အာဏာသိမ်းမှု ၆ လပြည့်နဲ့ သူတို့ အမြင်

Sat, 31 Jul 2021

     

 

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ၌ မဲ မသမာမှု ရှိသည်ဟု စွပ်စွဲကာ ရွေးကောက်တင်မြှောက်ခံ အရပ်သားအစိုးရကို စစ်တပ် က ဖယ်ရှားပြီး အာဏာသိမ်းခဲ့သည်မှာ ဩဂုတ်လ ၁ ရက်တွင် ၆ လပြည့်ပြီ ဖြစ်သည်။

အာဏာသိမ်းသည့် ကာလ ၆ လကြာပြီးနောက် မြန်မာတနိုင်ငံလုံးတွင် မည်သည့် အခြေအနေ ဖြစ်နေပြီး မြန်မာနိုင်ငံတွင် မှီတင်း နေထိုင်ကြသူများအတွက် မည်သည့် ရလဒ်များ ရရှိနေသည်ကို နိုင်ငံရေးသမား၊ လေ့လာသူနှင့် တက်ကြွလှုပ်ရှား သူအား ဧရာဝတီက မေးမြန်းထားသည်ကို စုစည်း ဖော်ပြလိုက်ပါသည်။

ဒေါ်နှင်းနှင်းမွှေး
တွဲဖက် အထွေထွေအတွင်းရေးမှူး (၁)
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ တဝှမ်းလုံးမှာရှိတဲ့ လူမျိုးပေါင်းစုံပြည်သူတွေက စစ်အာဏာရှင်စနစ် ကျဆုံးရေး ကို လူထုအုံကြွမှုကြီးနဲ့အတူ ဆန္ဒဖော်ထုတ်ခဲ့ကြ၊ ဖော်ထုတ်နေကြဆဲ ဖြစ်တယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက် ရိုက်နှက် သတ်ဖြတ် ဖမ်းဆီး ထောင်ချတာတွေ ကြုံတွေ့ရတဲ့ ပြည်သူတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကနေ မိမိကိုယ်ကိုယ် ပြန် လည် ခုခံကာကွယ် စောင့်ရှောက်နိုင်ဖို့အတွက် လက်နက်ကိုင် တော်လှန်တဲ့အဆင့်ကို ရောက်ရှိခဲ့ရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့ကြီးပြကြီးတွေကနေ ကျေးလက်တောရွာတွေ အထိပါ အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင် ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေး မဏ္ဍိုင်တွေ အားလုံးနီးပါး ကမောက်ကမ ဖြစ်နေတယ်။ အာဏာသိမ်း စစ်ကောင်စီရဲ့ ယန္တရား တွေကို လူထုက လုံးဝ လက်မခံတဲ့အတွက် အုပ်ချုပ်လို့ မရနိုင်တဲ့အခြေအနေ ဖြစ်ပါတယ်။ ကျန်းမာရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အစရှိတဲ့ နယ်ပယ် အသီးသီးမှာ ပြိုလဲနေပြီး အလုံးစုံ ပျက်သုဉ်းတဲ့ နိုင်ငံအဖြစ်ကို ဦးတည် နေပြီ ဖြစ်တယ်။

ဒါ့ပြင် အာဏာသိမ်း စစ်အုပ်စုရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့အတွက် လူထုအတွင်းမှာ တတိယလှိုင်း COVID-19 ရောဂါပိုး ကူး စက်သူ အဆမတန် များပြားနေတယ်။ ဆေးရုံ ဆေးခန်း၊ ဆေးဝါး၊ အောက်စီဂျင် လုံလောက်မှု မရှိတာတွေကြောင့် လူထု ဟာ အလောင်းတွေ ထပ်တဲ့အထိ သေဆုံးနေကြရတယ်။ လူသား အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေးတွေ ဆုံးရှုံးပြီးရင်း ဆုံးရှုံးနေကြရတယ်။ အာဏာသိမ်း စစ်ကောင်စီအနေနဲ့ လူ့အသိစိတ်ရှိမယ်၊ အမျိုးသားရေး တာဝန်သိမယ်ဆိုရင် ဖိနှိပ်မှု တွေ ရပ်တန်းက ရပ်သင့်နေပြီလို့ ပြောချင်ပါတယ်။

ဦးစိုင်းလိတ်
အထွေထွေ အတွင်းရေးမှူး
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)

