Wed, 31 Aug 2022
ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - မည်သူမည်ဝါ မသိရှိရသူတစ်ဦးမှ ရွာသားတစ်ဦးအား သတ်ဖြတ်ခဲ့ခြင်း (၂၀၂၂ခုနှစ်၊ မေလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ဒူးပလာယာခရိုင်၊ ကော်တရီ (ကော့ကရိတ်) မြို့နယ်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုအကြောင်းကို ဖော်ပြထားပါသည်။ ၂၀၂၂ခုနှစ်၊ မေလ ၂၃ရက်နေ့ ညအချိန်တွင် မည်သည့်တပ်ဖွဲ့မှ မသိရ သော လက်နက်ကိုင်တပ်သားအချို့သည် စောအ---၏အိမ်တွင် ဝင်ရောက်လာပြီး အကြောင်းပြချက်မရှိဘဲ ၎င်းအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ဤအခင်းဖြစ်ပွားမှုကို အမျိုးသမီးတစ်ဦးက မြင်တွေ့ခဲ့သည်။ သို့သော်လည်း ပြစ်မှု ကျူးလွန်သူတွေက မည်သူမည်ဝါဖြစ်ကြောင်း သူမအနေဖြင့် မသိရှိခဲ့ပေ။ အကြောင်းမှာ အခင်းဖြစ်ပွားချိန်တွင် ညအချိန်ဖြစ်ပြီး မှောင်နေသောကြောင့် ထိုအမျိုးသမီးမှ ထင်ထင်ရှားရှား မမြင်ခဲ့ရခြင်းဖြစ်သည်။ သူမတွင်ရှိသော လက်နှိပ်ဓာတ်မီးကို အသုံးပြု၍ အလင်းထိုးပြီးကြည့်ရန်လည်း သူမအတွက် လုံခြုံမှုမရှိပေ။ ပြစ်မှုကျူးလွန်သူများ သည် စစ်သားများဖြစ်နိုင်သည်ဟု အသတ်ခံရသူ စောအ---၏မိသားစုဝင်များမှ သံသယရှိခဲ့သည်။ သို့သော်လည်း မည်သည့်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်း ၎င်းတို့မှ မသိရှိရပါ။ အခင်းဖြစ်ပွားသည့်နယ်မြေဒေသတွင် လှုပ်ရှားနေ သော လက်နက်ကိုင်တပ်ဖွဲ့များ အများအပြားရှိသည်။ ထိုလက်နက်ကိုင် တပ်ဖွဲ့များမှာ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO)၊ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတို့ဖြစ်ကြသည်။ စောအ---သည် ဘာအတွက်ကြောင့် အသတ်ခံရသည်ကို  စောအ---၏မိသားစုဝင်များ မသိရှိရပါ။ အမှုအတွက် တရားမျှတမှုရရှိရန်  ဒေသခံအာဏာပိုင်များမှလည်း စုံစမ်း စစ်ဆေးခြင်းများ မလုပ်ခဲ့ပေ။ ထို့ကြောင့် အနာဂတ်တွင် ဤကဲ့သို့သော လူသတ်မှုများ ဖြစ်ပွားလာမည်ကို စောအ---၏မိသားစုဝင်များသာမက အခြားသော ရွာသားများမှလည်း ကြောက်ရွံ့နေကြသည်။ [1]

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

လူသတ်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၂ခုနှစ်၊ မေလ ၂၃ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ဒူးပလာယာခရိုင်၊ ကော်တရီ (ကော့ကရိတ်) မြို့နယ်၊ စုကလိကျေးရွာအုပ်စု၊ ဟ---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောအ---

အသက်

၅၀နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

မိသားစုရှိ/မရှိ   

ရှိ

အလုပ်အကိုင်

လယ်သမား

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

ဟ---ရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်            

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာဒေသ           

အထက်အရာရှိ အမည်

မသိ

မသိ

မသိ

မသိ

မသိ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

KHRG သတင်းစုဆောင်းသူတစ်ဦးမှ ဤလူသတ်မှုသတင်းကို ကြားသိရှိခဲ့ရပြီးနောက် အခင်းဖြစ်ပွားသည့်ဒေသသို့ သွားပြီး ရွာသားသုံးဦးနှင့်တွေ့ဆုံ၍ အင်တာဗျူးလုပ်ခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

