ကရင်ပြည်နယ်တွင်း ပြည်တွင်းစစ်ပြေးဒုက္ခသည် ၁၀၀,၀၀၀ ကျော်ရှိလာ

Tue, 12 Oct 2021

    

 

ကရင်ပြည်နယ်အတွင်း ကရင်လက်နက်ကိုင် KNU တပ်မဟာတွေထိန်းချုပ်တဲ့ နယ်မြေတွေမှာ KNU တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်နေတာကြောင့် ပြည်တွင်း ဒုက္ခသည် IDPစုစုပေါင်း တသိန်းကျော်ရှိနေတယ်လို့ ကရင်လူအခွင့်အရေးအဖွဲ့ KHRG က ပြောလိုက်ပါတယ်။ KNU လက်အောက်မှာ တပ်မဟာ ၇ ခုရှိပြီး အဲဒီထဲက တိုက်ပွဲအဖြစ်အများဆုံး တပ်မဟာ ၅ ဒေသ၊ ဖာပွန်ခရိုင်မှာဒုက္ခသည် ၇ သောင်းထက် မနည်းရှိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက ကရင်ပြည်နယ်ထဲက KNU ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်တဲ့နယ်မြေတွေမှာ စစ်တပ်နဲ့ KNU တပ်တွေ တိုက်ပွဲတွေရှိခဲ့ပါတယ်။ KNU ရဲ့ လက်နက်ကိုင်တပ်မဟာ ၇ ခုရှိပြီး အဲဒီတပ်မဟာတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ တိုက်ပွဲတွေ၊ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ဒေသခံပြည်သူတွေဟာ သူတို့ နေထိုင် ရာကျေးရွာတွေမှာမနေရဲတော့ဘဲ တောတောင်တွေထဲတွေမှာ ပုန်းအောင်းနေကြရပါတယ်။ ဒါကြောင့် ပြည်တွင်းမှာပဲ အိုးအိမ်ပစ် ရွှေ့ပြောင်းနေနေကြရတဲ့ ဒုက္ခသည် IDP ဦးရေ တသိန်း ကျော်နေပြီလို့ ကရင်လူ့အခွင့်ရေးအဖွဲ့ KHRG ရဲ့ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက ဗွီအိုအေကို ပြောပြပါတယ်။ အများဆုံးက တပ်မဟာ ၅ အခြေစိုက်တဲ့ ဖာပွန်ခရိုင်ထဲမှာဖြစ်ပါတယ်။

“ပြည်တွင်းရွှေ့ပြောင်းအခြေသူတွေရဲ့အခြေအနေနဲ့ပတ်သက်လို့ တပ်မဟာ ၇ ခုလုံးထဲမှာဆိုရင်တော့ လောလောဆယ် ရရှိတဲ့စာရင်းအရ တသိန်းကျော်လောက်ရှိတယ်။ တပ်မဟာ ၃ ၊ ညောင်လေးပင်းခရိုင်၊ကျောက်ကြီးမြို့နယ်ထဲမှာ IDP ဦးရေက ၈၀၀ ကျော်ရှိတယ်။တပ်မဟာ ၄ ၊ ထားဝယ်ခရိုင်မှာ IDP က တထောင်ကျော်ရှိခဲ့တယ်။ တပ်မဟာ ၅ မှာတော့ မူတြော်ခရိုင်မှာတော့ စစ်ရေးလှုပ်ရှားမူတွေ ပြင်းပြင်းထန်ထန်လုပ်ဆောင်နေတဲ့အတွက် ရွာသားတွေက အိမ်မှာမနေရဲဘဲ ပုန်းရှောင်လိုက် ပြေးလိုက်နေနေရတယ်။ သူတို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေလို့ မရဘူး။ အခုတလောမှာ တိုက်ပွဲက နေ့တိုင်းလိုဖြစ်နေတယ်။ မူတြော်ခရိုင် တခုလုံးဆိုရင် IDP က ၇ သောင်းနဲ့ ၉ သောင်းကြားမှာရှိနေတယ်။”

တပ်မဟာ (၁) အခြေစိုက်တဲ့ သထုံခရိုင်ထဲနဲ့ တပ်မဟာ (၆) အခြေစိုက်တဲ့ ကော့ကရိတ်ခရိုင်ဘက်တွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး ရွာသားတွေပေါ်တာဆွဲခံရတာ၊ တိုက် ပွဲတွေအတွင်း ရှေ့ကနေ သွားခိုင်းတာတွေရှိနေတယ်လို့လည်း KHRG ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

“တပ်မဟာ ၁ သထုံခရိုင်မှာတော့ စစ်ကောင်စီတပ်နဲ့ BGF တပ်တွေကပူးပေါင်းပြီး သထုံခရိုင် ထဲကို ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားမူတွေရှိခဲ့တယ်။ အတင်းအကြပ်စေခိုင်းမှုတွေရှိခဲ့တယ်။ ရွာသားတွေကို လူသားတွေကို လူသားဒိုင်းအဖြစ် လုပ်တာတွေရှိတယ်။ တပ်မဟာ ၆ မှာတော့ တိုက်ပွဲတွေဖြစ်ပွားတာရှိတယ်။ စက်တင်ဘာနဲ့ အောက်တိုဘာထဲမှာဆိုရင် ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်မြို့နယ်မှာ ရွာသားတွေ အိုးအိမ်တွေ ထိခိုက်ပျက်စီးတာရှိတယ်။”

မြန်မာအစိုးရနဲ့ ကေအန်ယူကြား ၂၀၁၂ ခုနှစ်မှာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မူ ရပ်စဲရေးသဘောတူစာချုပ် NCA ကို KNU က လက်မှတ်ရေးထိုးခဲ့ ပါတယ်။ ဒါပေမဲ့ ကေအန်ယူတပ်မဟာ ၅ နယ်မြေမှာတော့မြန်မာစစ်တပ်နဲ့ ကေအန်ယူတပ်တွေကြား NCA ထိုးခဲ့ပြီးနောက်ပိုင်းမှာလည်း ထိတွေ့ပစ်ခတ်မှုတွေ မကြာခဏဆိုသလို ဖြစ်နေပါတယ်။ နှစ်ဘက်လုံးကတော့ NCA ကို ချိုးဖောက်တယ်ဆိုပြီးအပြန်အလှန်စွပ်စွဲနေကြပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ထွက်ပြေးတိမ်းရှောင်လာတဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားသူတွေကို ကူညီတာ၊ လက်နက်ကိုင် တိုက်ခိုက်ဖို့ တောခိုလာသူတွေကို စစ်ရေးလေ့ကျင့်မှုတွေ KNU ကလုပ်ပေးနေတာကြောင့် အဲဒီနယ်မြေတွေအပေါ် စစ်ကောင်စီတပ်တွေက ထိုးဆင်စစ်မှုတွေ ရှိနေပါတယ်။ စစ်အာဏာရှင်စနစ်အဆုံးသတ်စေဖို့ လက်နက်ကိုင် ခုခံတော်လှန်နေတယ်လို့ ပြောထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တော်တော်များများလည်း KNU နယ်မြေတွေမှာ ခိုလှုံနေကြပါတယ်။

Related Readings