စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံအစည်းအဝေး တက်ရောက်ခွင့်မပေးရန် အရပ်ဖက်အဖွဲ့ ၅၀ ကျော် တောင်းဆို

Wed, 13 Oct 2021

    

လာမည့် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်မည့် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲကို စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးရန် အရပ်ဖက်အဖွဲ့အစည်းပေါင်း (၅၂) ဖွဲ့က ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ ရက်စွဲဖြင့် အာဆီယံခေါင်းဆောင်များကို အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်သည်။

စစ်ကောင်စီ ခေါင်းဆောင်အနေဖြင့် ဧပြီလ ၂၄ ရက်နေ့က သဘောတူညီထားသည့် မြန်မာ့နိုင်ငံရေး အကြပ်အတည်း ဖြေရှင်းရေးဆိုင်ရာ အာဆီယံထိပ်သီးအစည်းအဝေး သဘောတူညီချက် (၅) ရပ်ကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိဘဲ အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်ကျူးလွန်နေဆဲအပေါ် အာဆီယံဘက်မှ အသိအမှတ်ပြုမှုမျိုး မပေးရန် ထုတ်ပြန်တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ အရပ်ဖက်အဖွဲ့များက ပြောသည်။

၎င်းအရပ်ဖက်အဖွဲ့အစည်း (၅၂) ဖွဲ့တွင်ပါဝင်သည့် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)မှ ပြောခွင့်ရ စောနန္ဒဆူး က “စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ အာဆီယံ သဘောတူညီချက် (၅)ချက်ကို သဘောတူခဲ့ပေမဲ့ ဘာမှ အကောင်အထည်ဖော်လုပ်ဆောင်တာမျိုးမရှိဘူး။ အာဆီယံရဲ့ စည်းမျဉ်း ဥပဒေတွေကို လေးစားလိုက်နာခြင်းမရှိသလို ထိုးစစ်ဆင်မှုတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုတိုးလုပ်ဆောင်လာတဲ့အပေါ် ဒီလာမယ့်အာဆီယံအစည်းအဝေးပွဲမှာ အသိအမှတ်ပြုတာမျိုးမလုပ်ဖို့ ဒါကို တောင်းဆိုရခြင်းဖြစ်တယ်” ဟု ကေအိုင်စီ သို့ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သည့် အာဆီယံခေါင်းဆောင်များ၏ အထူးအစည်းအဝေးပွဲ၌ မြန်မာ့နိုင်ငံရေး ပဋိပက္ခကို ဖြေရှင်းရန် ဘုံသဘောတူညီချက် (၅) ချက်ကို ချမှတ်ခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုများကို ချက်ချင်းရပ်ဆိုင်းရန်၊ အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန်၊ အာဆီယံအဖွဲ့ကြီးက ဦးဆောင်သည့် စေ့စပ်ညှိနှိုင်း မှုများနှင့် လူသားချင်း စာနာထောက်ထားရေး အကူအညီများပေးရန် စသည့်အချက်များပါဝင်သည်။

အလားတူ အင်ဒိုနီးရှားနှင့် မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနများမှ စစ်ကောင်စီအနေဖြင့် အာဆီယံ သဘောတူညီ ချက်များအပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိပါက လာမည့် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲတွင် တက်ရောက်ခွင့်မပေးရန် ပြောဆိုခဲ့ခြင်းအပေါ် ထိုအရပ်ဖက်အဖွဲ့အစည်း(၅၂)ဖွဲ့က ကြိုဆိုလိုက်ပြီး အဖွဲ့ဝင်နိုင်ငံများကိုလည်း ထိုသို့ လုပ်ဆောင်သွားရန် ၎င်းတို့၏ အိတ်ဖွင့်ပေးစာ၌ တိုက်တွန်းပြောဆိုထားသည်။

ထို့အတူ စစ်ကောင်စီ ခေါင်းဆောင်အနေဖြင့် အာဆီယံ၏ သဘောတူညီချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူညီခဲ့သည့် ဧပြီလ ၂၅ ရက်နေ့မှ စ၍ စက်တင်ဘာလကုန်အထိ အရပ်သားအပေါ် တိုက်ခိုက်မှုပေါင်း ထောင်နှင့်ချီ၍ ပြုလုပ်ခဲ့သလို အရပ်သားများအပေါ် အကာအကွယ်ပေးမှု ပျက်ကွက်ခဲ့သလို ထောင်ပေါင်းများစွာသော အရပ်သားပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

စစ်ခေါင်းဆောင်များသည် နိုင်ငံရေးအရ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက် ငြင်းဆန်နေသလို ပြည်သူလူ ထုအပေါ် အကြမ်းဖက်ဆက်ဆံနေစဉ်ကာလတွင်လည်း တရားဝင်မှုရရှိရန် ကြိုးပမ်းမှုများရှိခဲ့သော်လည်း လက်ရှိတွင် အာဆီယံအပေါ် ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေသည့်အတွက် အာဆီယံအနေဖြင့်လည်း စစ်ကောင်စီအပေါ် ပြတ်ပြတ်သားသားလုပ် ဆောင်ရန်အချိန်ကျပြီးဖြစ်ကြောင်းလည်း ထိုအရပ်ဖက်အဖွဲ့အစည်း(၅၀)ကျော်က ဆက်လက် တိုက်တွန်းထားသည်။

လတ်တလောတွင် အာဆီယံ၏ သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရန် အာဆီယံ၏ အထူးကိုယ်စားလှယ်ကို ခန့်အပ်ဆောင်ရွက်ထားမှုရှိသော်လည်း ၎င်းကိုယ်စားလှယ်အနေဖြင့် ယနေ့ အချိန်ထိ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ပြီး သက်ဆိုင်ရာ ခေါင်းဆောင်နှင့် တာဝန်ရှိသူများအားလုံးနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် စစ်ကောင်စီ၏ သဘောတူညီ မရရှိသေးကြောင်းလည်း သိရသည်။

လာမည့် အောက်တိုဘာလ ၂၅ ရက်မှ ၂၈ ရက်နေ့အထိ အာဆီယံ၏ ထိပ်သီးဆွေးနွေးပွဲကို ကျင်းပရန် ရှိပြီး ၎င်းအစည်း အဝေးပွဲသို့ စစ်ကောင်စီ ခေါင်းဆောင်ကို တက်ရောက်ခွင့်မပေးရန် ယခုလို တိုက်တွန်း တောင်းဆိုမှုရှိသော်လည်း ၎င်းကိစ္စနှင့်ပတ်သက်ပြီး အင်ဒိုနီးရှားနှင့် မလေးရှားမှလွဲ၍ ကျန်အာဆီယံ အဖွဲ့ဝင် နိုင်ငံများက တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးကြောင်း တွေ့ရသည်။

Related Readings