အင်တာဗျူးခံရသူသုံးဦးအနက်မှ တစ်ဦးသည် အခင်းဖြစ်ပွားသည့်နေရာတွင် ရှိနေခဲ့ပြီး ထိုလူသတ်မှုဖြစ်စဉ်ကို မြင် တွေ့ခဲ့သူတစ်ဦးဖြစ်သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၂ခုနှစ်၊ မေလ ၂၃ရက်နေ့ ည ၁၀နာရီခွဲဝန်းကျင် ရွာသားများအိပ်ပျော်နေသည့်အချိန်တွင် မည်သည့် လက်နက်ကိုင် တပ်ဖွဲ့မှမသိရသော စစ်သားအချို့သည် ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ စုကလိကျေးရွာအုပ်စု၊ ဟ---ကျေးရွာ တွင်နေထိုင်သော စောအ---၏အိမ်တွင် ဝင်ရောက်လာပြီး အကြောင်းပြချက်မပေးဘဲ ၎င်းအား သေနတ်ဖြင့် ပစ်သတ် ခဲ့သည်။ (ထိုအချိန်တွင် ၎င်းအိမ်တွင်ရှိနေသော) ဒေါ်ပ---သည် အိမ်ထဲတွင် လူသတ်တရားခံတစ်ဦးသာ မြင်တွေ့ ခဲ့ကြောင်း သူမက ပြောခဲ့သည်။ သို့သော် အခြားလူသတ်တရားခံတစ်ဦးလည်း ပါရှိကြောင်း ဖြစ်နိုင်သည်ဟုလည်း သူမထင်မြင်ယူဆသည်။ လူသတ်တရားခံသည် စစ်ယူနီဖောင်းဝတ်ဆင်သည့်စစ်သားတစ်ဦးဖြစ်ကြောင်း သူမယုံ ကြည်သည်။ လူသတ်တရားခံသည် အိမ်ပိုင်ရှင်ဖြစ်သူ စောအ---ကို ခွင့်ပြုချက်မတောင်းဘဲ လက်နှိပ်ဓာတ်မီး တစ်လက်ကိုင်၍ အိမ်ထဲသို့ ဝင်လာခဲ့သည်။ သူဝင်လာသည့်အချိန်တွင် စောအ---နှင့်ဒေါ်ပ---တို့နှစ်ဦးသည် အိပ်ပျော် နေပြီးဖြစ်သည်။ လူသတ်တရားခံသည် အိပ်ပျော်နေသော ၎င်းတို့နှစ်ဦးအား “ဟေ့ ဟေ့” ဆိုပြီး အော်ခေါ်၍ နိုးခဲ့သည်။ ထို့နောက် လူသတ်တရားခံမှ ထိုအိမ်နှင့် မဝေးသော ဆိတ်ခြံဆီသို့ ခေါ်သွားရန် စောအ---အား ပြော၍ စေခိုင်းခဲ့သည်။ ထို့ကြောင့် စောအ---မှ “ဟိုမှာသွားဖို့ ကျွန်တော့်မှာ အဖော်မရှိဘူး။…အဲ့ကြောင့် ကျွန်တော်နဲ့လိုက်ဖို့ အဖော်တစ် ယောက်ခေါ်လိုက်မယ်။” ဟု ပြန်ပြောခဲ့သည်။ လူသတ်တရားခံသည် ဘာမျှပြန်မပြောခဲ့ပေ။ ထို့ကြောင့် စောအ---နှင့်ဒေါ်ပ---တို့သည် ဆိတ်ခြံသို့သွားရန် အိမ်ပေါ်ကနေ၍ လှေကားသို့ ဆင်းလာခဲ့သည်။ (လူတစ်ဦးသည် ၎င်းတို့ အနားသို့ လာနေသည်ကို သတိပြုမိခဲ့သည်။) ဒေါ်ပ---သည် အိမ်ပေါ်မှ အရင်ဦးဆုံး ဆင်းလာခဲ့ပြီး လှေကားပေါ်တွင် ရောက်ရှိသည့်အချိန်တွင် သေနတ်ပစ်သံတစ်ချက်ကြားခဲ့သည်။ သို့သော်လည်း မှောင်နေသောကြောင့် သေနတ်ကျည် ဆံဘယ်ကနေလာသည်ကို ဒေါ်ပ--- မမြင်တွေ့ခဲ့ပါ။ ထို့နောက် သူမလှေကားပေါ်ကဆင်းလာပြီး သူမ၏ခြေညပ် ဖိနပ်ကို စီးနေသည့်အချိန်တွင် ဒုတိယအကြိမ်သေနတ်ပစ်သံကို ကြားရပြန်သည်။ ထိုအချိန်တွင် စောအ---သည် လှေကားပေါ်မှဆင်းလာပြီး သူမဘေးနားတွင် မတ်တပ်ရပ်နေသည်။ ထို့နောက် စောအ---သည် ကြမ်းပြင်ပေါ်သို့ လှဲကျပြီး ၎င်းပါးစပ်မှ သွေးများထွက်နေသည်ကို (ဒုတိယအကြိမ် သေနတ်ပစ်ခတ်မှုကြောင့် ၎င်းအား ထိမှန်နိုင် ခြေရှိသည်) ဒေါ်ပ---တွေ့ရှိခဲ့သည်။ ထို့ကြောင့် ဒေါ်ပ---သည် လူသတ်တရားခံလက်မှ အသက်လုပြေးခဲ့ရသည်။ ဤဖြစ်စဉ်နှင့်ပတ်သတ်ပြီး ဒေါ်ပ---မှ ယခုလိုပြောပြခဲ့သည်။ “ကျွန်မကို သေနတ်ကျည်ဆံထိတော့မလို့ နည်းနည်းပဲ လိုတယ်။ အကယ်လို့ ကျွန်မ အောက်ငုံ့ပြီးဖိနပ်မစီးဘူးဆိုရင် ကျွန်မတို့နှစ်ယောက်လုံး သေနတ်ကျည်ဆံထိသွားမယ်။ ကျွန်မက စောအ---ကိုလှည့်ကြည့်တော့ သူက ကြမ်းပြင်ပေါ်လှဲကျပြီး စကားတောင် မပြောနိုင်တော့ဘူး။ သူ့ပါးစပ်မှာ သွေးတွေအပြည့်ပဲ။ ပြီးတော့ အဲဒီလူက (လူသတ်တရားခံ) ဒီဖက်က ထွက်ပြေးသွားတယ်။ ကျွန်မလည်း ဟိုဖက်ကို ထွက်ပြေးခဲ့တယ်။ ကျွန်မပြေးနေရင်း လမ်းမှာ ခဏခဏလှဲကျတယ်။ ကျွန်မမှာရှိတဲ့လက်နှိပ်ဓာတ်မီးကို နှိပ်ဖွင့်ဖို့ ကြောက်နေခဲ့တယ်။”

