စစ်ပွဲကြောင့် ထွက်ပြေးလာရသည့် ဆရာ/မနှင့် ကျောင်းသား ၁၀၀ကျော်ကို ထိုင်းအာဏာပိုင်များမှ ထိုင်းနယ်စပ်က တစ်ဆင့် နေရပ်ကိုပြန်ပို့

Mon, 03 Oct 2022

   

 

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ဒူပလာယာခရိုင်အတွင်းမှ စစ်ဘေးရှောင်နေရသည့် ကရင်ဆရာ/ဆရာမ ကျောင်းသား ၁၀၀ကျော်ကို ထိုင်းအာဏာပိုင်များမှ ထိုင်းနယ်စပ်က တစ်ဆင့် ရေကြီးနေသည့် သောင်းရင်းမြစ်ကိုဖြတ်ခိုင်းပြီး နေရပ်ကို ပြန်ပို့နေကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)မှ အောက်တိုဘာ ၁ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဒူပလာယာခရိုင်အတွင်း စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့်အတွက် လေးကေ့ကော်ဒေသ၊ဖလူးဒေသ၊ဝေါလေဒေသတို့မှ ဒေသခံများနှင့် ဆရာ/မ၊ကျောင်းသားများသည် ထိုင်းနိုင်ငံဖက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

မြန်မာဘက်ခြမ်းကို ပြန်ပို့ခံနေရသည့် ဆရာ/မနှင့် ကျောင်းသားများသည် မြစ်ရေကြီးနေသည့် သောင်းရင်းမြစ်ကို လှေငယ်ဖြင့် ဖြတ်သန်းရသည့် အတွက် တခြားလှေနှင့်တိုက်မိသလိုဖြစ်ကာ လှေနှစ်မြုပ်နီးပါးဖြစ်ခဲ့ရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“စက်တင်ဘာ၂၈ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက သူတို့ကို(ကရင်ကျောင်းဆရာ/မ၊ကျောင်းသား) ပြန်လို့ရပြီ၊ သေနတ်သံမကြားရတော့ဘူးဆိုပြီး ပြောတာပေါ့၊ ပြောတဲ့နေ့မှာ သူတို့အရင်နေခဲ့တဲ့နေရာမှာ လက်နက်ကြီးတွေကျတာပေါ့ ၊ အဲ့ကြောင့် လကုန်မှပြန်ဖို့ တောင်းဆိုတာပေါ့၊ စက်တင်ဘာ ၃၀ရက်နေ့မှာတော့ သူတို့တွေ ပြန်သွားရတယ်၊ ပြန်သွားရတော့ လုံခြုံမှုမရှိဘူး၊ အခက်အခဲအများကြီးရှိနေတယ်၊ ထိုင်း-ကရင်(မြန်မာ)နယ်စပ် ထိုင်းဘက်မှာ ခိုလုံနေတဲ့ စစ်ဘေးရှောင်တွေကို ထိုင်းအာဏာပိုင်တွေက ပြန်လွှတ်နေတာ”ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)မှ ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးမှ ပြောသည်။

ယခုလို နေရပ်ကို ပြန်သွားကျရသည့် စစ်ဘေးရှောင်ဒုက္ခသည်များတွင် အသက်ကြီးရင့်သူများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးသူငယ်များနှင့် နားမကျန်းဖြစ်သူများ ပါဝင်နေကြောင်းသိရသည်။

“ ကျောင်းသားတွေ ပြန်ပို့ခံလိုက်ရတယ်၊ ထိုင်းရွာလူကြီးက လက်မခံဘူးတဲ့၊ နောက်ပြီး မြန်မာဘက်မှာ စစ်ပွဲဖြစ်နေလို့ ထိုင်းဘက်ကို ကူးလာရတဲ့ စစ်ရှောင်တွေကို ဝင်ခွင့်မပေးဘူး၊ ထိုင်းစစ်သားတွေ၊ လဝကတွေက ကမ်းဘေးမှာ စောင့်ပြီး အကုန်ပြန်လွတ်နေတာ၊ အခု မြန်မာဘက်က သောင်းရင်းမြစ်ဘေးမှာ ဖြစ်သလို နေနေရတယ်၊ မြန်မာဘက်ခြမ်း စစ်ပွဲဖြစ်လို့ ထိုင်းဘက်ကိုထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက လူသားချင်းစာနာထောက်ထားမှုဆိုတဲ့ ပညတ်ချက်တောင်မထားဘူး၊ အကုန်မောင်းထုတ်နေတယ်၊ ရွာသားတွေက အခု တောင်ယာတွေဘက်မှာ ပုန်းခိုနေရတယ်၊ သူတို့အတွက် လူသားချင်းစာနာထောက်ထားမှု အရမ်းလိုအပ်နေပါတယ်”ဟု ကရင်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးမှပြောသည်။

