Wed, 26 Apr 2023
မူတြော်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - SAC စစ်သားများမှ တောထဲတွင် အမဲထွက်လိုက်နေသည့်ရွာသားတစ်ဦးအား ရက်ရက်စက်စက်ပစ်သတ်ခဲ့ (၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မူတြော် (ဖာပွန်)ခရိုင်၊ လူသောမြို့နယ်တွင် ဖြစ်ပွားခဲ့သောအဖြစ်အပျက်များကို ဖော်ပြထားပါသည်။ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၇ရက်နေ့ ညနေ (၄)နာရီခွဲအချိန် တွင် မူတြော်ခရိုင်၊ လူသောမြို့နယ်၊ စောမူပလောကျေးရွာအုပ်စု၊ ပ---ကျေးရွာတွင်နေထိုင်သည့် အသက် (၂၈)နှစ် အရွယ် ရွာသားတစ်ဦးဖြစ်သူ စောဝ---သည် လူသောမြို့နယ်၊ လယ်မူပလောကျေးရွာအုပ်စု၊ အ---(နေရာ)ဖြစ်သည့် တောထဲတွင် သူ၏သူငယ်ချင်းတစ်ဦးနှင့်အတူ အမဲထွက်လိုက်နေစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများမှ ၎င်းအား ရက်ရက်စက်စက်ပစ်သတ်ခဲ့သည်။ ထိုရွာသားအသတ်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သတ်၍ SAC ဖက်မှ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းများ မရှိခဲ့ပေ။ ပ---ရွာသားများသည် စားဝတ်နေရေးအတွက် လယ်ယာ စိုက်ပျိုးရေးကိုသာမှီခို၍ လုပ်ကိုင်ကြသည့်ဒေသခံများဖြစ်သည်။ ပ---ရွာသည် SAC တပ်စခန်းအနီးနားတွင် တည်ရှိနေ သောကြောင့် ရွာသားများသည် သွားလာလုပ်ကိုင်ရာတွင် SAC စစ်သားများကို ကြောက်ရွံ့နေကြရသည်။ အထူးသဖြင့် စောဝ---အသတ်ခံရပြီးနောက်တွင် ရွာသားများသည် စားဝတ်နေရေးအတွက် ၎င်းတို့လယ်ယာထဲသို့ သွားရောက် လုပ်ကိုင်ရန် ပိုမို၍ခက်ခဲလာသည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများမှ ရွာသားတစ်ဦးအား ပစ်သတ်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၇ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

မူတြော် (ဖာပွန်)ခရိုင်၊ လူသောမြို့နယ်၊ လယ်မူပလောကျေးရွာအုပ်စု၊ အ---နေရာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောဝ---

အသက်

၂၈နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

မိသားစုရှိ/မရှိ   

မရှိ

အလုပ်အကိုင်

တောင်ယာလုပ်ငန်း

ကိုးကွယ်သည့် ဘာသာ

မိရိုးဖလာနတ်ကိုးကွယ်ယုံကြည်သူ

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

မူတြော်ခရိုင်၊ လူသောမြို့နယ်၊ စောမူပလောကျေးရွာအုပ်စု၊ ပ---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်           

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ           

အထက်အရာရှိ အမည်

မသိ

မသိ

SAC ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၃၄၉)