 

၎င်းလူသတ်မှုသည် ညအချိန်တွင် ဖြစ်ပွားခဲ့ပြီး (ကျေးရွာတွင်) မိမိလုံခြုံရေးအတွက် အလွန်အန္တရာယ်ရှိသည်။ ထို့ ကြောင့် ဒေါ်ပ---သည် အခြားရွာသားများကို အကူအညီလှမ်းတောင်းခဲ့သည်။ သို့သော်လည်း ရွာသားများသည် အိမ်အပြင်သို့ထွက်ရန် စိုးရိမ်ကြောက်ရွံ့နေခဲ့သည်။ စောအ---၏ဆွေမျိုးသားချင်းများမှ လုံခြုံစိတ်ချရသည့်အချိန်ထိ စောင့်နေခဲ့ပြီးနောက် စောအ---၏အလောင်းကို သွားယူခဲ့သည်။ စောအ---တစ်ကိုယ်လုံးတွင် သွေးများဖုံးလွှမ်း နေသောကြောင့် သူ၏အလောင်းကို ဆွေမျိုးဖြစ်သူများက သန့်ရှင်းပေးခဲ့သည်။ ၎င်းတို့မှ စောအ---၏ဘယ်လက်မှ ချိုင်းတွင် သေနတ်ကျည်ဆံတစ်လုံးညပ်၍ရှိနေသည်ကို တွေ့ရှိခဲ့သည်။ ထိုကျည်ဆံသည် (စောအ---၏ကိုယ်ခန္ဓာ အတွင်း တင်ပါးအထိထိုးဝင်ပြီး) သူ၏ညာဖက်လက်ကောက်ဝတ်ကို ထိုးဖြတ်၍ ထိမှန်ခဲ့ခြင်းဖြစ်သည်။ သေနတ် နှစ်ချက်ပစ်သော်လည်း ကျည်ဆံတစ်လုံးသာ စောအ---ကို ထိမှန်ခဲ့ကြောင်း ရွာသားများက ယူဆကြသည်။

 

ရွာသားများသည် ထိုကျည်ဆံခွံနှစ်ထောင့်ကို ယူထားပြီး ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA) ခေါင်း ဆောင်တစ်ဦးဖြစ်သော ဒု-ဗိုလ်ချုပ်ကြီးဖြစ်သူ ဗိုလ်စတီးကို သွားပြခဲ့သည်။ တပ်သားတစ်ဦးမှ (မည်သည့်တပ်ရင်း မသိရှိရ) ဗိုလ်စတီးအနေဖြင့် ဤမှုခင်းတွင် လူသတ်တရားခံကို စုံစမ်းဖော်ထုတ်ရန်အတွက် ရွာသားများအား ကူညီ နိုင်မည်လားဟု မေးမြန်းခဲ့သည်။ ဒေါ်ပ---မှ ယခုလို ရှင်းပြခဲ့သည်။ “ကျွန်မတို့ရွာသားတွေ ကျည်ဆံခွံနှစ်ထောင့်ကို ယူပြီး ဗိုလ်စတီးကို သွားပြခဲ့တယ်။ သူ့စစ်သားတစ်ဦးက အဲဒီဖြစ်စဉ်မှာ သေနတ်နှစ်လက်သုံးသွားခဲ့တယ်လို့ ပြော တယ်။…. ဗိုလ်စတီးက ကျွန်မကိုဒီလိုမေးခဲ့တယ်။ ‘လူသတ်တရားခံကို သိလားပေါ့။’ ကျွန်မကလည်း အဲဒီတရားခံကို မသိဘူး၊ မမှတ်မိဘူးလို့ပြန်ပြောခဲ့တယ်။ ဘာဖြစ်လို့ဆိုတော့ အဲဒီချိန်က မှောင်နေပြီးလေ။ ဗိုလ်စတီးက ကျည်ဆံခွံ တွေကိုကြည့်ပြီးတော့ တရားခံက ကော်သူးလေ (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် သို့မဟုတ် ကရင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့) ဖက်မှ စစ်သားတွေဖြစ်မယ်ထင်တယ်လို့ပြောခဲ့တယ်။ အမှန်တော့ ဗိုလ်စတီးက ဒီအမှုနဲ့ပတ်သတ်ပြီး ဆက်လက်မကူညီနိုင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က (တရားခံနဲ့ပတ်သက်တဲ့) အကြောင်းအရာ အသေးစိတ်တွေ သူ့ကို မပြောနိုင်ဘူးလေ။”

 