ကျနော်တို့ရဲ့ အသိမှာ ကလေး၊ လူကြီး အကုန်လုံးပေါ့။ စစ်အာဏာရှင်ဟာ မကောင်းဘူး။ စစ်အာဏာရှင်စနစ်ဟာ ကျနော် တို့အတွက် ဘယ်လိုမှ အကျိုးမရှိဘူး။ လူထု ကိုယ်တိုင် ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရမျိုးကသာလျှင် လူထုရဲ့ အကျိုးစီးပွားကို သယ်ဆောင်နိုင်လိမ့်မယ်။ ဖော်ဆောင်နိုင်လိမ့်မယ်ဆိုတဲ့ အသိတရားကိုတော့ ကလေးရော လူကြီးပါ မကျန် ကွင်းကွင်းကွက်ကွက် သိမြင်သွားပြီလို့ ပြောချင်ပါတယ်။ ၁၉၄၈ ကျနော်တို့ လွတ်လပ်ရေးရပြီးတဲ့ အချိန်က စပြီး တော့ ၁၀ နှစ်လောက်ပဲ ပါလီမန်ဒီမိုကရေစီရဲ့ အသီးအပွင့်တွေကို ခေတ္တခဏ ခံစားခဲ့ရတာပေါ့။ ၁၉၅၈ ကနေ ဒီနေ့၊ ဒီအချိန်အထိ စစ်အာဏာရှင်စနစ်ရဲ့လွှမ်းမိုးမှုတွေ ချုပ်ကိုင်ဖို့ ကြိုးပမ်းမှုတွေပဲ လွှမ်းမိုးလာရတယ်။

ဒါပေမယ့် တောက်လျှောက် ၁၉၈၈ ကနေ ကျနော်တို့ နိုင်ငံရဲ့အနေအထားက ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်သွားတယ်ဆို ဦးတော့ ကိုယ့်လူမျိုးအချင်းချင်း ဒီလိုမျိုး သတ်ဖြတ်ရဲ ရလောက်အောင်၊ ဒီလိုမျိုး လူမဆန်စွာ လုပ်ရဲရလောက်အောင်တော့ အခြေအနေ ဆိုးဝါးခြင်း မရှိဘူးဗျ။ ဒီနေ့ ဒီအချိန် ကြုံတွေ့နေရတဲ့ အနေအထားက အဆိုးတကာ့ အဆိုးဆုံးလို့ ပြောလို့ ရပါတယ်။

ဒေါ်စံငြိမ်းသူ
ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ

အခုအချိန်အထိလည်း ဆန္ဒပြမှုတွေ ရှိလာနေသေးဆိုတော့ အမှန်က သေချာ ထိန်းချုပ်နိုင်တဲ့ အနေအထား မရှိတာကို မြင် တွေ့နေရပါတယ်။ တပြိုင်နက်တည်းမှာလည်း အခုဆိုရင် ကိုဗစ်ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတယ်။ အဲဒီလို ရင်ဆိုင်နေရတဲ့ အချိန်လည်း သေသေချာချာ ပြည့်ပြည့်ဝဝ တာဝန်ယူ ဆောင်ရွက်ပေးနိုင်မှု အနေအထားလည်း မတွေ့ရဘူး။ ဆိုတော့ နိုင်ငံရေး အခက်အခဲ အကျပ်အတည်းက ပိုပြီးတော့ ဆိုးဝါးလာနိုင်တဲ့ အခြေအနေမှာသာ ရှိတယ်။ တပြိုင်နက်တည်း စီးပွားရေး အခက်အခဲ အကျပ်အတည်း ပိုပြီးတော့ ဆိုးဝါး အကျပ်ရိုက်လာတာမျိုး မြင်တွေ့ရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်မှာ ကျမတို့အနေနဲ့ ရလိုက်တဲ့ ရလဒ်က ရလဒ်ကောင်း မဟုတ်ဘူး။ ရလဒ်ဆိုးတွေသာ ရလိုက်တယ်လို့ ပြောလို့ ရပါတယ်။ ကျမတို့ မျှော်လင့်တာက တကယ့် စစ်မှန်တဲ့ ဒီမိုကရေစီအခွင့်အရေးနဲ့အတူ ကျမတို့ နိုင်ငံမှာ ပိုးပြီးတော့ လုံခြုံမှုရှိလာဖို့၊ ပိုပြီးတော့ ဖွံ့ဖြိုးမှု ရှိလာဖို့ ဘက်ကို ဦးတည်ပြီးတော့ လုပ်ဆောင်မှုမျိုး ရှိလာဖို့ကိုသာ ဖြစ်စေ ချင်ပါတယ်။ အဲဒီလို မဖြစ်ခဲ့ဘဲ စစ်အာဏာသိမ်းမှုနဲ့အတူ ဒီမိုကရေစီတော်လှန်ရေးကြီး ပေါ်ပေါက်လာမှုနဲ့အတူ ပိုပြီးတော့ မတည်မငြိမ်မှုတွေနဲ့အတူ တဖက်မှာ စီးပွားရေး အကျပ်အတည်းတွေနဲ့ တဦး တယောက်ချင်းစီ အနေနဲ့လည်း ပိုပြီးတော့ ခက်ခဲကျပ်တည်းမှုတွေကို ကြုံလာရပါတယ်။


