Wed, 01 Feb 2023
ခလယ်လွီထူးခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ရွာသားများသည် SAC စစ်သားများ၏အဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးသွားခြင်း (၂၀၂၂ခုနှစ်၊ သြဂုတ်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၂ခုနှစ်၊ သြဂုတ်လအတွင်း ခလယ်လွီထူး (ညောင်လေးပင်)ခရိုင်၊ မူး (မုန်း) မြို့နယ်တွင် ဖြစ်ပွားခဲ့သည့်အဖြစ်အပျက်များကို ဖော်ပြထားသည်။ သြဂုတ်လအတွင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) စစ်သားများမှ ရွာသားသုံးဦးကို မတရားဖမ်းဆီးခဲ့သည်။ ထိုရွာသားများအဖမ်းဆီးခံရပြီးနောက် မည်သူမှ ၎င်းတို့သတင်းအစအနကို မကြားရတော့ပါ။ ထို့ကြောင့် ဒေသခံခေါင်းဆောင်များနှင့် ရွာသားများသည် SAC စစ်သားများမှ အဆိုပါအဖမ်းဆီးခံရသည့်ရွာသားသုံးဦးကို သတ်ဖြတ်ခဲ့ကြောင်း ယူဆခဲ့ကြသည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

ရွာသားများအား မတရားဖမ်းဆီး၍ အဓမ္မပျောက်ဆုံးစေခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၂ခုနှစ်၊ သြဂုတ်လ

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ခလယ်လွီထူး (ညောင်လေးပင်)ခရိုင်၊ မူး (မုန်း) မြို့နယ်၊ ကိုးနီကျေးရွာအုပ်စု၊ အ---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောမီထူး

စောမော်ကျေးငဲ

စောမော်ကောကျော်

အသက်

၅၀ခုနှစ်

၄၅ခုနှစ်

၂၉ခုနှစ်

ကျား/မ

ကျား

ကျား

ကျား

လူမျိုး

ကရင်

ကရင်

ကရင်

မိသားစုရှိ/မရှိ   

မရှိ 

မရှိ 

မရှိ 

အလုပ်အကိုင်

လယ်ယာ

လယ်ယာ

လယ်ယာ

ကိုးကွယ်သည့် ဘာသာ

နှစ်ခြင်းခရစ်ယာန်

မိရိုးဖလာယုံကြည်သူ

နှစ်ခြင်းခရစ်ယာန်

ရာထူးအဆင့်

ရွာသား

ရွာသား

ရွာသား

နေရပ် ရွာအမည်

မူးမြို့နယ်၊ ကိုးနီကျေးရွာအုပ်စု၊ အ---ကျေးရွာ

မူးမြို့နယ်၊ နို့ညာလားကျေးရွာအုပ်စု၊ ဘ---ကျေးရွာ

မူးမြို့နယ်၊ ဝေ့စွဲကျေးရွာအုပ်စု၊

စ---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်            

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိ

မသိ

SAC ခြေမြန်တပ်ရင်း အမှတ် (၆၀၃) နှင့် (၄၃၉)

ကျွန်းပင်ဆိတ်တပ်

စခန်း

မသိ

မသိ

မသိ

စစ်တပ်နောက်ခံ (ပြည်သူ့စစ်)

ကျွန်းပင်ဆိတ်တပ်

စခန်း

မသိ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

KHRG သတင်းစုဆောင်းသူတစ်ဦးသည် ရွာသားများ မတရားဖမ်းဆီးချုပ်နှောင်ခံရခြင်းနှင့် သတ်ဖြတ်ခံရခြင်းအ ကြောင်းကို ကြားသိရှိခဲ့ရပြီးနောက် သတင်းအချက်အလက်များရယူရန် ဒေသခံရွာသားများနှင့် သွားရောက်တွေ့ဆုံ၍ မေးမြန်းခဲ့သည်။ (အင်တာဗျူးလုပ်နေစဉ်အတွင်း KHRG သတင်းစုဆောင်းသူသည် အဆိုပါအဖမ်းဆီးခံရသည့် ရွာသားများ အသတ်ခံရသည့်အကြောင်း မသေချာသေးပါဟု သိရှိခဲ့ရသည်။)

