မြန်မာပြည်အရှေ့တောင်ပိုင်းက စစ်ရှောင်ပြည်သူတွေ အစားအစာ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရ

Fri, 10 Jun 2022

   

 

မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ဒေသခံရွာသားတွေနဲ့ စစ်ရှောင်တွေအများစုဟာ အစားအစာနဲ့ အခြားလိုအပ်တဲ့ပစ္စည်းတွေ ပြတ်လတ်မှုနဲ့ ကြုံတွေ့ရပြီး လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ တွေကိုလည်း လက်လှမ်းမှီနိုင်ခြင်းမရှိဘူးလို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ဟာ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ဒေသခံလူမှုအသိုက်အဝန်းတွေ ရင်ဆိုင်ရတဲ့ အကာအကွယ်ပေးမှုဆိုင်ရာ စိန်ခေါ်မှုနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ် အတည်း အခြေအနေနဲ့ပတ်သက်ပြီး "ငြင်းပယ်ခံပြည်သူများ၏ဘဝများ" ဆိုတဲ့ခေါင်းစဉ်နဲ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒီအစီရင်ခံစာမှာ မြန်မာပြည်အရှေ့တောင်ပိုင်းက ဒေသခံရွာသားတွေနဲ့ စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးလိုအပ်ချက်ပြည့်မှီစေဖို့ ရုန်းကန်ရလျက်ရှိပြီး စစ်အာဏာသိမ်းပြီးတဲ့နောက် ဖြစ်ပွား ခဲ့တဲ့ တိုက်ပွဲတွေ၊ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေအပါအဝင် စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုတွေကြောင့် ရွာသားတွေအများစုဟာ နေရာရွှေ့ပြောင်းခဲ့ရတဲ့အခြေအနေကို တွန်းပို့စေတယ် လို့ ဖော်ပြပါရှိပါတယ်။

ရွာသားတွေအနေနဲ့ မကြာခဏဆိုသလို အစားအစာနဲ့ ပစ္စည်းအနည်းငယ်ဖြင့်သာ ထွက်ပြေးခဲ့ရပြီး နေရာထိုင်ခင်းနဲ့ သောက်သုံးရေရရှိဖို့ အခက်အခဲကြုံရလေ့ရှိကာ ရွှေ့ပြောင်းနေထိုင်စဉ်အချိန်အတွင်း ကျေးရွာမှာရှိတဲ့နေအိမ်တွေကို စစ်ကောင်စီက ဝင်ရောက်လုယက်ခိုးယူမှုနဲ့ ဖျက်ဆီးတာတွေကို ကြုံတွေ့ခဲ့ရတယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ခရီးသွားလာမှုကန့်သတ်ချက်တွေကြောင့် စားဝတ်နေရေးအတွက် စိန်ခေါ်မှုတွေ၊ အစားအသောက်မလုံ လောက်မှုတွေနဲ့ ဒေသတွင်းကုန်ဈေးနှုန်းတွေမှာလည်း မြင့်တက်လာခဲ့ပြီး ကုန်ဈေးနှုန်းဟာ မနှစ်က ထက် သုံးဆခန့်တက်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းပြီးတဲ့အချိန်ကစပြီး ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသခံရွာသားတွေဟာ တိုက်ပွဲတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် သီးနှံတွေမရိတ်သိမ်းနိုင်တာ၊ မွေးမြူရေးတိရိစ္ဆာန် တွေကို စောင့်ရှောက်နိုင်မှုလည်းမရှိတဲ့အပြင် စစ်ကောင်စီရဲ့လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသားတွေရဲ့ လုံခြုံရေးအန္တရာယ်တွေ ပိုကြုံရနိုင်တယ်လို့ KHRG က ဆိုထားပါတယ်။

ဒေသခံရွာသားတွေနဲ့ စစ်ဘေးရှောင်တွေဟာ ဒေသတွင်းအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ လူမှုအသိုက်အဝန်းတွေကနေ ကန့်သတ်ချက်နဲ့ပံ့ပိုးပေးတဲ့ အကူအညီတွေအပေါ်မှာသာ မှီခိုကြရပြီး စစ်ဘေးရှောင်တွေအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေရရှိတဲ့အခါမှာလည်း သူတို့လိုအပ်တဲ့အရာတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ KHRG ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

Related Readings