NLD ဥပဒေ အကြံပေး ရှေ့နေတဦး

အရင် ၁၉၈၈၊ စက်တင်ဘာမှာ အာဏာသိမ်းပြီးတော့ ဆယ်လေးငါးရက်တောင် မကြာဘူး။ အောက်တိုဘာ ၃ ရက် လောက်က အကုန်လုံး ရုံးတွေ ပြန်တက်ကြရော၊ အကုန်လုံး ပြန်ငြိမ်သွားတယ်ပေါ့။ နောက်ပိုင်း ရွေးကောက်ပွဲတွေ ဘာတွေ လုပ်ဖို့ ပြင်ကြတာပေါ့။ အခုဟာကျတော့ အခုချိန်အထိ ဘာမှ မတည်ငြိမ်တဲ့အပြင် အခြေအနေတွေက တဖြည်းဖြည်း ဆိုးသထက် ဆိုးလာတယ်။ ကျန်းမာရေးပိုင်းကလည်း မကောင်းဘူး၊ အုပ်ချုပ်ရေးကလည်း မတည်ငြိမ်ဘူး။ အောင်ဘာလေ ထီတောင်မှ မဖွင့်နိုင်တော့ဘူး။ ဒါက ပြည်သူလူထုရဲ့ သူတို့အပေါ် ယုံကြည်မှု မရှိတော့ဘူးဆိုတာ ပြတာပေါ့။ သူတို့ဟာက မအောင်မြင်ပါဘူး။ သူတို့ပြောတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ အရေးပေါ်ကာလ ပြဋ္ဌာန်းပြီးတော့ လုပ်ဆောင် ချက်က ရည်ရွယ်ချက်ကော၊ လမ်းစဉ်ကော လွဲနေတာ။

ဒီကြားမှာလည်း သူတို့က ရွေးကောက်ပွဲ ရလဒ်ကို ဖျက်တယ်။ ရွေးကောက်ပွဲနိုင်ထားတဲ့သူတွေကလည်း CRPH နဲ့ NUG အစိုးရတွေ ဖွဲ့ကြတယ်။ နိုင်ငံတကာ အခြေအနေကလည်း ဘယ်သူ့ဘက်က မှန်သလဲ၊ မှားသလဲဆိုတာ ဒီကနေ့အထိ မဆုံးဖြတ်နိုင်ဘူး။ သူတို့ကိုလည်း အသိအမှတ် မပြုဘူး။ အခု ပြည်သူတွေကလည်း ဘယ်သူက တရားဝင်ဖြစ်တယ်၊ ဘယ်သူက တရားမဝင်ဘူး ဆိုတာ သိကြပါတယ်။ ပြည်သူတွေကို အရင်လို မမှန်မကန်တဲ့ သတင်းတွေနဲ့ ဝါဒဖြန့်လို့လည်း မရတော့ဘူး။ အမှန်တရားက ဘာလဲဆိုတာ ပြည်သူတွေက သိတယ်။ သူတို့ ဝါဒဖြန့်တာတွေကို ပြည်သူတွေကလည်း မယုံကြပါဘူး။

ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ဖက်ဒရယ် ပြည်ထောင်စုရေးရာ ဝန်ကြီးနှင့် ချင်းအမျိုးသားတပ်ဦး (CNF) ဒုတိယ ဥက္ကဋ္ဌ