 

KHRG သတင်းစုဆောင်းသူသည် စောမီထူးအသတ်ခံရသည့်သတင်းကို ရွာသားများဆီမှ ကြားသိရှိခဲ့ရသည်။ ထို့ နောက် ဤဖြစ်စဉ်နှင့်ပတ်သတ်၍ သတင်းအကြောင်းအရာများ အသေးစိတ်ရယူရန်အတွက် ၂၀၂၂ခုနှစ်၊ စက်တင်ဘာ လ ၉ရက်နေ့တွင် စောမီထူး၏ဦးလေးဖြစ်သူ စောဒ---နှင့် သူ၏ညီဖြစ်သူ စောန---တို့ အား အင်တာဗျူးလုပ်ခဲ့ ပါသည်။

 

KHRG သတင်းစုဆောင်းသူသည် စောမော်ကျေးငဲအသတ်ခံရသည့်သတင်းကို ဘ---ရွာသားများနှင့် အနီးအနားရှိ ကျေးရွာများမှ ကြားသိရှိခဲ့ရသည်။ ထို့နောက် ဤဖြစ်စဉ်နှင့်ပတ်သတ်၍ သတင်းအကြောင်းအရာများ အသေးစိတ် ရယူရန်အတွက် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၉ရက်နေ့တွင် စောမော်ကျေးငဲ၏ယောက်ဖဖြစ်သူ စောဖ---နှင့် ၎င်း၏ ညီမဖြစ်သူနော်င---၏အမျိုးသားတို့ကို သွားရောက်တွေ့ဆုံ၍ အင်တာဗျူးလုပ်ခဲ့ပါသည်။

 

၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၉ရက်နေ့တွင် KHRG သတင်းစုဆောင်းသူသည် စောမော်ကောကျော် အဖမ်းဆီခံရ ၍ပျောက်ဆုံးသွားခြင်းနှင့်ပတ်သတ်၍ ၎င်း၏တစ်ဝမ်းကွဲဖြစ်သူ စောဟ---ကို အင်တာဗျူးလုပ်ခဲ့သည်။ ထို့အပြင် ဤဖြစ်စဉ်နှင့်ပတ်သတ်၍လည်း ဝေ့စွဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး စောလ---နှင့်လည်း အင်တာဗျူးလုပ်ခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

အဖမ်းဆီးခံရသည့်ရွာသားများ၏မိသားဝင်များသည် ဤကဲ့သို့မတရားဖမ်းဆီးမှုကို မျက်မြင်ကိုယ်တွေ့ခဲ့ကြသည့် အခြားရွာသားများထံမှ ကြားသိရှိခဲ့ရသည်။  ဝေ့စွဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးသည်လည်း အခြားရွာသားများထံမှ သတင်းရရရှိခဲ့သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

