတဲကျေးရွာတွင်နေထိုင်သော ကျောင်းဆရာမတစ်ဦးဖြစ်သည်။ ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၃ရက်နေ့တွင် နော်ဆန်းဆန်းဝင်းသည် ကျောင်းသို့သွားရာတွင် ထီးတစ်လက်အား ယူဆောင်သွားရန် မေ့ကျန်ခဲ့သည်။ ထို့ကြောင့် ထီးတစ်လက်အား ပြန်ယူရန်အတွက် နေ့လည် ၁း၃၀မိနစ်ဝန်းကျင် သူမ၏ အိမ်သို့ပြန်လာခဲ့သည်။ ထိုအချိန်တွင် SAC စစ်သားများမှ လက်နက်ကြီးပစ်ခတ်ခဲ့ပြီး နောက်ဆုံးလက်နက်ကြီးတစ်လုံးသည် သူမ၏ အိမ်ဘေးနားတွင် ကျပြီးပေါက်ကွဲခဲ့သည်။ သူမ၏သမီးသည် (ဘယ်ဖက်ခြေထောက်တွင် လက်နက်ကြီးအပိုင်းအစ ထိမှန်ခဲ့ပြီးနောက်တွင်) ထိုနေရာတွင် သေဆုံးခဲ့သည်။ နော်ဆန်းဆန်းဝင်းမှာမူ (သူမ၏ကျောကုန်းတွင် လက်နက်ကြီး ထိမှန်၍) ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော်လည်း အသက်ရှင်ခဲ့သည်။ ထို့ကြောင့် အိမ်နီးနားချင်းများက သူမကို ဆေးကုသမှုပေးရန်အတွက် ဘီးလင်းဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်။ ဆေးရုံသို့ နှစ်နာရီကြာခရီးသွားရပြီး နောက်တွင် လမ်းခုလပ်တွင် သူမသေဆုံးခဲ့သည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဒေသခံကျေးရွာခေါင်းဆောင်နှစ်ဦးသည် ဤသတင်းအကြောင်းအရာကို ရေးသားဖြန့်ဝေရန် KHRG အား ခွင့်ပြုချက် ပေးထားပါသည်။

Fri, 17 Feb 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ခုနှစ်၊ ဇူလှိုင်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးသထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်