Tue, 23 Aug 2022
ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ကော်တရီမြို့နယ်တွင် SAC မှ ရွာသားများအား ပစ်ခတ်ခဲ့၍ နှစ်ဦးသေဆုံး (၂၀၂၂ခုနှစ်၊ ဧပြီလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၂ခုနှစ်၊ ဧပြီလအတွင်း ဒူးပလာယာခရိုင်၊ ကော်တရီ (ကော့ကရိတ်) မြို့နယ် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ အပြစ်မဲ့အရပ်သားနှစ်ဦးကို မတရားသတ်ဖြတ်ခဲ့ခြင်းနှင့် ရွာသား များ နေရပ်စွန့်ခွာနေရသည့်အခြေအနေစသည့် အကြောင်းအရာများကို ဖော်ပြထားပါသည်။ SAC စစ်သားများမှ မောဖိုးကလိုးကျေးရွာရှိ ရွာသားများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ရွာသားများသည် ၎င်းတို့၏စစ်ဘေး ရှောင်စခန်းဆီကို ပြန်လာနေထိုင်ခဲ့ရသည်။ ထိုသို့ပစ်ခတ်ရာတွင် ရွာသားတစ်ဦးမှာ ၎င်းရင်ဘတ်တွင် သေနတ်နှစ် ချက်ထိမှန်ပြီး ချက်ချင်းသေဆုံးခဲ့သည်။ ထို့ပြင် အခြားသောရွာသားတစ်ဦးမှာ ၎င်း၏ဗိုက်တွင် ကျည်ဆံတစ်လုံး ထိမှန်၍ ဒဏ်ရာရရှိခဲ့သော်လည်း မကြာမှီအတွင်း သေဆုံးခဲ့သည်။ အကြောင်းမှာ SAC စစ်သားများသည် ဒဏ်ရာ ရရှိခဲ့သောရွာသားကို ဖမ်းဆီးထားပြီး ၎င်းသည် ဆေးကုသမှု မရရှိနိုင်ခဲ့ဘဲ သေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးသွားသည့် ရွာသားနှစ်ဦး၏မိသားစုဝင်များသည် အသက်ရှင်နေထိုင်နိုင်ရန်အတွက် ၎င်းတို့ဆွေမျိုးသားချင်းများကိုသာ မှီခိုအား ထားခဲ့ရသည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

ရွာသားများအား မတရားသတ်ဖြတ်ခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၂ခုနှစ်၊ ဧပြီလ ၈ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ဒူးပလာယာခရိုင်၊ ကော်တရီ (ကော့ကရိတ်)မြို့နယ်၊ မောခီးကျေးရွာအုပ်စု၊ ကွီးဆာဖော ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောဘောကော်

စောတာသူး

အသက်

၅၀နှစ်

၃၂နှစ်

ကျား/မ

ကျား

ကျား

လူမျိုး

ကရင်

ကရင်

မိသားစုရှိ/မရှိ   

ရှိ

ရှိ

အလုပ်အကိုင်

မသိ

မသိ

ကိုးကွယ်သည့် ဘာသာ

မသိ (ဖြစ်နိုင်ချေ - ဗုဒ္ဓဘာသာ)

မသိ (ဖြစ်နိုင်ချေ - ဗုဒ္ဓဘာသာ)

ရာထူးအဆင့်

ရွာသား

ရွာသား

နေရပ် ရွာအမည်

မောခီးကျေးရွာအုပ်စု၊ မောဖိုးကလိုးရွာ

မောခီးကျေးရွာအုပ်စု၊ မောဖိုးကလိုးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်          

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာဒေသ           

အထက်အရာရှိအမည်

မသိ

မသိ

SAC ခမရ အမှတ် (၅၆၀) ၊ (၅၆၁) ၊ (၅၈၅) ၊ (၅၅၉)