မူတြော်ခရိုင်၊ လူသောမြို့နယ်၊ စောမူပ လောကျေးရွာအုပ်စု၊ ဖါ့ဝေါ်လိုးတပ်စခန်း

မသိ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၉ရက်နေ့တွင် KHRG သတင်းစုဆောင်းသူတစ်ဦးသည် ဤလူသတ်မှုဖြစ်စဉ်နှင့် ပတ်သတ်၍ မျက်မြင်ကိုယ်တွေ့ခဲ့သူတစ်ဦးအား အင်တာဗျူးခဲ့ပါသည်။ ဤဖြစ်စဉ်နှင့်ပတ်သတ်၍ သတင်းအကြောင်းအရာများကို မျက်မြင်ကိုယ်တွေ့ခဲ့သူမှ ပြောပြခဲ့ခြင်းဖြစ်သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအကြောင်းအရာများအား ပြောပြခဲ့သူသည် အသတ်ခံခဲ့ရသူ စောဝ---နှင့်အတူ တောထဲသို့ လိုက်ပါသွားခဲ့ သူဖြစ်သည်။ ဤသတင်းအချက်အလက်များသည် တိကျမှန်ကန်ပါသည်။ အကြောင်းမှာ ဤသတင်းအား ပြောပြခဲ့သူ သည် စောဝ---အသတ်ခံရသည့်ဖြစ်စဉ်ကို မျက်မြင်ကိုယ်တွေ့ခဲ့သူတစ်ဦးဖြစ်သောကြောင့်ဖြစ်သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၇ရက်နေ့ ညနေ (၄)နာရီခွဲအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေလျင် တပ်ရင်း (ခလရ) အမှတ် (၃၄၉)မှ စစ်သားများသည် မူတြော်ခရိုင်၊ လူသောမြို့နယ်၊ စောမူပလောကျေးရွာအုပ်စု၊ ပ---ကျေးရွာတွင်နေထိုင်သည့် အသက် (၂၈)နှစ်အရွယ် ရွာသားတစ်ဦးဖြစ်သူ စောဝ---အား ရက်ရက်စက်စက် ပစ်သတ်ခဲ့ သည်။ စောဝ---သည် လူသောမြို့နယ်၊ လယ်မူပလော ကျေးရွာ အုပ်စုရှိ အ---(နေရာ)ဖြစ်သည့်တောထဲတွင် သူ၏သူ ငယ်ချင်းတစ်ဦးနှင့်အတူ အမဲထွက်လိုက်နေစဉ်အတွင်း အသတ်ခံခဲ့ရခြင်းဖြစ်သည်။

 

ထိုနေ့ညနေပိုင်းတွင် စောဝ---နှင့်သူ၏သူငယ်ချင်းဖြစ်သူ စောဟ---တို့သည် တောထဲတွင်အမဲလိုက်နေစဉ်တွင် SAC စစ်သားများနှင့် ပက်ပင်တိုးခဲ့သည်။ ထို့နောက် SAC စစ်သားများသည် ၎င်းတို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ ထိုစစ်သားများသည် လူသောမြို့နယ်၊ စောမူပလောကျေးရွာအုပ်စု၊ ဖါ့ဝေါ်လိုးတပ်စခန်းတွင် အခြေစိုက်သည်။ SAC စစ်သားများသည် စောဝ---ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။ သေနတ်ကျည်ဆံနှစ်လုံးသည် စောဝ---၏ဦးခေါင်းကို ထိမှန်ပြီး ပွင့်ထွက်သွား၍ ထိုနေရာတွင် သေဆုံးခဲ့သည်။ SAC စစ်သားများသည် စောဟ---ကိုလည်း သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ သို့သော်လည်း စောဟ---သည် (SAC ၏ပစ်ခတ်မှုများကို ကြောက်ရွံ့သဖြင့်) ချုံပုတ်ကြားတွင် ဝင်ပုန်း၍ ဝပ်တွားနေခဲ့သည်။ ထို့နောက် SAC စစ်သားများသည် သေနတ်ပစ်ခတ်မှုကို ရပ်တန့်ခဲ့သည်။ ထိုအချိန်တွင် စောဟ---သည် စတင်၍ထွက်ပြေးခဲ့သည်။ တဖန် SAC စစ်သားများသည် စောဟ---အား ပစ်ခတ်ခဲ့ပြန်သည်။ သို့သော်လည်း စောဟ---ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။ နောက်တစ်နေ့မနက်ပိုင်းတွင် ပ---ရွာသားများသည် အခင်းဖြစ်ပွားသည့် နေရာသို့ရောက်ရှိလာပြီး စောဝ---၏ရုပ်အလောင်းကို ကောက်ယူ၍ ပ---ရွာသားများ စစ်ပုန်းရှောင်သည့်နေရာဖြစ်သည့် န---နေရာတွင် ပြန်သယ်ဆောင်လာခဲ့သည်။ ထိုသို့ စောဝ---၏ရုပ်အလောင်းကို သွားရောက်သယ်ယူရာတွင် ကရင် အမျိုးသားအစည်းအရုံး (KNU) တာဝန်ရှိသူများမှ ရွာသားများ၏လုံခြုံရေးအတွက် လိုက်ပါသွားခဲ့ပါသည်။

 

