Wed, 01 Feb 2023
ခလယ်လွီထူးခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - တိုက်ပွဲ၊ နေရပ်ရွှေ့ပြောင်းရမှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် SAC မှ လက်နက်ကြီးရမ်း သန်းပစ်ခတ်မှု (၂၀၂၂ခုနှစ်၊ ဇူလှိုင်လမှ စက်တင်ဘာလအထိ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၂ခုနှစ်၊ ဇူလှိုင်လနှင့်စက်တင်ဘာလအတွင်း ခလယ်လွီထူး (ညောင်လေး ပင်) ခရိုင်၊ လယ်ဒို (ကျောက်ကြီး)မြို့နယ်တွင် ဖြစ်ပွားခဲ့သည့်အဖြစ်အပျက်များကို ဖော်ပြထားသည်။ စက်တင်ဘာလ အစောပိုင်းတွင် ခြေမြန်တပ်ရင်း (ခမရ)အမှတ် (၅၉၉)နှင့် ခြေလျင်တပ်ရင်း (ခလရ)အမှတ် (၅၉၀)မှ SAC စစ်သား များသည် မူတြော် (ဖာပွန်)ခရိုင်ရှိ ဖောခေးခို (ဖောဆာခို)တပ်စခန်းမှ ခလယ်လွီထူးခရိုင်၊ လယ်ဒိုမြို့နယ်ရှိ ၎င်းတို့တပ် စခန်းသို့ ပြန်လာအခြေစိုက်လာသည့်အချိန်မှစ၍ အဆိုပါ SAC တပ်ဖွဲ့များနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) တို့ကြားတွင် တိုက်ပွဲ (၁၅)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။ SAC တိုက်ပွဲအလွန်ပြင်းထန်သောကြောင့် ထိခိုက်သေဆုံးမှုများပြီးဖြစ်သည့်အတွက် SAC တပ်ဖွဲ့များ ဖက်တွင် တပ်မ (၇၇)မှ ၎င်းစစ်သားများအား စစ်ကူအဖြစ်စေလွှတ်၍ တိုက်ပွဲတွင်လာရောက်ပစ်ခတ်ကူပေးခဲ့သည်။ ဤသတင်းတိုလွှာကို ရေးသားပြုစုနေစဉ်အတွင်း SAC စစ်သားများသည် ထိုဒေသတွင် လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးပြုလုပ်ပြီး လက်နက်ကြီးများ အကြိမ်ပေါင်းများစွာရမ်းသန်းပစ်ခတ်ခဲ့သည်။ တိုက်ပွဲအပါအဝင် လေ ကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် လယ်ဒိုမြို့နယ်ရှိကျေးရွာအများအပြားတွင် နေထိုင်ကြ သည့်ရွာသူရွာသားများသည် ကြောက်ရွံနေကြပြီး ၎င်းတို့ရွာများမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ၂၀၂၂ခုနှစ်၊ သြဂုတ် လ ၇ရက်နေ့တွင် SAC မှ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် လယ်ဒိုမြို့နယ်၊ ကျောက်စရစ်ကျေးရွာအုပ်စုရှိ ရွာတစ်ရွာတွင် နေထိုင်သည့်အမျိုးသမီးတစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။[1]

 

 