မသိ

ဗိုလ်မှူးမြင့်ကျော်

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

သတင်းအချက်အလက်ရရှိရန်အတွက် KHRG ဝန်ထမ်းတစ်ဦးမှ ဤဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသည့် ရွာသားတစ်ဦးကို ဖုန်းဖြင့်ခေါ်ဆို၍ မေးမြန်းခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအချက်အလက်ကို ပြောပြသောရွာသားတစ်ဦးသည် အခင်းဖြစ်ပွားမှုကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး သေဆုံး သူရွာသားများအား သိရှိရင်းနှီးသူလည်းဖြစ်သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၂ခုနှစ်၊ ဧပြီလ ၈ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ မောခီးကျေးရွာအုပ်စု၊ မောဖိုးကလိုး ကျေးရွာသားနှစ်ဦးကို ကော်တရီမြို့နယ်၊ မောခီးကျေးရွာအုပ်စု၊ ကွီးဆာဖောကျေးရွာတွင် ပစ်ခတ်ခဲ့သည်။ ရွာသား နှစ်ဦးမှာ သေနတ်ထိမှန်၍ တစ်ဦးချက်ချင်းသေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ ဆေးကုသမှု မရရှိခဲ့သောကြောင့် သေဆုံးခဲ့ ရခြင်းဖြစ်သည်။ ဒေသခံရွာသားများသည် မည်သည့် SAC တပ်ဖွဲ့မှ ထိုရွာသားနှစ်ဦးအား ပစ်ခတ်သွားသည်ကို မသိရှိ ပေ။ အဘယ်ကြောင့်ဆိုသော် SAC တပ်ဖွဲ့များသည် ဒေသအတွင်း တပ်အပြောင်းအလဲများ မကြာမှီက ပြုလုပ်ခဲ့ ခြင်းကြောင့်ဖြစ်သည်။ ကရင်သတင်းစဉ်ဌာန (KIC)မှ ထုတ်ဝေသော သတင်းတစ်ခုတွင် ထိုရွာသားနှစ်ဦးအား ပစ်သတ်ခဲ့သူများမှာ ဗိုလ်ဗှူးမြင့်ကျော်ဦးဆောင်သော SAC ခြေမြန် တပ်ရင်း (ခမရ) အမှတ် (၅၆၀)၊ (၅၆၁)၊ (၅၈၅)နှင့် (၅၅၉)တို့မှ စစ်သားများဖြစ်ကြသည်။[2]

 

(၂၀၂၂ခုနှစ်၊ မတ်လ ၂၁ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) မှ မောခီးကျေးရွာရှိ SAC တပ် စခန်းကို တိုက်ခိုက်ခဲ့သည်။) KNLA မှ (၂၀၂၂ခုနှစ်၊ မတ်လ ၂၁ရက်နေ့တွင်) ထို SAC တပ်စခန်းကို မတိုက်ခိုက်မှီ အချိန်တွင် မောခီးကျေးရွာနှင့် မောဖိုးကလိုးကျေးရွာမှ ရွာသားများသည် နေရပ်မှ ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး ဖြစ်သည်။ (၂၀၂၂ခုနှစ်၊ ဧပြီလ ၆ရက်နေ့တွင် SAC သည်   ၎င်း၏တပ်စခန်းကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်။) ဧပြီလ ၆ရက်နေ့မတိုင်ခင်တွင် SAC မှ ၎င်းတို့တပ်စခန်းကို ပြန်လည်သိမ်းယူမည့်အစီအစဉ်ရှိကြောင်း (KNLA ၏အသိပေး ခြင်းမှတစ်ဆင့်) ရွာသားများက ကြားသိရှိခဲ့ရသည်။ ထို့အပြင် SAC သည် ရွာထဲတွင် ၎င်းတို့စစ်လှုပ်ရှားမှုများကို ပို၍မြင့်တင်လာပြီး တပ်သားအင်အားဖြည့်တင်းခြင်းများ ပြုလုပ်ခဲ့သည်ကို ရွာသားများမှ မြင်တွေ့ခဲ့ရသည်။ (ထို့ကြောင့် ယခင်က နေရပ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့်ရွာသားများသည် ၎င်းတို့ရွာသို့ ပြန်လာသင့်ရန် ကြိုတင်မ သိရှိခဲ့ရပေ။ သို့သော် ယခင်က ရွာမှာသာ ကျန်ရစ်ခဲ့သည့်ရွာသားများသည် အခြားနေရာသို့ တိမ်းရှောင်ရမည်ကို ကြိုတင်သိရှိခဲ့ခြင်းဖြစ်သည်။) မောဖိုးကလိုးကျေးရွာမှ အချို့ရွာသားများသည် (မောခီးကျေးရွာအုပ်စုရှိ) ကွီးဆာဖော ကျေးရွာအနီးတွင် ရွှေ့ပြောင်းနေထိုင်ခဲ့သည်။