အခြားမေးခွန်းဖြေကြားသူတစ်ဦးဖြစ်သူ စောတ---မှလည်း ဤဖြစ်စဉ်နှင့်ပတ်သတ်၍ ဤကဲ့သို့ပြောခဲ့သည်။ “ကျွန်တော်တို့လည်း အဲဒီကျည်ဆံခွံနှစ်လုံးကိုကြည့်တဲ့အခါမှာ မတူညီတဲ့သေနတ်နှစ်လက်ရဲ့ကျည်ဆံတွေဖြစ်နေ တယ်။ တစ်လုံးက AK-47 သေနတ်အမျိုးအစားက ကျည်ဆံဖြစ်ပြီး အခြားတစ်လုံးက AR-16 သေနတ်ရဲ့ ကျည်ဆံ ဖြစ်နေတယ်။ အဲဒါကြောင့် တရားခံက နှစ်ဦးရှိရမယ်။ ကျွန်တော်က စောအ---ရပ်နေခဲ့တဲ့နေရာနဲ့ သူ့လက်နဲ့ချိုင်းမှာ ကျည်ဆံထိမှန်တဲ့နေရာတွေကို ကြည့်လိုက်တော့ တရားခံတစ်ဦးက သူ့အနောက်မှာ ရပ်နေပြီး အခြားတရားခံတစ်ဦး က သူ့ဘေးနားမှာ ရပ်နေမယ်ဆိုတာ ယူဆလို့ရတယ်။ ကျည်ဆံခွံနှစ်ထောင့်က တစ်ခုတစ်နေရာဆီမှာ ကျကျန်ခဲ့ တယ်လေ။” (မည်သို့ပေဖြစ်စေ လူသတ်တရားခံသည် စောအ---နှင့်ပတ်သတ်မှုများ ရှိသည်၊ မရှိသည်ကို တပ်အပ် ပြောနိုင်ရန်ခက်ခဲပြီး သေနတ်ပစ်ခတ်သည့်အချိန်တွင်လည်း မှောင်နေ၍ ကျည်ဆံဘယ်ကလာသည်ကို ဒေါ်ပ---လည်း ခန့်မှန်း၍ မရခဲ့ပေ။)

 