ဤဖြစ်စဉ်နှင့်ပတ်သတ်၍ စောဟ---မှ ယခုလိုပြောပြခဲ့သည်။ “ကျွန်တော်သေနတ်သံကိုကြားတဲ့အချိန်မှာ သူ့ကို (စောဝ---) သေနတ်ထိမှန်ပြီး သူက ကျွန်တော့်ဘေးနားမှာလဲနေပြီး။ သူက ကျွန်တော့်ရဲ့ရင်ဘတ်မှာလဲနေပြီး သွေးတွေလည်းထွက်နေတယ်။ ကျွန်တော်သူ့ကိုကြည့်လိုက်တော့ သူအသက်မရှိတော့ဘူး။ ကျွန်တော်လည်း ချုံပုတ် တွေကြားမှာ ပုန်းပြီး တွားသွားနေရတယ်။ SAC စစ်သားတွေကတော့ ကျွန်တော့်နောက်ကိုလိုက်လာတယ်။ ချုံပုတ်တွေ ကအရမ်းထူတော့ ကျွန်တော်လည်း ချက်ချင်းမပြေးနိုင်ဘူး။ ကျွန်တော်လည်း ချုံပုတ်တွေကြားကနေ တစ်ဖြေးဖြေးရုန်း ထွက်လာတယ်။ (…) အဲဒီနောက် SAC စစ်သားတွေက သေနတ်ပစ်တာကိုရပ်လိုက်တယ်။ ပြီးတော့ သူတို့က နောက်ထပ်တစ်ကြိမ်ပစ်ခတ်ခဲ့တယ်။ အဲဒီနောက်မှာတော့ ကျွန်တော်လည်း ချောင်းထဲကိုပြေးသွားပြီး တောင်ပေါ်ကို တက်လာခဲ့တယ်။” ထိုဒေသတစ်ဝိုက်တွင် SAC စစ်သားများ အယောက် (၂၀)ကျော် တက်လာသည်ကို စောဟ---မှ မြင်တွေ့ခဲ့သည်။ (အခင်းမဖြစ်ပွားမှီအချိန်တွေလည်း) SAC သည် စောမူပလောကျေးရွာအုပ်စုအတွင်းရှိ ၎င်းတို့၏ တပ်စခန်းများသို့ စစ်အင်အားများနှင့် စားနပ်ရိက္ခာများတင်ပို့လေ့ရှိပြီး နယ်မြေအတွင်းလှည့်လည်လှုပ်ရှားမှုများ ပိုမို၍လုပ်ဆောင်ခဲ့ကြောင်းလည်း သိရှိခဲ့ရသည်။

 

အသတ်ခံရသူ စောဝ---မှာ အသက်ရှင်ကျန်ရစ်သည့်မိခင်တစ်ဦးရှိသည်။ ယခုအချိန်တွင် ၎င်း၏မိခင်သည် အခြားသော ပ--- ရွာသားများနှင့်အတူ စောမူပလောကျေးရွာအုပ်စု၊ န---နေရာတွင် သွားရောက်ပုန်းရှောင်နေခဲ့သည်။ (စောဟ---၏ပြောပြချက်အရ) စောဝ---၏မိခင်သည် သူမ၏သားအသတ်ခံရသည့်အတွက် ယူကျုံးမရဝမ်းနည်းကြေကွဲနေပါ သည်။ ထိုအတွက်ကြောင့် သူမသည် မအိပ်နိုင်၊ မစားနိုင်ဘဲဖြစ်နေသည်။ သူမ၏သားသေဆုံးသွားခြင်းသည် သူမအ တွက် ကြီးမားသောဆုံးရှုံးမှုတစ်ခုဖြစ်သည်။ အကြောင်းမှာ သူမ၏အမျိုးသားနှင့်အခြားသားသမီးများလည်းဆုံးရှုံးခဲ့ ရပြီးဖြစ်သောကြောင့်ဖြစ်သည်။ ယခင်က စောဝ---မှာ မောင်နှမသုံးဦးရှိသည်။ မောင်နှမသုံးဦးတွင် ညီအကိုနှစ်ဦးနှင့် ညီမတစ်ဦးဖြစ်သည်။ သို့သော်လည်း စောဝ---၏မောင်နှမသုံးဦးသည် သေဆုံးသွားခဲ့ပြီး ၎င်းတစ်ဦးသာ အသက်ရှင် ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ စောဝ--- နှစ်နှစ်သားအရွယ်တွင် မြန်မာစစ်တပ်မှ ၎င်း၏ဖခင်ကိုပစ်သတ်ခဲ့ပြီး ဖခင်ဖြစ်သူ၏ ခန္ဓာကိုယ်ကို အစိတ်စိတ်အပိုင်းပိုင်းဖြတ်၍ လမ်းပေါ်တွင် ပစ်ထားခဲ့သည်။ စောဝ--- ၏ဖခင်သေဆုံးပြီးနောက် စောဝ---သည် ၎င်း၏မိခင်နှင့်သာအတူနေထိုင်ခဲ့သည်။ မိခင်ဖြစ်သူလည်း သူမ၏သားကိုအခက်အခဲများကြားတွင် ကျွေးမွေး ပြုစုစောင့်ရှောက်ခဲ့ပြီး ကျောင်းထားနိုင်ခဲ့သည်။ စောဝ---လည်း ကျောင်းအောင်ပြီးနောက် ၎င်း၏မိခင်ကိုပြန်လည် ပြုစုစောင့်ရှောက်ရန်အတွက် တောင်ယာလုပ်ငန်းကိုလုပ်ကိုင်၍ သူ၏မိခင်ကိုရှာကျွေးခဲ့သည်။ စောဝ---သည် မိခင်ဖြစ်သူ၏တစ်ဦးတည်းသောသားအဖြစ် အသက်ရှင်ကျန်ရစ်ခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် သူမ၏သားကို ဆုံးရှုံးခဲ့ရပြန်သည်။ စောဝ---အသတ်ခံရသည့်နောက်တွင် ဤဖြစ်စဉ်အတွက် (လျော်ကြေးငွေပေးခြင်းအစရှိသည့်) တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှုများ မရှိခဲ့ပေ။