 

ထိုသို့ရွှေ့ပြောင်းခဲ့ရသည့်ရွာသားများထဲတွင် မောဖိုးကလိုးကျေးရွာသားနှစ်ဦးဖြစ်သူ (အသက် ၅၀နှစ်ဝန်းကျင်အရွယ် စောဘောကော်နှင့် သူ၏တူလေးဖြစ်သူ အသက်၃၂နှစ်အရွယ် စောတာသူး) လည်း ပါဝင်ပြီး ၎င်းတို့သည် ကွီးဆာဖော ကျေးရွာတွင် ယာယီနေထိုင်ခဲ့သည်။ အခင်းဖြစ်ပွားခဲ့သည့်နေ့တွင် ၎င်းတို့သည် ထော်လာဂျီဖြင့် မောဖိုးကလိုး ကျေးရွာသို့ပြန်လာ၍ အုန်းသီးနှင့်ငှက်ပျောသီးတို့ကို ခူးယူခဲ့သည်။ (ဗုဒ္ဓဘာသာ ယုံကြည်မှုအရ) ထိုအုန်းသီးနှင့် ငှက်ပျောသီးတို့ကို အသုံးပြု၍ ကန်တော့ပွဲပြုလုပ်ရန်ဖြစ်သည်။ ၎င်းတို့ (စောဘောကော်နှင့်စောတာသူး) ၏ဇနီးနှင့် ကလေးများအပါအဝင် အခြားသောအချို့အမျိုးသမီးများလည်း ၎င်းတို့နှင့်အတူ လိုက်ပါလာခဲ့သည်။  အုန်းသီးနှင့် ငှက်ပျောသီးများ ခူးယူပြီးနောက် ၎င်းတို့သည် ကွီးဆာဖောကျေးရွာသို့ ပြန်လာခဲ့သည်။ ထိုအချိန်တွင် ၎င်းတို့ထက် စော၍ SAC စစ်သားများ (၃၀)ဦးခန့်သည် ရွာထဲသို့ (ကွီးဆာဖော) ဝင်ရောက်လာခဲ့သည်။ (SAC စစ်သားများသည် ရွာသားများ အဝင်အထွက်များသောနေရာ ဖြစ်သည့် ရွာ၏အဝင်ဝတွင် နေရာယူထားခဲ့သည်။) မနက်ပိုင်း ၁၀နာရီခွဲ ဝန်းကျင်တွင် ထိုရွာသားများသည် ရွာ၏အဝင်သို့ ရောက်ရှိသည့်အချိန်တွင် ဆိုင်ကယ်တစ်စီးဖြင့် စီးနင်းလာသော KNLA စစ်သားနှစ်ဦးသည် ၎င်းတို့အား ကျော်၍ မောင်းခဲ့သည်။ SAC စစ်သားများမှ ၎င်းတို့ကို (လမ်းပေါ်တွင်မောင်း နှင်လာသည့် ထော်လာဂျီနှင့်ဆိုင်ကယ်တစ်စီးကို) တွေ့ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ရွာသားနှစ်ဦးကို ထိမှန်ခဲ့သည်။ (SAC စစ်သားများမှ KNLA စစ်သားနှစ်ဦးအား ပစ်ခတ်ခဲ့ပုံပေါ်သော်လည်း ရွာသားနှစ်ဦးအား ထိမှန်ခဲ့သည့်အခြေ အနေကို (အောက်တွင်ဖော်ပြထားသည်) ပြန်လည်ကြည့်မည်ဆိုပါက SAC စစ်သားများသည် ထိုရွာသားများအား ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ကြောင်း သိသာထင်ရှားနေသည်။) 

 