စစ်ကောင်စီက အာဏာသိမ်းတာ အခု ဩဂုတ်လ ၁ ရက်မှာဆိုရင် ၆ လပြည့်ပြီ။ အဲဒီအတွင်းမှာ စစ်ကောင်စီက ကျနော် တို့ တိုင်းပြည်ကို ကောင်းကောင်းကြီး ဖျက်ဆီးပစ်လိုက်တယ် ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ နံပါတ် (၁) အနေနဲ့ သူတို့က လက်နက်အားကိုးနဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတာ ဖြစ်တယ်။ အဲဒီလို တိုင်းပြည်ကို အုပ်ချုပ်ဖို့ ကြိုးစားနေသော်လည်း တကယ်တမ်း အာဏာသိမ်းတာက လုံးဝ မအောင်မြင်သေးဘူးဆိုတာ တွေ့နိုင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုတရပ်လုံးက သူတို့ကို ဆန့်ကျင် ပုန်ကန်နေတာက ယခင်နဲ့မတူဘူး။ ယခင်က လူထု ဟာ လမ်းမပေါ်ထွက်ပြီးတော့ ဆန္ဒပြတာလောက်ပဲ ရှိတယ်။

အခုအချိန်မှာ လမ်းမပေါ်ထွက် ဆန္ဒပြတာအပြင် CDM လှုပ်ရှားမှုကြီးက အရှိန်အဟုန် အပြင်းအထန်နဲ့ ရှိနေတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားဟာ လုံးဝ အကျိုးသက်ရောက်မှု မရှိဘူး။ မအောင်မြင်နိုင်ဘူးဆိုတာ ကျနော်တို့ သိနိုင်ပါ တယ်။ တတိုင်းပြည်လုံးမှာ သူတို့ အုပ်ချုပ်မှု အာဏာ မသက်ရောက်ပါဘူး။ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာလည်း မသက်ရောက်သလို ပြည်နယ် အသီးသီးမှာလည်း သူတို့ရဲ့ အာဏာဟာ သက်ရောက်မှု မရှိပါဘူး။ ပြီးတော့ ဝန်ကြီးဌာန အားလုံးကို ကြည့်မယ်ဆိုရင်လည်း သူတို့ အားလုံးကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းနိုင်တယ်ဆိုတာ တပ်မတော်တခုပဲ ရှိတယ်။

ရဲကိုတောင် သူတို့ မထိန်းနိုင်ဘူး။ တပ်မတော်ဆိုတာလည်း အခုအချိန်မှာ ကျနော်တို့ ပြည်သူလူထုတရပ်လုံး ပူးပေါင်း ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်ကသာ သူတို့ကို လက်နက်နည်းနဲ့ ပြန်လည် တုံ့ပြန်နိုင်မယ် ဆိုရင် စစ်ကောင်စီအထဲမှာ အမှုထမ်းနေတဲ့ တပ်ရင်းတပ်သား အဖွဲ့လိုက်သော်လည်းကောင်း ကျနော်တို့ဘက် ပါဝင်ကြမယ်ဆိုတာ သေချာပါတယ်။ အခု ချင်းပြည် မင်းတပ်မှာဆိုရင်လည်း စစ်တပ်တွေ ကျနော်တို့နဲ့ ပူးပေါင်းလာတာကို တွေ့ မြင်နိုင်ပါတယ်။

ဒေါက်တာ နန္ဒာလှမြင့်
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ

လတ်တလော သေချာတာကတော့ ကျနော်တို့တိုင်းပြည်မှာ လက်ရှိ ပြည်သူတွေအနေနဲ့ ကိုဗစ် − ၁၉ ရောဂါနဲ့ ပတ်သက် ပြီး တတိယလှိုင်းကို ပြင်းပြင်းထန်ထန် ခံစားနေရတယ်။ သေချာတာက ကျန်းမာရေး ကိစ္စကြောင့် ပြည်သူတွေ သောက များ သေဆုံးနေရတာပေါ့ဗျာ။ ခုနကလို PDF အဖွဲ့တွေရဲ့ နိုင်ငံအနှံ့ ဗုံးခွဲတာတွေ အကြမ်းဖက်တာတွေ လုပ်နေလို့ ဘာပဲ ဖြစ်ဖြစ် ငြိမ်းချမ်းစွာ နေထိုင်လိုတဲ့ ပြည်သူတွေအတွက် စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတာပါ။ လက်ရှိမှာတော့ ပြည်သူတွေ ဟာ မငြိမ်းချမ်းမှုတွေကြောင့် စိုးရိမ် ထိတ်လန့်မှုတွေ ခံစားနေရတယ်လို့ မြင်တယ်။ ကပ်ရောဂါကြောင့် သောကတွေ များ နေကြရတယ်။