၎င်းလူသတ်မှုတွင် မတူညီတဲ့သေနတ်နှစ်လက်ကို အသုံးပြုခဲ့ပုံပေါ်သည်။ (ထို့ကြောင့်လည်း လူသတ်တရားခံတစ်ဦး ထက်မကရှိမည်ဟု ယူဆ၍ရသည်။) သို့သော် မျက်မြင်သက်သေဖြစ်သူအမျိုးသမီးသည် အခင်းဖြစ်ပွားသည့်နေရာ တွင် တရားခံဘယ်နှစ်ဦးရောက်ရှိလာခဲ့သည်ကို မဖော်ပြနိုင်သည့်အပြင် လူသတ်တရားခံက မည်သူဖြစ်သည်ကိုလည်း မသိရှိရပါ။ အကြောင်းမှာ အခင်းဖြစ်ပွားချိန်တွင် မှောင်နေ၍ ရှင်းလင်းစွာ မမြင်ရသည့်အပြင် လူသတ် တရား ခံကို ကောင်းစွာမြင်နိုင်ဖို့ သူမ၏လက်နှိပ်ဓာတ်မီးကိုလည်း အသုံးပြု၍မီးထိုးရန်လည်း သူမအတွက် လုံခြုံမှုမရှိခဲ့ပေ။ မည်သို့ပင်ဖြစ်စေ (အနည်းဆုံး) လူသတ်တရားခံသည် စစ်သားတစ်ဦးဖြစ်ကြောင်း သူမယုံကြည်ခဲ့သည်။ အကြောင်း မှာ လူသတ်တရားခံ၏ခါးမှာ စစ်ခါးပတ်ဝတ်ဆင်ထားသည်ကို သူမမြင်တွေ့ခဲ့သောကြောင့်ဖြစ်သည်။ ထို့အပြင် လူသတ်တရားခံသည် သူမအား ကရင်လိုစကားပြောခဲ့သောကြောင့် ၎င်းသည် ကရင်လူမျိုးဖြစ်ကြောင်း သူမယူဆ ခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သတ်၍ ဒေါ်ပ---မှ ယခုလိုရှင်းပြခဲ့သည်။ “လူသတ်သမားတွေ ဘယ်နှစ်ယောက်လာလည်း ကျွန်မတော့ မသိဘူး။ အဲဒီချိန်က မှောင်နေတာကြောင့် ကျွန်မတစ်ယောက်ဘဲ တွေ့ခဲ့တယ်။…အဲဒီလူက စစ်သား တစ်ယောက်ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ခါးမှာ စစ်ခါးပတ်ဝတ်ထားတာ ကျွန်မတွေ့ခဲ့တယ်။”  သို့သော် လည်း လူသတ်တရားခံသည် မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းမှ စစ်သားဖြစ်ကြောင်း သူမ မသိရှိရပါ။ အဘယ် ကြောင့်ဆိုသော် စစ်သားဟုယူဆနိုင်ဖွယ်ရှိသည့် ထိုလူသတ်တရားခံ၏အမှတ်တံဆိပ်ကို သူမမမြင်ခဲ့ရခြင်းဖြစ်သည်။ သူမ၏ဒေသတွင် လက်နက်ကိုင်တပ်ဖွဲ့များစွာရှိသည်။ ထိုလက်နက်ကိုင်တပ်ဖွဲ့များမှာ KNLA KNDO ၊ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် (PDF)နှင့် DKBA (အကျိုးပြု) နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တို့ဖြစ်ကြသည်။ အခြားသောမေးခွန်းဖြေကြားသူတစ်ဦးဖြစ်သူ စောဇ---မှလည်း ၎င်းမှုခင်းနှင့်ပတ်သတ်၍ ဤကဲ့သို့ပြောခဲ့သည်။ “လူသတ်တရားခံက ဘယ်အဖွဲ့ (လက်နက်ကိုင်တပ်ဖွဲ့) ကလည်း ကျွန်တော်တို့မသိရဘူး။ ဒါပေမဲ့ သူက စစ်သား တစ်ယောက်ဖြစ်ရမယ်။ (ဒီနယ်မြေမှာလှုပ်ရှားနေတဲ့) လက်နက်ကိုင်တပ်ဖွဲ့အများကြီးရှိတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့လည်း (လူသတ်တရားခံက ဘယ်လက်နက်ကိုင်တပ်ဖွဲ့ကလည်းဆိုတာ) ခန့်မှန်းလို့မရနိုင်ဘူး။ DKBA လား၊ KNLA/KNDO တွေလား ဒါမှမဟုတ် ဗမာစစ်တပ် (SAC) ကလား ကျွန်တော်တို့တပ်အပ်ပြောလို့မရဘူး။ ဒါပေမဲ့ လူသတ်တရားခံကတော့ စစ်သားဖြစ်ဖို့များတယ်။ သူတို့က ရိုးရိုးသာမှန်အရပ်သားတော့ မဖြစ်နိုင်ဘူး။ တကယ်လို့ သူတို့က သာမှန်အရပ်သားဖြစ်မယ်ဆိုရင် သူတို့ဆီမှာ ဒီလိုသေနတ်တွေ ရှိမှာမဟုတ်ဘူး။” 

 