သေနတ်ထိမှန်ခဲ့သည့်ရွာသားတစ်ဦးဖြစ်သူ စောတာသူးသည် ထော်လာဂျီကို မောင်းနှင်ပြီး ၎င်း၏ဇနီးနှင့် (စောဘော ကော်အပါအဝင်) အခြားသောရွာသားများသည် (ပစ္စည်းများတင်ထားသော) ထော်လာဂျီအနောက်တွင် စီးနင်းလာ သူများဖြစ်သည်။ SAC စစ်သားများ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ထော်လာဂျီတွင် စီးနင်းလာသော ရွာသားနှစ်ဦး ဖြစ်သူ စောတာသူးနှင့် စောဘောကော်တို့အား ကျည်ဆံထိမှန်ခဲ့သည်။ စောတာသူးသည် ၎င်း၏ရင်ဘတ်တွင် သေနတ် နှစ်ချက်ထိမှန်ပြီး ချက်ချင်းသေဆုံးခဲ့ပြီး ၎င်းက ထော်လာဂျီကို မောင်းနှင်လာသည့်အတွက် ထော်လာဂျီမှ ပြုတ်ကျခဲ့ သည်။ ထို့နောက် ထော်လာဂျီသည် သစ်ပင်တစ်ပင်ကို တိုက်မိပြီး ရပ်သွားခဲ့သည်။ စောတာသူး၏ဇနီးသည် ထော်လာဂျီပေါ်မှ ဆင်းလာပြီး စောတာသူးအား ခေါ်သော်လည်း ၎င်းသည် အသက်မရှိတော့ပေ။ ဦးလေးဖြစ်သူ (စောဘောကော်)လည်း ၎င်း၏ဝမ်းဗိုက်တွင် သေနတ်တစ်ချက် ထိမှန်ခဲ့သည်။ သို့သော် ၎င်းသည် ချက်ချင်း မသေဆုံး ခဲ့ပေ။ ကွီးဆာဖောကျေးရွာသားများသည် SAC စစ်သားများမှ သေနတ်ထိမှန်သည့်ရွာသားနှစ်ဦးကို အခင်းဖြစ်ပွား သည့်နေရာမှ သယ်ယူခေါ်ထုတ်နေသည်ကို ဤအတိုင်း ကြည့်နေခဲ့သည်။ (ထို့ကြောင့် ရွာသားများသည် ၎င်းတို့အား မကူညီနိုင်ခဲ့ပေ။) ထိုအချိန်တွင် စောဘောကော်သည် အသက်ရှင်နေသေးသည်။

 

ထိုဖြစ်စဉ်ကို မြင်တွေ့ခဲ့သည့်ရွာသားတစ်ဦးဖြစ်သူ စောဟ---သည် စောဘောကော်အသက်ရှင်နေသေးသည့်အတွက် ကြောင့် ၎င်းအား ရွာသားများထံ ပြန်လည်အပ်နှံရန် SAC စစ်သားများအား မေတ္တာရပ်ခံ၍ တောင်းပန်ခဲ့သည်။ စောဟ---သည် စောဘောကော်၏အသက်ကို ကယ်တင်နိုင်ရန်အတွက် တစ်ခြားတစ်ဖက်ကမ်းရှိ ထိုင်းနိုင်ငံတွင်ရှိ သော ဆေးရုံတွင် ပို့ဆောင်ပေးရန် မျှော်လင့်နေခဲ့သည်။ သို့သော်လည်း SAC စစ်သားများသည် စောဘောကော်အား ခေါ်ဆောင်သွားရန် ခွင့်မပြုခဲ့ပေ။ ထိုကိစ္စနှင့်ပတ်သတ်၍ မည်သည့်ရွာသားမှ စောဒက မတက်ရဲကြပေ။ အဘယ် ကြောင့်ဆိုသော် SAC စစ်သားများ သေနတ်ပစ်ခတ်ခဲ့သည့်လုပ်ရပ်ကြောင့် ရွာသားများသည် ကြောက်ရွံ့နေပြီးသော ကြောင့်ဖြစ်သည်။ စောဘောကော် သေနတ်ထိမှန်ပြီး (တစ်နာရီခန့် နောက်ပိုင်း) ခေတ္တအကြာတွင် သေဆုံးခဲ့သည်။ သေဆုံးသွားသည့်ရွာသားနှစ်ဦးသည် သာမန်အရပ်သားများသာ ဖြစ်ကြ၍ ၎င်းတို့အလောင်းများကို ပြန်ပေးပြီး မြေမြှုပ်သင်္ဂြိုလ်ခွင့်ရရန် ရွာသားများမှ SAC စစ်သားများအား တောင်းဆိုခဲ့သည်။ SAC စစ်သားများလည်း ထိုရွာသား နှစ်ဦး၏အလောင်းများကို ၎င်းတို့မိသားစုထံများသို့ ပြန်ပေးခဲ့သည်။ SAC စစ်သားများမှ ရွာမှထွက်ခွာပြီးနောက်တွင် (အခင်းဖြစ်ပွားခဲ့သည့်နေ့အတွင်း) ရွာသားများသည် သေဆုံးသူနှစ်ဦး၏အလောင်းများကို မြေမြှုပ်သင်္ဂြိုလ်ခဲ့သည်။