ပထမဖြစ်စဉ်

၂၀၂၂ခုနှစ်၊ သြဂုတ်လ ၁၃ရက်နေ့တွင် ကျွန်းပင်ဆိတ်တပ်စခန်းတွင် အခြေစိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ)အ မှတ် (၄၃၉)နှင့် (၆၀၃)တို့နှင့် စစ်တပ်ထောက်ခံ “ပြည်သူ့စစ်” အဖွဲ့တို့သည် စောမီထူးကို ဖမ်းဆီးခဲ့သည်။ (စောမီထူးကို ဘာကြောင့်ဖမ်းဆီးခဲ့သည်ကို မသိရှိရပါ။) စောမီထူးသည် (ခလယ်လွီထူး ခရိုင်၊ မူးမြို့နယ်၊ ကိုးနီကျေးရွာကျေးရွာအုပ်စု၊ အ---ကျေးရွာအတွင်း တ---ရပ်ကွက်တွင် နေထိုင်သည့်ရွာသားတစ်ဦး ဖြစ်သည်။ စောမီထူးသည် ဈေးတန်းတွင် ပစ္စည်းတစ်ချို့သွားဝယ်ယူ၍ အိမ်သို့ပြန်လာနေခဲ့သည်။ ထိုဈေးတန်းသည် တပ်စခန်းနှင့်နီးသောကြောင့် ဈေးအနီးတစ်ဝိုက်တွင် SAC စစ်သားများ သွားလာလှုပ်ရှားနေလျှက်ရှိသည်။ စောမီထူး ၏မိသားဝင်များပြောပြချက်အရ စောမီထူးသည် သာမန်ရွာသားတစ်ဦးသားဖြစ်ပြီး ကျေးရွာတွင် မည်သည့်အဖွဲ့အ စည်းများနှင့်လည်း ပါဝင်ပတ်သတ်မှုမရှိပါ။ (ဆိုလိုသည်မှာ သူသည် မည်သည့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့် ပတ်သတ်မှုမရှိပါ။) စောမီထူးသည် သာမန်လယ်ယာသမားတစ်ဦးသာဖြစ်သည်။ အခြားရွာသားများနှင့် ကျွန်းပင်ဆိတ် တပ်စခန်းမှ “ပြည်သူ့စစ်” အဖွဲ့ဝင်များအားလုံးနီးပါသည် စောမီထူးက မည်သူဆိုတာကို ကောင်းစွာသိကြသည်။

 

စောမီထူး၏ညီဖြစ်သူစောန---သည် SAC စစ်သားများမှ သူ၏အကိုအား ဖမ်းဆီးခဲ့သည်ကို ၎င်းကိုယ်တိုင် မမြင်တွေ့ ခဲ့သော်လည်း အခြားရွာသားများမှ စောမီထူးအဖမ်းဆီးခံခဲ့ရသည်ကို မြင်တွေ့ခဲ့ပြီး ၎င်းတို့မြင်တွေ့ခဲ့သည့်အကြောင်း စောန---အား ပြန်လည်ပြောပြခဲ့ခြင်းဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သတ်၍ စောန---သည် သူ၏ဦးလေးဖြစ်သူကို ပြန်လည်ပြောပြခဲ့သည်။ သို့သော်လည်း ထိုနေ့တွင် SAC စစ်သားများမှ သူ၏အကိုအား ဖမ်းဆီးပြီးနောက်တွင် စောန---သည် SAC စစ်သားများနောက်သို့လိုက်ရန် ကြောက်ရွံ့ခဲ့သည်။ စောမီထူးအဖမ်းဆီးခံရပြီးနောက်တွင် စောမီထူး၏ ဦးလေး (စောဒ---)နှင့် ဆွေမျိုးသားချင်းများသည် စောမီထူးကို ရှာဖွေရန် စောန---အား တောင်းဆိုခဲ့သည်။ စောမီထူး အဖမ်းဆီးခံရပြီး နောက်တစ်နေ့ ၂၀၂၂ခုနှစ်၊ သြဂုတ်လ ၁၄ရက်နေ့တွင် စောန---သည် SAC တပ်စခန်းသို့သွား၍ သူ၏အကိုဖြစ်သူအခြေအနေကို မေးမြန်းစုံစမ်းခဲ့သည်။ စောန---သည် SAC စစ်သားများ၏ယုတ်မာသည့် လုပ်ရပ်များကို ကြောက်ရွံ့သောကြောင့် တပ်စခန်းသို့ သွားရာတွင် လူကြီးတစ်ဦးကို ခေါ်ဆောင်သွားခဲ့သည်။ လူကြီး တစ်ဦးကို ခေါ်ဆောင်သွားရခြင်းမှာ SAC စစ်သားများမှ ၎င်းတို့ကိုပို၍ လေးစားသမှုပြမည်ဟု စောန---မှ ထင်မြင်ခဲ့ သည်။  တပ်စခန်းသို့ရောက်သောအခါတွင် အကိုဖြစ်သူအကြောင်းကို မေးမြန်းခဲ့သည်။ SAC မှ စောန---၏ အကိုဖြစ်သူကို လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း ၎င်းတို့အား ပြောခဲ့သည်။ သို့သော်လည်း ၎င်းတို့အိမ်ပြန်လာ သောအချိန်တွင် စောမီထူးကို မတွေ့ခဲ့ရပေ။ ၂၀၂၂ခုနှစ်၊ သြဂုတ်လ ၁၇ရက်နေ့တွင် ရွာသားအချို့သည် SAC စစ်သား များမှ လူနှစ်ဦးကို ကျွန်းပင်ဆိတ်သင်္ချိုင်းကုန်းသို့ ခေါ်ဆောင်သွားသည်ကို မြင်တွေ့ခဲ့ပြီး သေနတ်သံလည်းကြားခဲ့ ရသည်။ ထို့ကြောင့် ရွာသားများသည် SAC စစ်သားများမှ စောမီထူးသတ်ခဲ့သွားကြောင်း ယုံကြည်ခဲ့သည်။ စောမီထူး ကို ဘာကြောင့် ဖမ်းဆီး၍သတ်ဖြတ်ခဲ့သည်ကို မည်သူမှ မသိရှိရပါ။ ဘာအမှားမှမကျူးလွန်သည့် စောမီထူးလို ရွာသားသည် ဘာကြောင့်အသတ်ခံရသည်ကို စောမီထူး၏ဦးလေးဖြစ်သူ စောဒ--- နားမလည်နိုင်ဘဲရှိနေသည်။ စောဒ--- သည် စောမီထူးအသတ်ခံရမှုနှင့်ပတ်သတ်ပြီး လုံးဝမကျေနပ်ခဲ့ပေ။