ထိုင်းဘက်ခြမ်း မယ့်ကင်းကော၊ မော်လီချိုင်း၊ မော့ကထိုင်ကျေးရွာနှင့် မြန်မာဘက်ခြမ်းမှ ဝေါလေမြိုင်တို့မှ စစ်ဘေးရှောင်များ မြန်မာဘက်ခြမ်းကို ပြန်လာနေရပြီး စားဝတ်နေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အထူးလိုအပ်နေကြောင်းသိရသည်။

စစ်ဘေးရှောင်များသည် ရွာအနီးဝန်းကျင်၌ နေထိုင်မည်ဆိုပါက လက်နက်ကြီးကျည်ကျရောက်မည်ကို စိုးရိမ်သည့်အတွက် ရေကြီးနေသည့် သောင်းရင်းမြစ်ဘေးတွင် အခက်အခဲများစွာဖြင့် နေထိုင်နေကြရသည်။

“ထိုင်းနိုင်ငံဘက်ခြမ်းမှာရှိတဲ့ ကျနော်တို့ ခိုလှုံတွေရဲ့ ပညာရေးစနစ်က သူတို့(ထိုင်းအာဏာပိုင်)ကို ဘာမှအနှောက်အယှက်မပြုခဲ့ဘူး၊ မနေ့တစ်နေ့က ဖြစ်သွားတဲ့ ဖြစ်စဉ်မှာ ကျောင်းသားတွေအတွက် လုံခြုံမှုကောင်းအောင် ဘယ်လိုလုပ်သွားမလဲ ဆိုတာ ဆက်လက်ကြိုးစားနေဆဲပါ၊ အဲ့ဒါက အထဲမှာ ကျနော်တို့လိုလုပ်ရမယ့်ကိစ္စပေါ့ ၊ ကျနော်တို့နယ်မြေထဲမှာ မပြန်လာနိုင်သေးတဲ့ အချိန်အတွင်းတော့ ထိုင်းနယ်မြေတာဝန်ခံတွေနဲ့ ဆက်လက်ပြီးတော့ စကားပြောရမယ့်အနေအထားရှိပါတယ်” ဟု KNUပြောရေး ဆိုခွင့်ရှိသူ ဖဒိုစောတာနီးမှပြောသည်။

ထိုင်းနယ်စပ်တွင် စစ်ဘေးရှောင်နေရသည့် ကရင်ကျောင်းဆရာ/မနှင့် ကျောင်းသားများကို ဇူလိုင်လ၊ စက်တင်ဘာလ ၁၀နေ့နှင့် ၃၀ရက်တို့တွင် ထိုင်းအာဏာပိုင်များမှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည်မှာ သုံးကြိမ်ရှိခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ဒုက္ခသည်များကို လက်ခံသည့် မူဝါမရှိဘဲ နားလည်မှုဖြင့်နဲ့သာ လက်ခံကူညီပေးနေခြင်းဖြစ်ကြောင်းသိရသည်။ ကရင်ပြည်နယ် ဒူပလာယာခရိုင် လေးကေ့ကော်ဒေသ၊ ဖလူးဒေသနှင့် ဝေါလေမြိုင်ဒေသတွင် စစ်ပွဲကြောင့် သောင်ရင်းမြစ်ဘေးတွင် စစ်ဘေးကြောင့် တိမ်းရှောင်နေရသူ တစ်သောင်းဂဏန်းနီးပါးရှိနေသည်။

စက်တင်ဘာ၂၈ရက်နေ့မှစတင်ပြီး ကရင်ပြည်နယ် မြဝတီတောင်ဘက်ခြမ်း မြဝတီ-ဝေါလေကားလမ်းမရှိ ဆုံဆည်းမြိုင်၊ တောင်နီနှင့် ဥကရစ်ထဘက်ခြမ်းတွင် KNU, ကော်သူလေးတပ်မတော်(KTLA)၊ PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

Related Readings