စောအ---သည် မမျှော်လင့်ဘဲ အသတ်ခံရခဲ့သည်။ သူဘာကြောင့် အသတ်ခံရသည်ကို ဒေသခံရွာသားများက မသိ ကြပါ။ ဒေသခံအာဏာပိုင်များလည်း ၎င်းမှုခင်းကို စုံစမ်းစစ်ဆေးရန်အတွက် မည်သည့်အရာမှ မပြုလုပ်ခဲ့ပေ။ ထို့ ကြောင့် လုံခြုံရေးနှင့်ပတ်သတ်ပြီး စောအ---၏မိသားစုများသည်သာ စိုးရိမ်ကြောင့်ကြရသည်သာမက ထိုဒေသ အတွင်း နေထိုင်ကြသည့်ရွာသားများအားလုံးသည်လည်း လုံခြုံမှုမရှိဟု ခံစားနေရသည်။ ထိုဒေသသည် အရပ်သား ပြည်သူများအတွက် လုံခြုံမှုမရှိပေ။ စောအ---၏မိသားစုဝင်များသည် အမှန်တရားကို သိချင်နေခဲ့သောကြောင့် အမှန် တရားကို ဖော်ထုတ်ပေးရန်အတွက် သက်ဆိုင်ရာအာဏာပိုင်များမှ ကူညီဆောင်ရွက်ပေးရန် မျှော်လင့်ခဲ့သည်။ သို့သော်လည်း မည်သည့်အာဏာပိုင်များမှ စောအ---၏မိသားစုဝင်များအတွက် ကူညီဆောင်ရွက်ပေးခြင်းမရှိခဲ့ပေ။ ထိုမှုခင်းနှင့်ပတ်သတ်၍ လူသတ်တရားခံအား ဖော်ထုတ်ပေးရန်နှင့် အမှုကို တိုင်ကြားရန်အတွက် စောအ---၏မိသား ဝင်များနှင့်ဆွေမျိုးသားချင်းများကို မည်သူကမျှ အားမပေးခဲ့ပေ။ မေးခွန်းဖြေကြားသူတစ်ဦးမှ ယခုလို ပြောကြားခဲ့ သည်။ “စောအ---မှာ အပြစ်ရှိလို့လား ကျွန်တော်သိချင်ခဲ့တယ်။ တကယ်လို့ သူ့မှာအပြစ်ရှိရင် သူအသတ်ခံရတာကို လက်ခံပေးလို့ရနိုင်မယ်ထင်တယ်။ ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်တော်တို့အားလုံး သိချင်နေကြတယ်။… ဘယ်အာဏာ ပိုင်တစ်ဦးမှ လူသတ်တရားခံကို ဖော်ထုတ်ပေးဖို့ တာဝန်ယူဆောင်ရွက်နေတာ ကျွန်တော်မတွေ့ရဘူး။”

 

၂၀၂၁ခုနှစ်၊ နိုဝင်ဘာလမှစပြီး KNDO နှင့် နယ်ခြားစောင့်တပ် (BGF) SAC ပူးပေါင်းတပ်ဖွဲ့တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်အတွင်းရှိ ဟ---ကျေးရွာသားများနှင့် အခြားသောရွာများမှ ဒေသခံရွာသားများသည် နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဒေသခံရွာသားများသည် (ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်ရှိ ယာယီဒုက္ခသည်စခန်းများတွင်) ခြောက်လခန့်ကြာ ပြောင်းရွှေ့နေထိုင်ခဲ့ရပြီးဖြစ်သည်။ မေလသည် လယ်ယာစပါးစိုက်ပျိုးရန်အတွက် လယ်ယာကိုထွန်ယက်၍ စတင်ပြင်ဆင်နေရသည့်အချိန်ဖြစ်သည်။ ထို့ကြောင့် ရွာသားများသည် ယခုနှစ်တွင် ၎င်းတို့အသက်မွေးဝမ်းကျောင်းအတွက် အထူးစိုးရိမ်နေရသည်။ ထို့အတွက်ကြောင့် ကျေးရွာအသီးသီးမှ ရွာသားအများစုသည် ၎င်းတို့ရွာသို့ပြန်လာပြီး လယ်ယာလုပ်ငန်း စတင်လုပ်ကိုင်ကြသည်။ စောအ---သည်လည်း ကော်တရီမြို့နယ်၊ စုကလိကျေးရွာအုပ်စုရှိ ဟ---ရွာသို့ပြန်လာခဲ့သူတစ်ဦးဖြစ်သည်။ သို့သော် လည်း ၎င်းမိသားစုဝင်အများစုသည် ရွာတွင် လုံခြုံရေးအန္တရာယ်ရှိသည့်အတွက်ကြောင့် ယာယီဒုက္ခသည်စခန်းတွင် သာ ကျန်ရစ်ခဲ့ပြီး နေထိုင်ခဲ့သည်။ ရွာသို့ပြန်လာပြီး ဆယ်ရက်ခန့်အကြာတွင် စောအ---သည် အခြားရွာသားများဆီမှ ပြောင်းမျိုးစေ့များကို ချေးယူခဲ့ပြီး သူ၏စိုက်ပျိုးရေးမြေအား ထွန်ယက်ရန်အတွက် စက်သုံးဆီကိုလည်း ဝယ်ယူခဲ့ သည်။ (ဤအရာများကို သူမသေခင်လေးတွင် ပြုလုပ်ခဲ့သည်။)