 

ဒုတိယဖြစ်စဉ်

၂၀၂၂ခုနှစ်၊ သြဂုတ်လ ၁၄ရက်နေ့တွင် ကျွန်းပင်ဆိတ်တပ်စခန်းမှ SAC စစ်သားများမှ ခလယ်လွီထူးခရိုင်၊ မူးမြို့နယ်၊ နို့ညားလားကျေးရွာအုပ်စု၊ ဘ---ကျေးရွာတွင်နေထိုင်သည့်ရွာသားတစ်ဦးဖြစ်သူ စောမော်ကျေးငဲကိုလည်း မတရား ဖမ်းဆီးခဲ့သည်။ ထိုစစ်သားများသည် စောမီထူးကို ဖမ်းဆီးခဲ့သည့်စစ်သားများဖြစ်ကြသည်။ စောမော်ကျေးငဲသည် ဉာဏ်ရည်မမှီသည့်သူတစ်ဦးလည်းဖြစ်သည်။ စောမော်ကျေးငဲသည် အ---ရွာသို့ ဓာတ်မီးတစ်လုံးသွားဝယ်ရန် လမ်းတွင် စက်ဘီးဖြင့်စီးလာနေသည့်အချိန်တွင် အဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ထိုမှစ၍ စောမော်ကျေးငဲကို မတွေ့ရ တော့ပါ။ စောမော်ကျေးငဲ၏မိသားစုဝင်များ၏ပြောပြေချက်အရ ပုံမှန်ဆိုလျှင် သူသည် ပစ္စည်းသွားဝယ်ပြီးနောက် ခဏအကြာတွင် အိမ်သို့ပြန်ရောက်သည့်အတွက် ယခုလိုအိမ်မပြန်လာဘဲ ပျောက်ဆုံးသွားခြင်းသည် အထူးအဆန်း ဖြစ်နေသည်။ သူ၏သတင်းအစအနမရဘဲ အကြာကြီး ပျောက်ဆုံးသွားခြင်းကြောင့် သူသည် အသတ်ခံရပြီး ဖြစ်ကြောင်း ရွာသားများက ထင်မြင်ယူဆကြသည်။ ဇ---၏မိခင်နှင့် နော်ဌ---တို့ရွာသားနှစ်ဦးသည် ၎င်းတို့တောင် ယာမှ အိမ်သို့ပြန်လာသည့်လမ်းတွင် SAC စစ်သားများမှ လူတစ်ဦးကို ကြိုးတုတ်ပြီးရိုက်နှက်နှိပ်စက်ခဲ့သည်ကို မြင်တွေ့ခဲ့သည်။ SAC စစ်သားများမှ ကြိုးတုတ်ပြီး ရိုက်နှက်နှိပ်စက်ခဲ့သည့်သူသည် စောမော်ကျေးငဲနှင့် အလွန်တူ ကြောင်း ဖော်ပြခဲ့သည်။ သို့သော်လည်း မျက်မြင်ကိုယ်တွေ့ခဲ့သည့်ရွာသားနှစ်ဦးသည် SAC စစ်သားများကို ကြောက်ရွံ့ သောကြောင့် ထိုနှိပ်စက်ခံရသည့်ရွာသားကို သေသေချာချာမကြည့်ရဲခဲ့ပေ။ ၎င်းတို့ရွာကိုပြန်ရောက်သည့်အချိန်တွင် ၎င်းတို့မြင်တွေ့ခဲ့သည့်အရာများကို တစ်ခြားရွာသားများအား ပြောပြခဲ့သည်။ စောမော်ကျေးငဲသည် (သြဂုတ်လ ၁၄ရက်နေ့တွင်) ကျွန်းပင်ဆိတ်သင်္ချိုင်းကုန်းတွင် အသတ်ခံခဲ့ရကြောင်း ရွာသားများက ယုံကြည်ကြသည်။ ဤသတင်း အချက်အလက်ကို စောမော်ကျေးငဲ၏ယောက်ဖဖြစ်သူမှ KHRG သတင်းစုဆောင်းသူအား တင်ပြခဲ့ခြင်းဖြစ်သည်။