တိုက်ပွဲနှင့် နေရပ်ရွှေ့ပြောင်းနေရခြင်း

၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၆ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၉၉)နှင့် ခြေလျင်တပ်ရင်း (ခလရ)အမှတ် (၅၉၀)နှင့် (၄၈)တို့သည် မူတြော် (ဖာပွန်)ခရိုင်ရှိ ဖောခေးခိုတပ်စခန်းမှ (ဖောဆာခိုတပ်စခန်းဟုလည်းခေါ်သည်) ထွက်ခွာလာခဲ့ပြီး ခလယ်လွီထူး (ညောင်လေးပင်)ခရိုင်၊ လယ်ဒို (ကျောက် ကြီး)မြို့နယ်၊ ကွီးလားကျေးရွာအုပ်စုနှင့်ဃဲဒမ်းကျေးရွာအုပ်စုကြားတွင်တည်ရှိသော ၎င်းတို့တပ်စခန်းသို့ ပြန်လာအ ခြေစိုက်ခဲ့သည်။ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၇ရက်နေ့တွင် လယ်ဒိုမြို့နယ်၊ ဃဲဒမ်းကျေးရွာအုပ်စု၊ သယ်ခီးကျေးရွာမှ ရွာသားများသည် ၎င်းတို့စိုက်ပျိုးခြံမှ ရွာသို့ပြန်လာသည့်လမ်းတွင် SAC စစ်သားများကို မြင်တွေ့ခဲ့သည်။ SAC စစ်သားများကို မြင်တွေ့ပြီးနောက် အဆိုပါရွာသားများသည် ကျေးရွာသို့ ပြန်ပြေးလာပြီး အခြားရွာသားများ၊ ကျေးရွာ ခေါင်းဆောင်များနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) စစ်သားများကို အကြောင်းကြားခဲ့သည်။ KNDO စစ်သားများသည် ဒေသတွင်း SAC စစ်သားများရောက်ရှိနေကြောင်း ကြားသိရှိပြီးနောက်တွင် ရွာသားများ၏ လုံခြုံရေး အတွက် လယ်ဒိုမြို့နယ်၊ ဃဲဒမ်းကျေးရွာအုပ်စုရှိ ထူးထနှင့်သယ်ခီးကျေးရွာများတွင် သွားရောက်၍ လုံခြုံရေးစစ်ဆေး မှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း (လုံခြုံရေးစစ်ဆေးမှုများမပြုလုပ်မှီအချိန်တွင်) ထူးထနှင့် သယ်ခီးကျေးရွာများ တွင်နေထိုင်ကြသောရွာသားများသည် (ထိုဒေသတွင် SAC စစ်သားများရောက်ရှိနေကြောင်း မြင်တွေ့ခဲ့ရသည့်ရွာသား များမှ) ၎င်းတို့အား အကြောင်းကြားပြီးနောက်တွင် ၎င်းတို့လည်း ရွာမှ ထွက်ပြေးတိမ်း ရှောင်နေကြပြီးဖြစ်သည်။

နောက်ပိုင်းတွင် (ဤသတင်းတိုကို ရေးသားပြုစုနေစဉ်အတွင်း) SAC စစ်သားများသည် လယ်ဒိုမြို့နယ်၊ ကဲကာခို ကျေးရွာအုပ်စု၊ မူသယ်ကျေးရွာမှ ကားလမ်းမကြီးတွင် ယခင်ကလိုမျိုး သွားလာလှုပ်ရှားမှုများ မလုပ်တော့ပေ။ (ယခင် ကစစ်တပ်အာဏာသိမ်းမှုမဖြစ်ပွားမှီအချိန်ကာလတွင် တပ်မတော်စစ်သားများသည် ထိုလမ်းမကြီးတွင် သွားလာလှုပ် ရှားနေခဲ့သည်။) သို့သော်လည်း ၎င်းတို့သည် (ထိုလမ်းမကြီးကျော်၍) ပို၍ဝေးလွန်းသော ဒေသများတွင် သွားရောက် လှုပ်ရှားနေခဲ့သည်။ ထိုဝေးလွန်းသည့်ကျေးလက်ဒေသများတွင် SAC တပ်ဖွဲ့အသစ်များ လာရောက် လှုပ်ရှားနေသော ကြောင့် ကွီးလားနှင့်ဃဲဒမ်းကျေးရွာအုပ်စုများရှိ တစ်ချို့သောကျေးရွာများတွင် နေထိုင်ကြသော ရွာသားများသည် (ဤသတင်းတိုကို ရေးသားပြုစုနေချိန်တွင်) ၎င်းတို့ရွာမှ ထွက်ပြေးတိမ်းရှောင်နေကြပြီးဖြစ်သည်။ ၂၀၂၂ခုနှစ်၊ စက်တင် ဘာလ ၈ရက်နေ့တွင် လယ်ဒိုမြို့နယ်၊ ကွီးလားကျေးရွာအုပ်စုရှိ ပိုခိုဒမ်းကျေးရွာနှင့် ဃဲဒမ်းကျေးရွာ အုပ်စုရှိ မူခီး၊ ဒိုဒေါခီး၊ ဃဲဒမ်း၊ ဒေးဘောခီးနှင့်ခေါထောခီးကျေးရွာများတွင် နေထိုင်ကြသောရွာသားများသည် ၎င်းတို့ ရွာမှ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။ အကြောင်းရင်းမှာ မူတြော်ခရိုင်ရှိ ဖောခေးခိုတပ်စခန်းမှ ပြန်လာကြသည့် SAC စစ်သားများသည် မူသယ်ကားလမ်းမကြီးကို အသုံးမပြုတော့ဘဲ အခြားရွာများကိုဖြတ်၍ တောထဲမှလမ်းကိုအသုံးပြုကာ ခရီးသွားလာ ခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် ဃဲဒမ်းကျေးရွာအုပ်စုတွင် ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) မှ ဖွင့်လှစ်ထား သောကျောင်းများသည် ပိတ်ပင်ခဲ့ရပြီး ဃဲဒမ်းနှင့်ကွီးလားကျေးရွာအုပ်စုများရှိ ရွာသားများ သည် ခရီးသွားလာမှုနှင့် စားဝတ်နေရေးအခက်အခဲစိန်ခေါ်မှုများအား ကြုံတွေ့ခဲ့ကြရသည်။

၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၇ရက်နေ့မှစ၍ (ခမရ ၅၉၉နှင့် ခလရ ၅၉၀နှင့်၄၈တို့မှ) SAC တပ်ဖွဲ့များသည် လယ် ဒိုမြို့နယ်၊ ဃဲဒမ်းကျေးရွာအုပ်စုတွင် စစ်ဖက်ဆိုင်ရာစစ်ဆင်ရေးများ ပြုလုပ်နေလျှက်ရှိသည်။ စက်တင်ဘာလ ၇ ရက်နေ့မှစ၍ SAC တပ်ဖွဲ့များသည် လယ်ဒိုမြို့နယ်၊ ဃဲဒမ်းကျေးရွာအုပ်စုရှိ လယ်ဝါးခိုနေရာတွင် အခြေစိုက် နေထိုင် ခဲ့သည်။ စက်တင်ဘာလ၊ ၁၆ရက်နေ့အထိတွင် ထိုနေရာတွင် ၎င်းတို့တပ်ဖွဲ့များရှိနေသေးကြောင်း သတင်းရ ရှိခဲ့သည်။ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၉ရက်နေ့တွင် လယ်ဒိုမြို့နယ်၊ ဃဲဒမ်းကျေးရွာအုပ်စု၊ မူခီးကျေးရွာသားများသည် (ခမရ ၅၉၉နှင့် ခလရ ၅၉၀နှင့်၄၈တို့မှ) SAC တပ်ဖွဲ့များသည် ၎င်းတို့အား သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့် အတွက်ကြောင့် (၎င်းတို့ကျေးရွာအနီးတစ်ဝိုက်တွင်) လုံခြုံရေးစစ်ဆေးမှုများပြုလုပ်ခဲ့သည်။ ထိုပစ်ခတ်မှုတွင် ရွာသားတစ်ဦးမျှ ထိခိုက် ဒဏ်ရာရရှိခြင်းမရှိခဲ့ပါ။ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၀ရက်နေ့တွင် (ခမရ ၅၉၉နှင့် ခလရ ၅၉၀နှင့်၄၈တို့မှ) SAC စစ်သားများသည် မူခီးကျေးရွာအပြင်ဘက်တွင် ကျွဲတစ်ကောင်ကို ပစ်သတ်ခဲ့သည်။ ထိုကျွဲသည် မူခီးကျေးရွာအုပ်ချုပ် ရေးမှူး စောက---၏ကျွဲဖြစ်သည်။ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၁ရက်နေ့တွင် လယ်ဒိုမြို့ နယ်၊ ဃဲဒမ်းကျေးရွာအုပ်စု၊ မူခီးကျေးရွာအနီးတွင် အဆိုပါ SAC တပ်ဖွဲ့များနှင့် KNDO တပ်ရင်းအမှတ်(၃)မှ စစ်သားများတို့ကြား ပစ်ခတ်တိုက်ခိုက် မှုဖြစ်ပွားခဲ့သည်။ လက်တုန့်ပြန်သည့်အနေဖြင့် SAC စစ်သားများသည် မူခီးကျေးရွာနှင့် (ခလယ်လွီထူးခရိုင်ရှိ) KNDO စစ်ဌာနချုပ်ကို လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။

၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၃ရက်နေ့တွင် လယ်ဒိုမြို့နယ်၊ ဃဲဒမ်းကျေးရွာအုပ်စု၊ ပယ်ဝါးဒမ်းကျေးရွာမှ ရွာသားများ နှင့် လယ်ဒိုမြို့နယ်၊ လောမူပယ်ကျေးရွာအုပ်စု၊ လောမူပယ်ကျေးရွာမှရွာသားများသည် ၎င်းတို့ရွာမှ ထွက်ပြေးတိမ်း ရှောင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် (ခမရ ၅၉၉နှင့် ခလရ ၅၉၀နှင့်၄၈တို့မှ) SAC တပ်ဖွဲ့များမှ သူတို့ရွာသို့သွားရန်အစီအစဉ်ရှိသည်ဟု သတင်းရရှိထားသောကြောင့်ဖြစ်သည်။ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၄ရက် နေ့တွင် လယ်ဒိုမြို့နယ်၊ ဃဲဒမ်းကျေးရွာအုပ်စု၊ ခိုလူးကျေးရွာမှ ရွာသားများသည်လည်း ၎င်းရွာကိုစွန့်ခွာ၍ တိမ်းရှောင် နေရပြီးဖြစ်သည်။ အကြောင်းရင်းမှာ SAC တပ်ဖွဲ့များသည် လယ်ဒိုမြို့နယ်၊ ဃဲဒမ်းကျေးရွာအုပ်စု၊ လယ်ဝါးခိုကျေး ရွာမှ ခိုလူးကျေးရွာသို့ ဦးတည်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါရွာသားများသည် ထွက်ပြေးပုန်းရှောင်နေဆဲဖြစ်ပြီး လယ်ဒိုမြို့ နယ်၊ လောမူသောကျေးရွာအုပ်စုရှိ ကျေးရွာတစ်ရွာအနီးနားတွင် ခိုလှုံ၍ပုန်းရှောင်နေရသည်။

ဤသတင်းတိုလွှာကို ရေးသားပြုစုနေသည့်ကာလတစ်လျှောက်တွင် (ခမရ ၅၉၉နှင့် ခလရ ၅၉၀နှင့်၄၈တို့မှ) SAC တပ်ဖွဲ့များသည် (မူတြော်ခရိုင်ရှိ) ဖောခေးခိုတပ်စခန်းမှထွက်ခွာလာသည့်အချိန်မှစ၍ အဆိုပါ SAC တပ်ဖွဲ့များနှင့် KNDO တပ်ရင်း(၃)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) တပ်ရင်းအမှတ် (၇)၊ (၈)နှင့်(၉)တို့ကြားတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ထို့ကြောင့် SAC စစ်သားများသည် ၎င်းတို့နေရာသို့ (မည်သည့်နေရာမသိရှိရ) ပြန်လာရန် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ကြသည်။ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၄ရက်နေ့ မနက် ရး၂၀မိနစ်တွင် လယ်ဒိုမြို့နယ်၊ ပဒဲကောကျေးရွာအုပ်စု၊ ပဒဲကောကျေးရွာအပြင်ဖက်တွင် တည်ရှိသော ဘောကထတပ်စခန်းတွင်အခြေစိုက်သည့် တပ်မ(၇၇)သည် စစ်ကူအနေဖြင့် ၎င်းစစ်သားများကို စေလွှတ်၍ (ဃဲဒမ်းကျေးရွာအုပ်စုရှိ) လယ်ဝါးခိုရွာတွင် လာရောက်နေရာယူခဲ့သည်။ အကြောင်းရင်းမှာ (လယ်ဝါးခိုရွာတွင် ရောက်ရှိနေသည့်) ခမရ ၅၉၉နှင့် ခလရ ၅၉၀နှင့်၄၈တို့မှ SAC စစ်သားများသည် တိုက်ပွဲတွင် သေကြေထိခိုက်မှုများနှင့်ရင်ဆိုင်နေရသောကြောင့်ဖြစ်သည်။ စစ်ကူအဖြင့်လာရောက်တိုက်ခိုက်ပေးသည့် တပ်မ (၇၇)မှ SAC စစ်သားများလည်း ထိခိုက်သေကြေမှုများ ကြုံတွေ့နေ ရပြီး ဒဏ်ရာရနေသည့် ၎င်းတို့စစ်သား များကို လယ်ဒိုမြို့နယ်၊ ဘောကထကျေးရွာအုပ်စု၊ ဘောကထတပ်စခန်းသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။ သို့သော်လည်း လယ်ဝါးခိုကျေးရွာတွင် SAC စစ်သားများအချို့ကျန်ရစ်ခဲ့သည်။ တပ်မ (၇၇)၏တပ်ရင်းမှူးသည် မင်းတင်ဖြစ်သည်။ သူသည် ယခုအချိန်တွင် လယ်ဒိုမြို့တွင် အခြေစိုက်နေထိုင်သည်။ ဤသတင်းတိုလွှာကို ရေးသားပြုစုနေသည့်ကာလတစ်လျှောက်တွင် တိုက်ပွဲများ (၁၅)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ သည်။ တိုက်ပွဲများကြောင့် ဒေသခံရွာသားများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ စစ်ပြေးရှောင်ရွာသားများ ကြုံတွေ့ရသည့်အခက်အခဲများမှာ ကျန်းမာရေးပြဿနာများ၊ စားနပ်ရိက္ခာပြတ်လပ်မှုများနှင့် စားဝတ်နေရေးပြဿနာ များဖြစ်ကြသည်။

