Mon, 22 Jan 2024
မူတြော်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - SAC စစ်သားများမှ မြစ်ထဲမှာ ငါးရှာထွက်ပြီး လှေဖြင့်အိမ်သို့ပြန်လာနေသော ရွာသားတစ်ဦးအား ရက်စက်စွာ ပစ်သတ်ခဲ့ (၂၀၂၃ခုနှစ်၊ စက်တင်ဘာလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလအတွင်း မူတြော် (ဖာပွန်)ခရိုင်၊ ဘူးသိုမြို့နယ်တွင် ဖြစ်ပွားခဲ့သည့်လူ့အခွင့်အရေးချိုးဖောက်မှုကို ဖော်ပြထားသည်။ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၁၆ရက်နေ့တွင် မူတြော် ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ က---ကျေးရွာတွင်နေထိုင်သော အသက် (၅၀)နှစ်အရွယ် ရွာသား တစ်ဦးဖြစ်သူ ခ---သည် ငါးရှာထွက်ပြီး အိမ်သို့ပြန်လာနေသည့်အချိန်တွင် ဖာပွန်မြို့ရှိ တိုမယ်ခီးနေရာတွင် အခြေစိုက် သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများမှ ၎င်းအား ပစ်သတ်ခဲ့သည်။ ထိုဒေသတွင် SAC မှ ခရီးသွားလာမှုပိတ်ပင်ကန့်သတ်ထားသော်လည်း ရွာသားတစ်ဦးဖြစ်သည့် ခ---အနေဖြင့် စားဝတ်နေရေး အခက်အခဲရှိ သောကြောင့် မနက်ပိုင်းတွင်သော်လည်းကောင်း ညနေပိုင်းတွင်သော်လည်းကောင်း ရွာအပြင်သို့သွား၍ ငါးရှာထွက် လေ့ရှိသည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

SAC စစ်သားများမှ ရွာသားတစ်ဦးအား ရက်စက်စွာ ပစ်သတ်ခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၁၆ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ က---ကျေးရွာအနီးတွင် တည်ရှိသော ယွန်းစလင်းမြစ်

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ခ---

အသက်

၅၀နှစ်

ကျား/မ

ကျား

အိမ်ထောင် ရှိ/မရှိ   

အိမ်ထောင်ရှိ

အလုပ်အကိုင်

နေ့စား

ကိုးကွယ်သည့် ဘာသာ

မူဆလင်

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ က---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

ဖာပွန်

ဖာပွန်မြို့၊ တိုမယ်ခီးနေရာ

မသိရှိရ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၂၆ရက်နေ့တွင် KHRG သတင်းစုဆောင်းသူတစ်ဦးသည် ဘူးသိုမြို့နယ်၊ မယ်ကလောကျေး ရွာအုပ်စု၊ ဂ---ကျေးရွာတွင်နေထိုင်သည့်ရွာသားတစ်ဦးနှင့် တွေ့ဆုံပြီး အင်တာဗျူးခဲ့ပါသည်။ ထိုရွာသားသည် အခင်း ဖြစ်ပွားခဲ့သည့်အခြေအနေကိုရှင်းပြခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

အခင်းဖြစ်ပွားပြီးနောက် KHRG သတင်းစုဆောင်းသူတစ်ဦးသည် ဒေသခံရွာသားတစ်ဦးအား မေးမြန်းစုံစမ်းပြီး သတင်း အကြောင်းအရာများကို ရယူခဲ့သည်။ ထို့အပြင် အခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ အသတ်ခံရသည့်ရွာသား၏ဇနီးနှင့် လည်း စကားပြော၍ မေးမြန်းခဲ့သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာရေးသားဖော်ပြပေးပါ။

၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သည် ဖာပွန်မြို့နှင့် အနီးအနားဒေသတစ်ဝိုက်တွင် ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့သည်။ ညမထွက်ရအမိန့်တွင် ည (၆)နာရီမှ မနက် (၆)နာရီအတွင်း မည်သူမှ အပြင်မထွက်ရဟု ထုတ်ပြန်ထားသည်။ ထို့ကြောင့် ကန့်သတ်ထားသည့်အချိန်အတွင်း မည်သည့်ရွာသားမှ လမ်းမပေါ်သို့ မထွက်ကြပေ။ ရွာသားများအနေဖြင့် ညမထွက်ရအမိန့်သည် ၎င်းတို့၏နေ့စဉ်ဓူဝ အလုပ်ကိစ္စရပ်များကို လုပ်ဆောင်ရန်အတွက် အခက်အခဲဖြစ်စေသည်ဟု တင်ပြကြသည်။ နိုင်ငံရေးအခြေအနေမတည် မြဲသည့်ကာလတွင် ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ က---ကျေးရွာတွင် နေထိုင်ကြသည့် ရွာသားများသည် စားဝတ်နေရေးအတွက် ရုန်းကန်ကြရသည်။ က---ရွာသည် ဖာပွန်မြို့အနီးတွင် တည်ရှိသည်။

 

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၁၆ရက်နေ့ မနက် (၆)နာရီဝန်းကျင်တွင် က---ရွာတွင်နေထိုင်သော အသက် (၅၀)နှစ်အရွယ် ရွာသားတစ်ဦးဖြစ်သူ ခ---သည် ငါးရှာထွက်ပြီး အိမ်သို့ပြန်လာနေသည့်အချိန်တွင် ဖာပွန်မြို့ရှိ တိုမယ်ခီးနေရာတွင် အခြေစိုက်သော SAC စစ်သားများမှ ၎င်းအား ပစ်သတ်ခဲ့သည်။ ခ---သည် ဃ---ဘုန်းကြီးကျောင်းအနီးနားတွင် နေထိုင်သည်။ ခက်ခဲကြပ်တည်းသည့်ယခုလိုအချိန်ကာလတွင် ခ---အနေဖြင့် စားဝတ်နေရေးအတွက် ရုန်းကန်နေ ရသောကြောင့် မနက်ပိုင်းနှင့်ညနေပိုင်းတွင် (ယွန်းစလင်းမြစ်သို့ လှေတစ်စီးဖြင့်) ငါးရှာထွက်လေ့ရှိသည်။ (ညနေပိုင်း တွင် မြစ်ထဲမှာ ငါးပိုက်ကွန်ထောင်ထားပြီး နောက်နေ့မနက်ပိုင်းတွင် ပိုက်ကွန်ထုတ်၍ ငါးဖမ်းလေ့ရှိသည်။)

 

ထိုမနက်ပိုင်းတွင် ခ---သည် သူ၏လှေဖြင့်ထွက်၍ မနေ့ညနေပိုင်းအချိန်၌ မြစ်ထဲတွင် ထောင်ထားသည့် ငါးပိုက်ကွန်တွင် မိထားသည့်ငါးများကို ဖမ်းခဲ့သည်။ ထို့နောက် ငါးရှာထွက်ပြီး မြစ်ကမ်းနံဘေးသို့ ပြန်လာခဲ့သည်။ ခ---သည် သူ၏လှေဖြင့် မြစ်ကမ်းနံဘေးသို့ ပြန်လာသည့်အချိန်တွင် ဖာပွန်မြို့ရှိ တိုမယ်ခီးနေရာတွင် အခြေစိုက်သော SAC စစ်သားများသည် ၎င်း၏ရင်ဘတ်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ ခ---၏ရင်ဘတ်တွင် သေနတ်ကျည်ဆံထိမှန် ထားသော်လည်း သူ၏လှေကိုလှော်၍ မြစ်ကမ်းနံဘေးသို့ရောက်အောင် ကြိုးစားခဲ့သည်။ မြစ်ကမ်းနံဘေးသို့ ရောက်ရှိ တော့မည့်အချိန်တွင် ခ---သည် လှေပေါ်မှ ပြုတ်ကျပြီး သေဆုံးခဲ့သည်။ ခ---၏ဇနီးနှင့်အခြားရွာသားများသည် လှေပေါ်မှ ပြုတ်ကျနေသော ခ---ကို တွေ့ရှိပြီး ၎င်းအား ကူညီရန် အလျင်အမြန်သွားရောက်ခဲ့သည်။ သို့သော်လည်း ခ---သည် လှေဘေးနားတွင် သေဆုံးနေပြီးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