 

သေဆုံးသူရွာသားနှစ်ဦးမှာ အိမ်ထောင်ရှိသူများဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးစလုံးသည် မောဖိုးကလိုးကျေးရွာသားများ ဖြစ်ကြသည်။ (ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာအား ရေးသားနေစဉ်တွင်) စောတာသူး၏ဇနီးသည် ကိုယ်ဝန် (၇) လရှိနေပြီး အသက် (၇)နှစ်အရွယ်သမီးဖြစ်သူလည်း ကျန်ရစ်ခဲ့သည်။ စောဘောကော်မှာလည်း သူ၏ဇနီးနှင့် သမီးသုံး ဦးကျန်ရစ်ခဲ့သည်။ စောဘောကော်၏အကြီးဆုံးသမီးမှာ အသက် (၁၀)နှစ်သာ ရှိသေးသည်။ ၎င်းတို့၏မိသားစုဝင်များ သည် အသက်ရှင်နေထိုင်နိုင်ရန်အတွက် ဆွေမျိုးသားချင်းများကိုသာ မှီခိုနေရသည်။ (မိသားစုဝင်များသည် မည်သည့် လျော်ကြေးမှ မရရှိခဲ့ပေ။)

 

ဤဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသည့်ရွာသားများသည် ထိုဖြစ်စဉ်ဖြစ်ပွားပြီး မကြာမှီတွင် ကွီးဆာဖောကျေးရွာတွင် SAC နှင့် KNLA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည့်အကြောင်းကို ပြန်လည်ပြောပြခဲ့သည်။ (ယခင်က မောဖိုးကလိုးကျေး ရွာတွင် တိုက်ပွဲနှင့်စစ်လှုပ်ရှားမှုတို့ကြောင့် မောဖိုးကလိုးကျေးရွာသားများသည် ကွီးဆာဖောကျေးရွာတွင် လာရောက် တိမ်းရှောင်ခဲ့သည်။) ကွီးဆာဖောကျေးရွာတွင် တိုက်ပွဲမဖြစ်ပွားမှီအချိန်တွင် SAC စစ်သားများသည် လမ်းတွင် ခရီးသွားလာနေသည့်ရွာသားများကို ခေါ်ယူဖမ်းဆီး၍ ၎င်းတို့နှင့်အတူ နေခိုင်းခဲ့သည်။ (တိုက်ပွဲအတွင်း ထိုအဖမ်းခံရ သည့်ရွာသားများအား လူသားဒိုင်းသဖွယ်အဖြစ် အသုံးပြုနိုင်ဖွယ်ရှိသည်။) တိုက်ပွဲအတွင်း SAC စစ်သားများမှ ကွီးဆာဖောကျေးရွာအတွင်းသို့ လက်နက်ကြီးအနည်းငယ် ပစ်ခတ်ခဲ့သည်။ (ပစ်ခတ်ခဲ့သည့် လက်နက်ကြီးအရေ အတွက် မသိရှိရပေ။)

 