လေကြောင်းတိုက်ခိုက်မှုများ

၂၀၂၂ခုနှစ်၊ ဇူလှိုင်လ ၂၉ရက်နေ့ မနက် ၉း၁၀မိနစ်တွင် SAC ဂျက်လေယာဉ်သည် (ဂျက်လေယာဉ်အရေအတွက် မသိရှိရပါ) လယ်ဒိုမြို့နယ်၊ လောမူပယ်ကျေးရွာအုပ်စုရှိ သောတူးဒေးနေရာနှင့် ကွီးဒိုနေရာတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ သည်။ သောတူးဒေးနေရာသည် (KNLA) တပ်ရင်းအမှတ် (၉)မှ လှုပ်ရှားနေသည့်နေရာဖြစ်ပြီး ကွီးဒိုနေရာသည် အကြမ်းမဖက်အာဏာဖီဆန်သည့်လူထုလှုပ်ရှားမှု (CDM) သမားများ လာရောက်ခိုလှုံသည့်နေရာဖြစ်သည်။ ထိုနေ့ တွင် လယ်ဒိုမြို့နယ်၊ လောမူပယ်ကျေးရွာအုပ်စု၊ လယ်ပယ်ဒဲနေရာအနီးတွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ သည်။ ထိုနေရာသည် စစ်ပြေးရှောင်ရွာသားများပုန်းရှောင်နေသည့်နေရာဖြစ်သည်။ လေကြောင်းတိုက်ခိုက်မှုများ ကြောင့် KNLA တပ်ရင်းအမှတ် (၉)၏ခန်းမကြီးတစ်ခုပျက်စီးသွားခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ ရွာသားများကြားတွင် ကြောက်ရွံ့မှုနှင့်စိုးရိမ်ပူပန်မှုများ ပို၍ရှိလာခဲ့သည်။ လောမူပယ်ကျေးရွာအုပ်စုမှ စစ်ပြေးရှောင်ရွာ သားများသည် အခြားနေရာသို့ပြောင်းရွှေ့ခဲ့ရသည်။ လယ်ဒိုမြို့နယ်၊ လောမူပယ်ကျေးရွာအုပ်စုနှင့် ဃဲဒမ်းကျေးရွာအုပ် စုတို့နယ်နိမိတ်ကြားတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ SAC ဂျက်လေယာဉ်များသည် သောတူးဒေး နေရာ၊ ကွီးဒိုနေရာနှင့် လယ်ပယ်ဒဲနေရာများတွင် လာရောက်ဗုံးကြဲခဲ့ပြီး ၎င်းတို့ဌာနသို့ ပြန်သွားခဲ့သည်။ သို့သော်လည်း  ၂၀၂၂ခုနှစ်၊ ဇူလှိုင်လ ၂၉ ရက်နေ့ ညနေပိုင်း ၄း၂၅မိနစ်တွင် SAC ဂျက်လေယာဉ် များသည် ထိုဒေသသို့ တဖန်ပျံဝဲ လာပြီး ဝေဟင်ကင်းထောက်လှမ်းမှုများပြုလုပ်ခဲ့သည်။