 

ပ---ကျေးရွာတွင်နေထိုင်ကြသည့်ရွာသားများသည် စားဝတ်နေရေးအတွက် ၎င်းတို့၏လယ်ယာလုပ်ငန်းများကိုသာ မှီခို အားထားရသည်။ ပ---ရွာသည် SAC တပ်စခန်းအနီးနားတွင် တည်ရှိနေသောကြောင့် ရွာသားများသည် သွားလာ လုပ်ကိုင်ရာတွင် SAC စစ်သားများကို ကြောက်ရွံ့နေကြရသည်။ အထူးသဖြင့် စောဝ---အသတ်ခံရပြီးနောက်တွင် ရွာသားများသည် စားဝတ်နေရေးအတွက် ၎င်းတို့လယ်ယာထဲသို့ သွားရောက်လုပ်ကိုင်ရန် ပိုမို၍ခက်ခဲလာသည်။

 

(စောဟ---၏ပြောပြချက်အရ) ယခုလို စောဝ---အသတ်ခံရသည့်ဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်လာစေရန် ရွာသားများ က အလိုရှိကြသည်။ ရွာသားများသည် ထိုကဲ့သို့ အသတ်ခံရသည့်ဖြစ်စဉ်များနှင့် ဝမ်းနည်းကြေကွဲမှုများကို ဆယ်စုနှစ် ကြာအထိ ကြုံတွေ့ခံစားခဲ့ရပြီးဖြစ်သည်။ ပ---ရွာသားများသည် ထိုဒေသအတွင်း စားဝတ်နေရေးအတွက် အလုပ်လုပ် ကိုင်ရာတွင် အခက်အခဲစိန်ခေါ်မှုများစွာ ကြုံတွေ့ခဲ့ရသည်။ အကြောင်းမှာ ထိုဒေသတွင် မြေမြှုပ်မိုင်းများ တည်ရှိနေ သောကြောင့်ဖြစ်သည်။ ရွာသားများသည် မြေမြှုပ်မိုင်းအန္တရာယ်မှ ရှောင်ရှားနိုင်ရန်အတွက် မိုင်းအန္တရာယ်အသိပညာ ပေးသင်တန်းများကို တစ်ခါမျှ တက်ရောက်လေ့လာဖူးခြင်း မရှိခဲ့ပါ။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

သတင်းအချက်အလက်အား ပြောပြခဲ့သူနှင့် စောဝ---၏မိသားစုဝင်သည် ဤသတင်းအကြောင်းအရာများကို ရေးသား ဖြန့်ဝေရန်အတွက် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။

Wed, 26 Apr 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်