 

စောအ---၏ဇနီးသည် သူမ၏ခင်ပွန်းဖြစ်သူ အိမ်ထောင်ဦးစီးကို ဆုံးရှုံးရသည့်အတွက် သူမ၏ငယ်ရွယ်သည့်သား သမီးငါးဦးကို တစ်ယောက်တည်း ပြုစုပျိုးထောင်ရန်မှာ စိန်ခေါ်မှုအခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ (အမှန်တကယ်တွင် သူမမှာ သားသမီးခြောက်ဦးရှိသည်။ သို့သော် သူမ၏အကြီးဆုံးသားသည် အိမ်ထောင်ကျပြီးဖြစ် သည်။) ၂၀၂၂ခုနှစ်၊ မေလ ၁၈ရက်နေ့မှ ၂၁ရက်နေ့အထိတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ ထို့ကြောင့် သောင်ရင်း မြစ်ကမ်းနားရှိ ယာယီဒုက္ခသည်စခန်းများတွင်ရှိသည့် နေရာထိုင်ခင်းအများအပြားသည် မိုးရေကြီးမှုကြောင့် ပျက်စီး သွားခဲ့သည်။ ထိုအထဲတွင် စောအ---နှင့်သူ၏မိသားစုဝင်များ၏ ယာယီတဲအိမ်လည်း ပျက်စီးခဲ့သည်။ (ဤအရာ သည်လည်း ယခုလက်ရှိ စောအ---၏မိသားစုဝင်များ ကြုံတွေ့ရသော စားဝတ်နေရေးအခက်အခဲတစ်ခု အပါအဝင် ဖြစ်သည်။) စောအ---၏မိသားစုဝင်များသည် ၎င်းတို့ချစ်ရသောသူတစ်ဦးဆုံးရှုံးရသောကြောင့် ဝမ်းနည်းကြေကွဲနေ ရသည့်အတွက် ဘဝတွင် အရမ်းခက်ခဲနေပါသည်။ မိသားစုဝင်များသည် စောအ---အသတ်ခံရမှုနှင့် ပတ်သတ်ပြီး မကျေမနပ်ဖြစ်နေပါသည်။ အကြောင်းမှာ စောအ---သည် အပြစ်မရှိသည့်ပြည်သူတစ်ဦးသာ ဖြစ်သောကြောင့် ဖြစ်သည်။ စောအ---၏မိသားစုများသည် ၎င်းတို့မိသားစုဝင်တစ်ဦးဆုံးရှုံးရသောကြောင့် ဝမ်းနည်းကြေကွဲနေ ကြောင်း ပြောပြခဲ့ပြီး စောအ---မှ အသတ်ခံရလောက်သည့်အထိ မည်သည့်အပြစ်များ ကျူးလွန်ခဲ့သည်ကို သိချင်နေ ခဲ့သည်။ သို့သော်လည်း စောအ---၏မိသားစုဝင်များမှ သူသည် သာမှန်လယ်သမားတစ်ဦးဖြစ်သည့်အလျောက် မည်သည့်အမှားမှ မကျူးလွန်ခဲ့ကြောင်း ယုံကြည်ကြသည်။ 

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

အင်တာဗျူးခံရသူ ရွာသားများအားလုံးသည် ဤသတင်းအကြောင်းအရာကို ရေးသား၍ဖြန့်ဝေရန် KHRG အား ခွင့်ပြု ချက် ပေးခဲ့ပါသည်။

Wed, 31 Aug 2022

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ခုနှစ်၊ မေလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်