၂၀၂၂ခုနှစ်၊ သြဂုတ်လ ၈ရက်နေ့ မနက် ၁၀း၁၅မိနစ်တွင် SAC လေယာဉ်နှစ်စီးသည် လယ်ဒိုမြို့နယ်၊  ကျောက်စရစ် ကျေးရွာအုပ်စုရှိ ပေကေကျေးရွာနှင့် ပယ်သောကျေးရွာကြားတွင် လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည်။ လေကြောင်း တိုက်ခိုက်မှုတွင် ရွာသားများ၏နေအိမ်များ၊ ဥယျာဉ်ခြံများနှင့် စိုက်ပျိုးခြံများ ပျက်စီးသွားခဲ့သည်။ SAC လေယာဉ် နှစ်စီးသည် ထိုဒေသတွင် လေကြောင်းတိုက်ခိုက်မှုငါးကြိမ်ပြုလုပ်ခဲ့ပြီးနောက်တွင် (KNLA) တပ်ရင်းအမှတ် (၉)မှ စစ်သားများလည်း ၎င်းတို့အား ပြန်လည်ပစ်ခတ်ခဲ့သည်။ ဤကဲ့သို့ပြန်လည်ပစ်ခတ်ခြင်းကြောင့် SAC လေယာဉ် တစ်စီးသည် မီးခိုးများထွက်၍ ထိုဒေသမှထွက်ခွာပြီး ကျောက်တံခါးမြို့နယ်၊ ကညင်ညိုကျေးရွာရှိ ကျောင်းဝင်းထဲသို့ ထိုးဆင်းခဲ့သည်။ ကညင်ညိုကျေးရွာသည် ပရဲလိုမြစ်ချောင်း၏အခြားတစ်ဖက်ကမ်းတွင် တည်ရှိပြီး SAC ၏အုပ်ချုပ် မှုအောက်တွင်ရှိသည်။ (ကညင်ညိုကျေးရွာသည် ညောင်လေးပင်ခရိုင်တွင် တည်ရှိသော်လည်း KHRG ၏လှုပ်ရှားရာ နယ်မြေ၏အပြင်ဖက်တွင်ရှိသည်။)

၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၄ရက်နေ့ မနက် (၁၁)နာရီမှ နေ့လည် ၁၂း၂၀မိနစ်အထိ SAC ဂျက်လေယာဉ်နှစ်စီးသည် လယ်ဒိုမြို့နယ်၊  ကွီးလားနှင့်ဃဲဒမ်းကျေးရွာအုပ်စုများတွင် ဝေဟင်ကင်းထောက်လှမ်းမှုများ (၉)ကြိမ်ပြုလုပ်ခဲ့သည်။ ထို့နောက် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၄ရက်နေ့ ညနေ ၄း၁၅မိနစ်ဝန်းကျင်တွင် SAC ဂျက်လေယာဉ်နှစ်စီးသည် လယ်ဒိုမြို့နယ်၊ ဃဲဒမ်းကျေးရွာအုပ်စု၊ ခိုလူးကျေးရွာအနီးရှိ လယ်ဘားနေရာတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဤလေ ကြောင်းတိုက်ခိုက်မှုကြောင့် လယ်ဒိုမြို့နယ်အတွင်း လောမူသောကျေးရွာအုပ်စုရှိ လောမူသောကျေးရွာ၊ ကွီးလား ကျေးရွာအုပ်စုရှိ ပိုခိုဒဲကျေးရွာနှင့် ဃဲဒမ်းကျေးရွာ အုပ်စုရှိ ဒေးဘောခီး၊ ဃဲဒမ်း၊ ထူးထ၊ သယ်ခီး၊ ခေါထောခီး၊ ဒိုဒေါခီး၊ မူခီး၊ ခိုလူး၊ ပယ်ဝါးဒဲကျေးရွာများတွင် နေထိုင်ကြသောရွာသူရွာသားများသည် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး (ဤသ တင်းရေးသားပြုစုချိန်တွင်) ၎င်းတို့၏ကျေးရွာများသို့ ပြန်လာနေထိုင်နိုင်ခြင်းမရှိခဲ့ပေ။ စုစုပေါင်းကျေးရွာပေါင်း (၁၁)ရွာမှရွာသားများထွက်ပြေးတိမ်းရှောင်ရ၍ အားလုံးစုစုပေါင်း စစ်ပြေးရှောင်ရွာသားများ ၁၃၁၁ ဦးရှိသည်။ ယခုအချိန်တွင် မိုးရာသီရောက်နေပြီးဖြစ်သောကြောင့် စစ်ပြေးရှောင်ရွာသားများသည် စားနပ်ရိက္ခာပြတ်လပ်မှု အပါ အဝင် အခြားသောအခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