 

တတိယဖြစ်စဉ်

၂၀၂၂ခုနှစ်၊ သြဂုတ်လ ၁၂ရက်နေ့တွင် ခလယ်လွီထူးခရိုင်၊ မူးမြို့နယ်၊ ဝေ့စွဲကျေးရွာအုပ်စု၊ စ---ကျေးရွာတွင် နေထိုင် သည့်ရွာသားတစ်ဦးဖြစ်သူ စောမော်ကောကျော်သည် အ---ရွာသို့သွားလည်ခဲ့သည်။ ထို့နေ့တွင်ပင် သူ သည်အဖမ်းခံ ခဲ့ရကြောင်း ရွာသားများက ယုံကြည်ကြသည်။ (ဤသတင်းအချက်အလက်ကိုရယူဖို့ အင်တာဗျူးလုပ်နေတဲ့ အချိန်မှာ) စောမော်ကောကျော်သည် တစ်လကျော်ပျောက်ဆုံးသွားခဲ့ပြီးဖြစ်သည်။ စောမော်ကောကျော်သည်လည်း ဉာဏ်ရည်မမှီတဲ့ရွာသားတစ်ဦးလည်းဖြစ်သည်။ သူသည် အ---ကျေးရွာသို့ ဈေးသွားဝယ်ခဲ့ပြီးနောက် ယခုအချိန်ထိ အိမ်သို့ပြန်မရောက်လာခဲ့ပေ။ သူသည်အသတ်ခံရပြီးဖြစ်ကြောင်း ရွာသားများက ယုံကြည်ကြသည်။ (စောမော်ကော ကျော်သည်) အသတ်ခံရလောက်ပြီးဖြစ်ကြောင်း ဝေ့စွဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်သူ စောလ---ကလည်း ယုံကြည်နေသည်။ အဘယ်ကြောင့်ဆိုသော် စောမော်ကောကျော် ပျောက်ဆုံးသွားတာ တစ်လကျော်နေပြီးဖြစ်သည်။ စောမော်ကောကျော်၏တစ်ဝမ်းကွဲဖြစ်သူ စောဟ---သည် အခြားရွာသားများထံမှ ကြားသိရှိခဲ့သည့်အတိုင်း ဤဖြစ် စဉ်ကို KHRG အား တင်ပြခဲ့သည်။ (၂၀၂၂ခုနှစ်၊ သြဂုတ်လ ၁၇ရက်နေ့၌ စောမော်ကောကျော်သည် ကျွန်းပင်ဆိတ် သင်္ချိုင်းကုန်းတွင် စောမီထူးနှင့်အတူ အသတ်ခံရခဲ့ကြောင်း  ရွာသားအချို့မှ ယူဆခဲ့သည်။)