ဒီလိုမငြိမ်းချမ်းတဲ့ ကပ်ဘေးကာလမျိုးမှာ စီးပွားရေးဆိုတာကလည်း အဆင်မပြေကြဘူး။ ဆင်းရဲမှု၊ လုပ်ငန်းကိုင်ငန်း အဆင်မပြေတာတွေ စားဝတ်နေရေး ကျပ်တည်းတာတွေ ခံစားနေရတော့ ကျနော်ထင်ပါတယ်။ ကျနော်တို့ ဖြတ်သန်း ခဲ့တဲ့ ကာလတလျှောက်မှာ ဒီကာလလောက် ပြည်သူတွေ ဆင်းရဲသောက ရောက်ရတဲ့ကာလ မရှိဘူး ထင်တယ်။ လက်ရှိ ကာလဟာ ပြည်သူတွေအတွက် ကံမကောင်းဘူးလို့ပဲ ပြောရမှာပေါ့ဗျာ။

ဒီကပ်ရောဂါက အခုမှဖြစ်တာတော့ မဟုတ်ဘူး။ ပထမလှိုင်း၊ ဒုတိယလှိုင်း ဖြစ်တယ်။ ကမ္ဘာနဲ့အဝှမ်းလည်း ဖြစ်နေတယ်။ ဒီကပ်ရောဂါကို ရင်ဆိုင်ရမှာပဲ။ သို့သော်လည်းပဲ အစိုးရနဲ့ ပြည်သူ လက်တွဲလုပ်ဆောင်မယ်ဆိုရင် အထိအခိုက် အသေ အပျောက် နည်းမယ်လို့ ထင်တယ်။

နော်ထူးထူး
ကရင်လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး

စစ်အာဏာသိမ်းပြီးကတည်းက တနိုင်ငံလုံး ပြောပြလို့ မတတ်လောက်အောင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ခဲ့ တယ်။ အရမ်းကို ကြမ်းကြုတ်တဲ့ ချိုးဖောက်မှုတွေ တွေ့ရတယ်ပေါ့။ သို့သော်လည်း သူတို့ (စစ်ကောင်စီ) ဘက်က အမြဲ တမ်း လျစ်လျူရှုတယ်။ လိမ်တယ်။ တိုင်းရင်းသား နယ်မြေတွေမှာလည်း တိုက်ပွဲတွေ ပိုပြီးဖြစ်လာတယ်။ စစ်ဘေးရှောင်တွေ ပိုများလာတယ်။ စစ်ဘေးရှောင်တွေအပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကိုလည်း သူတို့ (စစ်ကောင်စီ) က အများကြီး နှောင့်ယှက်တယ်။ ဖျက်ဆီးတာတွေ ရှိတယ်။

၆ လအတွင်းမှာ မြေမြှုပ်မိုင်းတွေ ပိုပြီးတော့ များလာတယ်။ တိုင်းရင်းသား ဒေသတွေမှာ လက်နက်ကြီးတွေ လာပစ်တာတို့ ၊ လေယာဉ်နဲ့ လာပစ်တာတို့ ထိုးစစ်ဆင်သလိုပုံစံမျိုး လုပ်လာတာတွေ ရှိလာတယ်။ အခုဆို ကိုဗစ်က တိုင်းရင်းသား နယ် မြေတွေမှာလည်း ဆိုးဆိုးဝါးဝါး ဖြစ်လာတယ်။ အောက်စီဂျင် မလုံလောက်တာတွေလည်း ရှိတယ်။ လူ့အသက်တွေက မသေသင့်ဘဲ သေရတာတွေ ရှိလာတယ်။ တရားလက်လွတ် ဖမ်းဆီးတာတွေ ရှိလာတယ်။ ဥပမာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း လက်သုံးချောင်းလေးထောင်ပြီးတော့ လူမှုကွန်ရက်မှာ တင်လိုက်ရုံနဲ့တင် အဖမ်းခံရနိုင်တယ်။
စစ်အာဏာသိမ်းပြီးတော့ ၆ လကြာသွားတဲ့အချိန်မှာ ပြည်သူတွေရဲ့ အမုန်းကလွဲရင် စစ်တပ်အတွက် ဘာမှမရလိုက်ဘူး။ သူတို့က ဖိနှိပ်လေ ပြည်သူတွေက သူတို့ကို ပိုမုန်းလေပဲ။ နေ့စဉ် ရင်ဆိုင်နေရတဲ့ အခက်အခဲက ဖော်ပြလို့ မရနိုင်လောက် အောင် များလွန်းတယ်။ ဒါကြောင့် သူတို့ကို ပြည်သူတွေက ပိုမုန်းလာတယ်။