SAC မှ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှု

၂၀၂၂ခုနှစ်၊ သြဂုတ်လ ၇ရက်နေ့ မနက် ၅း၀၅မိနစ်တွင် ကျောက်တံခါးမြို့နယ်၊ ဒိုးဒါကျေးရွာတွင် အခြေစိုက်သည့် (တပ်ရင်းအမှတ်မသိရသည့်) SAC တပ်ဖွဲ့များသည် ခလယ်လွီထူးခရိုင်၊ လယ်ဒိုမြို့နယ်၊ ကျောက်စရစ်ကျေးရွာအုပ်စု၊ ပေကေကျေးရွာတွင် လက်နက်ကြီးလေးလုံးပစ်ခတ်ခဲ့သည်။ ဒိုးဒါကျေးရွာသည် (ကျောက်တံခါးမြို့နယ်၊ ကညင်ညို ကျေးရွာအနီးရှိ) ပရဲလိုမြစ်ချောင်း၏အခြားတစ်ဖက်တွင် တည်ရှိသည်။ လက်နက်ကြီးသုံးလုံးမှာ ပေကေကျေးရွာ အတွင်းသို့ ကျပြီးပေါက်ကွဲခဲ့သည်။ အခြားတစ်လုံးမှာ ရွာ၏အဝင်ဝတွင် ကျပြီးပေါက်ကွဲခဲ့သည်။ လက်နက်ကြီး တစ်လုံးမှ ပေါက်ကွဲပြီး အပိုင်းအစများသည် ၂၁နှစ်အရွယ်ရှိသော ရွာသူတစ်ဦးဖြစ်သူ နော်ဘ---ကို ထိမှန်ခဲ့၍ ဒဏ်ရာရရှိခဲ့သည်။ ထိုလက်နက်ကြီးအပိုင်းအစများသည် နော်ဘ---၏အိမ်နံရံကို ထိုးဖောက်ပြီး သူမအား ထိမှန်ခဲ့ ခြင်းဖြစ်ပြီး သူမ၏လည်ပင်းညာဖက်ခြမ်းတွင် ဒဏ်ရာရရှိခဲ့သည်။ ဤကဲ့သို့လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ပေကေရွာသားများသည် လယ်ဒိုမြို့နယ်၊ နို့ခေါကျေးရွာအုပ်စု၊ စ---ရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ (ရွာသားများ ပုန်းရှောင်နေသည့်စခန်းတွင်) နော်ဘ---၏ဒဏ်ရာများကို Free Burma Rangers အဖွဲ့မှဆေးမှူးများက ဆေးကုသပေးခဲ့သည်။ ယခုအချိန်တွင် နော်ဘ---၏ဒဏ်ရာသည် ပြန်လည်သက်သာလာပြီးဖြစ်ပြီး ပေကေရွာသား များသည်လည်း (၂၀၂၂ခုနှစ်၊ နိုဝင်ဘာလအတွင်း) ၎င်းတို့ရွာသို့ ပြန်လာနေထိုင်နိုင်ပြီးဖြစ်သည်။

Wed, 01 Feb 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ခုနှစ်၊ သြဂုတ်လနှင့်စက်တင်ဘာလအတွင်း ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေး အဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ခလယ်လွီထူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေ အား ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်