တိုက်ပွဲကြောင့် ကော့ကရိတ်မြို့နယ်မှာ စစ်ဘေးရှောင် ၃၀၀၀ ကျော်ရှိနေ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေကြောင်း KHRG ပြော

Mon, 25 Oct 2021

    

 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား အောက်တိုဘာလ အစောပိုင်းကစပြီးဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ကော့ကရိတ်မြို့နယ်အတွင်းက ကျေးရွာ ၁၀ ရွာက ဒေသခံပြည်သူ (၃၀၀၀) ကျော် တိမ်းရှောင်နေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ ကောက်ယူထားတဲ့စာရင်းအရ သိရပါတယ်။

ကေအဲန်ယူ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ကော့နွဲ မြို့ဟောင်း အံကလော် ရွာသစ်စတဲ့ ကျေးရွာ ၁၀ ရွာက အိမ်ခြေ (၇၀၀) ကျော် လူဦးရေ (၃၆၉၄) ဦးဟာ နှစ်ဖက်စစ်ရေးပဋိပက္ခတွေကြောင့် တိမ်းရှောင်ပြေးနေရပြီး အဲ့ဒီအထဲမှာ ကိုယ်ဝန်ဆောင်အယောက် ၅၀ ပါရှိတယ်လို့ KHRG ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ စောလင်းထက်က ပြောပါတယ်။

"ထွက်ပြေးတိမ်းရှောင်နေရတဲ့ လူတွေက လောလောဆယ် လုံခြုံမှုရှိနေတယ်ပြောတယ်။ သူတို့တွေ အခြေခံအစားအစာနဲ့ဆေးဝါးတွေလိုအပ်တဲ့အကြောင်း တင်ပြတာရှိတယ်။ သူတို့ရဲ့အိမ်တွေ တဲတွေ အိုးခွက်ပန်းကန်တွေ အိမ်မွေးတိရိစ္ဆာန်တွေ ပျက်စီးသွားတာရှိပါတယ်။ နောက်ပြီးတော့ ဒီစစ်ကောင်စီနဲ့ BGF ကနေပြီးတော့ ဆိုင်ထဲက ပစ္စည်းတွေယူသွားတာတို့ သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်ယူသွားတာတို့ အဝတ်အထည်ယူတာတို့ မှတ်တမ်းတွေရှိပါတယ်" လို့ KHRG ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ စောလင်းထက်က ပြောပါတယ်။

လက်ရှိ ကျေးရွာတွေအတွင်းမှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်တပ်စွဲနေရာယူထားတာကြောင့် တိမ်းရှောင်နေရတဲ့သူတွေထံ အကူအညီသွားရောက်ပေးနိုင်ဖို့ ခက်ခဲနေပြီး အကူအညီအနည်းငယ်လောက်သာ ပေးနိုင်ခဲ့တယ်လို့ KHRG က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

လက်ရှိမှာ ကေအဲန်ယူထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့နယ်အတွင်းက တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ လိုအပ်နေတာဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်း ရွာသစ် ကော့နွဲ့စတဲ့ကျေးရွာတွေမှာ နှစ်ဖက်ပစ်ခတ်တိုက်ခတ်မှုတွေ ငြိမ်သက်နေပြီး အကြမ်းဖက်စစ်ကောင်စီဘက်က မသန်စွမ်းရွာသားတစ်ဦးကို သတ်ဖြတ်မြုပ်နှံလိုက်ပြီး အလောင်းကိုတော့ ဒီကနေ့ မနက်ပိုင်းမှာ တူးဖော်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာကြောင့် ဒေသခံတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးသွားတဲ့အပြင် ဆိုင်တစ်ဆိုင်ကို မီးရှို့လိုက်ကာ ဒေသခံတွေအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေလည်းရှိနေတယ်လို့ သိရပါတယ်။

Related Readings