မသဉ္ဇာရွှန်းလဲ့ရည်
ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ (ACDD) စည်းရုံး ညှိနှိုင်းရေးမှူး

စစ်တပ်က ပြည်သူတွေကို စိတ်ပိုင်း ရုပ်ပိုင်း ညှဉ်းဆဲမှုတွေ အများကြီး ဆောင်ရွက်နေတဲ့အပြင် စစ်ကောင်စီရဲ့လက်ရှိ တာဝန်ယူထားသူတွေကပဲ မြန်မာပြည်သူတွေကို ဖိနှိပ်နေတာ မဟုတ်ဘူး။ သူတို့ရဲ့အတွေးအခေါ်တွေလည်း ပါတယ်။ ကျမတို့ လူ့အဖွဲ့အစည်းထဲ နှစ်ပေါင်းများစွာ သွပ်သွင်းထားတဲ့ အတွေးအခေါ်တွေကိုလည်း တိုက်ထုတ်နေရတဲ့ အခြေအနေ ဖြစ်နေတယ်။ ဒီကာလအတွင်းမှာ ဘာတွေ ရလိုက်သလဲဆိုရင် စစ်တပ်ဆိုတာ ဘာလဲဆိုတာကို ထင်ထင်ရှားရှား ပိုမြင်လာ ရတယ်။

ကမ္ဘာ့နိုင်ငံ အသီးသီးကလည်း စစ်တပ်ကို နှစ်ပေါင်းများစွာ ဘယ်လောက်ပဲ နည်းလမ်းပေါင်းစုံနဲ့ ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်း ခဲ့ပေမယ့် သူ့ရဲ့တကယ့်အရောင်က ဘာလဲဆိုတာသာ ပိုမြင်လာရတယ်။ သိပ်မကြာခင်က လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ ICJ (အပြည်ပြည်ဆိုင်ရာ တရားရုံး) မှာ တရားရင်ဆိုင်ခဲ့ရတယ်။ အဲဒီလို စစ်တပ်ကို ထပ်ပြီး လွှတ်ပေးလို့တော့ မရတော့ဘူး ဆိုတဲ့ အမြင်။ သူတို့ကို တာဝန်ယူမှု၊ တာဝန်ခံခိုင်းမှု မရှိဘူးဆိုရင် မြန်မာပြည်ဟာ ဒီလို သံသရာထဲမှာပဲ တဝယ်လည်လည် ဖြစ်နေလိမ့်မယ်ဆိုတဲ့ အမြင်တွေ ပိုအားကောင်းလာတယ်။

ဒီဟာတွေက ကျမတို့နိုင်ငံ ဒီမိုကရေစီအရေး ရေရှည် တည်တံ့ဖို့၊ လူ့အခွင့်အရေး ရေရှည်တည်တံ့ဖို့၊ ဖက်ဒရယ်နိုင်ငံ ရေ ရှည်တည်တံ့ဖို့ အားသာချက်တွေ ဖြစ်လာနေတယ်။ ပြည်သူတွေကြားထဲမှာလည်း ပြည်သူ အချင်းချင်း ကယ်ဆယ်နေကြ တာထက်ပိုတဲ့ နိုင်ငံရေး အတွေးအခေါ်တွေ ပိုတက်လာကြတယ်။ နိုင်ငံရေးအမြင်တွေ ပိုပွင့်လာတယ်။ လူမျိုးစုတွေ အချင်း ချင်းကြားမှာ တောင်းပန်ရမယ် ဖေးမရမယ်ဆိုတဲ့ အမြင်တွေ လူငယ်တွေကြားထဲမှာလည်း ပိုပြီးတော့ တက်လာကြတယ်။

Related Readings