 

ယခုလိုရွာသားများဖမ်းဆီးခံရပြီး ပျောက်ဆုံးသွားခြင်းကြောင့် ဒေသခံရွာသားများကြားတွင် အကြောက်တရားများ ကြီးထွားလာခဲ့သည်။ (အ---ကျေးရွာဘေးပတ်လည်ရွာများတွင်ရှိသည့်) ရွာသားများသည် ၎င်းတို့ရွာတွင် ဆက်လက် နေထိုင်ရန်ပင် ကြောက်ရွံ့နေကြသည်။ ထို့ကြောင့် ရွာသားများသည် အခြားနေရာသို့သွား၍ ပုန်းရှောင်ခဲ့ရသည်။ မူးမြို့နယ်တွင် SAC တပ်စခန်းငါးခုကို တိုက်ခိုက်ခြင်းအပါအဝင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ၂၀၂၂ခုနှစ်၊ ဇူလှိုင်လ မှစ၍ ဒေသခံရွာသားများသည် မကြာခဏဆိုသလို ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။ ရွာသားအများစုသည် ၎င်းတို့၏ရွာအ ပြင်ဖက်ရှိ စိုက်ပျိုးခြံထဲတွင် ထွက်ပြေးပုန်းရှောင်ခဲ့သည်။ သို့သော်လည်း အချို့ရွာသားများသည် ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်ရှိဒုက္ခသည်စခန်းများ သို့မဟုတ် တောအူး (တောင် ငူ)ခရိုင်၊ မ---မြို့နှင့် ဃ---မြို့တွင်လည်း သွားရောက် ပုန်းရှောင်ခဲ့သည်။ SAC စစ်သားများကိုမြင်လျှင် ကြောက်နေရကြောင်း အချို့ဒေသခံများ ဖွင့်ပြောခဲ့ကြသည်။ အကြောင်းရင်းမှာ SAC စစ်သားများသည် ဉာဏ်ရည်မမှီသည့်သူများအပါအဝင် မည်သူ့ကိုမဆို ဖမ်းဆီးသတ်ဖြတ် နိုင်ခြင်းကြောင့်ဖြစ်သည်။ ရွာသားများသည် ထွက်ပြေးတိမ်းရှောင်ရပြီးနောက်တွင် SAC စစ်သားများသည် ရွာထဲသို့ ဝင်လာပြီး ရွာသားများပိုင်ဆိုင်သည့်အရာဝတ္တုပစ္စည်းများနှင့် စားစရာများကို ယူဆောင်ခဲ့ကြသည်။ လာမည့်နှစ်တွင် ရွာသားများသည် စားနပ်ရိက္ခာပြတ်လပ်မှုနှင့်ရင်ဆိုင်ကြုံတွေ့ရမှာကို စိုးရိမ်ပူပန်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ရွာသားများ ထွက်ပြေးပုန်းရှောင်ရသည့်အချိန်တွင် ၎င်းတို့၏လယ်ယာလုပ်ငန်းများကို မလုပ်နိုင်တော့သောကြောင့် ဖြစ်သည်။ (၂၀၂၂ခုနှစ်၊ စက်တင်ဘာလအတွင်း ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာကို ရေးသားပြုစုနေစဉ်အတွင်း ရွာသားများသည် ပုန်းရှောင်နေရဆဲဖြစ်သည်။)

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

အဖမ်းခံရသည့်ရွာသားများအားလုံး၏မိသားစုဝင်များနှင့် အင်တာဗျူးခဲ့သည့်အခြားရွာသားများသည် ဤသတင်းအ ကြောင်းအရာများကို ရေးသားဖြန့်ဝေရန် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။ သို့သော်လည်း လုံခြုံရေးအတွက် ၎င်းတို့၏နာမည်များကို ဆင်ဆာဖြတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

Wed, 01 Feb 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ခလယ်လွီထူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြ ထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်း ပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်