 

ခ---မှာ သားသမီး (၃)ဦးရှိသည်။ ခက်ခဲကြပ်တည်းသည့်ယခုလိုအချိန်ကာလတွင် ခ---အနေဖြင့် အခြားအလုပ်အပြင် ငါးဖမ်းသည့်အလုပ်ကိုလုပ်၍ ၎င်း၏မိသားစုစားဝတ်နေရေးအတွက် ဖြေရှင်းနေရသည်။ SAC မှ ညမထွက်ရအမိန့်အား ထုတ်ပြန်ထားသည်ကို ခ---အနေဖြင့် သိရှိထားသော်လည်း ထိုတစ်မနက်တွင် (နေထွက်လာပြီးဖြစ်၍) (၇)နာရီခန့် ရှိပြီးဟု ၎င်းမှ ထင်မြင်ခဲ့ပြီး ငါးသွားရှာခဲ့ခြင်းဖြစ်သည်။ ခ---သေဆုံးပြီးနောက်တွင် SAC သည် ၎င်းသေဆုံးမှုအတွက် တာဝန်မယူနိုင်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်သားတစ်ဦးမှ ၎င်းအား ပစ်သတ်ခဲ့ကြောင်း လုပ်ကြံ၍ပြောခဲ့သည်။ သို့သော်လည်း သေနတ်ပစ်ခတ်သံသည် SAC စစ်သားများ အခြေစိုက်သော တိုမယ်ခီးနေရာမှသာ ထွက်ရှိလာကြောင်း ဖာပွန်ဒေသတွင်နေထိုင်ကြသည့်ရွာသားများက ကြားသိရှိခဲ့ရသည်။ SAC စစ်သားများမှ ခ---အား ပစ်သတ်ခဲ့သည်ဟု ဒေသခံရွာသားများက ယုံကြည်ကြသည်။ သို့သော်လည်း ထိုကိစ္စကို SAC စစ်သားများရှေ့တွင် မပြောရဲကြပါ။ အကြောင်းကား ရွာသားများမှ ပြောမည်ဆိုလျှင် SAC မှ ၎င်းတို့အား ပြန်လည် ခြိမ်းခြောက်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ (SAC မှ ဖမ်းဆီးခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ရွာမီးရှို့ခြင်း၊ အစရှိသော လုပ်ရပ်မျိုးကိုပြုလုပ်မည်ဆို၍ ရွာသားမျာအား ခြိမ်းခြောက်လေ့ရှိသည်။)

 

၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် SAC သည် ဖာပွန်မြို့တွင် လုံခြုံရေးချထားပြီး ကင်းလှည့်၍ သွားလာလေ့ရှိသည်။ ထို့အပြင် SAC သည် ည (၆)နာရီမှ မနက် (၆)နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့သည်။ ညမထွက်ရဟု ကန့်သတ်ထားသည့်အချိန်အတွင်း ရွာသားများသည် ဓာတ်မီးအလင်းရောင် အသုံးပြုခြင်း သို့မဟုတ် ဆူညံသံပြုလုပ်ခြင်းစသည်တို့ကို ပြုလုပ်ခွင့်မရှိပါ။

 

ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ ဂ---ကျေးရွာမှ ရွာသားတစ်ဦးသည် ပြည်သူလူထု၏အခက်အခဲ အခြေအနေ ကို ဤသို့ပြောပြခဲ့သည်။ “ရွာသားတွေ အသက်ရှင်နေထိုင်ရတာ အရမ်းခက်ခဲတယ်။ ခရီးသွားလာမှုကို ပိတ်ပင်ကန့် သတ်ထားတဲ့အတွက်ကြောင့် ရွာသားတွေဟာ ထမင်းတစ်နပ်စားရဖို့အတွက် ခက်ခက်ခဲခဲရုန်းကန်နေရတယ်။ (ခရီး သွားလာမှု ပိတ်ပင်ကန့်သတ်ထားခြင်းသည် ရွာသားများအနေဖြင့် ဝင်ငွေရသည့်အလုပ်များကို လုပ်ကိုင်ရန်အတွက် အခက်အခဲဖြစ်စေသည်။)” ထို့ပြင် စီးပွားရေးသမားများသည် မြို့မှဝယ်လာသည့်ဆန်ကို ကျေးရွာတွင် အဆမတန် ဈေးတိုး၍ ပြန်လည်ရောင်းချပြီး အမြတ်ထုတ်သည့်အကြောင်းကိုလည်း ၎င်းမှ ယခုလိုရှင်းပြခဲ့သည်။ “ဖာပွန်မြို့မှာ ဆန်တစ်အိတ်ကို ကျပ် (၂၆၀၀၀၀) ရောင်းချတယ်လို့ ကျွန်တော်ကြားတယ်။ ပိုက်ဆံမရှိတဲ့ရွာသားတွေကတော့ ဆန်ကို ဘယ်လိုလုပ်ဝယ်စားနိုင်မှာလဲ။ ဒီစီးပွားရေးသမားတွေက ဆန်ကို တစ်ပြည်၊ နှစ်ပြည်နဲ့မရောင်းကြဘူး။ အိတ်လိုက်ပဲ ရောင်းတယ်။ SAC စစ်သားတွေကတော့ ဆန်တစ်အိတ်ကို ကျပ် (၂၆၀၀၀၀) နဲ့ ဝယ်စားနိုင်တယ်လေ။”

 

လက်ရှိအခြေအနေနှင့်ပတ်သက်၍ အနာဂတ်တွင် မည်သည့်အရာများကို မျှော်လင့်ထားသည်ဟု ထိုရွာသားအား မေး မြန်းရာတွင် ၎င်းမှ ဤသို့ပြောကြားခဲ့သည်။ “အနာဂတ်မှာ မြန်မာပြည်ရဲ့နိုင်ငံရေးအခြေအနေ ပြန်ကောင်းလာမယ်လို့ မျှော်လင့်တယ်။ အဲလိုမှမဟုတ်ရင်တော့ ဖာပွန်ဒေသမှာ အခြေအနေတွေက ပိုပြီးဆိုးရွားလာနိုင်တယ်။ ရွာသားတွေ လည်း ထွက်ပြေးနေရတယ်။ ဆာလောင်ငတ်မွတ်နေကြတယ်။ ဓားပြတွေလည်း ရှိလာမယ်။ (SAC သည် ရွာသား တွေဆီမှ လုယက်ခိုးယူမည်ကိုဆိုလိုခြင်းဖြစ်သည်။) ဥပမာပြောရရင် ဖာပွန်မြို့မှာအခြေစိုက်တဲ့ ခမရ (၄၀၈)နဲ့ အခြားတပ်ရင်းများက SAC စစ်သားတွေဟာ ရွာသားတွေ ထွက်ပြေးနေရတဲ့အချိန်မှာ ရွာထဲကိုဝင်လာပြီး ရွာသားတွေ အိမ်မှာရှိတဲ့ပစ္စည်းဥစ္စာတွေကို လုယူကြတယ်။ လူတွေကတော့ အဲဒီအခြေအနေကို မြင်တွေ့ပေမဲ့ အဲဒါကို (SAC စစ်သားများ လုယက်မှုအကြောင်း) မပြောရဲကြဘူး။ အနာဂတ်မှာ အပြောင်းအလဲတစ်ခုခုရှိလာမှာပဲလို့ ကျွန်တော် ယုံကြည်တယ်။ အဲလိုမှမဟုတ်ရင် အခြေအနေက ပိုပြီးဆိုးသွားနိုင်တယ်။ (အပြောင်းအလဲမရှိဘူးဆိုရင်တော့) ကျွန် တော်တို့ရဲ့မျိုးဆက်သစ်တွေ ပျော်ရွှင်မှုကိုခံစားရမှာ မဟုတ်ဘူး။”

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤအခင်းဖြစ်ပွားမှုကို မျှဝေပြောပြခဲ့သည့်ရွာသားသည် သတင်းအကြောင်းအရာကို ရေးသားဖြန့်ချိရန် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။

Mon, 22 Jan 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား  ဖော်ပြထားပါ သည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်