(၂၀၂၂ခုနှစ်၊ မတ်လကတည်းက) မောခီးကျေးရွာတစ်ဝိုက်တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သော်လည်း အချို့သော အမျိုးသားဖြစ်ကြသည့်ရွာသားများသည် မတိမ်းရှောင်ဘဲ ၎င်းတို့ကျေးရွာတွင် နေထိုင်နိုင်ခဲ့သည်။ သို့သော် ၎င်းတို့၏ မိသားစုဝင်များသည် အခြားရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ မောဖိုးကလိုးရွာသားနှစ်ဦး အသတ်ခံရပြီး နောက်တွင် မောခီးကျေးရွာအုပ်စုရှိ ရွာသားအများစုသည် ၎င်းတို့အသက်လုံခြုံမှုအတွက် အလွန်စိုးရိမ်ရသောကြောင့် ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ (ထိုဒေသအတွင်း စစ်တပ်အာဏာသိမ်းကတည်းက ကျေးရွာတွင် ရွာသားများ အပစ်သတ်ခံရသည့်ကိစ္စသည် ပထမဆုံးအကြိမ်ဖြစ်သည်။) အချို့ သော မောဖိုးကလိုးရွာသားများသည် ထိုင်းနိုင်ငံရှိ က---ရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။  (က---ရွာသည် ထိုင်း-ကရင်ရွာတစ်ရွာဖြစ်သည်။)

 

မောဖိုးကလိုးကျေးရွာတွင် အိမ်ထောင်စု ၆၇ စုခန့်ရှိပြီး ကွီးဆာဖောကျေးရွာတွင် အိမ်ထောင်စု ၁၀စုကျော်ရှိသည်။ (မောခီးကျေးရွာတွင် အိမ်ထောင်စုအရေအတွက် မသိရှိရပါ။) ဤရွာသုံးရွာမှ အိမ်ထောင်စုအများစုသည် ယခု အချိန်တွင် ၎င်းတို့ရွာများမှ ထွက်ပြေးတိမ်းရှောင်နေပြီးဖြစ်သည်။ ဒေသခံရွာသားများသည် တိမ်းရှောင်နေရချိန်တွင် ၎င်းတို့၏အိမ်မွေးတိရိစ္ဆာန်များ၊ စပါးကျီးများနှင့် အိမ်ပစ္စည်းများကို ထားရစ်ခဲ့ရသည်။ မောခီးကျေးရွာအုပ်စုရှိ ရွာသားများသည် ၎င်းတို့ရပ်ရွာများမှ နှစ်လခန့် ထွက်ပြေးတိမ်းရှောင်နေရပြီးဖြစ်သည်။ တစ်ခါတစ်ရံတွင် စစ်ဘေး ရှောင်ရွာသားများသည် ၎င်းတို့ရွာသို့ တိတ်တဆိတ်ပြန်လာပြီး ဆန်စပါးအချို့ကို သယ်ယူ၍ စစ်ဘေးရှောင်နေရာသို့ ပြန်သွားခဲ့ရသည်။ သို့သော်လည်း ၎င်းအခြေအနေသည် အလွန်အန္တရာယ်များသည်။ အဘယ်ကြောင့်ဆိုသော် SAC စစ်သားများသည် ကျေးရွာတွင် မကြာခဏ သွားလာကင်းလှည့်ပြီး ဒေသခံကရင်လက်နက်ကိုင်တပ်ဖွဲ့များ (KNLA ၊ ဒီမိုကရေစီအကျိုးပြုတပ်မတော် - DKBA နှင့် ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့အစည်း - KNDO) နှင့်  အချိန်မ ရွေး တိုက်ပွဲဖြစ်သွားနိုင်သောကြောင့်ဖြစ်သည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

KHRG ဝန်ထမ်းမှ မေးမြန်းခဲ့သော ရွာသားတစ်ဦးသည် ဤသတင်းအကြောင်းအရာအား အသုံးပြု၍ထုတ်ဝေရန် ခွင့်ပြုချက်ပေးခဲ့သည်။

 
Tue, 23 Aug 2022

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ခုနှစ်၊ ဧပြီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်း ဖြစ်သည်။

[2] ဤသတင်းအချက်အလက်ကို ကရင်သတင်းစဉ်မှ ၂၀၂၂ခုနှစ်၊ ဧပြီလ ၈ရက်နေ့တွင် တင်ခဲ့သော ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရယူခဲ့ သည်။

 

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်